Thursday, September 13, 2007

IT ပညာရေး

မြန်မာနိုင်ငံပညာရေးရဲ့ အဓိက ရည်မှန်းချက် ဖြစ်တဲ့ အခြေခံပညာ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ် (၁၀)ခုထဲမှာ (အီလက်ထရွန်နစ်) E -ပညာရေးစနစ်ကို ဦးတည်စေသော သင်ကြား ရေး နှင့် ဆက်သွယ်ရေးနည်းပညာ အသုံးပြုမှု တိုးတက်စေရေး လုပ်ငန်း လို့ အတိအလင်း ဖော်ပြထားပါတယ်။ အဲဒီအပြင် ပညာရေးဝန်ကြီးဌာနရဲ့ နှစ်သုံးဆယ် စီမံကိန်း ထဲမှာလည်း နည်းပညာအသုံးပြုခြင်းနဲ့ ပတ်သက်တဲ့ အပိုင်းမှာ (လုပ်ငန်းစဉ် ၆ ခု)ကို ဖေါ်ပြထား ပါတယ်။


အဲဒီမှာလည်း
-အချိန်နှင့်အမျှ ပြောင်းလဲတိုးတက်နေသော သတင်းနှင့် ဆက်သွယ်ရေးနည်းပညာကို အသုံးပြုနိုင်ရန်သာမက သင်ကြားပေးရန် နှင့် လက်ခံ သင်ယူနိုင်ရန်။
-ဆက်သွယ်ရေး နှင့် အီလက်ထရွန်နစ် နည်းပညာရပ်တွင် ပိုမို ကျွမ်းကျင်လာအောင် ၄င်း ဘာသာရပ်အား ဘွဲ့မရသေးသော ကျောင်းသူ ကျောင်းသားများ နှင့် ဘွဲ့လွန် ကျောင်းသူ ကျောင်းသားများအတွက် အတန်းတိုင်းကို ဦးစားပေး သင်ကြား ပေး ရန်။
-အထက်တန်းပညာရေးကျောင်းများ၏ စာကြည့်တိုက်များကို အီလက်ထရွန်နစ် သတင်း အချက်အလက် တည်ရှိရာ နေရာအရင်းအမြစ်အဖြစ် ပြောင်းလဲသွားရန်။
-အီလက်ထရွန်နစ် ပညာအရင်းအမြစ်ဌာနများအား မြန်မာနိုင်ငံ အီလက်ထရွန်နစ် သတင်းအချက်အလက် ကွန်ယက်အဖြစ် ထူထောင်သွားရန်။
-မြန်မာနိုင်ငံ အဆင့်မြင့်ပညာရေး ကွန်ယက်အဖွဲ့ကို ထူထောင်ရန်နှင့် ၄င်းအဖွဲ့သည် အင်တာနက်ပေါ်မှ အဆင့်မြင့်ပညာရေး အသင်းအဖွဲ့အားလုံးနှင့် ဆက်သွယ်သွားရန်။
လို့ဖေါ်ပြထားတာမို့ ရည်ရွယ်ချက်အနေနဲ့တော့ သိပ်ကောင်းနေတာကို တွေ့ရပါ တယ်။ ဒီစီမံကိန်းဟာ ၂၀၀၀-၂၀၀၁ ပညာသင်နှစ်တွေကတည်းက စပြီး အကောင်အထည် ဖေါ်နေပြီလို့လည်း မြန်မာနိုင်ငံရဲ့ အာဏာပိုင်တွေက ကမ္ဘာကို ကြေညာ ထားပါတယ်။

အဲဒီအပြင် မြန်မာနိုင်ငံရဲ့ ပညာရေးကို အနည်းဆုံးတော့ အာဆီယံနိုင်ငံတွေနဲ့ ရင်ပေါင်တန်းနိုင်ရမယ်လို့ ပညာရေးအာဏာပိုင်များက အတိအလင်း ကြွေးကျော် ထားပါ တယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ လျှပ်စစ် စွမ်းအား နဲ့ ကွန်ပျူတာပညာရပ်ပိုင်း တွေမှာ အရည်အသွေး စံမမီတဲ့အပြင် ရန်ကုန်လို မြို့တော်မှာတောင်မှ အထက်တန်းကျောင်းတိုင်း မှာ တကယ် ကလေးတွေ အသုံးချခွင့်ရတဲ့ ကွန်ပျူတာ အပြည့်အစုံ မရှိပါဘူး။

ပြီးတော့ နှစ်ရှည်စီမံကိန်းအရ ဒုတိယ ငါးနှစ် စီမံကိန်းကာလထဲ ၀င်လာပြီဖြစ်တဲ့ ၂၀၀၅-၂၀၀၆ ပညာသင်နှစ် ရောက်နေတာတောင်မှ အထက်တန်းသင်ရိုးမှာတောင် ကွန်ပျူတာ ဘာသာရပ် မပါဝင်သေးတဲ့အတွက် နိုင်ငံ တကာမှာ ကျောင်းသားကျောင်းသူတိုင်း ထိတွေ့ခွင့်ရတဲ့ ကွန်ပျူတာ ဟာ မြန်မာနိုင်ငံမှာတော့ အခွင့်ထူးခံ ကျောင်းသားးတချို့သာ ကိုင်ခွင့်ရတဲ့ အခွင့်အရေး တစ်ခု ဖြစ်နေပါတယ်။

နိုင်ငံတကာ အဆင့်မီ ပညာရေး ဖြစ်ဖို့ဆိုတာ ကျောင်းသားတွေကိုယ်တိုင် နိုင်ငံတကာကို ကြည့်ခွင့်၊ ကြားခွင့်၊ သိခွင့် ရှိဖို့ လိုပါတယ်။ မြန်မာနိုင်ငံက ကျောင်းသားတွေဟာ ကွန်ပျူတာ ကိုတောင် ကိုင်ခွင့်မရတဲ့အတွက် နိုင်ငံတကာကို ကြည့်နိုင်ဖို့ လိုအပ်တဲ့ အင်တာနက် ဆိုတာနဲ့လည်း အလှမ်းဝေးလှပါတယ်။

မြန်မာနိုင်ငံနဲ့ အနီးဆုံး ထိုင်းနိုင်ငံမှာတော့ ကျောင်းတိုင်းမှာ အလယ်တန်းအဆင့် ကတည်းက ကွန်ပျူတာ ဘာသာရပ် ပြဋ္ဌာန်းထားပြီး စာသင်သားတိုင်းဟာ အထက်တန်း ကျောင်းသားဘ၀မှာ ကွန်ပျူတာနဲ့ ရင်းနှီး ကျွမ်းဝင် ပြီးသား ဖြစ်နေပါပြီ။ ဒါ့ကြောင့် အမြဲလို အင်တာနက် နဲ့ ထိစပ်နေပြီး နိုင်ငံတကာဟာ သူတို့နဲ့ နီးနီးလေး ကို ရောက်လာပါတယ်။ အဲသလိုနဲ့ မျက်စိပွင့်၊ နားပွင့်ပြီး အရာရာကို စူးစမ်းတတ်လာပါတယ်။ လွယ်လွယ်နဲ့ သိတတ် နားလည်တတ်လာပါတယ်။ ဒါဟာ တနည်းတလမ်းနဲ့ စာသင်သားတွေရဲ့ လေ့လာ စူးစမ်း နိုင်စွမ်းကို လည်း မြှင့်တင်ပေးရာ ရောက်ပါတယ်။

ကျောင်းပညာရေးမှာ အသုံးပြုတဲ့ အင်တာနက်ဟာ ပညာရေးအာဏာပိုင်တွေရဲ့ စည်းကမ်း ဘောင်ထဲမှာ ထား ပေး လို့ရတဲ့ သင်ကြားရေးအစီအစဉ် တစ်မျိုးပဲ ဖြစ်ပါတယ်။ ဖွံ့ဖြိုး တိုးတက်ပြီး ခေတ်မီတဲ့ သြစတေးလျ နိုင်ငံ မှာတောင် ကျောင်းတွေမှာ အင်တာနက်ကို ကျောင်းသားတွေနဲ့ သက်ဆိုင်တဲ့၊ ကျောင်းသားတွေ ကြည့်သင့် တဲ့ ၀က်ဘ်ဆိုက်တွေကိုပဲ ဖွင့်ထားပေးပါတယ်။ ကျောင်းပညာရေးနဲ့ လူငယ်တွေနဲ့ မဆိုင်တဲ့ ၀က်ဘ်ဆိုက်တွေ ကို တော့ ပိတ်ထားပါတယ်။ ဒါဟာ လူငယ် လူရွယ်တွေကို ထိန်းမတ်ပေးတဲ့နေရာမှာ လိုအပ်တဲ့ စည်းကမ်း တစ်မျိုး ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့်မို့ အင်တာနက်ကြောင့် ကျောင်းသားတွေ အတုခိုးမှားနိုင်တယ်၊ ပျက်စီးနိုင်တယ်ဆိုတဲ့ အကြောင်းပြချက်တွေဟာ မခိုင်လုံ ပါဘူး။

မြန်မာနိုင်ငံမှာဆိုရင် အာဏာပိုင်တွေဟာ တစ်နိုင်ငံလုံးရဲ့ လူထုသုံး အင်တာနက် တွေကိုတောင် လိုသလို ပိတ်ပင် ဖြတ်တောက်ထားတာမို့ ကျောင်းသုံး အင်တာနက်မှာ ကျောင်းသားတွေအတွက် မသင့်လျော်တဲ့ ၀က်ဘ်ဆိုက် တွေကို ပိတ်ထားဖို့ဆိုတာ မခဲယဉ်း ပါဘူး။ အာဏာပိုင်တွေဘက်က ကျောင်းသားတွေအတွက် စီစဉ် ပေးဖို့ပဲ လိုပါတယ်။ မြန်မာနိုင်ငံမှာက တက္ကသိုလ်တွေမှာတောင်မှပဲ ကျောင်းသားတိုင်း ကွန်ပျူတာ မသုံး ကြရ ပါဘူး။ တစ်ပတ်မှာ တစ်ချိန် ကွန်ပျူတာချိန်လို့ အချိန်ဇယားမှာပါပေမဲ့ ကွန်ပျူတာ တစ်လုံး ကို အနည်းဆုံး လူငါးယောက် ၀ိုင်းကြည့်ကြရပြီး ထိထိရောက်ရောက် ကိုင်ခွင့်လည်း မရှိတာကြောင့် အဲဒီ သင်ကြားချိန်ထဲမှာ ဘယ်သူမှ ကွန်ပျူတာ တတ် မသွားကြပါဘူး။ ပြီးတော့ မီးမလာတဲ့နေ့က များတာမို့ ကျောင်းသားတွေနဲ့ အိုင်တီ ခေတ်က အလှမ်းဝေး နေရဆဲပဲ ဖြစ်ပါတယ်။

တကယ်တော့ အိုင်တီပညာရေးဖြစ်ရမယ်လို့ ရည်မှန်းချက် ထားထားတဲ့ မြန်မာနိုင်ငံ အနေနဲ့ တက္ကသိုလ် ပညာရေး ကိုတော့ အိုင်တီပညာရေးဖြစ်အောင် ဆောင်ရွက်ပေးသင့် ပါတယ်။ ကွန်ပျူတာဟာ တနည်းအားဖြင့် Informal ပညာရေးနည်းလမ်း တစ်ခုလည်း ဖြစ်တာမို့ လူငယ်တွေရဲ့ ပညာရေးအတွက် အများကြီး အကျိုးရှိ စေပါတယ်။ အင်တာနက် ဟာလဲ လေ့လာသိုမှီးစရာ ဗဟုသုတတွေ အများကြီးပေးနိုင်တဲ့ ကျောင်းတစ်မျိုးပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာနရဲ့ နှစ်သုံးဆယ် စီမံကိန်းထဲမှာ ပါတဲ့ တစ်သက်တာ ပညာသင်ယူ နိုင်ရေး ဆိုတာဟာ ကွန်ပျူတာနဲ့ အင်တာနက် အသုံးချတတ်မှု အပေါ်မှာ အများကြီး မူတည်နေပါတယ်။

မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်နဲ့ ပတ်သက်ရင် အသက်မွေးဝမ်းကြောင်း ပညာရေး၊ တစ်သက်တာ ပညာရေး နဲ့ ကိုယ်ထူကိုယ်ထ ပညာရေးတွေဟာ အရေးပါလှပါတယ်။ ကွန်ပျူတာ အင်တာနက်က တဆင့် ပညာ ရှာဖွေ သင်ယူခြင်း၊ စာကြည့်တိုက်က တဆင့် လေ့လာသင်ယူခြင်းတွေဟာ ကိုယ်ထူကိုယ်ထ ပညာရေးတွေပဲ ဖြစ်ပါ တယ်။ စာကြည့် တိုက်ဟာ လူထုတစ်ရပ်လုံးအတွက် တစ်သက်လုံး ပညာ ရှာမှီးသွားနိုင်တဲ့ ကျောင်းကြီး တွေပဲ ဖြစ်ပါတယ်။


ဒါကြောင့်လဲ အခု မြန်မာနိုင်ငံမှာ ကိုယ်ထူကိုယ်ထ စာကြည့်တိုက်တွေ အများကြီး ဖွင့်လာကြတာ တွေ့ရပါတယ်။ ဒါပေမဲ့ တကယ့် တကယ် လိုအပ်တဲ့ ကျောင်း ပညာရေး ထဲမှာတော့ စာကြည့်တိုက်နဲ့ ပတ်သက်လို့ ဘယ်လို သင်ခန်းစာမျိုးမှ ထည့်မထားသလို ကလေးတွေအတွက် စာကြည့်တိုက်ဝင်ချိန်၊ စာဖတ်ချိန်ဆိုတာ သတ်သတ် မှတ်မှတ် မရှိ သလောက်ပါပဲ။ ပိုဆိုးတာက ကျောင်း စာကြည့်တိုက်ရယ်လို့ စာအုပ်စုံစုံလင်လင် မထား နိုင်တာပါ။ ဒီနေ့ မျက်မှောက်ခေတ်မှာ လိုသလောက် ၀ယ်လို့ ရတဲ့ စာအုပ်စာပေကို တောင် ၀ယ်မထားတာမို့ စာကြည့် တိုက် ရှိရင်တောင်မှပဲ စာအုပ်မရှိတဲ့ အနေအထားပါ။ ဒါကြောင့်မို့လဲ မြန်မာကလေးတွေရဲ့ စာဖတ်အား နဲ့ လေ့လာ စူးစမ်းနိုင်စွမ်းတွေ တနေ့ ထက် တနေ့ ကျဆင်းလာတာ ဖြစ်ပါတယ်။

ဒါ့ကြောင့် မြန်မာနိုင်ငံမှာ အဆင့်မီပညာရေးဖြစ်ဖို့အတွက်ဆိုရင် ကျောင်း တွေ မှာ ကွန်ပျူတာတွေ စာကြည့် တိုက် တွေနဲ့အတူ နည်းပညာတွေ ထွန်းကားဖို့က အဓိက လိုအပ်ချက်တွေပဲ ဖြစ်ပါတယ်။

မေငြိမ်း(၂၀၀၆)

No comments: