Tuesday, January 29, 2008

ကျောင်းသားအခွင့်အရေးဆိုတာ

လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ပညာရေးနဲ့ပတ်သက်တဲ့ အမြင်ကို "ကျောင်းသားဝတ္တရား" ဆိုတဲ့ခေါင်းစဉ်နဲ့ ဆောင်းပါးတပုဒ် ရေးခဲ့ဖူးပါတယ်။ အဲဒီဆောင်းပါးကို ဗိုလ်ချုပ်အောင်ဆန်းဟာ ကျောင်းသား သမဂ္ဂဥက္ကဌ လုပ်နေတဲ့ အသက် ၂၀ကျော် အရွယ်လောက်မှာတုန်းကတည်းက ရေးခဲ့တာ ဖြစ်ပေမဲ့ ခုလက်ရှိ မျက်မှောက်ခေတ်နဲ့ လာပြီး ကိုက်ညီ နေတာကို တွေ့ရပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းက အဲဒီဆောင်းပါးမှာ

အမြင်ကျယ်ကျယ် ကြည့်လေ့ရှိသော သူတို့သည် ကျောင်းသား ဆိုသည်မှာ အတန်းစာကျက်၍ စာမေးပွဲအောင်ရုံမျှဟူသော အများအယူအဆ၏ တိမ်ခြင်း၏အဖြစ်ကို သိရှိကြလေပြီ။ ထိုအယူအဆကား ခေတ်အောက် ကျသည့် အယူမျှသာ ဖြစ်ပေသည်
လို့ ရေးခဲ့ပါတယ်။ အဲဒါဟာ ကျောင်းသားတွေရဲ ပညာတတ်မြောက်မှုကို စာမေးပွဲတခုတည်းနဲ့ ဆုံးဖြတ်ခြင်းက မမှန်ကန်ဘူး ဆိုတာကို ဝေဖန်ထားတာပါပဲ။

ဒါဖြင့် ပညာတတ်မြောက်မှုကို ဘာနဲ့ တိုင်းတာအဖြေရှာသလဲဆိုတာကိုလည်း ဗိုလ်ချုပ်အောင်ဆန်းက အဲဒီဆောင်းပါးမှာ ထည့်ပြောထားပါတယ်။

ပညာရေးကို ကျွမ်းကျင်သော ကမ္ဘာ့ပညာရှိတို့သည် လောကရေး ဓမ္မရေးပြဿနာအရပ်ရပ်တို့ကို စိစစ် ဝေန် ဖြေရှင်းတတ်သောပညာ နှင့် စာအုပ်ပေစာကို အံ၍ရသော အမှတ်သညာ နှစ်ရပ် ကို ခွဲခြား၍ ထားလေသည်
လို့ ဗိုလ်ချုပ်က ပညာသိနဲ့ သညာသိကို ခွဲပြခဲ့ပါတယ်။ သညာသိဆိုတာက အလွတ်ကျက်မှတ်ပြီး သိထားတဲ့ သာမန် ဥာဏ်ရည်ပါ။ ပညာသိဆိုတာကတော့ ဆင်ခြင်သုံးသပ်ဝေဖန်နိုင်စွမ်းရှိတဲ့ ထိုးထွင်း ဥာဏ်ရည်ပါပဲ။ တနည်းအားဖြင့်တော့ ဒါဟာ စာသင်သားတွေကို ဝေဖန် သုံးသပ် တတ်အောင် စဉ်းစား ဆင်ခြင် ချင့်ချိန်တတ်အောင် စာသင်ခန်းကနေ ပညာရေးကနေ လေ့ကျင့် သင်ကြား ပေးသင့်တယ်လို့ ဆိုလိုတာပါပဲ။

တနည်းအားဖြင့်တော့ ဒါဟာ ကျောင်းသားတွေကို လွတ်လပ်စွာ တွေးတော ကြံစည် ပြောဆိုခွင့်၊ ဝေဖန် သုံးသပ် ဆွေးနွေးခွင့် ပေးဖို့ လိုအပ်တယ်ဆိုတဲ့ သဘောပါပဲ။ အဲဒါဟာ ဒီမိုကရေစီစနစ်ရဲ အခြေခံ လူ့အခွင့်အရေးတွေ ဖြစ်သလို ဒီမိုကရေစီပညာရေး စနစ် ထဲက ကျောင်းသားတွေနဲ့ သက်ဆိုင်တဲ့ အခြေခံ ကျောင်းသား အခွင့်အရေးလည်း ဖြစ်ပါတယ်။ ကိုယ့်နိုင်ငံကို ဒီမိုကရေစီနိုင်ငံကောင်း အဖြစ် တည်တံ့အောင် ထိန်းနိုင်ဖို့ အတွက် လူငယ် ကျောင်းသားတွေကို ဒီမိုကရေစီစနစ်နဲ့ ယဉ်ပါးအောင် စာသင်ခန်းထဲမှာ လေ့ကျင့် ပျိုးထောင် ပေးတာပဲ ဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းကတော့

ယနေ့ဖြစ်သော ကျောင်းသားများသည် နက်ဖြန် ပြည်ကြီးသားများ ဖြစ်ကြ၏ဟု ဆိုရိုးစကား ရှိ၏၊ သို့ဖြစ်ရာ ပြည်ကြီးသားတို့၏ အင်္ဂါ လက္ခဏာနှင့် ညီအောင် အုပ်ချုပ်နည်း၊ မိမိအခွင့်အရေးအတွက် တိုက်ခိုက်နည်း၊ စကားပြောနည်း၊ စည်းကမ်းသေ၀ပ်နည်း၊ ကိုယ်လက်ကျန်းမာရေး စသဖြင့် နည်းမျိုးစုံအောင် အသင်းအပင်းများ ရဲတပ်များ ကစားနည်းများကို ထွင်ကြရလေ၏
လို့ ကျောင်းသားတိုင်း ရသင့်တဲ့ အခြေခံ အခွင့်အရေးနဲ့ လုပ်သင့်လုပ်ထိုက်တာတွေကို ညွှန်ပြခဲ့ပါသေးတယ်။

ဗိုလ်ချုပ်အောင်ဆန်းရဲ ရှင်းလင်း ဖော်ပြထားချက်အရဆိုရင် ပြည်ကြီးသားဆိုတာက တရားမျှတတဲ့ ဥပဒေ စည်းမျဉ်း စည်းကမ်းကို လိုက်နာပြီး လွတ်လပ် ငြိမ်းချမ်းစွာ နေထိုင်တတ်သူတွေပါပဲ။ တနည်းအားဖြင့်တော့ ဒီမိုကရေစီနည်း ကျကျ စည်းကမ်းရှိရှိ နေသူတွေပဲ ဖြစ်ပါတယ်။

တကယ်လည်း တိုးတက်တဲ့ အမြင်ရှိကြတဲ့ ကမ္ဘာ့နိုင်ငံအများစုမှာတော့ ကျောင်းသားတွေဟာ အခြေခံပညာ ကျောင်းတွေကအစ တက္ကသိုလ်တွေအထိ အဲဒီ အခြေခံ လူ့အခွင့်အရေး ကျေင်းသားအခွင့်အရေးတွေကို အပြည့်အ၀ ရနေကြတာပါ။ ကျောင်းတွေမှာ ကျောင်းသားသမဂ္ဂတွေ ဖွဲ့စည်းတာ၊ အချင်းချင်း Debate လို့ခေါ်တဲ့ အပြန်အလှန် ငြင်းခုန် ဆွေးနွေးပွဲတွေ၊ ကျဘမ်း စကား ပြောပွဲတွေ၊ နံရံကပ် စာစောင်တွေကို အပြိုင်အဆိုင် ပျော်ပျော်ရွှင်ရွှင် လုပ်နေကြတာပါ။ ဒါဟာ ကျောင်းသားတွေရဲ အသိဥာဏ်ပညာ ပွင့်လင်းမှုကို အားပေးတဲ့ လှုပ်ရှားမှုတွေပဲ ဖြစ်ပါတယ်။ အဲဒီအခါ ကျောင်းသားတွေဟာ ကျောင်းဝန်းကျင်မှာ ကျေနပ် ပျော်ရွှင် ကြတာကြောင့်မို့လို့ ပြဿနာ ထွေထွေထူးထူးလည်း မရှိတော့ပါဘူး။

မြန်မာနိုင်ငံမှာကတော့ ကျောင်းဆိုတာဟာ ကျောင်းသားတွေကို စာသင်ခန်းထဲမှာ အချိန်ပြည့် ပိတ်လှောင် ထားပြီး ဆရာ ဆရာမ အဆင့်ဆင့်က အထပ်ထပ် ထိန်းချုပ်ထားတဲ့ စနစ်ထဲမှာ ရှိနေတဲ့ နေရာတခု ပါပဲ။ ကျောင်းချိန်အတွင်း ဘယ်လို အဖွဲ့အစည်း အသင်းအပင်းမှ ဖွဲ့ခွင့်မရှိတဲ့အပြင်၊ လူ၅ယောက်ထက် ပို စုဝေးခွင့်မရှိ၊ စကားစုဝေး ပြောပွဲ မရှိရ၊ ဘယ်လို စာစောင်စာအုပ်မှလည်း ရေးခွင့် ဖြန့်ချိခွင့် မရှိ၊ ကျောင်းသားတွေရဲ့ လိုအပ်ချက်တွေကိုလည်း တောင်းဆိုတင်ပြခွင့် မရှိပါဘူး။ ပိုဆိုးတာကတော့ ကျောင်းသားအရေးကို စုပေါင်းဆွေးနွေး ဖြေရှင်းပေးနိုင်တဲ့၊ စည်းကမ်းတကျ တင်ပြ တောင်းဆိုပေးနိုင်တဲ့ ကျောင်းသားအဖွဲ့အစည်း သမဂ္ဂလည်း မရှိတာမို့၊ ကျောင်းသားတွေဟာ အခြေခံကျောင်းသား အခွင့်အရေးတွေ အားလုံးကို ဆုံးရှုံးနေကြရတာပဲ ဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းကတော့

လူတိုင်းလူတိုင်း တဦးနှင့်တဦး အပေါင်းအသင်း သမဂ္ဂ ရှိမှသာ အမျိုးမျိုးသော အယူအဆ အမှတ်အသားတို့ကို တွေ့မြင်သိရှိရ၍ ပိုမို အမြင် ကျယ်လာနိုင်လေသည်။ သို့ အမြင်ကျယ်မှ တဦးကိုတဦး အနာခံတတ်ခြင်း၊ စောင်မကူညီတတ်ခြင်း၊ အပြောအဆို အနေအထိုင် ပြုပြင် လာခြင်း၊ စသဖြင့် လောက တွင် လူ လုပ်တတ်သည့် အရည်အချင်းများရနိုင်လေသည်
လို့ ဆိုပါတယ်။

အဲဒီအပြင် နောင်ခေတ် ဗမာပြည်ကို ဖန်တီးမည့် ကျောင်းသားများသည် ယခု လူများကဲ့သို့ မညီမညွတ် မလုပ်တတ် မကိုင်တတ် မဖြစ်ရလေအောင် ကျွန်ုပ်တို့သည် ယခုအခါ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂအသင်းကြီးကို အထင် အရှား တည်ထောင်ထား၏၊ ထိုအသင်းကို ၀င်ရောက်အားပေးရန်မှာ ကျောင်းသားတိုင်း တိုင်းပြည်ချစ်စိတ်ရှိသူတိုင်းတို့၏ တာဝန်ဝတ္တရားပင် တည်း
လို့လည်း ဗိုလ်ချုပ်က စေတနာထားပြီး တိုက်တွန်းခဲ့တာ တွေ့ရပါတယ်။

တကယ်တော့ ဒီမိုကရေစီပညာရေးထဲမှာ ကျောင်းသားတွေအတွက် အသိဥာဏ်ပညာ တိုးတက်ဖွံ့ဖြိုးဖို့နဲ့ နိုင်ငံကြီးသားပီသတဲ့ လူမှုဆက်ဆံရေးတွေကို တတ်မြောက်နိုင်ဖို့ ဆိုတာတွေကိုသာမက ငြိမ်းချမ်းစွာ ပညာသင်ယူနိုင်ရေးကိုပါ ဦးတည် စဉ်းစားရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီမိုကရေစီပညာရေး တည်ဆောက် နေပါတယ် ဆိုတဲ့ မြန်မာနိုင်ငံရဲ ပညာရေး အာဏာပိုင်တွေအနေနဲ့ ကျောင်းပညာရေးထဲမှာ ကျောင်းသား သမဂ္ဂ ဖွဲ့စည်းခွင့်ကိုပါ ထည့်သွင်းစဉ်းစားရတော့မှာ ဖြစ်ပါတယ်။

မေငြိမ်း
(
စက်တင်ဘာ ၁၀ ၊၀၇)

တက္ကသိုလ်နဲ့ အုပ်ချုပ်ရေးပြဿနာ

မြန်မာနိုင်ငံရဲ ပညာရေး ဆုတ်ယုတ်ကျဆင်းရတာမှာ ပညာရေးအာဏာပိုင်တွေနဲ့ ဆရာ ဆရာမတွေမှာလည်း တာဝန်မကင်းဘူးဆိုတာကို ငြင်းလို့ မရနိုင်တာ အမှန်ပါပဲ။ ဒီနေရာမှာ အကြောင်းရင်းတွေကတော့ နိုင်ငံ အာဏာပိုင်တွေရဲ လွဲချော်တဲ့ အမိန့် အာဏာတွေကို မဆန့်ကျင်ရဲတာက တကြောင်း၊ လစာမလုံလောက်မှုနဲ့ စားဝတ်နေရေး ကျပ်တည်းမှု တွေကြောင့် မိမိတို့ရဲ့ အလုပ်တာဝန်အပေါ် အာရုံမစိုက်နိုင်မှုကလည်း တကြောင်းဖြစ်ပါ တယ်။ ဒါ့ထက် ပိုဆိုးတာကတော့ အကြီးအကဲနေရာမှာ တာဝန်ယူရတဲ့ ပညာရေး အာဏာပိုင်တွေရဲ့ တင်းကျပ်ပြီး လွဲမှားနေတဲ့ အမိန့်တွေနဲ့ မတရားသဖြင့် အဂတိ လိုက်စားမှုတွေကြောင့်ပဲ ဖြစ်ပါတယ်။

တကယ်တော့ ဆရာဆိုတာဟာ မိဘလိုပဲ ကျောင်းသားတွေရဲ ကောင်းရကောင်းကြောင်းကို စီစဉ် ဖန်တီး လမ်းညွှန်ပေးရမှာပါ။ ဒါပေမဲ့ စစ်အာဏာရှင် စနစ် အုပ်ချုပ်မှု အောက်မှာ ပညာရေးထဲက ပညာရေးအာဏာပိုင် ဆရာကြီး ဆရာမကြီးတွေကပါ ပညာရေး လောကကို စစ်တပ်ဆန်ဆန် အမိန့်ပေးပြီး တင်းတင်းမာမာ အုပ်ချုပ်လာတာကို စိတ်မကောင်းစရာကောင်းလောက်အောင် တွေ့လာရပါတယ်။ သက်သေသာဓက အထောက်အထားနဲ့တကွ တင်ပြရင်ကို အဖြစ်အပျက်တွေ အများကြီး ပြနိုင်ပါတယ်။

တကယ်တော့ မြန်မာတနိုင်ငံလုံးက ကျောင်းအများစုဟာ အဲလို အာဏာရှင်တွေလက်အောက်မှာ နေနေကြရတယ်ဆိုတာ အားလုံးအသိပါပဲ။ အများအားဖြင့်ကတော့ တက္ကသိုလ်တွေမှာ ဖြစ်ပါတယ်။ ကျောင်းအုပ်တချို နဲ့ ပါမောက္ခချုပ်တချိုဟာ စစ် အစိုးရနည်းတူပဲ အမိန့်အာဏာကို တွင်တွင်သုံးတဲ့အပြင် အဂတိလိုက်စားမှုကိုလည်း ပြောင်ကျကျ လုပ်လာကြပါတယ်။ ဒီအထဲမှာ လက်အောက်ငယ်သား ဆရာ ဆရာမ တွေနဲ့ ကျောင်းသူ ကျောင်းသားတွေအပေါ် စာနာငဲ့ညှာမှု လုံးဝမရှိတဲ့ လုပ်ရပ်တွေကတော့ အဆိုးဆုံးပဲ ဖြစ်ပါတယ်။

တကယ်တော့ ကမ္ဘာ့အဆင့်မီ တက္ကသိုလ်ပညာရေးဟာ အသက် ၁၈နှစ်ပြည့်ပြီးသူတွေ တက်ရောက်ကြတာ ဖြစ်ပါတယ်။ အသက် ၁၈နှစ်ဆိုတာဟာ နိုင်ငံတကာစံအရ အရွယ်ပြီး ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် ရှိပြီလို့ သတ်မှတ်တဲ့ အသက်အရွယ် ဖြစ်ပါတယ်။ ဒါကြောင့် တက္ကသိုလ်တက်သူတွေဟာ ကျောင်းက ချမှတ်တဲ့ စည်းကမ်းတွေကို စနစ်တကျ လိုက်နာတယ်ဆိုရင် ကျန်တဲ့ လူငယ်ဘ၀ သဘာဝထဲမှာ လွတ်လပ်ပျော်ရွှင်စွာ ပညာသင်နိုင်တဲ့ ကျောင်းသားအခွင့်အရေး အပြည့် ရရပါမယ်။ တက္ကသိုလ်ကျောင်းသား တွေရဲ အခွင့်အရေးတွေဖြစ်တဲ့ လွတ်လပ်စွာ ပညာသင်ယူခွင့်၊ လွတ်လပ်စွာ ပြောဆိုဆွေးနွေးခွင့်၊ လွတ်လပ်စွာ တီထွင် ဖန်တီးခွင့်၊ လွတ်လပ်စွာ ရေးသား ထုတ်ဝေခွင့်၊ လွတ်လပ်စွာ ဝေဖန်သုံးသပ်ခွင့်၊ လွတ်လပ်စွာ စုရုံး ဟောပြောခွင့်၊ လွတ်လပ်စွာ တောင်းဆိုပိုင်ခွင့်တွေ အပြည့်အ၀ ရှိရပါမယ်။

အနီးဆုံး ထိုင်းနိုင်ငံနဲ့ ဥပမာပေးရရင် ခုအချိန်မှာ ထိုင်းနိုင်ငံက တက္ကသိုလ်တွေမှာ ကျောင်းသားတွေဟာ အဲဒီ ကျောင်းသားအခွင့်အရေးတွေကို အပြည့်နီးပါးရကြပါတယ်။ စည်းမျဉ်းခံဘုရင်စနစ်ဖြစ်တဲ့အတွက် ဘုရင်မိသားစု ကို ဝေဖန်ရင်တော့ အပြစ်ပေးနိုင်တယ်ဆိုပေမဲ့ တိုင်းပြည်က အေးချမ်းသာယာပြည့်စုံနေတာမို့ ပြဿနာဖြစ် တာမျိုး နည်းပါးပါတယ်။ ကျောင်းသားအများစုဟာ ကျောင်းမှာ ပျော်ကြပါတယ်။ တက္ကသိုလ်တွေမှာဆိုရင် လွတ်လပ်ခွင့် အပြည့်အ၀ရှိတဲ့ အနုပညာသရုပ်ဖော်ပြပွဲ (Performance Show) တွေ အပတ်စဉ်လိုလို လုပ်ကြတာတောင် တွေ့ရပါ တယ်။

တကယ်တော့ အဲလို ကျောင်းသားအခွင့်အရေးကို ခံစားခွင့်ရတာဟာ ဒီမိုကရေစီပညာရေးပါပဲ။ မြန်မာနိုင်ငံ ကတော့ ဒီမိုကရေစီပညာရေးကို တည်ဆောက်နေပါတယ်လို့ ပညာရေး အာဏာပိုင်များက ပြောထားပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ ကျောင်းတွေမှာ အထွေထွေ လိုအပ်ချက်တွေ၊ ပြဿနာတွေ ပိုများလာခဲ့ပြီး လွတ်လပ်စွာ စာရေးသား ဖြန့်ဝေခွင့် တားမြစ်ပိတ်ပင်တာတွေ၊ လူစုလူဝေးမလုပ်ရ ဆိုတာတွေနဲ့အတူ ကျောင်းသားတွေကို တင်းတင်းကျပ်ကျပ် ချုပ်ထိန်းကိုင်တွယ်တာမျိုးတွေတောင် ပိုလုပ် လာခဲ့ပါတယ်။

၂၀၀၀ပြည့်နှစ် နောက်ပိုင်းမှာဆိုရင် တက္ကသိုလ်တွေမှာ ကျောင်းသားတွေကို ကျောင်းခေါ်ချိန်ယူတဲ့ စနစ်ကို တင်းတင်းမာမာ လုပ်လာပါတယ်။ ဆရာတယောက်က အနည်းဆုံး ကျောင်းသား ၃၀လောက်ကို တာဝန်ယူထိန်းရတဲ့ Guardianship တာဝန်ခံ အုပ်ထိန်းသူ စနစ်နဲ့ ကျောင်းသားတွေက သူတို့ ကျောင်းတက်ကြောင်းကို သူတို့ရဲ ဆိုင်ရာ တာဝန်ခံ အုပ်ထိန်းသူ ဆရာ ဆရာမတွေဆီမှာ နေ့တိုင်း Attendance လက်မှတ်သွား ထိုးရပါတယ်။ အဲဒီ ဆရာဆရာမတွေက အဲဒီ လက်မှတ်တွေကို သူတို့ရဲ အထက်က အတန်းချုပ်ဆီကို ဆက်တင်ပေးရပါတယ်။ အဲဒီ ကျောင်းခေါ်ချိန်နဲ့ အပတ်စဉ် Tutorial စာစဉ် ဖြေတဲ့ ရမှတ်ကို တွက်ပြီး ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်း ကို သတ်မှတ်ပါတယ်။ ၇၅ရာခိုင်နှုန်း မပြည့်ရင် စာမေးပွဲ မဖြေရပါဘူး၊

တကယ်တော့ အဲဒီ ချုပ်ကိုင်မှုဟာ ကျောင်းသားတွေကို ကျောင်းတက်မှန်အောင် ရည်ရွယ်တာဆိုရင်တော့ မထိရောက်ဘူးလို့ ဆိုရပါမယ်။ အထူးသဖြင့် တက္ကသိုလ်ကြီး တွေမှာဆိုရင် ထိရောက်မှု မရှိပါဘူး။ ဆရာရော ကျောင်းသားပါ ကျောင်းမပျက်အောင် လုပ်တာဖြစ်ပေမဲ့ ကျောင်းသားနဲ့ အုပ်ထိန်းသူ ဆရာညှိပြီး တစ်ပတ်လုံးစာ လက်မှတ် ကို တရက်တည်းမှာ အပြီး ထိုးပြီး တင်လိုက်ရင် ရတာပါပဲ။ အထက်က ဆရာကြီး ဆရာမကြီးတွေကလည်း အလုပ်တာဝန် ဖိစီးတာကြောင့်မို့ အသေးစိတ် လိုက်မကြည့်နိုင်ပါဘူး။ နောက်တကြောင်းကတော့ တချို့သော အုပ်ချုပ်သူ လူကြီးပိုင်းတွေက ကျောင်းသားတွေကိုရော တာဝန်ခံဆရာ တွေကိုပါ ငဲ့ညှာတာကြောင့် အသေအချာ မစစ်ဆေးတာလည်း ရှိပါတယ်။

ငဲ့ညှာရတဲ့ အကြောင်းတွေကလည်း ရှိပါတယ်။ ၂၀၀၀ခုနှစ် မတိုင်မီကတည်းက တက္ကသိုလ် တော်တော် များများကို မြိုစွန်မြိုဖျားတွေရောက်အောင် ရွှေလိုက်တဲ့အတွက် လမ်းခရီးမှာ အချိန် ပိုကြန့်ကြာတာကြောင့် ရော၊ ကျောင်းလာဖို့ ကားစင်းရေ နည်းပါးတာကြောင့်ရော၊ ငွေကြေး အကျပ်အတည်း ပြဿနာတွေ တစတစ ကြီးထွား လာတာကြောင့်ရော၊ ကျောင်းမှာ ထိရောက်တဲ့ သင်ကြားရေးအပါအ၀င် ပညာရေးဆိုင်ရာ လိုအပ်ချက်တွေကို ဖြည့်ဆီးမပေးနိုင်တာတွေကြောင့်ရော ဆရာတွေရော ကျောင်းသားတွေ ပါ အခက်အခဲတွေ ကြုံရတာကြောင့်ပဲ ပညာရေး မိသားစုဝင် အချင်းချင်း ငဲ့ညှာခဲ့ကြတာပါ။ ဒါကြောင့်ပဲ ကျောင်းသားတွေဟာ ကျောင်းပညာရေးရဲလိုအပ်ချက်တွေအပေါ် ကျေနပ်မှု မရှိခဲ့ပေမဲ့ အဲလို ငဲ့ညှာမှုမျိုးတွေ ရှိနေသေးတဲ့အတွက် ပြဿနာတစုံတရာ မဖြစ်ဘဲ အေးအေး ချမ်းချမ်း ပညာသင်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့ အခုလတ်တလောမှာတော့ မန္တလေးက တအုံ ကွန်ပျူတာ တက္ကသိုလ်မှာ ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်း မပြည့်လို့ ဆိုပြီး ကျောင်းသား ၂၀၀ကျော်ကို စက်တင်ဘာ၃ရက်နေ့မှာ ပြုလုပ်မယ့် အတန်းတင်စာမေးပွဲကို ဖြေခွင့်မပေးကြောင်း ကြေငြာခဲ့တဲ့အတွက် ကျောင်းသားတွေ မကျေနပ်တဲ့ ပြဿနာဖြစ်ခဲ့ပါတယ်။ မန္တလေးမြို့နဲ့ တအုံတက္ကသိုလ် က ၂၅မိုင်တောင် ဝေးတဲ့အပြင် ဖယ်ရီကား မလုံလောက်မှု၊ ကားခ ဈေးမြင့်မှုတွေ ကြောင့် ကျောင်းသားတွေမှာ အများကြီး အခက်အခဲ ကြုံကြရပါတယ်။ အခုလက်ရှိ လောင်စာဆီဈေး နှစ်ဆ မြင့်တက်သွားပြီးနောက်ပိုင်းမှာတော့ အခြေအနေ တွေ ပိုဆိုးသွားတာမို့ ကျောင်းသားတွေလည်း ပိုပြီး အခက်အခဲတွေ ကြုံလာရပါတယ်။ ဒါကြောင့် အဲဒီ အခက်အခဲပြဿနာဟာ ကျောင်းသားတွေရဲ ပေါ့လျော့မှုတခုတည်း ကြောင့် ဖြစ်ရတာ မဟုတ်ပါဘူး။

အဲဒီ အခက်အခဲတွေကြောင့်လည်း တအုံကွန်ပျူတာတက္ကသိုလ်မှာ ခုလို ပြဿနာတွေ ကြုံကြရတာပါပဲ။ ပိုဆိုးတာကတော့ ကျောင်းမရောက်တာချင်း အတူတူမှာ ဆရာတွေဆီကို လာဘ်ထိုးသူတွေက စာမေးပွဲဖြေခွင့် ရပြီး လာဘ်မထိုးနိုင်တဲ့ ကျောင်းသားတွေက တော့ စာမေးပွဲ ဖြေခွင့် မရတာပါပဲ။ ဒါနဲ့ ပတ်သက်ပြီး ကျောင်းသားတွေက အသနားခံ ဖို့ ကြိုးစားပေမဲ့ ကျောင်းအုပ်ကြီး ဦးသန်းနိုင်စိုးကတော့ လုံးဝ ဖြေဆိုခွင့် မပေးခဲ့ပါဘူး။ တကယ်တော့ ကျောင်းသားတယောက်ရဲ ပညာတတ်မြောက်မှုကို စာမေးပွဲနဲ့ ဆုံးဖြတ်တာက မှန်ကန်တဲ့ စနစ် မဟုတ်ပါဘူး။ ဒီကြားထဲ ကျောင်းသားတွေရဲ ပညာ သင်နှစ် တနှစ်တာဘ၀ကို ကျောင်းအရောက်နောက်ကျတဲ့ မိနစ်ပိုင်းလေးအတွက် ပျက်ကွက်တယ်လို့ သတ်မှတ်ပြီး တနေ့စာလုံးအတွက် ကျောင်းခေါ်ချိန် မပေးတာမျိုးကလည်း ကျောင်းစည်းကမ်း ဥပဒေအနေနဲ့ မလျော်ညီပါဘူး။ မှန်ကန်တဲ့ ဆုံးဖြတ်ချက်မျိုးလည်း မဟုတ်ပါဘူး။ ကျောင်းသားတွေအတွက် အင်မတန်မှကို နစ်နာလှ ပါတယ်။

တကယ်တော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ အခက်အခဲ အကျပ်အတည်း ကြုံနေရချိန်မျိုးမှာ ကျောင်းသား တွေကို ပညာအရည်အချင်းကြောင့် မဟုတ်ပါဘဲနဲ့ တနှစ်တာလုံး အတွက် စာမေးပွဲဖြေခွင့် မပေးတာဟာ အကောင်းဆုံး ဖြေရှင်းပေးတာမျိုး မဟုတ်ပါဘူး။ အဲဒီအပြင် နိုင်ငံရဲ လူ့စွမ်းအား အရင်းအမြစ်တွေကို ကန့်သတ် တားမြစ် ဖြိုဖျက်နေတာနဲ့ အတူတူပဲ ဖြစ်ပါတယ်။ အခုကြုံနေရတဲ့ တအုံကွန်ပျူတဆာကောလိပ်က ကျောင်းသား တွေရဲ့ အချိန်တွေထဲက တနှစ်လုံးလုံး နစ်နာသွားရတဲ့ ကိစ္စမှာဆိုရင် အဓိက တာဝန်ရှိသူကတော့ သက်ဆိုင်ရာ ပညာရေးအာဏာပိုင်ဖြစ်တဲ့ ကျောင်းအုပ်ဆရာကြီး ဦးသန်းနိုင်စိုးသာ ဖြစ်ပါတယ်။

၂၀၀၇၊ သြဂုတ်လ။

Tuesday, January 22, 2008

စစ်ပညာရေးစနစ်သို့

အခြေခံပညာအထက်တန်းကျောင်းတွေမှာ တက္ကသိုလ်က ဘာသာရပ်ဆိုင်ရာပါရဂူတွေကိုသာ ကျောင်းအုပ် အဖြစ် ရွေးချယ်ခန့်အပ်တော့မယ် ဆိုတာနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ အပတ်တွေမှာ ဆွေးနွေးခဲ့ပါ တယ်။ အဲဒီမှာ အချက်အလက်တိုင်းဟာ ဘာသာရပ်ဆိုင်ရာ ပါရဂူတွေကို အခြေခံပညာကျောင်းအုပ်အဖြစ် ခန့်အပ်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အခက်အခဲတွေ ပြဿနာတွေ အားနည်းချက်တွေကိုပဲ ပြောခဲ့ပါ တယ်။

တကယ်လည်း ပါရဂူတွေ ကျောင်းအုပ်ဖြစ်တဲ့အတွက် ပညာရေးကဏ္ဍအနေနဲ့ အားသာချက်ဆိုတာမျိုး မရှိသလောက်ပါပဲ။ ကျောင်းအုပ်လုပ်သူတွေရဲ့ ဂုဏ်ပုဒ်အဖြစ် ဒေါက်တာဘယ်သူလို့ တတ်နိုင်ပြီး သူရဲ သက်ဆိုင်ရာ ဘာသာရပ်မှာဝင်ပြီး အနည်းအကျဉ်း အကြံပေးနိုင်မယ်။ ဒီတော့ ဒါမျိုးဟာ အခြေခံပညာ ကျောင်းတကျောင်းရဲ့ ကျောင်းအုပ်ဖြစ်ဖို့အတွက် အဓိကကျကျ လိုအပ်တဲ့ အရည်အသွေးမျိုးလည်း မဟုတ်ပါဘူး၊

တကယ်တော့ ဘာသာရပ်ဆိုင်ရာ ပါရဂူတွေအတွက် အခြေခံပညာရေးနယ်ပယ်ဟာ လုပ်ငန်းခွင် အသစ်သာ ဖြစ်ပါတယ်။ ဒါကို အခြေခံပညာကျောင်းရဲ့ အုပ်ချုပ်ပုံနဲ့ တက္ကသိုလ် အဆင့်အုပ်ချုပ်ပုံမတူတဲ့အကြောင်းမှာ တင်ပြဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်။ ခုဆိုရင် ရန်ကုန်မြိုလယ်ခေါင်က နာမည်ကြီး အထက်တန်းကျောင်း နှစ်ကျောင်းမှာဆိုရင် ကျောင်းအုပ်အသစ်အဖြစ် ဦးဦးဖျားဖျား ခန့်အပ်ခံရပြီး ရောက်လာတဲ့ ပါရဂူနှစ်ယောက် အနေနဲ့ရော၊ အုပ်ချုပ်ခံ ၀ါရင့် ဆရာကြီးဆရာမကြီးတွေအနေနဲ့ရော လုပ်ငန်းခွင်မှာ အဆင်မပြေမှု၊ နှောင့်နှေးကြန့်ကြာမှု၊ စိတ်အနှာက်အယှက်ဖြစ်ရမှုတွေနဲ့ ရင်ဆိုင်နေကြရပါ တယ်။ အဲဒီအပြင် အပြန်အလှန် လေးစားယုံကြည်မှု၊ အားကိုးမှု၊ အတူတကွ ပူးပေါင်း လုပ်ဆောင်မှုတွေနဲ့ ဖွဲ့စည်းရတဲ့ အခြေခံပညာကျောင်းရဲ သဘာဝထဲမှာ အခြေခံပညာ ကျောင်းရဲ သဘောသဘာဝနဲ့ ပတ်သက်ပြီး သေသေချာချာ နားမလည်တဲ့အပြင် အတွေ့အကြုံလုပ်သက်အားဖြင့်ရော အသက်အားဖြင့်ရော ငယ်ရွယ်ကြတာ မို့လို့ ကျောင်းအုပ်အသစ်တွေဟာ ခုချိန်မှာ သူတို့ရဲလုပ်ငန်းခွင်အသစ်မှာ အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်နေ ကြရပါတယ်။ ဒါတောင် ပညာရေးလောကထဲက ၀န်ထမ်းအချင်းချင်းကိစ္စပဲ ရှိပါသေးတယ်။ လုပ်ငန်းပိုင်းဆိုင်ရာ အခက်အခဲတွေ မပါသေးပါဘူး။၊

နောင်သိပ်မကြာခင် ကာလမှာဆိုရင်တော့ အထက်တန်းကျောင်းတွေရဲ ကျောင်းအုပ်ကြီးတွေအဖြစ် ပါရဂူ တွေကသာ နေရာယူလာတော့မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တပတ်မှာ တင်ပြခဲ့သလိုပဲ မြန်မာတနိုင်ငံလုံး အတိုင်းအတာနဲ့ အထက်တန်းကျောင်းပေါင်း နှစ်ထောင် နီးပါးမှာ တပြေးညီဖြစ်ဖို့ ပါရဂူဘွဲ့ရ နှစ်ထောင်နီးပါး လိုလာမှာပါ။ အဲဒီအခါ လက်ရှိ ပါရဂူ အရေအတွက်နဲ့ လိုအပ်တဲ့ ကျောင်းအုပ်နေရာတွေအတွက် ဖြည့်ဆည်း ဖို့ကတော့ စစ်တက္ကသိုလ်ထွက် ပါရဂူများရှိနေကြပါတယ်။ ကွန်ပျူတာသိပ္ပံအထူးပြု အပါအ၀င် ၀ိဇာသိပ္ပံ အထူးပြုဘာသာရပ်တွေနဲ့ ကျောင်းပြီးထားတဲ့ စစ်တပ်အရာရှိတွေထဲက ရာဂဏန်းနီးပါးလောက်က ခုချိန်မှာ ပါရဂူဘွဲ့ယူတန်းတွေ တက်နေကြပါပြီ။ နောင် သိပ်မကြာခင်အချိန်မှာ လိုအပ်လာမယ့် အထက်တန်း ကျောင်းအုပ် ရာထူးနေရာတွေမှာ သူတို့ကို ခန့်အပ်နိုင်ပါတယ်။ အဲဒီ အခြေအနေအရ မြန်မာနိုင်ငံရဲပညာရေးထဲမှာ အရေးကြီးဆုံးဖြစ်တဲ့ အခြေခံပညာရေးနယ်ပယ်မှာ စစ်တက္ကသိုလ်ထွက် ပါရဂူများက ၀င်ရောက် လွှမ်းမိုး ချုပ်ကိုင်ခွင့်ရလာနိုင်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာကတော့ စစ်တပ်ရဲ အကြီးအကဲတွေဟာ အခွင့်ထူးခံ လူတန်းစားတစ်ရပ်အဖြစ် ကြီးစိုးလာခဲ့တာ နှစ်၅၀နီးပါးရှိခဲ့ပါပြီ။ စစ်တပ်ရဲ့ ထုံးစံအတိုင်း အုပ်ချုပ်ရေးပုံစံ ဟာ အမိန့်နာခံရေးကသာ အဓိက ဖြစ်ပါတယ်။ စစ်တပ်ရဲ လက်သုံးစကားဖြစ်တဲ့ ရေဗူးပေါက်တာ မလိုချင်ဘူး.. ရေပါတာသာလိုချင်တယ်ဆိုတဲ့ အမိန့်မျိုးကို ၂၀၀၀ ခုနှစ် နောက်ပိုင်းမှာဆိုရင် ပညာရေးလောကထဲက ပါမောက္ခချုပ်တွေ ပါမောက္ခတွေကတောင် လက်စွဲ သုံးလာကြတာတွေ့ရပါတယ်။ ဒါဟာ စစ်တပ်ရဲ့ စရိုက် လက္ခဏာ လွှမ်းမိုးခံလာရ တာပဲ ဖြစ်ပါတယ်။ အဲဒီ အကျိုးဆက်တွေကြောင့်ပဲ စာမေးပွဲအောင်စာရင်းမှာ အောင်ချက်ကောင်းတယ်ဆိုတဲ့ အရေအတွက်ကိုပဲ လိုချင်တယ်အရည်အချင်း မပြည့်ဘူးဆိုတာကို မသိချင်ဘူး ဆိုတဲ့ အခြေအနေမျိုး ရောက်လာတာပါ။

တကယ်တော့ စာသင်ကျောင်းဆိုတာဟာ အမိန့်နဲ့ တည်ဆောက်ရတဲ့နေရာ မဟုတ်ပါဘူး။ စစ်သင်တန်း ကျောင်းမှာလို အမိန့်နာခံတတ်ဖို့ကိုသာ ဦးတည်တဲ့ ပညာရေးမျိုးလည်း မဟုတ်ပါဘူး။ ပညာရေးရဲ့ အဓိက လိုအပ်ချက်ကိုက ကျောင်းနေပျော်ပြီး စာတော်ကြဖို့သာ ဖြစ်ပါတယ်။ အထူးသဖြင့် ဒီမိုကရေစီပညာရေး မှာဆိုရင် ဆရာဆိုတာဟာ ကျောင်းသားတွေ၊ ကလေးတွေရဲ စာသင်ခန်းထဲက ပညာရေးဆိုင်ရာ လိုအပ်ချက် တွေကို ဖြည့်ဆည်းပေးဖို့၊ ဖြေရှင်းပေးဖို့ဆိုတဲ့ အနေအထားနဲ့ ရှိနေကြရတာပါ။ အဲဒီသဘောကို ဒီမိုကရေစီပညာရေးအကြောင်း စာအုပ်ရေးခဲ့တဲ့ အမေရိကန်ဒဿနပညာရှင် John Dewey ပြောခဲ့တဲ့ ပညာရေးဟာ သင်ကြားခြင်းမဟုတ်၊ ကလေးဘာသာ သင်ယူတတ်အောင် လေ့ကျင့်ပေးခြင်းသာ ဖြစ်တယ် ဆိုတာမှာ တွေ့နိုင်ပါတယ်။

အဲသလိုပဲ ပညာရေးအယူအဆနဲ့ ပတ်သက်ရင် လက်ဦးဆရာတစ်ယောက်ဖြစ်တဲ့ ဂရိအတွေးအခေါ်ပညာရှင် Aristotle ကလည်း ဘီစီ ၃၈၄ တုန်းမှာကတည်းက ပညာရေး ဟာ လူသားတွေရဲ ကိုယ်ရည်ကိုယ်သွေးကို ပျိုးထောင်ပေးဖို့ တာဝန်ရှိတယ် ဆိုတာကို ပြောခဲ့ပါတယ်။ ဒါကြောင့် ဆရာဆရာမတွေရဲတာဝန်ဟာ ကလေးတွေကို စာသင်သား တွေကို သူတို့ရဲ့ ပင်ကိုအရည်အသွေးတွေ ပွင့်လန်းကြီးထွားလာအောင် ကူညီ ပံ့ပိုး ပျိုးထောင် ပေးရမှာသာ ဖြစ်ပါတယ်။ အမိန့်ပေး ပုံသွင်းဖို့ မဟုတ်ပါဘူး။ ဒါမှပဲ ကလေးတွေဟာ လွတ်လပ်စွာ ဝေဖန်ပိုင်းခြားနိုင်တဲ့၊ လွတ်လပ်စွာ တွေးတော ကြံစည်တတ်တဲ့၊ လွတ်လပ်စွာ တီထွင်ဖန်တီးနိုင်တဲ့၊ ရှေဆောင် လမ်းညွှန်နိုင်တဲ့ စွမ်းရည်ရှိသူတွေအဖြစ် ကြီးပြင်းလာမှာ ဖြစ်ပါတယ်။ ဒါမှပဲ အဲဒီစာသင်သားတွေ ဦးဆောင် မယ့် အနာဂတ်ကလည်း ဖွံ့ဖြိုးတိုးတက်တဲ့ အနာဂတ်ဖြစ်လာမှာပါ။

တကယ်တော့ မြန်မာနိုင်ငံပညာရေးရဲ ကြီးမားတဲ့ အကျပ်အတည်း ပြဿနာတွေထဲမှာ စစ်တပ်အစိုးရတွေရဲ ကြီးစိုးချယ်လှယ်ခံရမှုက အဓိကကျတဲ့ အကြောင်းရင်းတခုပါပဲ။ ၁၉၆၂နောက်ပိုင်း ဗိုလ်ချုပ်နေ၀င်းအစိုးရ လက်ထက်ကတည်းက တပါတီစနစ်အောက်မှာ မြန်မာနိုင်ငံရဲ ပညာရေး၊ ဘာသာရေး၊ စာပေ ယဉ်ကျေးမှု အနုပညာတွေဟာ စစ်အုပ်ချုပ်ရေးဆန်ဆန် အမိန့်နဲ့ အုပ်ချုပ် စီမံ ခံခဲ့ရတာပါ။ ဒါကြောင့်ပဲ စာသင်ခန်းတွေထဲ မှာတောင် ဆရာကို တုံ့ပြန် မဆွေးနွေးရတဲ့ Teacher centered teaching ကသာ တောက်လျှောက် လွှမ်းမိုးခဲ့တာ ဒီကနေ့အထိပါပဲ။

၁၉၉၀ နောက်ပိုင်း အာဏာသိမ်းစစ်အစိုးရ လက်အောက်မှာတော့ နိုင်ငံရေးပြဿနာတွေရဲ ရိုက်ခတ်မှုကြောင့် ကျောင်းပညာရေးဟာ အမိန့်နာခံတတ်ဖို့ကိုသာ ဦးတည်တဲ့ အခြေနေကို လုံးလုံး ရောက်လာခဲ့တာ တွေ့ရပါတယ်။ စစ်အစိုးရရဲ စစ်တပ်ဆန်ဆန် အမိန့်ပေးအုပ်ချုပ်မှုကို ပညာရေး အာဏာပိုင်တွေ ကိုယ်တိုင်က လိုက်နာလက်ခံလာ ပါတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ ပညာရေးအဆင့်အတန်း နိမ့်ပါးကျဆင်းလာရတဲ့ အရင်းခံအကြောင်းတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။ အခုဆိုရင်တော့ နိုင်ငံတနိုင်ငံအတွက် အရေးကြီးဆုံး ရင်းနှီးမြှုပ်နှံမှုဖြစ်တဲ့ ပညာရေးနယ်ပယ်ထဲကို စစ်တက္ကသိုလ်တွေကနေ စနစ်တကျ မွေးမြူ ပုံသွင်း လေ့ကျင့်ပေးထားတဲ့၊ ပညာရှင်ဆိုသူ ပါရဂူတွေက ၀င်ရောက် ချုပ်ကိုင် ချယ်လှယ်လာမယ့် အခြေနေမျိုးကို တွေ့နေရပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၉ရက်နေ့က စင်္ကာပူနိုင်ငံရဲ့ ၄၂နှစ်မြောက် အမျိုးသားနေ့မှာ ၀န်ကြီးချုပ် လီရှန်လုံး (Lee Hsien Loong ) က ပညာရေးနဲ့ ပတ်သက်ပြီး ပြောသွားရာမှာ ကျောင်းတွေမှာ သင်ယူခြင်းကို ပိုတိုးမြှင့်ပါ.. သင်ကြားခြင်းကို လျှော့ချပစ်ပါ.. Learn.. more, teach... less လို့ ပြောသွားတာဟာ စိတ်ဝင်စားစရာပါပဲ။ လောလောဆယ်မှာ ပညာရေးအရ ကမ္ဘာ့အဆင့်မီလို့ ဆိုနိုင်တဲ့ မြန်မာနိုင်ငံက လူငယ်တွေ အမြောက်အများ သွားရောက်ပညာသင်နေကြတဲ့ ကျွန်းနိုင်ငံလေးရဲ့ ပညာရေးဦးတည်ချက်ကလည်း ကျောင်းသားတွေရဲလွတ်လပ်စွာ သင်ယူနိုင်ခွင့်ကိုသာ အားပေးဖို့ ပြောနေတာပါပဲ။ ဒါဟာ မြန်မာနိုင်ငံက အာဏာပိုင်များအနေနဲ့ သတိပြုဆင်ခြင်စရာကောင်းတဲ့ အချက်ပဲ ဖြစ်ပါတယ်။

မေငြိမ်း(၂၀၀၇၊ သြဂုတ်)

Friday, January 18, 2008

ပါရဂူဘွဲ့ နဲ့ ကျောင်းအုပ်ရာထူး

ကျောင်းအုပ်တယောက်မှာ ရှိသင့်တဲ့ အရည်အသွေးတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာသတ်မှတ်ချက်တွေကို ပြောခဲ့ပြီးပါပြီ။ ဒီတပတ်တော့ မြန်မာနိုင်ငံက ပါရဂူဘွဲ့ရတစ်ယောက်ရဲ့ အနေအထားကို ပြောပြချင်ပါတယ်။ မြန်မာနိုင်ငံမှာက ပါရဂူဘွဲ့ရဖို့ဆိုတာ ဘာသာရပ်ဆိုင်ရာတွေမှာ မဟာဘွဲ့ရပြီးသား ဖြစ်ရပါမယ်။ ပြီးတော့ လက်ရှိ တက္ကသိုလ်တခုခုက ဆရာ ဆရာမ ဖြစ်ရပါမယ်။ ပထမဆုံး ပါရဂူတန်းတက်ရောက်ခွင့်ရဖို့ ၀င်ခွင့်ဖြေရပါတယ်။ ဒါမှမဟုတ် မဟာဘွဲ့ကို ဂုဏ်ထူး(Credit) နဲ့ အောင်မြင်ထားတဲ့သူတွေဆိုရင် ၀င်ခွင့်မဖြေဘဲ တက်ခွင့်ရနိုင် ပါတယ်။

၂၀၀၀ခုနှစ် နောက်ပိုင်းမှာတော့ ပါမောက္ခတွေအားလုံး ပါရဂူဘွဲ့ရ ဒေါက်တာတွေ ဖြစ်ရမယ်လို့ သတ်မှတ် လိုက်ပါတယ်။ ဒါနဲ့ပဲ တချိန်လုံး စာမေးပွဲကိစ္စတွေ၊ အုပ်ချုပ်ရေး အမှုကိစ္စတွေနဲ့ ရှုပ်ထွေးနေရတဲ့ ပါမောက္ခ တွေခမျာ အချိန်အရအမိ လုယူပြီး ပါရဂူဘွဲ့အတွက် သုတေသန စာတမ်းလေးတွေ ရေးရပါတော့တယ်။ စာတမ်းတွေဟာ ကိုယ့်ရဲ့ အဓိကဘာသာရပ်ထဲက အစိတ်အပိုင်းလေးတစ်ခုစီလောက်ကိုသာ ယူရေးရတာမျိုးပါ။ ဒီနေရာမှာ ထည့်ပြောရမှာ တခုက ၂၀၀၀ပြည့်နှစ်နောက်ပိုင်း တက္ကသိုလ်ပညာရေးစနစ်ထဲမှာက ကျောင်းသား တွေရော ဆရာဆရာမတွေရော ဒရောသောပါးကို အလုပ်လုပ်နေကြရတာပါ။ အရည်အသွေးမပြည့်တဲ့ ပညာရေးဆိုပေမဲ့ အချိန်နဲ့ အင်အားကတော့ အပြည့်ပေးနေရတာပါ။ ဆရာဆရာမတွေဆို အားလပ်ရက် (Vacation) လုံးဝ မခံစားရတော့တဲ့အထိပါပဲ။

ဒီတော့ ဆရာဆရာမတွေအဖို့ ပါရဂူဘွဲ့တခု ယူဖို့ဆိုတာဟာ တော်တော်ကို လူပင်ပန်း စိတ်ပင်ပန်းဖြစ်ကြ ရတာပါ။ အချိန်အားဖြင့် ရင်းနှီးကြရရုံသာမက ငွေကုန် ကြေးကျလည်းများတာမို့ တော်တော်ဒုက္ခ ရောက်ကြ ရတာပါ။ ပိုဆိုးတာက ပါရဂူဘွဲ့ရဖို့ လိုအပ်ချက်ကြောင့်သာ အရေးတကြီးလုပ်ရတာမျိုးမို့လို့ တချို့ စာတမ်းတွေဟာ အဖြစ်သဘောလောက်သာ လုပ်ထားရတာမျိုးတွေပါပဲ။ ကွယ်လွန်သွားပြီဖြစ်တဲ့ ဆရာကြီး ဒေါက်တာသန်းထွန်း ကတော့ ပညာရှင်မှန်ရင်.. တက္ကသိုလ်က ဆရာမှန်ရင်... သုတေသန လုပ်နေရမယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ ခေတ်စနစ်ရဲ့ကျပ်တည်းမှုနဲ့ တာဝန်ကြားမှာ တက္ကသိုလ်က ဆရာဆရာမတွေအတွက် သုတေသနလုပ်ငန်းဟာ အင်မတန် ပင်ပမ်း ဆင်းရဲရတဲ့ အလုပ် ဖြစ်နေတာပါ။

ခုချိန်မှာ ပါရဂူဘွဲ့ တခုယူဖို့ သုံးစွဲရမယ့် ငွေဟာ စုစုပေါင်း အနည်းဆုံး သိန်း၃၀၀န်းကျင် ရှိပါတယ်။ အဲဒီအချိန်မှာ ပါမောက္ခတယောက်ရဲ့ လစာက ၁သိန်းခွဲပါ။ ပါရဂူဘွဲ့ကို ၆နှစ်အတွင်း ရအောင်ယူဖို့ ဘယ်လိုနည်းနဲ့ ယူရမှာ ပါလဲ။ ဒါပေမဲ့ ရေဗူး ပေါက်တာ မလိုချင်ဘူး.. ရေပါတာပဲ လိုချင်တယ်ဆိုတဲ့ အာဏာပိုင်များကတော့ တက္ကသိုလ် မှာ ဒေါက်တာဘွဲ့ မရရင် ရာထူးတိုးဖို့ မစဉ်းစားဘူးလို့ ကြေငြာခဲ့ပါတယ်။ အဲဒီအခါ သင်ကြားရေးပိုင်းမှာရော အုပ်ချုပ်ရေးပိုင်းမှာပါ လုပ်သက်တွေ အတွေ့အကြုံတွေ အများကြီးရှိနေပြီး တကယ်လည်း အရည်အချင်း အပြည့်ရှိတဲ့ ဆရာဆရာမတွေတောင်မှပဲ ငွေကြေးအကုန်အကျ မတတ်နိုင်တဲ့အတွက် ပါရဂူဘွဲ့ မယူရတာနဲ့ပဲ သူတို့ အရည်အချင်းနဲ့ ထိုက်တန်တဲ့ ရာထူးနေရာကို မရတဲ့ အခြေအနေ ရောက်သွားတာပါ။

အဲဒီလိုအချိန်မှာပဲ စစ်တပ်က ဗိုလ်မှူးအဆင့်တွေကတော့ တက္ကသိုလ်တွေထဲမှာ ပါရဂူဘွဲ့ယူဖို့ သက်သောင့် သက်သာနဲ့ ရောက်နေကြပါပြီ။ သူတို့အတွက် ပါရဂူ ဘွဲ့ယူရတာက on duty လို့ ပြောပါတယ်။ ဒါကြောင့် သူတို့အတွက် ပါရဂူဘွဲ့ယူဖို့ ကုန်ကျစရိတ်ကို သူတို့ မိခင်ဌာနတွေက တာဝန်ယူ အကုန်အကျခံပါတယ်။ ဒါကြောင့် သူတို့အနေနဲ့ မဟာဘွဲ့တွေ ပါရဂူဘွဲ့တွေ ယူဖို့ သိပ်ကို အဆင်ပြေ လွယ်ကူနေပါတယ်။ အခုဆိုရင် ပညာရေးဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ၂၀၀၅ခုနှစ်အထိ ပါရဂူဘွဲ့ရပေါင်း ၂၀၀ကျော် သုံးရာနီးပါး ရှိသွားပြီဖြစ်ပါတယ်။ အဲဒီအပြင် လက်ရှိ ပါရဂူဘွဲ့ယူဖို့အတွက် ကျမ်းပြုနေသူများလည်း အမြောက်အများရှိနေပြီ ဖြစ်ပါတယ်၊။ အဲဒီအရေအတွက်ထဲမှာ စစ်ဘက်က အရေအတွက်ကလည်း တ၀က်နီးပါး ရှိလာပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အာဏာပိုင်တွေဟာ စစ်တပ်ရဲ့ အခန်းကဏ္ဍကို တိုးချဲ့ မြှင့်တင်ရာမှာ ပုံသဏ္ဍန်မျိုးစုံနဲ့ အားထုတ်နေတယ်လို့တောင် ဆိုနိုင်ပါတယ်။ တပ်မတော် နည်းပညာတက္ကသိုလ် ၊ တပ်မတော်ဆေးတက္ကသိုလ် တွေက အစ နောက်ဆုံး ၀ိဇ္ဇာသိပ္ပံ ဘာသာတွေထိ တပ်မတော် လက်အောက်ခံတွေ မွေးမြူပြီး ထူးချန်သူတွေကို လက်ရှိ အာဏာပိုင်တွေနဲ့ ချိတ်ဆက်ထားတဲ့ ပြည်ပ တက္ကသိုလ်တွေမှာ ပညာတော်သင်အဖြစ် သင်ယူနိုင်အောင် စီစဉ်ပေးထားပါတယ်။ ဒီလိုနဲ့ ရုရှနိုင်ငံက တက္ကသိုလ်တွေမှာ စစ်တပ်လက်အောက်ခံကျောင်းသားများအဖြစ် အပတ်စဉ်အလိုက် ပညာသင်ပြီး သွားကြတာ အရေအတွက် ထောင်ကျော်ရှိသွားပါပြီ။ အဲဒီ လူငယ်လေးတွေဟာ ပါရဂူဖြစ်ဖို့ အခွင့်အရေး အပြည့်ရှိသူတွေလည်း ဖြစ်ပါတယ်။

တက္ကသိုလ်တွေမှာ တကယ်တမ်း အပင်ပန်းအဆင်းရဲခံပြီး ပါရဂူဖြစ်အောင် နည်းမျိုးစုံနဲ့ ကြိုးစားတာတောင် ဆရာ ဆရာမအရေအတွက် အနည်းအကျဉ်းသာ ပါရဂူဘွဲ့ရခွင့် ရှိသလို ပါရဂူဘွဲ့ရသူတွေဟာလည်း မိမိတို့ သက်ဆိုင်ရာ ဘာသာရပ်တွေရဲ့ အစိတ်အပိုင်းလေး အနည်းငယ်လောက်ကိုသာ လေ့လာ သုတေသန ပြုထားကြတာဖြစ်တဲ့အတွက် အဲဒီ အခန်းကဏ္ဍကိုသာ ကျွမ်းကျင်ပိုင်နိုင်မှု ရှိနိုင်တယ်လို့ ပြောရမှာပါ။ ဒါကြောင့် တက္ကသိုလ်တခုရဲ့ ပါရဂူဘွဲ့ဟာ အခြေခံပညာရေးကဏ္ဍမှာ ကျောင်းအုပ်လုပ်ရမယ့် အရည်အချင်း သတ်မှတ်ချက်နဲ့ ဘယ်လိုမှ မအပ်စပ် မညီညွတ်နိုင်ဘူးလို့ သုံးသပ်ရတာပဲ ဖြစ်ပါတယ်။

နောက်ထပ် စဉ်းစားစရာကောင်းတဲ့အချက်ကတော့ ပညာရေးဝန်ကြီးဌာနက ခု ၂၀၀၆- ၂၀၀၇ ပညာသင်နှစ် မှာကိုပဲ အခြေခံပညာကျောင်းတွေမှာ ပါရဂူဘွဲ့ရတွေကို ကျောင်းအုပ်အဖြစ် အုပ်ချုပ်စေတဲ့ လုပ်ငန်းစဉ်ကို အကောင်အထည် စ ဖော်နေပါပြီ။ လောလောဆယ်မှာက မြန်မာနိုင်ငံရဲ့ ပညာရေးဝန်ကြီးဌာနအောက်မှာ အခြေခံပညာ အထက်တန်းကျောင်းပေါင်း ၁၉၆၂ကျောင်းရှိတာမို့ ကျောင်းအားလုံး တပြေးညီ ဖြစ်ဖို့ဆိုရင် ပါရဂူ ဘွဲ့ရပေါင်း နှစ်ထောင်နီးပါးလောက်ထိ ရှိဖို့ လိုလာမှာဖြစ်ပါတယ်။ အဲဒီအတွက် လိုအပ်တဲ့ အရေအတွက်ကို ဖြည့်ဖို့နဲ့ တချိန်တည်းမှာပဲ တက္ကသိုလ် ပညာရေး အဆင့်အတန်းတွေကိုလည်း မြှင့်တင်မယ်လို့ ပြောထားတာမို့ လိုအပ်လာမယ့် ပညာရှင်ပါရဂူနေရာတွေအတွက်ကိုရော ထည့်စဉ်းစားထားဖို့ လိုပါတယ်။ အဲသလိုဆိုရင်တော့ စစ်တပ်လက်အောက်ခံအနေနဲ့ ပြည်တွင်းပြည်ပမှာ ပညာသင်ထားကြရတဲ့ ပါရဂူများကသာ ပညာရေးရဲ့ အရေးကြီးသော ကျောင်းအုပ် ပါမောက္ခချုပ်လို နေရာတွေကို မလွဲမသွေ ၀င်လာကြတော့မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ စစ်အုပ်ချုပ်ရေးရဲ့ တသွေးတသံတမိန့် အလေ့အထနဲ့ အုပ်ချုပ်မှု ကြောင့် ၁၉၆၂ ခုနှစ်ကနေစလို့ ပညာရေးလွတ်လပ်ခွင့်တွေမှာ ဆုံးရှုံးနိမ့်ကျလာခဲ့ကြတာ ခုဆို ၃၅နှစ်ကျော် ကြာခဲ့ပါပြီ။ ခုလည်း စစ်တပ် လက်အောက်ခံ ပညာတတ်ပါရဂူ ဆိုသူတွေက ပညာရေးထဲမှာ အခွင့်ထူးခံအနေနဲ့ တဖြည်းဖြည်း နေရာယူလာပြီ ဖြစ်ပါတယ်။ အဲဒါဟာ လွတ်လပ်ဖွံ့ဖြိုးတဲ့ ဒီမိုကရေစီပညာရေးစနစ်ကိုသာ ရလိုတဲ့ မျိုးဆက်သစ်တွေ အနေနဲ့ တော့ စဉ်းစားသုံးသပ်ရမယ့် အနေအထားတရပ်ဖြစ်တယ်ဆိုတာကို သတိထားကြရတော့မှာ ဖြစ်ပါတယ်။

မေငြိမ်း
၂၀၊သြဂုတ်၊၂၀၀၇။


Sunday, January 13, 2008

ကျောင်းအုပ်တယောက်ရဲ့ အရည်အသွေး

ပါရဂူဘွဲ့ရတွေကို အခြေခံပညာအထက်တန်းကျောင်းအုပ်အဖြစ် ခန့်အပ်တဲ့အတွက် အခြေခံပညာရေးလောက မှာ အထွေထွေ ပြဿနာတွေ ရှိလာနိုင်တာကို အကြမ်းဖျဉ်း ဆွေးနွေးတင်ပြခဲ့ပါတယ်။ ခုဆက်ပြီး အခြေခံ ပညာကျောင်းတွေအတွက် ကျောင်းအုပ်တယောက်ရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍနဲ့ လိုအပ်တဲ့ အရည်အသွေး တွေကို ဆက်ပြီး အသေးစိတ် ဆွေးနွေးသွားပါ့မယ်။

အခြေခံပညာအထက်တန်းကျောင်းတွေကို တာဝန်ခံအုပ်ချုပ်ရမယ့် ကျောင်းအုပ်တွေမှာ မဖြစ်မနေရှိဖို့ လိုအပ်တဲ့ အရည်အသွေးတွေနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံက Stanford Educational Leadership Institute ရဲ့ သတ်မှတ်ချက်တွေက တကယ်ပဲ စနစ်တကျရှိတာကို တွေ့ရပါတယ်။

သတ်မှတ်ချက်တွေအရတော့ ကျောင်းအုပ်လုပ်မယ့်သူတွေဟာ ပညာရေးအတွက် မျှော်မှန်းချက် (Educational visionaries) တွေအနေနဲ့ သေသေချာချာရှိသင့်ပြီး ကျောင်းရဲ့သင်ရိုးညွှန်းတန်း (Instructional Curriculum) တွေကို ဦးဆောင် လမ်းညွှန်နိုင်မယ့်သူ ဖြစ်ရပါမယ်။ ပြီးတော့ စောင့်ကြည့် အကဲဖြတ်တဲ့ စနစ် မှာ ကျွမ်းကျင်သူ (Assessment experts) လည်း ဖြစ်ရပါမယ်။ အုပ်ချုပ်ရေးပိုင်း (Management) မှာ ကျွမ်းကျင်ပြီး စည်းကမ်းတိကျ လိုက်နာသူ (Disciplinarians) ဖြစ်ဖို့လည်း လိုပါတယ်။ အဲဒီအပြင် ဘဏ္ဍာရေးသုံးစွဲမှု (Budget) မှာ ပိုင်နိုင် ကျွမ်းကျင်သူ၊ လူမှုဆက်ဆံရေးမှာ အောင်မြင်တဲ့သူ (Community builder) လည်း ဖြစ်ဖို့လိုပါတယ်။ အထူးသဖြင့်ကတော့ ပညာရေး တိုးတက်ကောင်းမွန်ဖို့ နည်းလမ်းတွေ တီထွင် ကြံဆ ဦးဆောင်နိုင်သူ၊ ဦးဆောင်နိုင်တယ်လို့ လူအများက သတ်မှတ် လက်ခံထားသူ (Mandate) ဖြစ်ရမယ်ဆိုတာတွေကို ကျောင်းအုပ်တယောက်မှာ ရှိရမယ့် အရည်အသွေး လိုအပ်ချက်တွေအဖြစ် နဲ့ တွေ့ရပါတယ်။

အဲဒီ သတ်မှတ်ချက်တွေဟာ ပညာရေးပညာရှင်တွေက နိုင်ငံတကာ ပညာရေးတွေကို စောင့်ကြည့် လေ့လာ သုံးသပ်ပြီးမှ ကောက်ချက်ချထားတာဖြစ်တဲ့အတွက် ပညာရေးလောကတခုလုံးကို ကိုယ်စားပြုနိုင်တဲ့ စံအရည်အသွေးတွေပဲ ဖြစ်ပါတယ်။ သတ်မှတ်ချက်တခုဟာ နိုင်ငံတကာစံဖြစ်ပြီး ကိုယ့်နိုင်ငံရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံနဲ့လည်း မသွေဖီဘဲ ကိုက်ညီတယ်ဆိုရင်တော့ အဲဒါကို ကိုယ့်နိုင်ငံမှာ နည်းနာယူပြီး ကျင့်သုံးသင့် ပါတယ်။ ခုန တင်ပြခဲ့တဲ့ သတ်မှတ်ချက်တွေ တချက်ချင်း ကို မြန်မာနိုင်ငံရဲ့ လက်ရှိ ပညာရေးလောက အခြေအနေနဲ့ ယှဉ်ပြီး ပြန်သုံးသပ် ကြည့်ရင်လည်း လိုက်လျောညီထွေ ရှိတယ်လို့ ဆိုနိုင်ပါတယ်။

ကျောင်းအုပ်လုပ်မယ့်သူတွေဟာ ပညာရေးအတွက် မျှော်မှန်းချက် (Educational visionaries) တွေ အနေနဲ့ သေသေချာချာရှိသင့်တယ်ဆိုတာဟာ မြန်မာနိုင်ငံမှာလည်း Our Visions ဆိုပြီး အာဏာပိုင်တွေ ကိုယ်တိုင်က တရားဝင် ကြေငြာထားတာပါ၊ ဒါကြောင့် ကျောင်းအုပ်တယောက်အနေနဲ့ ကျောင်းသူ ကျောင်းသားတွေ အတွက် စံမီပညာရေးရဖို့ မျှော်မှန်းတဲ့ Educational visionaries မျိုး ရှိရပါမယ်။

အဲဒီ မျှော်မှန်းချက်နဲ့ ညီအောင် ကျောင်းအုပ်ဟာ ပညာရေးပိုင်း ဆိုင်ရာတွေကို အမြဲ အားထုတ် လေ့လာနေရတာမို့လို့ သူရဲ့ တာဝန်တစ်ခုဖြစ်တဲ့ ကျောင်းရဲ့ သင်ရိုးညွှန်းတန်း (Instructional Curriculum) ပိုင်းကိုလည်း ဦးဆောင် လမ်းညွှန်နိုင်ရမှာ ဖြစ်ပါတယ်။ အဲဒီအပြင် နိုင်ငံတကာမှာက ကျောင်း ပညာရေးထဲမှာ စောင့်ကြည့် အကဲဖြတ်တဲ့ စနစ် Assessment system ကို သုံးတာမို့ ကျောင်းအုပ်လုပ်သူဟာ အကဲဖြတ်စနစ်မှာ ကျွမ်းကျင်သူ (Assessment experts) လည်း ဖြစ်ဖို့ လိုပါတယ်။

နောက်ထပ်အရေးကြီးတဲ့ လိုအပ်ချက်ဖြစ်တဲ့ အုပ်ချုပ်ရေးပိုင်း (Management) မှာ ကျွမ်းကျင်ပြီး စည်းကမ်း တိကျ လိုက်နာသူ (Disciplinarians) ဖြစ်ဖို့ ဆိုတာကတော့ လက်ရှိ မြန်မာနိုင်ငံ ပညာရေးထဲမှာ အလိုအပ်ဆုံး ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိမြန်မာနိုင်ငံရဲ့ ပြဿနာက အုပ်ချုပ်ရေးပိုင်းကို တာဝန်ယူ ကိုင်တွယ်နေသူတွေဟာ စီမံခန့်ခွဲမှုနဲ့ ဦးဆောင်မှုစွမ်းရည် (Management and Leadership skill) နဲ့ ပတ်သက်လို့ စနစ်တကျ လေ့လာ သင်ယူ ထားတာမျိုး မရှိပါဘူး။ အဲဒီအပြင် ရာထူးဌာန နေရာဒေသ တည်ငြိမ်မှုမရှိတာကြောင့် သက်ဆိုင်ရာလုပ်ငန်းခွင် အတွေ့အကြုံ အရလည်း အားနည်းကြသူတွေ ဖြစ်နေလို့ပါပဲ။ ပြီးတော့ ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့်သွားမှ နောက်နွားညီသိုက် ဖြောင့်ဖြောင့်လိုက်၏ ဆိုတာလို ကျောင်းအုပ်ဟာ စည်းကမ်းတိကျ လိုက်နာသူ (Disciplinarians) ဖြစ်ဖို့ အရေးကြီးပါတယ်။

ကျောင်းအုပ်တယောက်အနေနဲ့ ဘဏ္ဍာရေးသုံးစွဲမှု (Budget) မှာ ပိုင်နိုင်ကျွမ်းကျင်သူ ဖြစ်ဖို့ ဆိုတာက လည်း ကျောင်းအုပ် ဖြစ်သူဟာ ကျောင်းရဲ့ ငွေကြေးကို စီမံခန့်ခွဲရတာဖြစ်လို့ ဘတ်ဂျက်မှာ ကျွမ်းကျင်ဖို့ လိုတာပါ။ အဲလိုပဲ ကျောင်းအုပ်ဟာ ကျောင်းသား မိဘနဲ့ ဆရာ တို့ရဲ့ သုံးပွင့်ဆိုင် ဆက်ဆံရေးကို ထိန်းညှိ ပေးရသူ ဖြစ်တာမို့လို့ လူမှုဆက်ဆံရေး အောင်မြင်သူ (Community builder) ဖြစ်သင့်တယ် ဆိုတာဟာ အထူး ပြောစရာမလိုအောင် အရေးကြီးတဲ့ လိုအပ်ချက်ပဲ ဖြစ်ပါတယ်။

အဲဒီလိုအပ်ချက်တွေရဲ့ အချုပ်အဖြစ် အရေးပါတဲ့ အချက်ကတော့ ကျောင်းအုပ်ဟာ ပညာရေး တိုးတက်ကောင်းမွန်ဖို့ နည်းလမ်း တွေ တီထွင် ကြံဆ ဦးဆောင်နိုင်သူ၊ ဦးဆောင်နိုင်တယ်လို့ လူအများက သတ်မှတ် လက်ခံထားသူ (Mandate) ဖြစ်ရမယ်ဆိုတာပါပဲ။ အင်မတန် အရေးကြီးတဲ့ အချက်ပါ။ အခြေခံပညာရဲ့အထက်တန်းကျောင်းအုပ်ဟာ အခြေခံပညာရေးအတွက် လိုအပ်ချက်တွေကို သေသေချာချာ သိမှပဲ နားလည်တဲ့သူဖြစ်မှပဲ ကိုင်တွယ်ရမယ့် နည်းလမ်းကို မြင်တတ်မှာပါ။ ပြီးတော့ သူ သိထား တတ်ထားသမျှကို ပြန်ညွှန်ကြားရာမှာလည်း ကျောင်းအုပ်ဟာ လေးစားလောက်တဲ့ အရည်အသွေး၊ အတွေ့အကြုံ နဲ့ ကျွမ်းကျင်လိမ်မာမှု ရှိမှပဲ လက်အောက်ငယ်သားက လေးစားပြီး သူ ညွှန်ကြား အုပ်ချုပ် တာကို လက်ခံနိုင်မှာ ဖြစ်ပါတယ်။

အပေါ်မှာ ဆွေးနွေးတင်ပြခဲ့တဲ့ အချက်တွေအရဆိုရင်တော့ ဘာသာရပ်ဆိုင်ရာ ပါရဂူတစ်ယောက်ဟာ အထက်တန်းကျောင်းတစ်ကျောင်းကို ကျောင်းအုပ်တယောက်အဖြစ် ဦးဆောင်နိုင်ဖို့အတွက်ဆိုရင် ဆည်းပူး လေ့လာစရာတွေ အများကြီး ရှိနေသေးတာ အထင်အရှားပါပဲ။ လောလောဆယ်တော့ ရန်ကုန်မြို့လယ်ခေါင်က အောင်မြင်ကျော်ကြားတဲ့ ကျောင်းကြီးတချို့မှာ ကျောင်းအုပ်ကောင်းတစ်ယောက်ရဲ့ အရည်အသွေးနဲ့ ပြည့်စုံအောင် လေ့လာဆည်းပူး လေ့ကျင့်မှုမျိုး ရှိမထားတဲ့ ပါရဂူဘွဲ့ရတချို့ဟာ ကျောင်းအုပ်တာဝန်နဲ့ ရောက်နေပြီဖြစ်ပါတယ်၊။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း နောက်ပိုင်းမှာ ဆက်လက် ဆွေးနွေး တင်ပြသွားဦးမှာ ဖြစ်ပါတယ်။

၁၃သြဂုတ် ၀၇။

Wednesday, January 9, 2008

ကျောင်းအုပ်ရဲ့ အခန်းကဏ္ဍ

မြန်မာနိုင်ငံရဲ့ အခြေခံပညာကျောင်းတွေကို အဆင့်အတန်း မြင့်မားစေချင်တဲ့အတွက် အခြေခံပညာ အထက်တန်း ကျောင်းအုပ်ရာထူးနေရာတွေကို တက္ကသိုလ်က ပါရဂူဘွဲ့ရများကိုသာ ခန့်အပ်တော့မယ်လို့ သိရပါတယ်။

ဒီနေရာမှာ ဆွေးနွေးဖို့ ရှိလာတာက မြန်မာနိုင်ငံမှာ တက္ကသိုလ်တွေရဲ့ ပညာရေး၊ အုပ်ချုပ်ရေး ပုံစံနဲ့ အခြေခံပညာကျောင်းရဲ့ ပညာရေး၊ အုပ်ချုပ်ရေး ပုံစံတွေ မတူတဲ့ အကြောင်းပါပဲ။ အထူးသဖြင့် အုပ်ချုပ်ရေးပိုင်းမှာဖြစ်ပါတယ်။ တက္ကသိုလ်မှာက ဘာသာရပ်ဆိုင်ရာဌာနအလိုက် ပါမောက္ခတွေ တွဲဖက် ပါမောက္ခတွေက အဆင့်ဆင့် ကိုင်တွယ်ခွဲဝေပြီး အုပ်ချုပ်ပါတယ်။ ၂၀၀၀ပြည့်နှစ်နောက်ပိုင်းမှာဆိုရင် တက္ကသိုလ်ကြီးတွေရဲ့ ဘာသာရပ်ဆိုင်ရာ ဌာနအလိုက်ကို ပါမောက္ခ နှစ်ယောက်၊ တွဲဖက်ပါမောက္ခ လေးယောက်ထားပြီး ကိုင်တွယ်ပါတယ်။ ပါမောက္ခ နှစ်ယောက်ကလည်း အုပ်ချုပ်ရေးပိုင်း နဲ့ သင်ကြားရေးပိုင်း လို့ ခွဲခြားပြီး တာဝန်ယူရပါတယ်။ အဲသလိုပဲ တွဲဖက်ပါမောက္ခ၄ယောက်ကလည်း သင်ကြားရေးပိုင်းကို နှစ်ယောက်၊ အုပ်ချုပ်ရေးပိုင်းကို နှစ်ယောက် ခွဲပြီး ကိုင်တွယ် အုပ်ချုပ်ရပါတယ်။

တက္ကသိုလ်အဆင့်မှာက ပါမောက္ခဆိုတာဟာ အနည်းဆုံး ဆရာလုပ်သက် နှစ်အစိတ်လောက် ရှိပြီးသူတွေပါ။ တနည်းအားဖြင့်တော့ နည်းပြ၊ လက်ထောက်ကထိက၊ ကထိက ဆိုပီး အဆင့်ဆင့် တာဝန်ယူခဲ့ကြပြီးသား ဖြစ်တဲ့အတွက် တက္ကသိုလ်စနစ်အုပ်ချုပ်ရေးနဲ့ ကောင်းကောင်း ကျင့်သားရထားပြီးသူတွေပါ။ ပြီးတော့ တက္ကသိုလ်လောကရဲ့ထုံးစံအရ အဲဒီ ပါမောက္ခများဟာ သူတို့ အုပ်ချုပ်ညွှန်ကြားရမယ့် ဆရာဆရာမတွေရဲ့ သင်ဆရာ မြင်ဆရာ ကြားဆရာတွေပဲ ဖြစ်ကြပါတယ်။ ဒါကြောင့် ဆရာတပည့်အုပ်ချုပ်ရေးမျိုးမို့လို့ လုပ်ငန်းခွင် အတွင်း အဆင်ပြေချောမွေ့မှုမှာ အားသာစေပါတယ်။ ဒါတောင် ပါမောက္ခဆိုတာက ကိုယ့်ဌာနကလေးတခု တည်းကို အုပ်ချုပ်ရတာပါ။

နောက်တဆင့်ကတော့ ပါမောက္ခချုပ်အဆင့်ပါ။ ပါမောက္ခချုပ်ဆိုတာကလည်း ကျောင်းသူ ကျောင်းသားတွေ ကနေ စလို့ ပါမောက္ခတွေ ထိအောင် အစစ အရာရာ တာဝန်ခံပြီး အုပ်ချုပ်ရသူပါ။ ဒီနေရာမှာ ပါမောက္ခတွေ မော်ကွန်းထိန်းတွေကတော့ ၀န်းရံပေးကြရပါတယ်။ တက္ကသိုလ်လောကမှာ ပါမောက္ခလို ဌာနမှူးလို အုပ်ချုပ်ရေးပိုင်းတာဝန်မျိုးမှာ အနည်းဆုံးလုပ်သက် ၁၀နှစ်လောက်ရှိပြီး အုပ်ချုပ်ရေးနဲ့ပတ်သက်တဲ့ နာမည် ကောင်းမျိုးလည်း ရှိမှပဲ ပါမောက္ခချုပ် အဆင့်မျိုး ရနိုင်မှာပါ။ တကယ်တော့ ပါမောက္ခ၊ ပါမောက္ခချုပ်၊ ကျောင်းအုပ်၊ စတဲ့ ရာထူးတွေဟာ အတွေ့အကြုံနဲ့ ကျွမ်းကျင်မှုအပေါ် မူတည်ပြီး အဆင့်ဆင့် ခန့်အပ်ရတဲ့ ရာထူးတွေပါ။

အခြေခံပညာကျောင်းတွေမှာဆိုရင်တော့ တကျောင်းလုံးကို ကျောင်းအုပ်က တာဝန်ခံပြီး အုပ်ချုပ်ရပါတယ်။ ကျောင်းအုပ်ကိုလည်း အဆင့်ဆင့် အတန်းချုပ်တွေက ၀န်းရံကူညီတာမျိုး ရှိပါတယ်။ အဓိကကတော့ ကျောင်းအုပ်ဟာ ကျောင်းရဲ့ အုပ်ချုပ်ရေး စီမံခန့်ခွဲရေးတွေကို တာဝန်ခံရတာပါပဲ။ အဲလို တာဝန်ခံဖို့အတွက် ကျောင်းအုပ်ဟာ သူကိုင်တွယ်ရမယ့် ကျောင်းရဲ့အရေးအရာ ကိစ္စရပ်တွေကို ကျွမ်းကျင် ပိုင်နိုင်ရမှာဖြစ်သလို သူ စီမံညွှန်ကြားရမယ့် သင်ကြားရေး နဲ့ သင်ရိုးဆိုင်ရာ အချက်အလက်တွေကိုလည်း နှံ့စပ်နားလည်ရပါတယ်။ အဲဒါဟာ ကျောင်းအုပ်တွေမှာ မဖြစ်မနေ လိုအပ်တဲ့ အရည်အချင်းတွေပဲ ဖြစ်ပါတယ်။ အဲလိုအရည်အချင်းနဲ့ ပြည့်စုံဖို့အတွက်လည်း ကျောင်းအုပ်လုပ်မယ့်သူဟာ သင်ကြားရေး၊ အုပ်ချုပ်ရေး အတွေ့အကြုံတွေ များများ ရှိနေဖို့ လိုအပ်ပါတယ်။

တကယ်တော့ အခြေခံပညာကျောင်းတွေမှာ ရှိသင့်တဲ့ ကျောင်းအုပ်ဆိုတာဟာ သင်ကြားနည်းပညာ (Teaching Methodology) နဲ့ အုပ်ချုပ်ရေးနည်းပညာ (Administration) တွေကို စနစ်တကျ ဆည်းပူး သင်ယူခဲ့ကြရတဲ့ ပညာရေးတက္ကသိုလ်လိုမျိုးကနေ ဘွဲ့ရပြီး အထက်တန်းပြဆရာဆရာမတွေအဖြစ် လုပ်သက် ရင့်ပြီးသားလည်းဖြစ်တဲ့ ဆရာကြီးဆရာမကြီးတွေသာ ဖြစ်ရမှာပါ။ အဲဒီအပြင် မြန်မာနိုင်ငံမှာက ၀ါရင့် အထက်တန်းပြ ဆရာကြီး ဆရာမကြီးတွေတောင်မှပဲ အလယ်တန်းကျောင်းအုပ် လုပ်ဖူးတဲ့အတွေ့အကြုံ အနည်းဆုံး၂နှစ်ရှိမှ အထက်တန်းကျောင်းအုပ်အဖြစ် သေချာရွေးချယ်ပြီးခန့်ခဲ့တာပါ။ ဒါမှပဲ ကျောင်းစည်းကမ်း ထိန်းသိမ်းရေး၊ သင်ကြားရေးလမ်းညွှန်မှု နဲ့ ကျောင်းသားရေးရာ ၀န်ထမ်းရေးရာတွေကို ချောချော မွေ့မွေ့ ကိုင်တွယ်ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် အခြေခံပညာရေးဟာ အရေးကြီးဆုံး ပညာရေးကဏ္ဍတစ်ခုလည်း ဖြစ်တာမို့ ကျောင်းသားတွေ နဲ့ ဆရာတွေကြားမှာ ပြေပြစ်အောင်မြင်တဲ့ ဆက်သွယ်မှု ဖြစ်ဖို့ကလည်း ကျောင်းအုပ်ရဲ့ အရည်အသွေးအပေါ် အများကြီး မူတည်ပါတယ်။ အဲလိုပဲ ကျောင်းအုပ်လုပ်မယ့်သူရဲ့ အတွေ့အကြုံရှိမှု ပေါ်မှာလည်း မူတည်ပါတယ်။ နိုင်ငံတကာ မှာလည်း အဲလိုပါပဲ။ ရိုးရိုး ကျောင်းဆရာ ၀င်လုပ်တာတောင်မှ ဆရာဖြစ်သင်တန်း ဆင်းပြီးမှ ဆရာ လုပ်ခွင့် ရှိတာပါ။ နိုင်ငံတကာစံအရတော့ ပြည်နယ်အဆင့် မူလတန်းကျောင်းလောက်မှာတောင် ကျောင်းသား ဦးရေ ၅၀၀ကျော်သွားရင် ကျောင်းအုပ်တစ်ယောက်နဲ့ မလုံလောက်ဘူးလို့ သတ်မှတ်တဲ့အတွက် တွဲဖက် လက်ထောက် ကျောင်းအုပ် တစ်ယောက် ထပ်ခန့်ရပါတယ်။

မြန်မာနိုင်ငံမှာကတော့ ကျောင်းသူကျောင်းသား သောင်းဂဏန်းအရေအတွက်လောက်ကိုလည်း ကျောင်းအုပ် တစ်ယောက်တည်းက အုပ်ချုပ်နေတာပါပဲ။ ဒါပေမဲ့ အဲဒီ ကျောင်းအုပ်ကြီးတွေဟာ ပညာရေးထဲမှာ အတွေ့အကြုံတွေ အများကြီးရှိခဲ့တာတော့ အရည်အချင်းတရပ်လို့ ပြောနိုင်ပါတယ်။ အခု ပါရဂူဘွဲ့ရတဲ့သူတွေ အထက်တန်း ကျောင်းအုပ် လုပ်မယ်ဆိုတဲ့ ကိစ္စမှာ အဲဒီ အခြေအနေတွေကိုပါ ထည့် စဉ်းစားရမှာ ဖြစ်ပါတယ်။

တကယ်တော့ ပါရဂူဘွဲ့ရသူတွေဟာ သူတို့ရဲ့ ဘာသာရပ်ဆိုင်ရာတွေမှာ ပါရဂူမြောက်အောင် တတ်မြောက်သူ တွေသာ ဖြစ်ပါတယ်။ သင်ကြားရေးနည်းပညာ၊ အုပ်ချုပ်ရေးပညာနဲ့ အခြေခံပညာဆိုင်ရာ အရေးကိစ္စ တွေမှာတော့ အတွေ့အကြုံမရှိတဲ့အပြင် စနစ်တကျ သင်ယူတတ်မြောက်ထားသူတွေ မဟုတ်ကြပါဘူး။ အဲဒီအပြင် အခြေခံပညာနယ်ပယ်နဲ့လည်း ရင်းနှီးထိစပ်သူတွေ မဟုတ်တာမို့ ကျွမ်းကျင်ပိုင်နိုင်တဲ့ အုပ်ချုပ်ရေးမျိုးကိုလည်း ဆောင်ရွက်နိုင်ဖို့ မလွယ်ပါဘူး။ ဒါကြောင့် တကယ်တမ်း ပညာရှင်တွေရဲ့ အုပ်ချုပ်ရေးမျိုးကို လိုလားလို့ ပါရဂူဘွဲ့ရတွေကိုသာ ကျောင်းအုပ် ရာထူးပေးမယ်ဆိုရင်တောင် အနည်းဆုံး ကျောင်းအုပ်အဖြစ် လုပ်ထုံးလုပ်နည်း မွမ်းမံသင်တန်းတွေ၊ ဆွေးနွေးပွဲတွေ အများကြီးနဲ့ ပြင်ဆင်သင့်ပါတယ်။

တကယ်ပဲ ကောင်းမွန်တဲ့ ပညာရေးစနစ်ထဲမှာ ဆရာ ဆရာမ ကောင်းကောင်း လိုအပ်တယ်ဆိုရင် အဲဒီ ဆရာ ဆရာမတွေကို သေချာ ကိုင်တွယ် ညွှန်ကြားပေးနိုင်တဲ့ စီမံခန့်ခွဲပေးနိုင်တဲ့ ကျောင်းအုပ်ကောင်းကောင်း တွေကိုလည်း ထပ်တူ လိုအပ်လှပါတယ်။

မေငြိမ်း
၆၊၈၊၀၇။


Thursday, January 3, 2008

နိုင်ငံတကာ အဆင့်မီ သင်ရိုးဖြစ်ဖို့

မြန်မာနိုင်ငံရဲ့ လက်ရှိ ပညာရေးဝန်ကြီး ဒေါက်တာချမ်းငြိမ်းက ပြီးခဲ့တဲ့ ဇူလိုင်လ ၉ရက် နေ့မှာ ပြုလုပ်သွားတဲ့ ပညာရေး ကော်မီတီ ရဲ့ ၁/၂၀၀၇ အစည်းအဝေးမှာ လာမယ့် ၂၀၀၈-၂၀၀၉ ပညာသင်နှစ်က စပြီး အခြေခံပညာ အထက်တန်း အဆင့်၊ ကိုးတန်း ဆယ်တန်းတွေရဲ့သင်ရိုးမာတိကာတွေကို နိုင်ငံတကာအဆင့်မီ ဖြစ်အောင် ပြုပြင် ရေးဆွဲမယ်လို့ ပြောသွားပါတယ်။ ဒေါက်တာချမ်းငြိမ်းဟာ ရန်ကုန်စက်မှုတက္ကသိုလ်က ပညာရှင် ပါမောက္ခဟောင်းတစ်ယောက် ဖြစ်တာမို့ ပညာရေးကဏ္ဍကို တိုးတက်အောင် ကြိုးစားဆောင်ရွက်နိုင် ပါတယ်။

တကယ်တော့ မြန်မာနိုင်ငံဟာ ပညာရေးရဲ့ အတန်းအဆင့်တွေကို သတ်မှတ်တာကိုက ပြဿနာ၇ှိနေတာပါ။ ပြဿနာက အတန်းအဆင့် သတ်မှတ်ပုံတွေက တခြားနိုင်ငံတွေနဲ့ မတူဘဲ သတ်မှတ်ထားတာပါပဲ။ မြန်မာနိုင်ငံက အခြေခံပညာမူလတန်းအဆင့်ကို ၄နှစ် သတ်မှတ်ပြီး အလယ်တန်းဆင့်ကို ၄နှစ် သတ်မှတ်တာ ကြောင့် အထက်တန်းအဆင့်ဟာ ၉တန်း ၁၀တန်း ဖြစ်သွားရတာပါ။ ။ ဒီတော့ မြန်မာနိုင်ငံမှာ အခြေခံပညာ အထက်တန်း စာမေးပွဲဖြေတဲ့ ကျောင်းသားဟာ ပြဌာန်းတဲ့ သင်ရိုးတွေ အဆင့်အတန်း မနိမ့်ပေမဲ့ နှစ်ပိုင်းခြား သတ်မှတ်မှု ပြဿနာကြောင့် တက္ကသိုလ်ဝင်တန်းဖြေဆိုချိန်မှာ အသက် ၁၆နှစ်ပဲ ရှိနေသေးတာမို့ ပြည်ပမှာ ပညာဆက်သင်တဲ့အခါ ဟိုမမီ ဒီမမီနဲ့ အဆင်မပြေဖြစ်ကြရပါတယ်။ ဒါကြောင့် ခု သင်ရိုးမာတိကာ ပြောင်းမယ် ဆိုတဲ့ အပေါ်မှာ စဉ်းစားစရာတွေ ဖြေရှင်းရမယ့် အခက်အခဲတွေ အများကြီး ရှိနေပါတယ်။

ကမ္ဘာ့နိုင်ငံ အများစုကတော့ အခြေခံပညာ ပထမအဆင့် (Primary) ဆိုတဲ့ မူလတန်းအဆင့်ကို ၆နှစ် သတ်မှတ်ပြီး ဒုတိယအဆင့်(Secondary) ဆိုတဲ့ အလယ်တန်းအဆင့်ကို ၄နှစ် သတ်မှတ် ပါတယ်၊။ ဒါကြောင့် နောက်ဆုံး အခြေခံပညာရဲ့ အထက်တန်း(High School) အဆင့်ကတော့ ၂နှစ် ဖြစ်သွားပါတယ်။ ဒီတော့ အခြေခံပညာ အထက်တန်း အဆင့် ၁၁တန်း စတက်တဲ့အချိန်မှာ ကျောင်းသားက အသက် ၁၆နှစ်ဖြစ်နေပါပြီ။ ဒါကြောင့် တက္ကသိုလ်ဝင် အခြေခံပညာအထက်တန်း ၁၂တန်း စာမေးပွဲဖြေချိန်ဆို ကျောင်းသားက အသက် ၁၈နှစ် ဖြစ်နေရပါတယ်။ အဲဒါက ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတကာရဲ့ စံလည်းဖြစ်ပါတယ်။

ပြီးတော့ နိုင်ငံအများစုရဲ့ အထက်တန်းပညာရေးက အနည်းဆုံး လက်တွေ့ အသက်မွေးဝမ်း ကျောင်းလုပ်နိုင်တဲ့ ပညာရေးမျိုးကို ပေးနိုင်ပြီးတော့ တခြားဖွံ့ဖြိုး တိုးတက်တဲ့ ထိပ်တန်း နိုင်ငံတွေရဲ့ အဆင့်မြင့်ပညာရေးတွေကို အလွယ်တကူ ဆက်သင်ကြားနိုင်တဲ့ အရည်အသွေးနဲ့ အဆင့်အတန်း သတ်မှတ်ချက်ကိုလည်း ရရှိသွားစေတဲ့ ပညာရေးမျိုး ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းလို့ ဆိုနိုင်တဲ့ ဘင်္ဂလားဒေ့ရှ် ပါကစ္စတန် သီရိလင်္ကာ နဲ့ စင်္ကာပူနိုင်ငံတွေမှာ အထက်တန်းအဆင့် ကျောင်းသားကျောင်းသူတွေဟာ GCE O'level (General Certificate of Educaton) ကို ၀င်ဖြေနိုင်လောက်တဲ့ အရည်အချင်းနဲ့ စံသတ်မှတ်ချက် ရနိုင်ပါတယ်။ အနည်းဆုံး အသက်မွေးဝမ်းကျောင်း တက္ကသိုလ်တခုခု တက်နိုင်တဲ့ အဆင့်တခုကို ရနိုင်ပါတယ်။ အဲဒီအပြင် အထက်တန်းအဆင့်ပြီးချိန်မှာ ကျောင်းသားရဲ့ အရည်အချင်းကိုလိုက်ပီး A' level(Advanced level) ကိုပါ ၀င်ဖြေနိုင်တာမို့ နိုင်ငံတကာအဆင့်မီ တက္ကသိုလ် ကောင်းကောင်းထိကို တက်ခွင့်ရနိုင်ကြပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိ ပြဌာန်းထားတဲ့ သင်ရိုးမာတိကာတွေကလည်း တကယ်တော့ အဆင့်မနိမ့်လှပါဘူး။ ပြဿနာရှိတာကတော့ အခြေခံပညာအထက်တန်း သင်ရိုးတွေထဲမှာ ၀ိဇ္ဇာသီးသန့်ဘာသာတွဲတွေ လုပ်လိုက် တာက ဆိုးနေတာပါ။ ၀ိဇ္ဇာသီးသန့်ဘာသာတွဲ ယူကြတဲ့ ကလေးတွေဟာ အထက်တန်းစာမေးပွဲ အောင်သွားတဲ့ နောက်မှာ ပြည်တွင်းက သာမန်ဘွဲ့တခုကိုသာ ယူနိုင်ကြပြီးတော့ ပြည်ပမှာ ပညာဆက်သင်ဖို့ အခွင့်အရေး မှာလည်း မလွယ်ကူကြရတဲ့ ပြဿနာကို ရင်ဆိုင်ကြရပါတယ်။ အနည်းဆုံး နိုင်ငံတကာအဆင့်မီ သက်မွေးဝမ်းကျောင်းပညာ တခုခုကို သင်နိုင်ဖို့အတွက် လိုအပ်တဲ့ GCE O'level အဆင့် စာမေးပွဲကိုတောင် ၀င်ဖြေဖို့ မလွယ်တဲ့ ပြဿနာ ရှိပါ တယ်။

အဲဒီအပြင် ကျောင်းပညာရေးထဲမှာ သင်ကြားရေးအဆင့်မမီမှု၊ သင်ထောက်ကူပစ္စည်း မပြည့်စုံမှုတွေကြောင့် မြန်မာပြည်က အထက်တန်းပညာရေးအဆင့်အနေနဲ့ တနေ့ ထက် တနေ့ နိမ့်ကျ လာနေတာကလည်း ခုချိန်မှာ ပြဿနာတခု ဖြစ်နေပါတယ်။ ဒါနဲ့ ပတ်သက်လို့ စင်္ကာပူနိုင်ငံမှာ ပိုလီတက်ကနစ် သက်မွေးအတတ်ပညာသင် ကျောင်း တက်နေတဲ့ ကျောင်းသားတစ်ယောက်က ပြောပြပါတယ်။

'Polytechnic မှာ ၂၀၀၅ခုနှစ်မတိုင်ခင်က မြန်မာနိုင်ငံက အထက်တန်း စာမေးပွဲအောင်ပြီးသား ကျောင်းသား အနေနဲ့ GCE O'level အဆင့်ကို မီပေမဲ့ ၂၀၀၅ခုနှစ် နောက်ပိုင်းမှာတော့ ကလေးတွေဟာ N'level ဆိုတဲ့ သာမန်အဆင့်(Normal Level)စာမေးပွဲကိုတောင် မနည်း ဖြေဆိုကြရပါတယ်။ ဒါကြောင့် ပိုလီတက်ကနစ်လို ကျောင်းမျိုးကိုတောင် ၀င်ခွင့်မရဘဲ ITE လို့ ခေါ်တဲ့ Institute of Technical Education လို သာမန်စက်မှုကျောင်း အဆင့်လောက်ကိုသာ မီကြတာ များလာတယ်'
လို့ ပြောပြပါတယ်။ အဲဒီအခါ ကျောင်းပြီးလို့ အလုပ်ရတဲ့နေရာမှာလည်း ပြီးတဲ့ ကျောင်းအဆင့်အတန်းနဲ့ ပညာ အဆင့်အတန်းကြောင့် လစာကောင်းတဲ့ အလုပ်ရနိုင်ချေ နည်းသွားတယ် လို့ သူက ဆက်ပြောပြပါတယ်။


မြန်မာနိုင်ငံရဲ့ အခြေခံပညာအထက်တန်းဆင့် ပညာရေးကို တကယ်တမ်း နိုင်ငံတကာ အဆင့်မီအောင် ပြုပြင်မယ်ဆိုရင်တော့ အခြေခံပညာ မူလတန်း အလယ်တန်းတွေက စပြီး လိုက်ဖက်ညီမယ့် ပညာရေးပုံစံကို တည်ဆောက်ထားသင့်တာပါ။ တကယ်လို့ အထက်တန်းအဆင့်ကိုပဲ ကွက်ပြီး နိုင်ငံတကာအဆင့်မီ ပြုပြင်မယ်ဆိုရင်တော့ အဆင်သင့်မဖြစ်ဘဲ တွန်းတင်ခံရတာမျိုးမို့လို့ အခြေခံမခိုင်ခဲ့တဲ့အတွက် ကျောင်းသား တွေသာ အခက်အခဲအများကြီး ရင်ဆိုင်ကြရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာက ၁၉၆၂ကတည်းက ပညာရေးကို ခိုင်မာအောင် ကြိုတင်ပြင်ဆင်တာမျိုးမရှိဘဲ စိတ်ကူးတည့် သလို စမ်းသပ်ခဲ့တာကို ကျောင်းသားတွေ တောက်လျှောက်ခံလာခဲ့ကြရတာပါ။ အဲဒီ အကျိုးဆက်တွေကြောင့် လည်း တချိန်က နိုင်ငံတကာမှာ ပညာရေး အဆင့်အတန်းအရ ထိပ်တန်းရောက်ခဲ့တဲ့ မြန်မာနိုင်ငံဟာ ခုချိန်မှာတော့ အဆင့်အတန်းမပြည့်မီဘူးလို့ သတ်မှတ်ခံနေရတယ်လို့ ပြောနိုင်ပါတယ်။

တကယ်တော့ မြန်မာနိုင်ငံရဲ့ အထက်တန်းပညာရေးထဲက သင်ရိုးမာတိကာကို မဖြစ်မနေ ပြောင်းမယ်ဆိုရင် လည်း အနည်းဆုံးတော့ ကျောင်းသားတွေရဲ့ အနာဂတ်အတွက် ခိုင်မာတဲ့.. အာမခံမှုပေးနိုင်တဲ့... အသက်မွေးဝမ်းကျောင်းပညာရပ်မျိုး ဖြစ်စေပြီး တကယ်လို့ ပြည်ပတက္ကသိုလ်တွေကို ဆက်တက်မယ်ဆိုရင် လည်း လွယ်လင့်တကူ ဆက်တက်နိုင်လောက်တဲ့ အဆင့်မီပညာရေးမျိုးဖြစ်အောင် ပေးနိုင်တဲ့ သင်ရိုးမာတိကာ မျိုးကိုသာ ပြုပြင်ရေးဆွဲသင့်ပါတယ်။

မေငြိမ်း (၂၀၀၇)