Thursday, September 13, 2007

ကလေးပညာရေးနဲ့ Globalization

ပညာရေးနဲ့ ပတ်သက်ရင် ကမ္ဘာ့နိုင်ငံတိုင်းကတော့ ကလေးတွေနဲ့ သင့်တော်မယ့် စံချိန်စံညွှန်းတွေကို ၀ိုင်း စဉ်းစားကြပြီး တတ်နိုင်သလောက် ၀ိုင်းပြီး အကောင်အထည် ဖော်နေကြပါတယ်။ အဲဒီလို အကောင်အထည် ဖော်ရာမှာ ကိုယ်က နောက်ကျနေခဲ့ရင် ကမ္ဘကြီးထဲမှာ ကိုယ်ပဲ ဟန်ချက်ပျက်ပြီး ပုံပျက်ပန်းပျက် ကျန်ရစ် ခဲ့မှာပါ။ အဆိုးဆုံးကတော့ ပညာရေးမှာ နောက်ကျတာဟာ တနိုင်ငံလုံး အတိုင်းအတာနဲ့ နစ်နာကြရတာ ဖြစ်ပါတယ်။ ပြီးတော့ မျက်မှောက်ခေတ်ဟာ ပညာခေတ် (Knowledge Age) လို့ သတ်မှတ်ကြရတဲ့ ပညာနဲ့ ဦးဆောင်ခွင့် ရတဲ့ ခေတ်ဖြစ်တဲ့အတွက် ပညာရဲ့ အခန်းကဏ္ဍက သိပ်ကို အရေးပါထင်ရှားလာတာမို့ ပညာပိုင်းမှာ အားနည်းမှု က လူ့ဘ၀ဖြစ်စဉ်ကို သိသိသာသာ ထိခိုက်လာနေပြီ ဖြစ်ပါတယ်။
အဲဒါနဲ့ ပတ်သက်လို့ ၂၀၀၀ပြည့်နှစ် သြဂုတ်လထုတ် ဓနမဂ္ဂဇင်းမှာ ဖေါ်ပြခဲ့တဲ့ မြန်မာနိုင်ငံက ပညာရေးဆိုင်ရာ ပညာရှင် ဒေါက်တာ သိန်းလွင် နဲ့ တွေ့ဆုံခန်းမှာ ဒေါက်တာသိန်းလွင်က သေသေချာချာ ဖြေထားပါတယ်။ ဒေါက်တာသိန်းလွင်က “အခုလိုခေတ်မျိုးက Globalization ဖြစ်လာတဲ့အခါမှာ ကိုယ့်နိုင်ငံ ကိုယ့်ဒေသ ကွက်ကွက်ကလေးမှာ ဖြစ်တဲ့ကိစ္စ Issue တစ်ခုထဲအနေနဲ့ ပညာရေးကို မြင်ဖို့ မကောင်း တော့ဘူး၊ ဆိုလိုတာက တခြား နေရာဒေသတွေမှာ ဖြစ်တဲ့ ကိစ္စတစ်ခုဟာလည်း ကိုယ့်နေရာ ကိုယ့်ဒေသကို တနည်းမဟုတ် တနည်း ရိုက်ခတ်တတ်တဲ့ သဘောတွေ ရှိလာတယ်” လို့ ပြောပါတယ်။

တနည်းအားဖြင့်တော့ ကမ္ဘာလုံးဆိုင်ရာ လမ်းကြောင်း တွေနဲ့ မလိုက်ပါဘဲ တံခါးပိတ်နေလို့ မရတော့ဘူး ဆိုတာပါပဲ။ ဒေါက်တာသိန်းလွင်ကတော့ ခုချိန်ဟာ “ တကမ္ဘာလုံး အတိုင်းအတာနဲ့ လှုပ်ရှားရတဲ့ ပုံစံဖြစ်တဲ့ အတွက် သူတို့ရဲ့ လှိုင်းနဲ့အတူ တစုံတခုသော အတိုင်းအတာအထိ ပြောင်းရွှေ့ လှုပ်ရှားပေးဖို့ လိုအပ်မှာ ဖြစ်ပါ တယ်။ အဲသလို မဟုတ်ဘဲနဲ့ ကိုယ့်ရဲ့ Culture အပေါ် တွယ်ကပ်လွန်းရင် အလှမ်းကွာ သွားပါလိမ့်မယ်။ အဲဒါ ကြောင့် နိုင်ငံတကာနဲ့လည်း အလှမ်းမကွာ ကိုယ့်ရဲ့ Culture နဲ့ Identity လည်း မပျောက်ဘဲ လုပ်ဆောင်နိုင် ဖို့ဆိုတာဟာ ပညာရေးမှာ အရေးကြီးလာလိမ့်မယ် လို့ ယူဆပါတယ်” လို့လည်း ပြောထားပါတယ်။ ဒါဟာ သတိ ထား ပြီး လိုက်နာသင့်တဲ့ အမြင်ပဲ ဖြစ်ပါတယ်။

တကယ်တော့ မြန်မာနိုင်ငံမှာလည်း ၁၉၇၄ခုနှစ် လောက်ကတည်းက ပညာရေး သုတေသနဌာန က ပညာရေး နည်းပညာ ဆိုင်ရာ သုတေသနလုပ်ငန်း ဆိုပြီး သင်ကြားနည်း စနစ်တွေကို စီမံကိန်းဆွဲပြီးတော့ကို လုပ်နေပြီ ဖြစ်ပါတယ်။ အဲဒီ စီမံကိန်းထဲမှာ ဆရာအတတ်သင် ပညာရေးအစီအစဉ်များ နှင့် သက်ဆိုင်သည့် သုတေသန တောင် ပါပါတယ်။ သင်ကြားနည်းစနစ်ကို သေသေချာချာ လေ့လာမယ့် အစီအစဉ် ဖြစ်ပါတယ်။ ဒါပေမဲ့ လက်တွေ့ မှာတော့ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ဟာ ခုချိန်ထိ သိသိသာသာ ပြောင်းလဲ တိုးတက်လာတာမျိုး မရှိသေးတာသာ တွေ့ရပါတယ်။ ပိုဆိုးတာကတော့ သင်ရိုးတွေက ခေတ်မမီဘဲ သင်ထောက်ကူ ပစ္စည်းတွေ ကလည်း မပြည့်စုံ ရတဲ့အထဲမှာ သင်ကြားနည်းစနစ်ကပါ ခေတ်မမီတဲ့အတွက် မြန်မာနိုင်ငံမှာက ကျောင်းတက် ပြီး မူလတန်းလွန် အဆင့် ရောက်တာတောင် နေ့စဉ်သုံး မြန်မာစာကိုတောင်မှ ဖြောင့်အောင် မဖတ်နိုင်သေးတဲ့ ပြဿနာမျိုးတွေ ရှိလာတာပါပဲ။

တကယ်တော့ မြန်မာနိုင်ငံ နဲ့ အနီးဆုံး ဖြစ်ပြီး ရေမြေသဘာဝချင်း သိပ်မကွာလှတဲ့ ထိုင်းနိုင်ငံမှာလည်း အရင်က သင်ကြားရေးစနစ်မှာ ခေတ်နောက်ကျခဲ့တာပါပဲ။ ထိုင်းနိုင်ငံမှာလဲ ဆရာဆရာမက ဦးဆောင်ပြီး သင်ခန်းစာတွေ ပြောပြ ရေးပြ သွားတဲ့ စနစ်ပါပဲ။ ဒါပေမဲ့ ကမ္ဘာနဲ့ အ၀ှမ်း Globalization ဖြစ်လာတဲ့အခါမှာတော့ ထိုင်း နိုင်ငံ ဟာ လည်း လိုက်ပါ ပြောင်းလဲ ခဲ့ပါတယ်။ အရင်က ကလေးတွေရဲ့ မှတ်ဥာဏ် ကိုသာ အားကိုးပြီး သင်ခန်းစာတွေ အများ ကြီး အလွတ်ရနိုင်တာကို အသိအမှတ် ပြုရာ ကနေ ခု မျက်မှောက်ခေတ်မှာတော့ ကလေးတွေရဲ့ လွတ်လွတ် လပ်လပ် တွေးခေါ်နိုင်စွမ်းကိုသာ အရည်အချင်းအဖြစ် ဆုံးဖြတ်လာပါပြီ။

အဲဒီလို သင်နည်းစနစ်တွေ ပြောင်းပစ်နိုင်ဖို့အတွက်လည်း ဆရာ ဆရာမတွေကို ဆရာဖြစ် လက်မှတ် ရထားတဲ့ သူမှ အလုပ် ခန့် ပါတယ်။ ဆရာဖြစ် လက်မှတ် ရဖို့အတွက်ကလည်း သုံးနှစ် အတန်းတက်ပြီး တစ်နှစ်ကို လက်တွေ့ ဆင်းရပါတယ်။ အဲဒီ လေးနှစ်ပြီးမှ ဆရာဖြစ် ဒီဂရီလက်မှတ် ရပြီး ဆရာအဖြစ် အလုပ်လုပ်ခွင့် ရပါ တယ်။ ဒါကြောင့် ဆရာဆရာမတွေကိုယ်တိုင် စနစ်တကျ ရှိတာမို့ စနစ်ကျတဲ့ ပညာရေး ဖြစ်အောင် ထူထောင် လာနိုင်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာကတော့ မူလတန်းသင် ဆရာမတစ်ယောက်ဟာ ရိုးရိုးဘွဲ့ တစ်ခု ရဖို့သာ လိုပြီး မွမ်းမံသင်တန်း ပေးတာမျိုးမှလည်း လုံးဝ မရှိတဲ့အတွက် စမ်း တ၀ါးဝါး နဲ့ပဲ စာ ၀င်သင် ကြရပါတယ်။ ပိုဆိုးတာကတော့ ၁၉၈၁ ဇွန်လ ကနေ စလို့ အင်္ဂလိပ်စာကို မူလတန်းကနေစပြီး သင်ရမယ်လို့ ဗြုန်းစားကြီး အတည်ပြုလိုက်တာပါပဲ။ အဲဒီမှာ အတန်းဆင့်အလိုက် အင်္ဂလိပ်စာအဆင့်ကို လိုက်မြှင့်ရတဲ့အတွက် ဆရာ ဆရာမတွေ ကိုယ်တိုင် အင်္ဂလိပ်စာ သင်ကြားရေးမှာ အခက်အခဲ တွေ့ရပါတယ်။

ပြီးတော့ မြန်မာနိုင်ငံက ဆရာ ဆရာမတွေဟာ များသောအားဖြင့် ဆရာ ဆရာမ တွေဟာ ငယ်ရွယ်ကြပြီး ဆရာ အဖြစ် တာဝန်ယူနိုင်အောင် လေ့လာသင်ယူ ခဲ့ရတာမျိုးလည်း မရှိခဲ့တဲ့အတွက် မသင်တတ်ရတဲ့အထဲ အင်္ဂလိပ်စာကို ၅တန်းရောက်မှ သင်ရတဲ့ မဆလခေတ်ထဲ ကြီးပြင်းခဲ့ရတဲ့လူတွေမို့ အင်္ဂလိပ်စာမှာ အရည် အသွေး မပြည့် မီ ကြပါဘူး။ အဲဒီ ဆရာ ဆရာမတွေကပဲ အရေးကြီးလှတဲ့ မူလတန်းကလေးတွေရဲ့ ပညာရေး ကို တာဝန်ယူကြ တာမို့ ကလေးတွေရဲ့ ပညာရေးဟာ တစ်နှစ်ထက် တစ်နှစ် ဆုတ်ယုတ် ကျဆင်း လာရတာပဲဖြစ်ပါတယ်။

တကယ်တော့ ထိုင်းနိုင်ငံဟာလဲ အင်္ဂလိပ်စာသင်ကြားရေးကို ဦးစားမပေးခဲ့တဲ့ နိုင်ငံပါပဲ။ ဒါပေမဲ့ Globalization ဆိုတဲ့ လှိုင်းကြီး ရိုက်ခတ်လာတဲ့ အချိန်မှာတော့ ကျောင်းတွေမှာ အင်္ဂလိပ်စာ သင်ကြားနည်းကို နိုင်ငံတကာ အဆင့် မီအောင် လုပ်လိုက်ပါတယ်။ ထိုင်း ဆရာ ဆရာမတွေ အင်္ဂလိပ်စာ စနစ်တကျ သင်ယူစေနိုင်ဖို့အတွက် မိခင်ဘာသာစကားကို အင်္ဂလိပ် စကားသုံးတဲ့ သင်ကြားရေးဆိုင်ရာ ပညာရှင် Native Speaker တွေကို Volunteer အနေနဲ့ရော လစာပေးပြီးတော့ရော ခန့်ထားပါတယ်။ တချို့ အရေးပါတဲ့ ကျောင်းတွေနဲ့ အတန်း အဆင့်တွေ အတွက် အင်္ဂလိပ်စာကို Native speaker တွေနဲ့ပဲ တိုက်ရိုက် သင်ယူစေပါတယ်။ ဒါ့ကြောင့် ခုဆိုရင် ထိုင်းနိုင်ငံက တက္ကသိုလ်အဆင့် ကျောင်းသားတွေဟာ အင်္ဂလိပ်စာမှာ နိုင်ငံတကာ အဆင့်အတန်း မီ သင်ယူခွင့် ရလာပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ထဲမှာ နောက်ထပ် လွဲမှားနေတဲ့ အချက် တစ်ချက်ကတော့ အတန်းငယ်တွေဆိုရင် ဆရာဆရာမ ငယ်ငယ်တွေကို ပေးသင်ရမယ် ဆိုတဲ့ အယူအဆပါပဲ။ ဆရာကြီး ဆရာမကြီးတွေကိုယ်တိုင်က အတန်းငယ်ငယ်ကို ဆင်းသင်ရရင် ဂုဏ်ငယ်တယ်လို့ ထင်လေ့ရှိပါတယ်။ တကယ်တော့ လူ့ဘ၀ရဲ့ အစမှာပဲ ဖြစ်ဖြစ် ပညာရေးဘ၀ရဲ့ အစမှာပဲဖြစ်ဖြစ် အစကောင်းဖို့ သိပ်အရေးကြီးတာပါ။ မြန်မာစကားပုံမှာ အစကောင်းမှ အနှောင်းသေချာ ဆိုတဲ့ ဆိုရိုးတောင် ရှိတာပါ။ ပြီးတော့ လက်ဦးဆရာ ဆိုတာ ကလေးတစ်ယောက်ရဲ့ ဘ၀ အတွက် သိပ်အရေးပါတာပါ။ ဒါကြောင့် အခြေခံပညာကို သင်ကြားပေးရမယ့် ဆရာဟာ ကလေးတွေနဲ့ ပတ်သက် လို့ ကျွမ်းကျင် လိမ်မာတဲ့သူ ဖြစ်ရပါမယ်။ ကလေးတွေကို စနစ်တကျ ပျိုးထောင်နိုင်သူ ဖြစ်ရပါမယ်။

အဲဒါကြောင့် ကလေးတွေအတွက် လက်ဦးဆရာဟာ တကယ့် ပညာရှင်အဆင့်သာ ဖြစ်သင့်တာပါ။ ခုတော့ မြန်မာပြည်မှာက တကယ်အရေးပါတဲ့ အခြေခံ မူလတန်းကို ဆိုရင် မနေ့တနေ့ကမှ ဆရာဖြစ်လာတဲ့သူကို ပေးလိုက်တာဟာ အစဉ်အလာလို ဖြစ်နေပါပြီ။ ဒါကြောင့်လဲ အခြေခံမကောင်းတဲ့ ပညာရေးအဆင့်နဲ့ အမျိုးမျိုးလွဲမှားနေတဲ့ ပညာရေးစနစ်အောက်မှာ အရည်အသွေး မပြည့်တဲ့ လူငယ်တွေအဖြစ် ကြီးပြင်းလာကြ ရတာပဲ ဖြစ်ပါတယ်။

ခုဆိုရင် နိုင်ငံတကာမှာ ၂၁ရာစုပညာရေးအတွက် ကလေးတွေကို ဘာလုပ်ပေးရမလဲ ဆိုတာကို ပညာရှင် တွေက အဖြေရှာနေကြပါပြီ။ အဲဒါနဲ့ ပတ်သက်လို့ စာရေးဆရာ မောင်သစ်ဆင်းက သူ့ရဲ့ ပညာရေးဆိုင်ရာ ဆောင်းပါး တစ်ပုဒ်ထဲမှာ ဆွေးနွေး တင်ပြခဲ့ဖူးပါတယ်။ ASSA လို့ခေါ်တဲ့ (American Association of School Administrators) အဖွဲ့ကြီးက ပညာရေး စီးပွားရေး အုပ်ချုပ်ရေး စိတ်ပညာ လူမှုသိပ္ပံ မနုဿဗေဒ စတဲ့ နယ်ပယ် စုံက ထင်ရှားတဲ့ကျွမ်းကျင်သူ ပညာရှင် ၅၅ယောက်ကို မေးမြန်းခဲ့တဲ့အကြောင်းကို တင်ပြထားတာ ဖြစ်ပါတယ်၊

အဲဒီမှာ ပညာရှင်တွေကို ASSA မေးတဲ့ အကြောင်းအရာက ၂၁ရာစုမှာ အထက်တန်း အဆင့် ကျောင်းသားတွေ အနေနဲ့ နားလည် ကျွမ်းကျင်ထားဖို့ လိုအပ်မယ့် အရေးကြီးဆုံး အသိပညာတွေ အတတ်ပညာတွေ စွမ်းရည်တွ အမူအကျင့်တွေဟာ ဘာတွေများ ဖြစ်မလဲ ဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။ အဲဒီမေးခွန်းကို ပညာရှင်တွေက ပြန်ဆွေးနွေး ရာမှာ တော့ အဖြေက ကျောင်းသားတွေအတွက် ပညာစွမ်းရည်၊ တစ်ကိုယ်ရည် ဆက်ဆံရေး စွမ်းရည် နဲ့ နိုင်ငံသားစွမ်းရည်တို့ကို သိထား တတ်ထားရမှာ ဖြစ်ပြီး အဲဒီလို သိဖို့ တတ်ဖို့အတွက် ကျောင်းတွေနဲ့ မိဘတွေက ဘာတွေ လုပ်ပေးနိုင်တယ် ဆိုတာကို ဆွေးနွေး ထားကြတယ်လို့ ဆရာ မောင်သစ်ဆင်းက သူ့ ဆောင်းပါးမှာ ဖေါ်ပြထားပါတယ်။ ဒါဟာ ကမ္ဘာတ၀ှမ်းလုံးမှာ လူကြီးမှန်သမျှ ပညာရှင်မှန်သမျှဟာ လူငယ် တွေ ရဲ့ အနာဂတ်အရေးကို အမြဲတမ်း အလေးထား ဆောင်ရွက်နေတယ် ဆိုတာကို ပြနေတာပါပဲ။

တနည်းအားဖြင့်တော့ ကမ္ဘာလုံးဆိုင်ရာ ဖြစ်ပေါ်ပြောင်းလဲမှု မှန်သမျှဟာ လူငယ်တွေရဲ့ အနာဂတ်အပေါ် မူတည် နေတာမို့ စာသင်သားဘ၀မှာ စနစ်ကျတဲ့ ပညာရေးနဲ့ သင်ယူ ကြီးပြင်းခွင့်ရရေးဟာ လူငယ်တွေ ကလေး တွေအတွက် Globalization ကာလထဲမှာတော့ အရေးပါလှတဲ့ လိုအပ်ချက်ပဲ ဖြစ်ပါတယ်။

မေငြိမ်း
ဖေဖော်ဝါရီ၊ ၀၆။

No comments: