Wednesday, February 27, 2008

မြန်မာနိုင်ငံနဲ့ Moral Education

မြန်မာနိုင်ငံရဲ့ အာဏာပိုင်တွေဟာ ပြည်သူလူထုအပေါ်မှာ အကြောက်တရား ကြီးစိုးအောင် အကြမ်းဖက် နှိပ်ကွပ်တဲ့ နည်းနဲ့ အုပ်ချုပ်နေတာ ဖြစ်ပါတယ်။ ခုချိန်မှာ တရားဥပဒေ ဆိုတာကို မြန်မာနိုင်ငံမှာ လုံးဝ မတွေ့ရဘူးလို့ကို ပြောနိုင်ပါတယ်။ ပြည်သူလူထုဟာ ပြစ်မှု နဲ့ ပြစ်ဒဏ် မမျှတာတွေ၊ အပြစ်မရှိပါဘဲ ဖမ်းဆီးချုပ်နှောင်ခံရ၊ အနှိပ်စက်ခံရတာတွေကို အမြဲတစေ ကြုံနေရတာမို့လည်း မင်းမဲ့တိုင်းပြည်မှာ နေထိုင် နေကြရတဲ့ စိတ်ခံစားမှုမျိုးတွေ အဖိစီးခံနေကြရပါတယ်။ ကမ္ဘာက အရေးကြီးဆုံးလို့ သတ်မှတ်ထားတဲ့ လူ့အခွင့်အရေး ဆိုတာကို မြန်မာနိုင်ငံက ပြည်သူအများစုကတော့ ကြားတောင် မကြားဖူးတဲ့ အခြေအနေမှာ ရှိနေရတာပါ။ ဒါဟာ တိုးတက်ခေတ်မီနေတဲ့ ကမ္ဘာလောကနဲ့ အများကြီး အလှမ်းဝေးပြီးတော့ လူမှုဘ၀တွေမှာ ချွတ်ခြုံကျနေရတဲ့၊ အခြေအနေပဲ ဖြစ်ပါတယ်။

တကယ်တော့ ဘယ်နိုင်ငံမှာမဆို၊ နိုင်ငံသားတိုင်းက လူ့အခွင့်အရေးဆိုတာကို နားလည်မှ ပဲ လူသားအချင်းချင်း တန်ဖိုးထားလေးစားဖို့နဲ့ လူ့ဘောင်လောက အဆင့်အတန်း မြင့်မားအောင် လုပ်ရမယ်၊ လုပ်ဖို့ လိုအပ်တယ် ဆိုတာတွေကို သိလာကြမှာဖြစ်ပါတယ်။ အဲဒီအတွက် နိုင်ငံသားတွေကို လူ့အခွင့်အရေးဆိုင်ရာ ဗဟုသုတ တွေနဲ့ နိုင်ငံသားအခွင့်အရေးတွေ၊ စည်းမျဉ်း စည်းကမ်းတွေနဲ့ ရင်းနှီးကျွမ်းဝင်အောင် လေ့ကျင့်ပေးရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီမိုကရေစီနိုင်ငံတွေမှာဆိုရင် အခြေခံပညာကစပြီး နိုင်ငံကြီးသားပီသအောင် နေထိုင်ကျင့်ကြံနည်းတွေကို ထည့်သွင်း သင်ကြားပေးနေတာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီမိုကရေစီနိုင်ငံ တွေမှာ ကလေးတွေ လူငယ်တွေ အများစုဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပြည့်ဝပြီး ကိုယ့်ရဲ့ အရည်အချင်း အလိုက် ထူးချွန်ခွင့်ရကြတာ တွေ့ရပါတယ်။ အဲဒါကပဲ မြန်မာနိုင်ငံက လူငယ်တွေ ကလေးတွေရဲ့ ဘ၀တွေနဲ့ ကွာခြားနေရတဲ့ အချက်ပဲ ဖြစ်ပါ တယ်။

မြန်မာနိုင်ငံက ကျောင်းသားလူငယ်တွေမှာတော့ ပညာရေးစနစ်ရဲ့ အထွေထွေ အားနည်းချက်တွေနဲ့ အာဏာပိုင်တွေရဲ့ ဖိနှိပ်အုပ်ချုပ်မှုတွေကြောင့် လူတော်လူကောင်းဖြစ်ခွင့်တွေကို ဆုံးရှုံးနေကြရပါတယ်။ အဲဒီအပြင် နိုင်ငံရဲ့ ဘက်စုံ ချွတ်ခြုံကျနေမှုနဲ့ သတင်းလွတ်လပ်ခွင့် မရှိတာတွေကြောင့်လည်း ပြည်သူလူထုဟာ ဉာဏ်ပညာဗဟုသုတ အရာမှာပါ ဆင်းရဲချို့တဲ့နေကြရတာပဲ ဖြစ်ပါတယ်။ တကယ်တော့ နိုင်ငံအနေနဲ့ ဆင်းရဲရင်တောင်မှပဲ အုပ်ချုပ်သူအစိုးရက စေတနာရှိရင် ပညာရေးထဲမှာ နိုင်ငံသားတွေ သိသင့်သိထိုက်တဲ့ အသိအမြင် ဗဟုသုတတွေ ထည့်သွင်း သင်ကြားပေးနိုင်ပါတယ်။

မြန်မာနိုင်ငံရဲ့ အခြေခံပညာရေးထဲမှာ Moral Education ဖြစ်တဲ့ စာရိတ္တပိုင်းဆိုင်ရာ သင်ခန်းစာတွေကို မြန်မာစာဘာသာရပ်ထဲမှာထည့်ပြီး သင်ကြားလေ့ရှိခဲ့ပါတယ်။ အများအားဖြင့်တော့ မြန်မာ့ယဉ်ကျေးမှု အစဉ်အလာထဲမှာရှိတဲ့ ဓလေ့ထုံးစံ တွေနဲ့ ဗုဒ္ဓဘာသာထဲက အဆုံးအမတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ တကယ်တမ်း သိသင့်သိထိုက်တဲ့ နိုင်ငံ့အရေးအရာကိစ္စတွေကိုတော့ ကျောင်းသားတွေ သိခွင့်မရပါဘူး။ တကယ်တော့ ဒါဟာ ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးမှာ အရေးတကြီးလိုအပ်တဲ့ အချက်ပါ။ ဒီနေရာမှာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးးချုပ်ဟောင်း ဦးသန့် တင်ပြခဲ့တဲ့ ပြည်ရေးပြည်ရာ ဘာသာရပ် (Civic Education) သင်ရိုးထဲက ဒီနေ့ထက်ထိ ခေတ်မီနေပြီး အရေးပါနေဆဲဖြစ်တဲ့ အချက်အလက်တွေကိုပဲ ကိုးကားပြီး ဆွေးနွေး သွားမှာ ဖြစ်ပါတယ်။

တကယ်တော့ လွတ်လပ်ရေးမရခင်ကတည်းက မြန်မာနိုင်ငံပညာရေးထဲမှာ ထည့်သင်ဖို့ မြန်မာနိုင်ငံရဲ့ သဘောသဘာဝနဲ့ ကိုက်ညီတဲ့ Civic Education သင်ရိုးကို ဦးသန့်က မူလတန်းအဆင့်ကနေ အထက်တန်း အဆင့်ထိ လေ့လာ ရေးဆွဲခဲ့ပြီးသားပါ။ Civic Education ကို လောကနီတိဆိုတဲ့ ခေါင်းစဉ်နဲ့ သင်နိုင်ပြီးတော့ မူလတန်းအဆင့်မှာဆိုရင် ကိုယ်နှုတ်အမူအယာ ယဉ်ကျေးသိမ်မွေ့အောင် နေထိုင်နည်းက စပြီး၊ တကိုယ်ရည် သန့်ရှင်းရေး၊ မိမိပတ်ဝန်းကျင်သန့်ရှင်းရေးအထိ ပါရပါမယ်။ ပြီးတော့ ငွေကြေးသုံးစွဲရာမှာ စည်းကမ်းတကျ သုံးတတ်ဖို့နဲ့ လူမှုဝန်းကျင်နဲ့ အဆင်ပြေပြေ နေထိုင်တတ်အောင်ပါ လေ့ကျင့်သင်ကြားပေးရပါမယ်။ အဲဒီအပြင် သစ်ပင်ပန်းပင်တွေ လက်တွေ့စိုက်ပျိုးတတ်အောင် သင်ကြားပေးပြီး သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတတ် လာအောင် လေ့ကျင့်ပေးရတာမျိုးလည်း ရှိရပါမယ်။ ဒါက စိတ်ဓါတ်ရေးရာနဲ့ စာရိတ္တပိုင်းကို သင်ကြားတဲ့ အပိုင်းပါ။

နိုင်ငံ့အရေးအရာနဲ့ ပတ်သက်ရင်တော့ မူလတန်းကလေးတွေအနေနဲ့ ကိုယ့်အနီးအပါးမှာရှိတဲ့ အုပ်ချုပ်ရေး တာဝန်ရှိသူတွေကို ရပ်ကွက်အဆင့်ကနေစပြီး မြို့နယ်အဆင့်အထိ သိထားဖို့လိုပါတယ်။ အဲဒီ အုပ်ချုပ်သူတွေ ဆီမှာ ရှိရမယ့် အရည်အချင်းတွေ၊ အုပ်ချုပ်သူရဲ့ တာဝန်ဝတ္တရားတွေနဲ့အတူ သူတို့ရဲ့အရေးပါမှုသဘောကိုပါ သိနေဖို့ လိုအပ်ပါ တယ်။

အဲဒီအပြင် အစိုးရအကြောင်း၊ အခွန်အကောက်ကိစ္စနဲ့အတူ၊ စစ်ရဲ့ဆိုးကျိုးနဲ့ ငြိမ်းချမ်းရေးရဲ့ ကောင်းကျိုးတွေ ကိုလည်း စိတ်ဝင်စားစရာကောင်းအောင် ထည့်သွင်းပြဌာန်းပေးဖို့ လိုပါတယ်။ အဲဒီ နိုင်ငံရေးလိုအပ်ချက်တွေနဲ့ အတူ အစုအဖွဲ့နဲ့ သင့်တင့်မျှတအောင် လုပ်ကိုင်ခြင်းရဲ့အကျိုးရှိမှုကိုလည်း လက်တွေ့နဲ့ယှဉ်ပြီး တပါတည်း သင်ကြားပေးရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ သာဓကသင်ခန်းစာတွေအဖြစ်နဲ့ မြန်မာ့ သမိုင်းတလျှောက်မှာ အမျိုး ဘာသာ သာသနာအတွက် ဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်တွေအကြောင်းကို အတုယူအားကျဖွယ်ဖြစ်အောင် ထည့်သွင်းပေးဖို့ လိုပါတယ်။

တကယ်တော့ Civic Education ဟာ စာသင်ခန်းထဲမှာ သင်ကြားရုံနဲ့ လုံလောက်တဲ့ ဘာသာရပ်မျိုး မဟုတ်ပါ ဘူး။ စာသင်သားတွေကို သဘာဝပတ်ဝန်းကျင်ရဲ့ တန်ဖိုးနဲ့ မြတ်နိုးစရာကောင်းပုံကို လက်တွေ့သိဖို့လည်း လိုတာမို့လို့ ကွင်းဆင်း သင်ကြားပေးရတာ မျိုးတွေ ရှိရပါမယ်။ ကျောင်းသားလူငယ်တွေကို တောင်တန်းတွေ၊ ဥယျာဉ်တောအုပ်တွေ၊ တိရစ္ဆာန်ရုံ၊ စက်ရုံ အလုပ်ရုံ မြင်ကွင်းတွေဆီကို လက်တွေ့ ခေါ်သွားပြရမှာ ဖြစ်ပါတယ်။ ဒါမှပဲ စာသင်သားတွေအနေနဲ့ သူတို့အနီးပတ်ဝန်းကျင်က သူတို့ သိထားရမယ့် အကြောင်းအရာတွေကို တကူးတက ကျက်မှတ်စရာ မလိုဘဲနဲ့ သိသွား နားလည်သွားမှာ ဖြစ်ပါတယ်။ အဲဒီအချက်အလက်တွေကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်က လွန်ခဲ့တဲ့ အနှစ်၆၀ကျော်ကတည်းက တင်ပြခဲ့တာ ဖြစ်ပြီး၊ ကမ္ဘာ့နိုင်ငံအများစုက ကျောင်းတွေမှာ ဒီကနေ့ လက်တွေ့ကျင့်သုံးနေတဲ့ သင်ကြားနည်းပုံစံလည်းပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာကတော့ ကျောင်းသားတွေဟာ စာရိတ္တပညာပိုင်းကိုရော၊ နိုင်ငံ့အရေးအရာပိုင်းကိုပါ မသင်ကြရ တော့သလောက်ပါပဲ။ အဲဒါဟာ ပြည်သူလူထုကို ယဉ်ကျေး လိမ်မာမှု မရှိအောင်၊ ဆင်ခြင်တုံတရား အသိအမြင် ဖွံ့ဖြိုးမှုမရှိအောင် လုပ်နေတာနဲ့ အတူတူပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီကနေ့ မြန်မာနိုင်ငံမှာ ကြံ့ဖွံ့၊ စွမ်းအားရှင်၊ အမျိုးသမီးရေးရာဆိုတဲ့ အကြမ်းဖက်အုပ်စုမျိုးတွေက မတရားသဖြင့် နေရာယူရဲလာတာဖြစ်တယ်လို့ ဆိုရမှာ ပါပဲ။

မေငြိမ်း (၂၅၊၁၀၊၀၇)

Tuesday, February 19, 2008

ပညာရေးနဲ့ Good Citizen

မြန်မာနိုင်ငံမှာ စက်တင်ဘာလတုန်းက ဖြစ်ပွားခဲ့တဲ့ ဒီဆန္ဒပြပွဲကြီးမှာ ထူးခြားတာက လမ်းလျှောက်ကြသူ လူထုတွေကို သာမန် အရပ်ဝတ်တွေပဲဖြစ်တဲ့ စွမ်းအားရှင်ဆိုသူတွေက ၀င်ရောက် ရိုက်နှက် ဖမ်းဆီးတာတွေပဲ ဖြစ်ပါတယ်။ ဒါဟာ ပြည်သူလူထုအချင်းချင်း စိတ်ဝမ်းကွဲအောင် သွေးခွဲအုပ်ချုပ်တဲ့ စစ်အစိုးရရဲ့ လှည့်ကွက် တခုပဲ ဖြစ်ပါတယ်။ ဒီလှည့်ကွက်ကိုလည်း နိုင်ငံသားကောင်းမပီသတဲ့သူတချို့က ဆရာဆိုးတပည့် ပီသစွာ လိုက်နာခဲ့တာမို့ မြန်မာနိုင်ငံရဲ့ အထွတ်အမြတ် ရတနာတစ်ပါးဖြစ်တဲ့ သံဃာတော်တွေနဲ့အတူ အပြစ်မဲ့ ပြည်သူလူထုတွေ သေကြေပျက်စီးခဲ့ကြရပါတယ်။

တကယ်တော့ နိုင်ငံအုပ်ချုပ်သူဆိုတာဟာ ပြည်သူလူထုအတွက်တော့၊ အမိ အဘ ဆရာသမားသဖွယ် အားကိုး အားထားပြုရမယ့်သူတွေပဲ ဖြစ်ပါတယ်။ မိဘတွေ ဆရာတွေလို စံပြုရမယ့် အဲဒီ နိုင်ငံခေါင်းဆောင်ပုဂ္ဂိုလ်ဟာ ဆင်ခြင်တုံတရားနဲ့ယှဉ်တဲ့ ပညာရည် ပြည့်ဝတဲ့သူဖြစ်ရပါမယ်။ နိုင်ငံကောင်းကျိုး၊ ပြည်သူလူထုကောင်းကျိုးကို လိုလား ဆောင်ရွက်သူ ဖြစ်ရပါမယ်။ မင်းဆိုတာဟာ တိုင်းသူပြည်သားရဲ့ စိတ်နှလုံးကို ပျော်ရွှင် အေးချမ်းအောင် တရားသဖြင့် အုပ်ချုပ်နိုင်သူဖြစ်ရပါမယ်ဆိုတာကို အလုံးစုံကို သိမြင် ဆင်ခြင်နိုင်စွမ်းတဲ့ သဗ္ဗညုတဥာဏ်ရှင် ဗုဒ္ဓမြတ်စွာက အုပ်ချုပ်သူ မင်းတို့ ကျင့်ကြံရမယ့် တရားအဖြစ် ဟောကြားခဲ့ဖူးပါတယ်။ ဗုဒ္ဓမြတ်စွာရဲ့ အလိုအရတော့ ပြည်သူလူထုရဲ့ စိတ်နှလုံးကို ပျော်ရွှင်ကျေနပ်အောင် မအုပ်ချုပ်နိုင်ရင် ‘မင်း’ မဟုတ်တော့ ပါဘူး။ ဒါဟာ ဒီမိုကရေစီစနစ် ရဲ့ အခြေခံသဘောလည်း ဖြစ်ပါတယ်။

ဒါကြောင့် အုပ်ချုပ်သူကမှ ပညာမပြည့်ဝ၊ နှလုံးမလှဘူးဆိုရင်တော့ ပြည်သူလူထုဟာ ကြီးမားတဲ့ ဆင်းရဲဒုက္ခတွေကို ကြုံကြရတာပါပဲ။ အဲဒီအပြင် အုပ်ချုပ်သူက မင်းဆိုး မင်းညစ် ဖြစ်တဲ့အခါ နိုင်ငံအတွင်းမှာ အကြမ်းဖက်ဝါဒထွန်းကားလာပါတယ်။ အဲဒီ ပြဿနာရဲ့ အကျိုးဆက်ကိုလည်း ပြည်သူလူထုကပဲ ခါးစည်း ခံလာကြရ တတ်ပါ တယ်။ အဲဒါကြောင့်ပဲ နိုင်ငံတွေမှာ အုပ်ချုပ်သူတွေဟာ ၊ ဆင်ခြင်တုံတရားနဲ့ ယှဉ်တဲ့ ဥာဏ် အမြော်အမြင်၊ အသိပညာ၊ အတတ်ပညာတွေ ရှိဖို့က အဓိကအကျဆုံး လိုအပ်ချက် ဖြစ်လာတာပါပဲ။

ဒီနေရာမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်းဖြစ်ပြီး မြန်မာ့ဂုဏ်ဆောင်ပုဂ္ဂိုလ်ကြီးလည်းဖြစ်တဲ့ ပန်းတနော် ဦးသန့်ရဲ့ ဆောင်းပါးတွေနဲ့ပဲ ဆက်ပြီး ကိုးကားဆွေးနွေးသွားချင်ပါတယ်။ ပြီးခဲတဲ့တပတ်မှာ နိုင်ငံတနိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဆိုရင် အဲဒီနိုင်ငံရဲ့ ပညာရေးဟာ နိုင်ငံသားတွေကို နှလုံးရည်ပြည့်ဝတဲ့ ပြည်သူ ပြည်သားကောင်း (Good Citizen) ပီသအောင် လေ့ကျင့်ပျိုးထောင်ပေးတဲ့ ပညာရေးဖြစ်ရမယ်လို့ ရေးသားခဲ့တဲ့ ဦးသန့်ရဲ့ ဆောင်းပါးကို ဆွေးနွေးတင်ပြခဲ့ပါတယ်။

တကယ်လည်း အနာဂတ်နိုင်ငံကို ခေါင်းဆောင်ကြရမယ့် လူငယ်တွေအနေနဲ့ နိုင်ငံသားကောင်းပီသမှု ဆိုတာကို သေသေချာချာနားလည်မှပဲ အကြမ်းဖက်ဝါဒကို ကျင့်သုံးတဲ့ အာဏာရှင်စနစ်ကို လက်သင့်မခံကြရဘူးဆိုတာကို သဘောပေါက် ကြမှာ ဖြစ်ပါတယ်။ အဲသလိုပဲ နိုင်ငံသားကောင်း အဖြစ် နေထိုင်နည်းကို သိမှပဲ၊ လူအချင်းချင်း တန်ဖိုးထားတတ်တဲ့၊ ငဲ့ညှာရိုင်းပင်းတတ်တဲ့ အသိပညာနဲ့အတူ မတရားတဲ့ အမိန့်အာဏာတွေကို လက်မခံရဘူး ဆိုတဲ့ ဥာဏ်ပညာမျိုးတွေ ရှိလာမှာဖြစ်ပါတယ်။

တကယ်တော့ ကျောင်းသူကျောင်းသားတွေကို နိုင်ငံသားကောင်းဖြစ်လာအောင် တာဝန်ယူ သင်ပြပေးရတဲ့ ဆရာဆရာမတွေကိုယ်တိုင်လည်း နိုင်ငံသားကောင်း ပီသ ဖို့လိုပါတယ်။ အဲဒီအတွက် ဦးသန့်က Civic Education ကို သင်ကြားတဲ့ ဆရာတွေမှာ ရှိရမယ့် အရည်အချင်းတွေကို သုံးသပ်တင်ပြခဲ့ပါတယ်။ ဒါဟာ ခေါင်းဆောင်လုပ်သူမှန်သမျမှာ ရှိရမယ့် အရည်အချင်းတွေလည်းပဲ ဖြစ်ပါတယ်။

ဦးသန့်ရဲ့ဆောင်းပါးအရပြောရရင်.. ခေါင်းဆောင်နေရာမှာ ရှိတဲ့သူတွေ၊ ဆရာတွေဟာ နမူနာယူရလောက်တဲ့ အကျင့်စာရိတ္တကောင်း ရှိဖို့ လိုပါတယ်။ တည်ကြည်သန့်ရှင်းစွာ နေထိုင်တတ်ရမယ်၊။ သာယာချေငံသော စကားကို ဆိုတတ်ရမယ်၊ အထွေထွေ ဗဟုသုတနဲ့လည်း ပြည့်စုံရမယ်၊ ခေတ်မီရမယ်၊ စာစုံဖတ်ရမယ် လို့ ဆိုပါတယ်။ ဒါကလည်း ဆရာဖြစ်သူ... တနည်းအားဖြင့်.. ခေါင်းဆောင်ဖြစ်သူက ခေတ်မီဗဟုသုတနဲ့ ပြည့်စုံမှပဲ လက်ခံသင်ယူသူတွေ.. နောက်လိုက်တွေအတွက် လိုအပ်တဲ့ ဗဟုသုတတွေကို ပြန်လည်ဖြန့်ဖြူး ပို့ချနိုင်မှာ ဖြစ်ပါတယ်။

အခု မြန်မာနိုင်ငံမှာကတော့ ကျောင်းဆရာတွေဟာ စားဝတ်နေရေးဖိစီးမှုဒဏ်နဲ့၊ အလုပ်ချိန် မတန်တဆ ပေးနေကြရတဲ့ ဒဏ်တွေကြောင့်မို့လို့၊ စာဖတ်ချိန်တောင် မယူနိုင်ကြရတဲ့အခြေနေတွေ ဖြစ်နေရတာပါ။ အဲဒီအပြင် လစာမလုံလောက်မှုကြောင့် တရားမ၀င် ကျူရှင်ပြတဲ့အလုပ်တွေကို ခိုးလုပ်နေကြရတာမို့ စာရိတ္တ တွေပါ အထိပါးခံရသလို ဖြစ်နေကြရတာပါ။

ဦးသန့်ရဲ့အဆိုအရဆိုရင် ဆရာဟာ နိုင်ငံရေးပါတီစွဲ ကင်းရမယ်လို့လည်း ဆိုပါတယ်။ တကယ်လို့ ဆရာက နိုင်ငံရေးပါတီစွဲရှိခဲ့ရင် သူသင်ရတဲ့ကျောင်းသားကိုပါ သူယုံကြည်တဲ့ ပါတီအယူအဆတွေ သွပ်သွင်းမိတတ် တယ်လို့လည်း ပြောထားပါတယ်။ ဒါဟာ ဒီမိုကရေစီပညာရေးကျင့်စဉ်တွေထဲမှာပါတဲ့ ကျောင်းသင်ခန်းစာ တွေထဲမှာ နိုင်ငံရေးဆိုင်ရာအယူဝါဒတွေ အတင်းအကျပ် မသွပ်သွင်းသင့်ဘူးဆိုတဲ့ အတိုင်းပဲ ဖြစ်ပါတယ်။ ဒီအချက်မှာလည်း လက်ရှိမြန်မာနိုင်ငံမှာ စစ်အစိုးရက လွဲမှားတဲ့ အချက်အလက်တွေနဲ့ နိုင်ငံရေးမှိုင်း တိုက်တဲ့ သင်ခန်းစာမျိုးတွေကို ပြဌာန်းထားတာမို့ ဆရာတွေကလည်း အဲဒီ သင်ခန်းစာတွေကိုပဲ သင်ပေးနေကြရပါတယ်။ အဲဒီအပြင် ပညာရေးနဲ့ မသက်ဆိုင်တဲ့ ကြံ့ဖွံ့လို အဖွဲ့အစည်းမျိုးတွေကို ဆရာတွေရော ကျောင်းသားတွေပါ ၀င်ပြီး လှုပ်ရှားဆောင်ရွက်ပေးနေရတာဟာ ဒီမိုကရေစီကျင့်စဉ်နဲ့ အလှမ်းဝေးနေသေးတယ်ဆိုတာကို သက်သေ ပြနေတာပဲ ဖြစ်ပါတယ်။

ဦးသန့်ကတော့ ကျောင်းဆရာတယောက်မှာ အလိုအပ်ဆုံးအချက်က မျိုးချစ်စိတ်ထက်သန်ဖို့ပဲလို့ ဆိုပါတယ်။ ဆရာဖြစ်သူက မျိုးချစ်စိတ်ထက်သန်မှ နိုင်ငံနဲ့ နိုင်ငံသားတွေအပေါ် စေတနာရှိမှာ ဖြစ်တယ်လို့ဆိုပါတယ်။ တကယ်လည်း အဲဒီအချက်ဟာ ခေါင်းဆောင် လုပ်သူတွေမှာ ရှိရမယ့် အဓိကကျလှတဲ့ လိုအပ်ချက်ပဲ ဖြစ်ပါတယ်။ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို တိုးတက်ကြီးပွားစေလိုစိတ်၊ ငြိမ်းချမ်းသာယာစေလိုစိတ်တွေ ရှိဖို့ဆိုတာ ဟာ နိုင်ငံချစ်စိတ် မျိုးချစ်စိတ် အခြေခံရှိမှပဲ ဖြစ်မှာပါ။ အဲလိုမှပဲ ဆရာကောင်းပီသစွာနဲ့ တပည့်ကောင်းတွေကို နိုင်ငံသားကောင်းတွေအဖြစ် ပျိုးထောင်မွေးထုတ်နိုင်မှာလည်း ဖြစ်ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မြန်မာ့ဂုဏ်ဆောင် ပန်းတနော်ဦးသန့်က ကျောင်းပညာရေးထဲကနေ နိုင်ငံသားကောင်းတွေမွေးထုတ်ဖို့အတွက် လိုအပ်ချက်တွေ ကို ဆွေးနွေးထားတာဆိုပေမဲ့လို့ တကယ်တော့ နိုင်ငံသားကောင်းပီသဖို့ အလေ့အကျင့် ဆိုတာ လူ့ဘောင်လောကတခုလုံးမှာကို သင်ယူကျင့်ကြံနေဖို့ လိုအပ်တယ်ဆိုတဲ့ အထိရောက်အောင် ဆရာကြီးက အကျယ်တ၀င့် သုံးသပ်ပြခဲ့တာပါ။ ဒါဟာ နိုင်ငံကောင်း တနိုင်ငံဖြစ်ဖို့ ပြည်သူလူထုအနေနဲ့ နိုင်ငံသားကောင်းပီသဖို့လိုသလို လူထုရှေ့ဆောင်ရမယ့် ခေါင်းဆောင် လုပ်သူတွေကိုယ်တိုင်လည်း နိုင်ငံသားကောင်း ပီသဖို့လိုတယ် ဆိုတာကိုပါ ဆရာကြီးဦးသန့်ရဲ့ဆောင်းပါးက ဖော်ပြနေတာဖြစ်ပါတယ်

မေငြိမ်း(၁၆၊၁၀၊၀၇)

Wednesday, February 13, 2008

Civic Education

လတ်တလော ဖြစ်ပျက်သွားတဲ့ သံဃာတော်တွေ ဦးဆောင်တဲ့ မေတ္တာပို့ဆုတောင်းပွဲတွေကို အာဏာပိုင်တွေ ဘက်က ရက်ရက်စက်စက်နှိမ်နင်းတဲ့ ကိစ္စတွေကို ကြည့်မယ်ဆိုရင် ရုတ်တရက်တော့ အာဏာရှင်တွေရဲ့ မေတ္တာတရားခေါင်းပါးမှုနဲ့ အာဏာကို အလွန်အကျွံ မက်မော ဖက်တွယ်မှုတွေကြောင့် ဖြစ်ရတယ်လို့ပဲ အကြမ်းဖျဉ်း သုံးသပ်ရမှာဖြစ်ပါတယ်။ ။

ဒီအဖြစ်အပျက်တွေဟာ ကမ္ဘာမှာ မြန်မာရဲ့ နိမိတ်ပုံကို အကြီးအကျယ် အရုပ်ဆိုး အကျည်းတန်သွားစေခဲ့ ပါတယ်။ ဒီလို ဖြစ်ပျက်ခဲ့ရတဲ့ တကယ့် အခြေခံအကြောင်းရင်းကတော့ အာဏာရှင်တွေနဲ့ သူတို့ စေခိုင်းတာကို မမှိတ်မသုန် လိုက်နာခဲ့တဲ့ နောက်လိုက်တွေဟာ ဆင်ခြင်တုံတရားနဲ့ယှဉ်တဲ့ ပညာဥာဏ်ရှိသူတွေ မဟုတ်ကြလို့၊ ပညာတတ် မပီသကြလို့သာ ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ တနည်းအားဖြင့်တော့ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်း ထဲက နိုင်ငံကြီးသားတွေအဖြစ် နေထိုင်ကျင့်ကြံရတဲ့ ပညာမျိုးတွေကို လိုက်နာရကောင်းမှန်း မသိကြလို့သာ ဖြစ်ပါ တယ်။

နိုင်ငံတနိုင်ငံအနေနဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် အုပ်ချုပ်သူ နိုင်ငံ့ဦးဆောင်တွေသာမက အုပ်ချုပ်ခံ နိုင်ငံသားတွေ ကိုယ်တိုင်၊ နိုင်ငံကြီးသားပီသတဲ့ အတွေ့အကြုံ အကြားအမြင် နဲ့ အသိဥာဏ်ပညာတွေ ရှိဖို့ လိုအပ်ပါတယ်။ အဲဒီအတွက် နိုင်ငံသားတွေမှာ နိုင်ငံကြီးသားဆိုတာ ဘာလဲ... ၊ နိုင်ငံကြီးသားဖြစ်အောင် ဘယ်လို နေထိုင် ကျင့်ကြံရမှာလဲ... ဆိုတာတွေကို သိထား နားလည်ထားဖို့ လိုပါတယ်။ ဒါမှလည်း လူသားအချင်းချင်း စာနာငဲ့ညှာမှုတွေထားဖို့၊ ကိုယ့် မြို့ ကိုယ့်ရွာကို ကာကွယ်စောင့်ရှောက်ဖို့၊ ကိုယ့်အခွင့်အရေးကို တရား နည်းလမ်းကျ တောင်းဆိုယူတတ်ဖို့၊ သူတပါးအခွင့်အရေးတွေကို လေးစား လိုက်နာတတ်ဖို့ ဆိုတာတွေကို သိနားလည်ကြမှာဖြစ်ပါတယ်။ အဲလို သိမှ နားလည်မှလည်း ငြိမ်းချမ်းသာယာတဲ့ လူ့ဘောင်ကို ထူထောင်နိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့်မို့လည်း ကမ္ဘာ့နိုင်ငံကြီးတွေဟာ သူတို့ရဲ့ နို်င်ငံသားတွေကို နိုင်ငံကြီးသား ပီသဖို့အတွက် ကလေးအရွယ် ငယ်စဉ်ကတည်းက ကျောင်းပညာရေးထဲမှာ နိုင်ငံ့အရေးအရာတွေ၊ နိုင်ငံသားတယောက်ရဲ့ တာဝန်နဲ့ ကိုယ်ကျင့်တရား ဆိုင်ရာတွေကို Civic and Moral ဆိုတဲ့ ဘာသာရပ်တခုအဖြစ် အတန်းအဆင့်ဆင့်မှာ စနစ်တကျပြဌာန်းပြီး သင်ကြား လေ့ကျင့်ပေးတာ တွေ့ရပါတယ်။ ဒါဟာ အနာဂတ် ကမ္ဘာမှာ ငြိမ်းချမ်းရေး ထွန်းကားစေဖို့ဆီကို ဦးတည်တဲ့ ပညာရေးပဲ ဖြစ်ပါ တယ်။

တကယ်တော့ မြန်မာနိုင်ငံမှာလည်း ဥာဏ်ပညာ အမြော်အမြင်ကြီးလှတဲ့အတွက်ကြောင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်လာတဲ့ ပန်းတနော် အမျိုးသား ကျောင်းအုပ် ဦးသန့်က လွတ်လပ်ရေးမရခင် ၁၉၄၀ကျော်လောက်ကတည်းက မြန်မာနိုင်ငံ ပညာရေးထဲမှာ ကျောင်းသားလူငယ်တွေကို ပြည်ရေးပြည်ရာ ဘာသာရပ် ဆိုပြီးတော့ Civic Education ကို ထည့်သင်ဖို့ အကြံပေးခဲ့တာ ရှိပါတယ်။ အဲဒီလို အကြံပေးရာမှာ ဦးသန့်က ပြည်ရေးပြည်ရာ သင်ကြားရတဲ့ ရည်ရွယ်ချက်က အစ၊ သင်ရိုးအဖြစ် ပါဝင်သင့်တဲ့ သင်ခန်းစာ တွေကိုပါ အသေးစိပ်ထည့်ပြီး ဆောင်းပါးအဖြစ် ရေးသားတင်ပြခဲ့ပါတယ်။ အဲဒီဆောင်းပါးပါ အချက်အလက် အကြောင်းအရာတွေကို ဒီ ပညာရေး ကဏ္ဍ ကနေ အပိုင်းလိုက်ခွဲပြီး တင်ပြသွားပါမယ်။

ဦးသန့်က ပြည်ရေးပြည်ရာ သင်ကြားခြင်းရဲ့ ရည်ရွယ်ချက်ကစပြီး ရှင်းလင်း တင်ပြခဲ့ပါတယ်။ 'တကယ်တော့ ပညာရေးဆိုတာဟာ ကလေးသူငယ်တွေကို အသိဥာဏ် ကျယ်ဝန်းလာစေပြီး ပြည်သူပြည်သား ကောင်း(Good citizen)တွေ ဖြစ်လာစေဖို့ပဲ' လို့ နှစ်ဆယ်ရာစု ပညာရှင်ကြီးတွေက လက်ခံထား ကြောင်းကို ဦးသန့်က ကိုးကားခဲ့ပါတယ်။ ဒါကြောင့်ပဲ ကလေးတွေအတွက် ကျောင်းသင်ပညာရေးထဲမှာ ခေတ်နဲ့ လျော်ညီအောင် ပြည်ရေးပြည်ရာဘာသာရပ်တွေ ထည့်သင်ဖို့ လိုတယ်လို့ အကြံပေး ခဲ့ပါတယ်။

ပြည်ရေးပြည်ရာ ဆိုတာ ပြည်သူပြည်သားတို့ရဲ့ အရေးအရာ၊ ပြည်သူပြည်သားတို့ သိသင့်သိထိုက်တဲ့ ဆက်ဆံရေး၊ ပညာရေး၊ စီးပွားရေး၊ နိုင်ငံရေးတွေအပြင် ပြည်သူပြည်သားတွေရဲ့ ရပိုင်ခွင့် (ပိုင်ခွင့်ပိုင်ရေး) နဲ့ တာဝန်ဝတ္တရားတွေပဲ ဖြစ်တယ်လို့ ဦးသန့်ရဲ့ဆောင်းပါးမှာ တွေ့ရပါတယ်။ ပြည်ရေးပြည်ရာဆိုတာဟာလည်း ကိုယ့်နိုင်ငံ အရေးတင်မဟုတ်ဘဲ ကမ္ဘာ့အရေးကိစ္စတွေကိုပါ ပြည်ရေးပြည်ရာအဖြစ် သိနေ နားလည်နေရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ခုလို ကမ္ဘာတခုလုံး ထိစပ် ပတ်သက် လာပြီဖြစ်တဲ့ Globalization ကာလမှာဆိုရင် Civic Education ဟာ ပို အရေးကြီးလာပါပြီ။

အဓိက ကတော့ "ပြည်ရေးပြည်ရာ ဘာသာရပ် သင်ပေးရတာဟာ နိုင်ငံသားတွေကို အသိဥာဏ် ကျယ်ဝန်း မြင့်မားလာစေဖို့၊ အများကောင်းကျိုးကို မိမိတဦးတည်းရဲ့ ကောင်းကျိုးထက် ရှေးရှုတတ်စေဖို့၊ မျှတတဲ့ စိတ်မျိုး ရှိဖို့၊ ကိုယ်ချင်းစာတရားထားစေတတ်ဖို့၊ အမျိုးကို ချစ်တတ်စေဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေ ပါတာမို့လို့ ပြည်သူ့လမ်းညွှန်၊ ပြည်သူ့နီတိလို့လည်း ခေါ်နိုင်တယ်" လို့ ဦးသန့်က တင်ပြထားပါတယ်။ တနည်းအားဖြင့်တော့ ငြိမ်းချမ်းရေးကို ဦးတည်တဲ့ သင်ခန်းစာတွေ သင်ကြားဖို့ပဲဖြစ်ပါတယ်။

ဦးသန့်ရဲ့ ဆိုလိုချက်အရတော့ အဲဒီ ပြည်ရေးပြည်ရာ Civic Education ကို သင်ကြားရာမှာ အနိမ့်ဆုံး အခြေခံအနေနဲ့ ကျောင်းသားတွေကို ကိုယ့် အိမ်မှာ အမိအဘမောင်နှမတွေနဲ့ ချစ်ချစ်ခင်ခင် နေထိုင်ရပုံတွေ၊ အဲဒီထက်ပိုပြီး ရပ်ကွက်ထဲ မြို့ရွာထဲ၊ နောက်ထပ်တဆင့် ပိုပြီး ကျယ်ပြောစွာ နိုင်ငံနီးချင်းများနှင့် ကမ္ဘာသူ ကမ္ဘာသားများ အချင်းချင်းထိ၊ မေတ္တာတရားအခြေခံနဲ့ ချစ်ချစ်ခင်ခင် နေထိုင်ကြရပုံတွေ၊ နောက်ဆုံး အမြင့်ဆုံးအဖြစ် ဒီမိုကရေစီနည်းကျကျ ကျင့်ကြံနေထိုင်နည်းအထိ ချဲ့ထွင်သင်ကြားပေးနိုင်တာမျိုးကို ကျောင်းဆရာကြီးတယောက်အနေနဲ့ သင်ရိုး အညွှန်းတွေနဲ့တကွ အကြံပေးဆွေးနွေးခဲ့တာ တွေ့ရပါတယ်။ ခုဆိုရင် ဦးသန့် လမ်းညွှန် ပေးခဲ့တာဟာ နှစ်ပေါင်း၆၅နှစ်ကျော် ကြာခဲ့ပါပြီ။

တကယ့်လက်တွေ့မှာတော့ မြန်မာနိုင်ငံပညာရေးထဲမှာ ၁၉၆၂နောက်ပိုင်းကစလို့ လောကနီတိ ဆိုတာက လည်း ပြဌာန်းချက်အနေနဲ့ပါပေမဲ့ စာသင်ချိန် သေသေချာချာ သတ်မှတ်ပေးထားတာမျိုး မရှိဘဲ ဖွံ့ဖြိုးရေး အချိန်တွေမှာ တခါတလေအဖြစ် သဘောလောက်သာ သင်တာကို တွေ့ရပါတယ်။ အထူးသဖြင့်တော့ ၁၉၈၈ခုနှစ် နောက်ပိုင်းမှာဆိုရင် ကျောင်းတွေမှာ စာသင်ခန်းတွေမှာ နိုင်ငံသားတယောက်ရဲ့ တာဝန် ဆိုတာမျိုးနဲ့ ဒီမိုကရေစီကျင့်စဉ်တွေကို ထုတ်ဖော်ပြောမိရင်တောင် ပြောသူကို နိုင်ငံရေးမှုလို့ အမည်တပ်ပြီး နှစ်ရှည် ထောင်ချပစ်တာပါ။ အဲလို ပညာရေးစနစ်ရဲ့ အကျိုးဆက်ကြောင့်ပဲ အလုအယက် အပြိုင်အဆိုင် တိုးတက်ဖွံ့ဖြိုးနေကြတဲ့ ကမ္ဘာ့အလယ်မှာ မြန်မာနိုင်ငံရဲ့ ပြည်သူလူထုကတော့ ကမ္ဘာ့အဆင့်မီ နိုင်ငံရေး အသိအမြင် ဗဟုသုတအရာတွေမှာ အားနည်းနေခဲ့ကြရပါတယ်။ အဆိုးဆုံးကတော့ မြန်မာလူထုအပေါ် နှစ်ပေါင်းများစွာ ဗိုလ်ကျစိုးမိုး အုပ်ချုပ်လာခဲ့တဲ့ စစ်တပ်အဖွဲ့အစည်းထဲက အသိအမြင် ဆင်ခြင်တုံတရား ခေါင်းပါးနေမှုပဲ ဖြစ်ပါ တယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ကို အကောင်အထည် ဖော်နေပါတယ်လို့ ကမ္ဘာကို ကြေညာထားတဲ့ စစ်ခေါင်းဆောင်များကိုယ်တိုင်က အထွတ်အမြတ်ထားပါတယ်လို့ ကြွေးကြော်ခဲ့တဲ့ ရတနာသုံးပါးဝင် သံဃာတော်တွေကိုတောင် ရက်ရက်စက်စက် သတ်ဖြတ်တဲ့အထိ လုပ်ရဲလာတာဟာ ကောင်းမွန်မှန်ကန်တဲ့ ပညာရေးကို မရယူခဲ့ကြရတဲ့အပြင်၊ လွဲမှားတဲ့ အမိန့်နာခံရေးကိုသာ ဦးတည် သင်ယူခဲ့ကြရတဲ့ ပညာရေးစနစ်ရဲ့ ဆိုးကျိုးဆက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ အနာဂတ်ငြိမ်းချမ်းဖို့ သာယာဝပြောဖို့နဲ့ ကမ္ဘာ့အလယ်မှာ ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်ဖို့ဆိုရင် ကျောင်းပညာရေးထဲမှာ ငြိမ်းချမ်းရေးကို ဦးတည်စေတဲ့ နိုင်ငံသား ဆိုင်ရာကျင့်ဝတ် Civic Education ကို သင်ကြားခွင့်ပေးမယ့် အစိုးရတရပ် အမြန်ဆုံး ပေါ်ပေါက်လာဖို့က ခုအချိန်မှာ အဓိက ကျလှတဲ့ လိုအပ်ချက်ပဲ ဖြစ်ပါတယ်ရှင်။

မေငြိမ်း
၇၊၁၀၊၀၇။

Wednesday, February 6, 2008

တူညီဝတ်စုံ

မြန်မာနိုင်ငံရဲ့ တက္ကသိုလ်ပညာရေး အရည်အသွေး ကျဆင်းလာရတဲ့ အကြောင်းရင်းတွေထဲမှာ ကျောင်းသား တွေကို ကျောင်းစည်းကမ်းတွေ အမျိုးမျိုးထုတ်ပြီး တင်းတင်းကျပ်ကျပ် ကိုင်တွယ်လာတာကြောင့် ကျောင်းသားတွေအနေနဲ့ ကျောင်းနေမပျော်လို့ စာမတော်ကြရခြင်းကလည်း အကြောင်းတရပ်ပဲ ဖြစ်ပါတယ်။

၂၀၀၆-၂၀၀၇ ပညာသင် နှစ်ကစပြီး တက္ကသိုလ်တွေမှာ တူညီဝတ်စုံ ယူနီဖောင်း ၀တ်ရမယ်လို့ သတ်မှတ်လိုက် ပါတယ်။ ကျောင်းသား အများစုက အဲဒီ သတ်မှတ်ချက်ကို အလွယ်တကူ နာခံချင်စိတ် မရှိခဲ့ကြပါဘူး။ အာဏာပိုင်တွေဘက်ကတော့ စည်းကမ်းပိုရှိဖို့ ရည်ရွယ်တာလို့ အကြောင်းပြခဲ့ပါတယ်။ ဒါပေမဲ့ “စစ်အစိုးရရဲ့ လက်အောက် မှာ ကျောင်းပညာရေး လောကကိုတောင် စစ်တပ်ဆန်ဆန် ယူနီဖောင်း သတ်မှတ်တာပဲ၊ အမိန့်သုံးတာပဲ” လို့ ပြောကြပါတယ်။

တကယ်တော့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကလည်း တက္ကသိုလ်တွေမှာ တူညီဝတ်စုံ ၀တ်သင့်တယ်လို့ အားပေးခဲ့ဖူးပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဦးသန့် နဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ အပြန်အလှန်ဆောင်းပါး ရေးခဲ့ကြဖူးပါတယ်။ ဦးသန့်က တက္ကသိုလ် ကျောင်းသား ဆိုတာဟာ အရွယ်ရောက်ပြီးသားမို့ ဒီလိုနေရာမှာ လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိသင့်တာကြောင့် တူညီဝတ်စုံ မ၀တ်သင့်ဘူးလို့ ဆွေးနွေးတာပါ။ ဗိုလ်ချုပ်အောင်ဆန်းကတော့ ကျောင်းသားတွေ ဂုဏ်တုဂုဏ်ပြိုင် မရှိဘဲ အားလုံး တပြေးညီ စိတ်မျိုးရှိအောင်၊ စည်းလုံးညီညွတ်မှု ရှိအောင်၊ ပကာသန မရှိအောင် ဆိုတဲ့သဘောနဲ့ တူညီ ၀တ်စုံ ၀တ်သင့်တယ်လို့ ဆွေးနွေးတာပါ။ ဒီနေရာမှာ အယူအဆ နှစ်မျိုးစလုံးကတော့ စေတနာ ပါတဲ့ အယူအဆတွေပါပဲ။ ဒါပေမဲ့ စည်းကမ်းဟာ အမိန့်ဆန် မနေဖို့တော့ လိုပါတယ်။ ဒီကနေ့ မြန်မာနိုင်ငံမှာ ဖြစ်နေရတဲ့ ပြဿနာတွေက အာဏာပိုင်တွေရဲ့ အမိန့်ဆန်တဲ့ စည်းမျဉ်းစည်းကမ်းတွေကြောင့်ပဲ ဖြစ်ပါတယ်။

တကယ်ကတော့ တက္ကသိုလ်ဆိုတာဟာ ကိုယ်ပိုင် ရွေးချယ်ခွင့်၊ ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးခွင့်တွေကို သေသေချာချာ ခွင့်ပြု ပျိုးထောင်ပေးရမယ့် နေရာပါ။ ဒီနေရာမှာ မြန်မာနိုင်ငံက ကျောင်းသားတွေဟာ လိုအပ်နေတဲ့ ကျောင်းသား အခွင့်အရေးတွေ ကိုလည်း မခံစားကြရဘဲ ချုပ်ချယ်ဟန့်တားမှုတွေကိုသာ ခံယူနေကြရတာပါ။ ဒါကြောင့် ကျောင်းသားတွေရဲ့ ပညာအရည်အချင်းနဲ့ စာရိတ္တပိုင်းကို ပြောပ လောက် အောင် မထိခိုက်စေနိုင်တဲ့အပြင် ပြောပလောက်တဲ့ တိုးတက်မှုမျိုးလည်း မဖြစ်စေနိုင်တဲ့ စည်းကမ်းချက်မျိုး တွေကို အမိန့်ဆန်ဆန် သတ်မှတ်ဖို့ မသင့်ဘူးလို့ ကျောင်းသား အများစုကတော့ လက်ခံထားကြပါတယ်။ တက္ကသိုလ် ပညာရေးထဲမှာ စာသင်သား တွေအနေနဲ့ ကမ္ဘာကို ရင်ပေါင်တန်းနိုင်တဲ့ တန်ဖိုးရှိတဲ့ ပညာကောင်းတွေ သင်ယူခွင့် ရဖို့ကသာ အရေးအကြီးဆုံး ဆိုတာကိုပဲ ကျောင်းသားတိုင်းက ခြွင်းချက်မရှိ သဘောတူ လက်ခံ ထားကြပါတယ်။

ခုချိန်မှာ တူညီဝတ်စုံ သတ်မှတ်ရတာဟာ ကျောင်းတွေမှာ တပြေးညီ စည်းလုံး ညီညွတ်မှု ရှိစေဖို့လို့ အာဏာပိုင်တွေဘက်က ပြောပေမဲ့လည်း ဒါဟာ ခိုင်မာတဲ့ အကြောင်းပြချက် လို့တော့ မဆိုနိုင်ပါဘူး။ တကယ်တော့ စည်းလုံး ညီညွတ်တဲ့ စိတ်ဓါတ်မျိုးရှိဖို့ဟာ အခြေခံပညာရေးအဆင့်မှာကတည်းက ကျောင်းပညာရေးထဲမှာ ကျောင်းသားတွေ အနေနဲ့ စစ်မှန်တဲ့ ပညာရေးလွတ်လပ်ခွင့်နဲ့ အတူတကွနေထိုင် ပညာသင်ခွင့် ရဖို့သာ လိုတာပါ။ အထူးသဖြင့် ကျောင်းသားတွေ အတူတကွ ပူးပေါင်း လုပ်ဆောင်ရတဲ့ ကျောင်းတွင်း လှုပ်ရှားမှု (Activities) တွေနဲ့သာ အဓိက သက်ဆိုင်တာပါ။ မြန်မာနိုင်ငံမှာက အခြေခံပညာမှာရော တက္ကသိုလ်မှာပါ ကျောင်းသူ ကျောင်းသားတွေ အတူတကွ ယှဉ်တွဲ ပူးပေါင်း လုပ်ဆောင်ရတဲ့ လှုပ်ရှားမှုမျိုး မရှိပါဘူး၊ ပူးပေါင်း လုပ်ဆောင်မှုမျိုးကိုလည်း ခွင့်မပြုပါဘူး။

အဲဒီအပြင် တူညီဝတ်စုံ ၀တ်ရမယ်ဆိုတဲ့ စည်းကမ်းချက်ဟာ ပညာရည်တိုးတက်မှုနဲ့လည်း လုံးလုံး မသက်ဆိုင်တာကြောင့်မို့လို့ ကျောင်းသားတွေကတော့ သူတို့ကို သက်သက် ချုပ်ချယ်ကန့်သတ်ထားတဲ့ အမိန့် တခုလိုသာ ယူဆကြပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ ပညာရေးအာဏာပိုင်တွေဟာ ကျောင်းသားတွေ အပေါ်မှာ ကျောင်းခေါ်ချိန်ကို တင်းတင်းကျပ်ကျပ် ချုပ်ကိုင်သလိုပဲ တူညီဝတ်စုံဝတ်ရမယ် ဆိုတဲ့ အမိန့်ကိုလည်း အာဏာစက် တခုလို ကိုင်တွယ်ထားတာကြောင့်သာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ ယှဉ်ရင် ပညာရေးအရာမှာ ကမ္ဘာ့အဆင့်မီ ဖြစ်နေတဲ့ ထိုင်းနိုင်ငံရဲ့ တက္ကသိုလ်တွေမှာလည်း တက္ကသိုလ်ကျောင်းသားတွေဟာ တူညီဝတ်စုံ ယူနီဖောင်း ၀တ်ကြရပါတယ်။ ဒါပေမဲ့ ကျောင်းသားအခွင့်အရေးနဲ့ ပညာရေးလွတ်လပ်ခွင့် အပြည့်ရနေတဲ့ ကျောင်းသားတွေအတွက်တော့ ကျောင်းဝတ်စုံ (Uniform) ၀တ်ရခြင်းက စိတ် အနှောက်အယှက် မဖြစ်စေတော့ပါဘူး။ အဲဒီ စည်းကမ်း သတ်မှတ် ချက် ကို လိုက်နာဖို့လည်း ၀န်မလေးတော့ပါဘူး။ ကျောင်းဝတ်စုံ မ၀တ်ခဲ့ရင် တချို့ ဆရာတွေက စာသင်ခန်းထဲ ပေးမ၀င်တဲ့အတွက် ကျောင်းသားတွေဟာ သူတို့အတွက် အဖိုးတန်တဲ့ စာသင်ချိန်တွေကို လက်လွတ်မခံနိုင်တာမို့ ယူနီဖောင်းကို ဂရုစိုက်ဝတ်ကြ ရပါတယ်။ ပြီးတော့ ကျောင်းဝတ်စုံနဲ့ မဟုတ်ရင် စာကြည့်တိုက်ဝင်ခွင့်၊ ကွန်ပျူတာခန်းတွေလည်း ၀င်ခွင့်မရပါဘူး။

ဒါပေမဲ့ ထိုင်းနိုင်ငံမှာတော့ ကျောင်းသားတွေဟာ နှစ်ပေါင်းများစွာကတည်းက အစဉ်အလာ ရှိပြီးသား ဖြစ်တဲ့အတွက် တူညီဝတ်စုံ ၀တ်ရတာကို ဘာမှ ထူးထူးခြားခြား မခံစားရဘူးလို့ ပြောကြပါတယ်။ ကျောင်းသူတွေကတော့ တူညီဝတ်စုံ ၀တ်ရတာကြောင့် အ၀တ်အစားအတွက် အချိန်ပို မကုန်တော့ဘူး၊ အလုပ်မရှုပ်တော့တာမို့ ပိုကောင်းတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာကတော့ တူညီဝတ်စုံဟာ ကျောင်းသား တွေကို ကန့်သတ်ချုပ်နှောင်တဲ့ အမိန့်လို ဖြစ်နေပါတယ်။ ကျောင်းသားတွေအတွက် အဓိကလိုအပ်တဲ့ အဆင့်မြင့်ပညာရေး၊ အဆင့်မီ ပညာရေးကိုတော့ ဖြည့်ဆီး ဖန်တီး မပေးနိုင်ဘဲနဲ့ နေရာတိုင်းမှာ ချုပ်ချယ် ကန့်သတ် ထားတာသာ ရှိတာမို့ ကျောင်းသားတွေဟာ တူညီဝတ်စုံ သတ်မှတ်ချက်ကိုလည်း ချုပ်ချယ်မှု တခုလိုပဲ လက်ခံထားကြတာဖြစ်ပါတယ်။

ခု မြန်မာနိုင်ငံမှာက ကျောင်းဝတ်စုံ မ၀တ်ရင် ကျောင်းဝင်းထဲမ၀င်ရဘူး ဆိုတာအပြင် ကျောင်းအလိုက် ၀တ်စုံ အရောင်ကို ခွဲခြားသတ်မှတ်ထားပြီးတော့ တကျောင်းနဲ့ တကျောင်း လုံးဝ ကူးသန်း သွားလာ မလုပ်ရ ဆိုတာမျိုးအထိပါ ပိတ်ပင် တားဆီးထားပါတယ်။ အဲဒီ တားမြစ်ချက်ကို ချိုးဖောက်ရင် ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ပါ ကြေငြာထားတာမျိုးဟာ ဘယ်နိုင်ငံရဲ့ ဘယ်တက္ကသိုလ်မှာမှ မရှိတဲ့ စည်းကမ်း ဥပဒေမျိုးပါ။ အထူးသဖြင့် ကွန်ပျူတာ တက္ကသိုလ်နဲ့ နည်းပညာတက္ကသိုလ်လို လူနည်းစုသာရှိတဲ့ ကျောင်းတွေမှာဆိုရင် ကျောင်းသား ကျောင်းသူတွေကို လွန်လွန်ကဲကဲ တင်းတင်းမာမာ စည်းကမ်း ကိုင်တွယ်နေတာ တွေ့နေရ ပါတယ်။

ရန်ကုန် ရွာသာကြီးမှာရှိတဲ့ ကွန်ပျူတာတက္ကသိုလ်မှာဆိုရင် ကျောင်းအုပ်ဆရာမကြီးက တူညီဝတ်စုံကိစ္စကို အလွန်ကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်တယ်လို့ ဆိုပါတယ်။ ဖျားနာနေတဲ့ကြားက ကျောင်းခေါ်ချိန် မပြည့်မှာကြောက်လို့ အနွေးထည်ဝတ်ပြီး ကျောင်းလာတက်တဲ့ ကျောင်းသူတွေကိုတောင် ယူနီဖောင်းအပေါ်မှာ အနွေးထည် ထပ်ဝတ်ဖို့ ခွင့်မပြုတဲ့အတွက် ဒုက္ခရောက်ကြရတယ်လို့ ဆိုပါတယ်၊ တကြိမ်မှာဆိုရင် အနွေးထည် ၀တ်ထားတဲ့ ကျောင်းသူတယောက်ကို အနွေးထည်ကို သိမ်းယူသွားပြီးတော့ ပြန်မပေးတာမျိုးတောင် ရှိတယ်လို့ အဲဒီ ကွန်ပျူတာ တက္ကသိုလ်က ကျောင်းသူ တယောက်က ပြောပြပါတယ်။ ဒါဟာ ကျောင်းစည်းကမ်း အရ အရေးယူတာမျိုးနဲ့ မတူတဲ့အပြင် မိဘနဲ့ တဂိုဏ်းတည်း နေရာမှာရှိတဲ့ ဆရာ တယောက်အနေနဲ့ ကိုယ့် တပည့်တွေအပေါ် မလုပ်သင့်တဲ့ အလုပ်မျိုးပါ။ တကယ်တော့ ထိုင်းနိုင်ငံက တက္ကသိုလ်တွေမှာဆိုရင် စာသင်ခန်း စာကြည့်တိုက် နဲ့ ကွန်ပျူတာခန်းတွေ အားလုံး လေအေးပေးစက် သုံးတာမို့လို့ ကျောင်းသူတွေ ကျောင်းသားတွေဟာ အားလုံးလိုလို အနွေးထည်လို အပေါ်အင်္ကျီတွေ ၀တ်ကြရတာပါပဲ။ ဒါပေမဲ့ ခုန ကွန်ပျူတာ တက္ကသိုလ်မှာလို ပြဿနာ အလုပ်ခံရတာမျိုး မရှိပါဘူး။

တက္ကသိုလ်ကျောင်းသားတွေအတွက် တူညီဝတ်စုံ ၀တ်ခြင်း မ၀တ်ခြင်းက ပြဿနာမဟုတ်ပါဘူး။ တက္ကသိုလ် ကျောင်းသားတွေကို ဘက်ပေါင်းစုံကနေ ချုပ်ချယ်ကန့်သတ် ပိတ်ပင်တားဆီးပြီး ပညာရေးလိုအပ်ချက်တွေကို ကျတော့ အဓိက ပြဿနာတွေ ဖြစ်လာတာပါ။ ဒါကို စစ်အစိုးရက နားလည်နိုင်မှု မရှိတောင်မှပဲ ပညာရေး အာဏာပိုင်ဖြစ်တဲ့ ဆရာ ဆရာမတွေက ကိုယ် ထိတွေ့ကိုင်တွယ်နေရတဲ့ ကျောင်းသားတွေရဲ့ ပြဿနာ တွေအပေါ် နားလည် ငဲ့ညှာစွာနဲ့ ကူညီဖြေရှင်းပေးရမှာဖြစ်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ ပညာရေး ဆောင်ပုဒ်တခု ဖြစ်တဲ့ “မိဘဆရာ ပူးပေါင်း ကလေးပညာကောင်း” ဆိုတာနဲ့ တသဘောတည်းပါပဲ။ ဒါကြောင့် ဆရာဆရာမတွေ အနေနဲ့ ကျောင်းသားကျောင်းသူတွေအပေါ် စေတနာထားပြီး ကူညီဆောင်ရွက်ပေးသင့်တယ် လို့ ဆွေးနွေး တင်ပြလိုက်ရပါတယ်။

မေငြိမ်း
၁၈၊၉၊၀၇။