Tuesday, September 25, 2007

သင်တန်းလိုအပ်ချက်

မြန်မာနိုင်ငံရဲ့ တက္ကသိုလ်ပညာရေးအဆင့်အတန်း ကျဆင်းလာရတဲ့ အကျပ်အတည်းတွေထဲမှာ ဆရာဆရာမ တွေရဲ့ သင်ကြားရေးအတွက် လိုအပ်လှတဲ့ ထိရောက်တဲ့ မွမ်းမံ သင်တန်းတွေ Workshop ပုံစံ ညှိနှိုင်း ဆွေးနွေးပွဲ တွေ လုပ်မပေးတာကလည်း ပြဿနာ တစ်ခုပဲ ဖြစ် ပါတယ်။

ဘာသာစကားသင်ကြားနည်းပညာရှင် Donald Freeman က ဘာသာစာပေ သင်ကြား ရေး နယ်ပယ်ထဲက ဆရာဆရာမတွေ အနေနဲ့ တစ်ယောက်နဲ့ တစ်ယောက် တွေ့ဆုံ ညှိနှိုင်း ဆွေးနွေး အဖြေရှာတဲ့ Workshop အစီအစဉ်မျိုးတွေ လုပ်ပေးဖို့လိုတယ်၊ ဒါမှ သူတို့ရဲအရည်အသွေးနဲ့ အသိပညာတွေကို အချင်းချင်း အကဲခတ် ပြီး နှီးနှော ဖလှယ်နိုင်မယ်၊ အကြံပေးနိုင်ကြမယ်၊ ဒါဟာ သင်ကြားရေးအတွက် တကယ် လိုအပ်တဲ့ အရေးပါတဲ့ လုပ်ငန်းစဉ် တစ်ခု ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

Barcelona က ဆရာဖြစ်သင်တန်းကျောင်းအုပ်ဆရာမ Jenny Jason ကလည်း သင်ကြားရေး စနစ် ဖွံ့ဖြိုးမှု အထောက်အကူပြု မွမ်းမံသင်တန်းတွေက ဆရာဆရာမတွေကို သူတို့ အလုပ်အပေါ် ပိုပြီး စိတ်ဝင်စားလာ စေနိုင်တယ်၊ ပိုပြီး ကျွမ်းကျင် ပိုင်နိုင် လာစေတယ်။ နှလုံးရည် တိုးတက်လာစေတယ်၊ အချင်းချင်းကိုလည်း ပိုပြီး အသိအမှတ်ပြုလာ၊ ပူးပေါင်း ကျွမ်းဝင် လာစေတယ်လို့ ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံနဲ့ အနီးဆုံး အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်းနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတွေမှာ တက္ကသိုလ်က ဆရာဆရာမ တွေအတွက် ပညာရေးနဲ့ ပတ်သက်ပြီး စုပေါင်းအဖြေရှာ ဆွေးနွေးပွဲတွေ၊ မွမ်းမံသင်တန်းတွေကို အစိုးရ အနေနဲ့ရော အစိုးရမဟုတ်တဲ့ ပညာရေး ဆိုင်ရာ အဖွဲ့အစည်း(NGO)တွေကပါ မကြာခဏ လုပ်ပေး ပါတယ်။ အဲဒီမှာ ဘာသာရပ် ဆိုင်ရာ အလိုက် ဌာနချင်းအနေနဲ့ရော ပြည်ပ ပညာရှင်တွေ ဖိတ်ခေါ်ပြီးတော့ရော သင်တန်းပေး ဆွေးနွေးကြတာပါ။ ဒါဟာ ပညာဗဟုသုတချင်း ဖလှယ်ရာလည်း ရောက်တာမို့လို့ အင်မတန် အသိပညာ တိုးစေတဲ့ အမြင်ကျယ်စေတဲ့ အစီအစဉ်တွေပါပဲ။

အထူးသဖြင့် အိန္ဒိယနိုင်ငံဆိုရင် ၂၀၀၅ခုနှစ်ထိမှာ တက္ကသိုလ်ကောလိပ်ပေါင်း ၁၆၈၈၅ ကျောင်း ရှိပြီး ဆရာဆရာမက ၄သိန်းခွဲကျော် ရှိပါတယ်။ ကျောင်းသူကျောင်းသားက ၉၉သိန်းခွဲ ရှိပြီး တရားဝင် ရုံးသုံး ဘာသာစကား အမျိုးပေါင်း ၂၃မျိုး ရှိတာမို့ သင်ကြားရေး အတွက် အင်မတန် အခက်အခဲ ဖြစ်စေတာပါ။ ဒီကြားထဲ မြန်မာနိုင်ငံက ထားဝယ်တို့ မြိတ်တို့ ရခိုင်တို့လို ဒေသိယစကားတွေကလည်း အမျိုး ၂၀၀၀ကျော် ရှိသေးတာပါ။ အဲဒီ အခက်အခဲ အကျပ်အတည်းတွေကို ဖြေရှင်းဖို့အတွက် အိန္ဒိယအစိုးရက ဆရာဆရာမ တွေ ကို ဆရာဖြစ်သင်တန်း ပေးပြီးတော့ အောင်လက်မှတ်ရမှ ဆရာအလုပ် ခန့်ပါတယ်၊ အလုပ်ခွင်ထဲ ရောက်သွားပြီးတော့ည်း On the job training လို့ခေါ်တဲ့ လုပ်ငန်းခွင် မွမ်းမံသင်တန်းတွေ အဆက်မပြတ် ပေးနေသေးတာပါ။ ဒါကြောင့်ပဲ အိန္ဒိယနိုင်ငံမှာ ပညာရေး ကောင်းကောင်း ရနေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာကတော့ ၁၉၈၈ကနေ ၁၉၉၀-၉၁အထိ တစ်ကြိမ်၊ ၁၉၉၆ကနေ ၁၉၉၈-၉၉အထိ တစ်ကြိမ်၊ ကျောင်းရက်ရှည်ပိတ်ခဲ့သမျကို ၁၉၉၉-၂၀၀၀ ပညာသင်နှစ်ကစပြီး ပြက္ခဒိန်နှစ် တစ်နှစ်ကို ပညာသင်နှစ် သုံးနှစ်အပြိုင် ဖွင့်တာမို့လို့ ဆရာဆရာမတွေဟာ ကျောင်းမှာ တာဝန်တွေကို မတန်တဆ ယူထားကြရပါတယ်။ သင်ကြားရေးအပြင် ကျောင်းတွင်း လုံခြုံရေးတာဝန်နဲ့ တခြား ဆရာဆရာမနဲ့ မသက်ဆိုင်လှတဲ့ ကျောင်းဝင်း သန့်ရှင်းရေးတို့ သစ်ပင်စိုက်ရတာတို့အတွက်ပါ အချိန်ပိုတွေ ပေးနေကြရပါတယ်။ တကယ်တမ်း ဆရာဆရာမ တွေရဲ့ သင်ကြားရေး အရည်အသွေး မြှင့်တင်ဖို့အတွက် အရေးတကြီး လိုအပ်တဲ့ မွမ်းမံသင်တန်းဆိုတာတော့ မရှိပါဘူး။

မြန်မာနိုင်ငံကဆရာမတွေဟာ အလုပ်ခွင်အတွင်း ဆွေးနွေးအဖြေရှာတဲ့ Workshop မျိုးလည်း တခါမှ မလုပ်ဖူးကြပါဘူး။ ဒါကြောင့် ဆရာဆရာမ အချင်းချင်း အရည်အသွေး တွေ စောင့်ကြည့် အကဲခတ်တာတို့ ၊တိုင်ပင်ဆွေးနွေးပြီး ပြဿနာတွေကို အဖြေရှာတာ တို့လည်း မလုပ်တတ်ကြတော့ပါဘူး။ ပိုဆိုးတာကတော့ ဆရာဆရာမတွေရဲအရည် အသွေး အပေါ် အကဲဖြတ်ပြီး ဆုပေး ဒဏ်ပေးတာမျိုးလည်း မရှိဘဲ သတ်မှတ်ထား တဲ့ နှစ်ပြည့်ရင် အလိုလို ရာထူးတက်တာမို့လို့ ဆရာဆရာမတွေအဖို့ အရည်အသွေး တက်အောင် ကြိုးစားချင်စရာ မက်လုံးကောင်းကောင်းလည်း မရှိဘူးလို့ ဆိုရပါမယ်။

အဲဒီ အကျိုးဆက်ကတော့ ကျောင်းသားကျောင်းသူအပေါ် စေတနာကြီးမားတဲ့ ဆရာ ဆရာမတွေအဖို့ ပို ပင်ပန်းတာသာ ရှိပြီး တခြား အသိအမှတ်ပြု ခံရတဲ့ အကျိုးကျေးဇူး မရှိတဲ့အတွက် တချို့ ဆရာဆရာမတွေမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုမျိုးတွေ ရှိလာတာပါပဲ။ အဲဒီအပြင် ပညာရည်မပြည့်တဲ့ ဆရာဆရာမတွေက ရာထူးကြီးမြင့်လာတဲ့အခါ သင်ကြားရေးမှာ အရေးကြီးတဲ့ ဘာသာရပ်တွေ မဖြစ်မနေ ကိုင်တွယ် လာရတဲ့ အတွက် ကျောင်းသားကျောင်းသူတွေရဲ့ ပညာသင်ယူရေးကို ထိခိုက်လာတာပါပဲ။ ဘာသာရပ် ဆိုင်ရာအလိုက် တိကျတဲ့ သင်ကြားနည်းပညာတွေလည်း မရှိတဲ့အတွက် ဆရာဆရာမ တွေဟာ တကျောင်း တစ်ဂါထာ တစ်ရွာ တစ်ပုဒ်ဆန်း ဆိုသလို သင်ခန်းစာတွေကို ကစဥ့်ကလျား ကိုင်တွယ်နေကြပါတယ်။ နောက်ဆုံး မဟာဘွဲ့ရ ပါရဂူဘွဲ့ရ ဆရာဆရာမ တွေတောင်မှပဲ သင်ကြားရေးနည်းပညာဆိုင်ရာ(Teaching Methodology) ဗဟုသုတ အရာ မှာတော့ အားနည်းနေကြတာ တွေ့နိုင်ပါတယ်။

တကယ်တော့ ဆရာဆရာမတွေဆိုတာ ကိုယ်တိုင် နိုင်ငံတကာ ဗဟုသုတကြွယ်ဝဖို့၊ ပူးပေါင်း ဆောင်ရွက် တတ်ဖို့၊ စာဖတ်နာဖို့၊ သူတပါးရဲ အရည်အသွေးကို အသိအမှတ် ပြုတတ်ဖို့၊ စာသင်ရတဲ့အလုပ်ကို ချစ်ခင် စုံမက်ဖို့၊ စိတ်ရှည်ဖို့၊ ကိုယ်တိုင် လေ့လာ သင်ယူ တတ်ဖို့၊ သူများ စိတ်ဝင်စားအောင် ပြောဆို ဆွေးနွေး တတ်ဖို့၊ ကိုယ်သင်ရမယ့် ဘာသာရပ်ကို ကျွမ်းကျင် ပိုင်နိုင်ဖို့ဆိုတဲ့ အရည်အသွေးတွေနဲ့ ပြည်စုံရမယ်လို့ ပညာရေး ပညာရှင်တွေက တညီတညွတ်တည်း ဆိုခဲ့ကြပါတယ်။ အဲဒီ အရည်အသွေးတွေကို မွမ်းမံ သင်တန်းတွေ workshop တွေကနေ ရနိုင်ပါတယ်။ ပြီးတော့ ဒါဟာ မြန်မာနိုင်ငံရဲ များပြားလှတဲ့ အထွေထွေ ပညာရေး အကျပ်အတည်းတွေထဲမှာတော့ အရေးတကြီး ဖြေရှင်းသင့်တဲ့ ပြဿနာတစ်ခုလည်း ဖြစ်ပါတယ်။

တကယ်တော့ မြန်မာနိုင်ငံက ဆရာဆရာမတွေဟာ စေတနာတွေ အနစ်နာတွေ ၀ါသနာ တွေ အရင်းခံပြီး တာဝန်ထမ်းဆောင်နေကြရတဲ့ သူတွေပါ။ အဲဒီ ဆရာဆရာမတွေ အားလုံး ဟာ သူတို့ရဲ့ နှလုံးရည် ပညာရည် မြင့်မားဖို့အတွက်၊ ကျောင်းသူကျောင်းသားတွေ ပညာရည် မြင့်မားဖို့အတွက် အခုလို ပညာခေတ်မှာ တကယ်လိုအပ်နေတဲ့ အရည်အသွေး မြှင့်သင်တန်းတွေ တက်ချင်ကြပါတယ်။ နိုင်ငံတကာ အဆင့်မီ ဆွေးနွေးပွဲတွေ တက်ချင်ကြ ပါတယ်၊ နိုင်ငံတကာ အသိအမြင်တွေ ဖလှယ်ချင်ကြပါတယ်။ တိကျ သေချာတဲ့ သင်ကြားနည်းစနစ်တွေကိုလည်း ဆည်းပူး နည်းယူချင်ကြပါတယ်။ ဒါပေမ့ အဲဒီ လိုအပ်ချက်တွေဟာ ၀န်ထမ်းတွေအနေနဲ့က တနိုင်တပိုင် ဖြေရှင်းလို့ရတဲ့ ကိစ္စမျိုး မဟုတ်ပါဘူး။ အာဏာပိုင်တဲ့ လူတန်းစားက ဖြည့်ဆည်းပေးမှ စီစဉ်ပေးမှသာ ရနိုင်တဲ့ အခွင့်အရေးမျိုးသာ ဖြစ်ပါတယ်။

မေငြိမ်း
၂၀၀၆။

Friday, September 21, 2007

ပြောင်းရွှေ့မိန့် ပြဿနာ

မြန်မာနိုင်ငံ တက္ကသိုလ် ပညာရေးစနစ်ထဲမှာ နောက်ထပ်ရှိနေတဲ့ အကျပ်အတည်း တစ်ခုကတော့ ဆရာ ဆရာမများရဲပြောင်းရွှေတာဝန် ထမ်းဆောင်မိန့် (Transfer Order) ပြဿနာပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ရန်ကုန်တက္ကသိုလ်နဲ့ မန္တလေးတက္ကသိုလ်တွေမှာ ရှိကြတဲ့ ဆရာဆရာမတွေပဲ ဖြစ်ပါတယ်။ အဲဒီ တက္ကသိုလ် တွေ မှာ ရှိကြတဲ့ ဆရာ ဆရာမတွေဟာ သုံးနှစ်ကို တစ်ကြိမ်နှုန်းနဲ့ နယ်တက္ကသိုလ်တွေကို ပြောင်းရွှေတာဝန် ထမ်းကြရပါတယ်။ နယ်ဒေသမှာ သုံးနှစ် မြိုတော်မှာ သုံးနှစ်ဆိုတဲ့ ပုံစံပါ။ အထူးသဖြင့်တော့ ရန်ကုန် တက္ကသိုလ် က ဆရာ ဆရာမတွေက အများဆုံး ပြောင်းကြရပါတယ်။

တက္ကသိုလ်တွေရဲ အရေးကိစ္စတွေကို ကိုင်တွယ်တဲ့ အဆင့်မြင့်ပညာ ဦးစီးဌာနကို အထက်မြန်မာပြည် အောက်မြန်မာပြည်လို့ ခွဲထားပေမဲ့ လိုအပ်ရင် အောက်မြန်မာပြည် ရန်ကုန်ကနေ အထက်မြန်မာပြည်က တက္ကသိုလ်တွေကို သွားကြရတာပါပဲ။ ဥပမာ- မြစ်ကြီးနားတက္ကသိုလ်တို့ တောင်ကြီးတက္ကသိုလ်တို့ကို အထက် မြန်မာပြည် အဆင့်မြင့်ပညာ ဦးစီးဌာနအနေနဲ့ မန္တလေးတက္ကသိုလ်က ဆရာ ဆရာမတွေသာ ပြောင်းရွှေရ တယ် ဆိုပေမဲ့ ဆရာ ဆရာမ မလုံလောက်တဲ့အတွက် ရန်ကုန်က ဆရာဆရာမတွေလည်း သွားကြရတာပါပဲ။

ဒီနေရာမှာ ပြဿနာကတော့ မိသားစုရှိတဲ့ အိမ်ထောင်ရှိတဲ့ ဆရာဆရာမတွေပါပဲ။ တက္ကသိုလ်က ဆရာဆရာမ တွေဟာ ၀န်ထမ်းလစာနဲ့ ဘယ်လိုမှ အဆင်မပြေကြပါဘူး။ ပြီးတော့ အိမ်ထောင်ဘက်တွေကလည်း ၀န်ထမ်းပဲ ဖြစ်နေခဲ့ရင် ပိုဆိုးပါတယ်။ အဲဒီအပြင် သားသမီးတွေရဲ ကျောင်းအပြောင်းအရွှေကြောင့် ပညာရေး မတည်ငြိမ် ရတဲ့ ပြဿနာနဲ့ အတူ အိမ်ထောင်ဘက်က အစိုးရ၀န်ထမ်းဖြစ်ပြီး ၀န်ကြီးဌာန မတူတဲ့အခါမှာလည်း နယ်ကို အတူ ပြောင်းခွင့်မရပါဘူး။ ဒီလိုနဲ့ မိသားစု တကွဲတပြား နေရတဲ့အတွက် တခြား ဘေးထွက် ပြဿနာတွေကို လည်း ကြုံကြရပါသေးတယ်။ အဲဒါကြောင့် နယ်ပြောင်းမိန့် ရကြတဲ့အခါတွေမှာ အခက်အခဲပေါင်းစုံကို ရင်ဆိုင်ပြီး ပြောင်းကြရပါတယ်။ အဲဒီအပြင် နယ်ပြောင်းရတဲ့ ဆရာဆရာမတွေအတွက် နိုင်ငံတော်အစိုးရက ဘယ်လို ထောက်ပံ့ငွေကိုမှလည်း စီစဉ်မပေးပါဘူး။ ပြောင်းရွှေရတဲ့ ဆရာဆရာမတွေအနေနဲ့ ခရီးစရိတ်ကို တောင် အဆင့်ဆင့် လျှောက်လွှာတင်ပြီးတောင်းမှ တကယ် ကုန်ကျထားတာရဲသုံးပုံ တစ်ပုံလောက်ကိုပဲ ပြန်ရကြတာပါ။ ပိုဆိုးတာကတော့ နယ်တက္ကသိုလ်တချိုမှာ ကျောင်း အာဏာပိုင်တွေက အဲဒီ ပြောင်းရွှေလာ ရတဲ့ ၀န်ထမ်းအတွက် နေဖို့ အိမ်ယာ စီစဉ် မပေးတာမျိုးပါ။ အဲဒီအခါမှာ လစာနည်းရတဲ့အထဲ ပြောင်းရွှေရတဲ့ အတွက် ကုန်ကျရတဲ့ ခရီးစရိတ် နေစရိတ် စားစရိတ်တွေဟာ ဆရာဆရာမတွေအတွက်တော့ အကျပ်အတည်း ပြဿနာတွေပဲ ဖြစ်ပါတယ်။

ဆရာဆရာမတွေဟာ အပေါ်မှာ ပြောခဲ့တဲ့ အထွေထွေ ပြဿနာတွေကြောင့်မို့ ပြောင်းရွှေရတဲ့ တက္ကသိုလ် အသစ် ဒေသအသစ်မှာ ခြောက်လလောက် ကြာတဲ့အထိ နေရေး ထိုင်ရေးနဲ့ ဘ၀ ရပ်တည်ရေးတွေမှာ မတည်မငြိမ် နဲ့ အခက်အခဲ ကြုံကြရပါတယ်။ ၂၀၀၄-၂၀၀၅ ပညာသင်နှစ်တုန်းကဆိုရင် ထားဝယ်တက္ကသိုလ်၊ စစ်တွေတက္ကသိုလ်၊ ကလေး ကောလိပ်လို ကျောင်းတွေကို ရောက်သွားတဲ့ နည်းပြဆရာ ဆရာမတချိုဟာ မနက်စာကို ဆန်ပြုတ်သောက်ရတဲ့ အခြေနေထိ ဖြစ်ခဲ့ကြရဖူးပါတယ်။ အဲဒီတုန်းက ဆန်တစ်ပြည် ၄၅၀ကျပ်၊ ဆီ ၁ပိဿာ ၁၂၀၀ကျပ် ရှိတဲ့အချိန်မှာ နည်းပြဆရာ(Tutor, Demonstrator) လစာက ၅၅၀၀ကျပ်ပဲ ရပါတယ်။ ဒါကြောင့် အလှည့်ကျ နယ်ပြောင်း တာဝန်ထမ်းရတဲ့ ကိစ္စဟာ တက္ကသိုလ် ပညာရေးလောက ထဲ မှာ တော့ ဆရာဆရာမတွေအတွက် အကျပ်အတည်း ပြဿနာတစ်ခုပဲ ဖြစ်ပါတယ်။

တကယ်တော့ အုပ်ချုပ်တဲ့ အာဏာပိုင်တွေရဲ စေတနာနည်းပါးမှုကြောင့် တက္ကသိုလ် ပညာရေးထဲမှာ ဆရာ ဆရာမ တွေရဲ့ အနေအထားဟာ တန်ဖိုး ကျဆင်းနေရတာ ဖြစ်ပါတယ်။ ဆရာ ဆရာမ အများစုဟာ ကျူရှင် ပြတဲ့ အလုပ်လို အပိုအလုပ်တွေ အပေါ်မှီပြီး ရပ်တည်ကြရပါတယ်။ အဲဒီအခါ သုံးနှစ် တစ်ကြိမ် နယ်ထွက်ရတဲ့ စနစ်က ဆရာ ဆရာမတွေအတွက် ကျူရှင်ပြတဲ့ အလုပ်ကို အများကြီး နှောင့်နှေး ထိခိုက်သွားစေပါတယ်။ ဘာကြောင့်လဲဆိုတော့ နယ်ခံ ဆရာဆရာမတွေက ကျူရှင်လုပ်ငန်းမှ အမာခံအဖြစ် ရှိပြီးသား ဖြစ်တာမို့ အသစ်ရောက်လာရတဲ့ ဆရာဆရာမဟာ ကျူရှင်ပြဖို့လည်း အလွယ်တကူ အဆင်မပြေနိုင်ပြန်ပါဘူး။ အဲဒီအခါ နယ်ပြောင်းရတဲ့ ဆရာဆရာမဟာ စားဝတ်နေရေး ကျပ်တည်းလာပါတယ်။ အဲဒီ အကျပ်အတည်းကြောင့် ဆရာဆရာမတွေရဲ့ အလုပ်ထဲမှာ အာရုံစိုက်နိုင်မှုပါ လျော့ကျလာပါတယ်။ ဒီိလိုနဲ့ အဲဒီ ဆရာ ဆရာမ အများစုဟာ အလုပ်ခွင်ထဲမှာ မပျော်တော့ဘဲ ပြန်ပြောင်းရွှေ့ခွင့်ကိုပဲ မျှော်ပြီး အလုပ်ထဲမှာ တာဝန် ပေါ့လျော့ လာကြပါတယ်။

နောက်ပြဿနာတစ်မျိုးကတော့ နယ်ပြောင်းမိန့်ကျပေမယ့် မိသားစုအရေးနဲ့ တခြား စီးပွားရေးလုပ်ငန်း တွေ ကြောင့် နာမည်သာ နယ်ပြောင်းပြီး လူကတော့ ရှိရင်းစွဲ မြိုမှာပဲ နေကျန်ခဲ့တဲ့ အကြံအဖန် ဆရာ ဆရာမ တချို ရဲ ပြဿနာပါပဲ။ အဲဒီ ဆရာ ဆရာမမျိုးဟာ လုပ်ပိုင်ခွင့်ရှိတဲ့ ပါမောက္ခလို ပါမောက္ခချုပ်လို မော်ကွန်းထိန်းလို အထက်အရာရှိတွေကို လာဘ်ထိုး အပိုင်ပေါင်းပြီး နယ်ကို ရုပ်ပြသဘောမျိုး လာပြတာပဲ လုပ်ပါတယ်။ သူ ပြောင်းရွှေမိန့် ကျတဲ့ ကျောင်းမှာ ဘာတာဝန်ကိုမှ တိတိကျကျ မယူဘဲ နေပါတယ်။ သူယူရမယ့် တာဝန်တွေကို ကျန်တဲ့ ၀န်ထမ်းတွေကပဲ မျှပြီး ယူပေးကြရပါတယ် အဲလို ဆရာ ဆရာမမျိုးတွေအနေနဲ့ ဘ၀တူ ၀န်ထမ်းတွေရဲ မနှစ်မြို့ခြင်းကို ခံကြရပါတယ်။ ပြီးတော့ အဲဒီလို တရားမျှတမှုမရှိတဲ့ ပြဿနာမျိုးတွေကြောင့် ဆရာ ဆရာမအချင်းချင်း စိတ်ဝမ်းကွဲပြီး တာဝန်တွေကို ရှောင်ဖယ် ပေါ့လျော့လာကြတာမျိုးတွေ ရှိလာပါတယ်။ အဲဒီအခါ ဘေးထွက် ဆိုးကျိုးအနေနဲ့ ကျောင်းသားတွေရဲ ပညာသင်ကြားရေးကို ထိခိုက်လာတာပါပဲ။

တကယ်တော့ သုံးနှစ်တခါ အလှည့်ကျ နယ်ထွက်ရတဲ့ စနစ်ဟာ ခုချိန်ထိတော့ ကောင်းတဲ့အကျိုး မရလှဘူးလို့ ဆိုနိုင်ပါတယ်။ နယ်ပြောင်းရတဲ့ ဆရာ ဆရာမဟာ နယ်တစ်နယ်မှာလည်း သုံးနှစ်သာ နေရတာမို့ အဲဒီ ဒေသ အတွက် ကောင်းရာ ကောင်းကြောင်းကိုလည်း နှစ်မြှုပ်ပြီး မလုပ်နိုင်ပါဘူး။ နယ်ပယ် ဗဟုသုတတောင်မှ အစုံ မရခင် ပြန် ပြောင်းရတာမို့လို့ အဲဒီဒေသနဲ့ ပတ်သက်လို့ သံယောဇဉ်တွေ စေတနာတွေရှိဖို့ အခွင့်အလမ်း ကလည်း နည်းလှတယ်လို့ ဆိုနိုင်ပါတယ်။ ဆရာဆရာမတွေဟာ ဘာသာစကား နဲ့ ဓလေ့ထုံးစံတွေ ကွဲပြားတဲ့ တိုင်းရင်းသားဒေသတွေကို ရောက်သွားတဲ့အခါတွေမှာ နယ်ခံတိုင်းရင်းသားတွေရဲ ဘာသာစကားတွေ အလေ့အထတွေအပေါ် ရင်းနှီး ကျွမ်းဝင်ဖို့ နားလည်ဖို့ အချိန်ယူကြရပါတယ်။ ဒါပေမဲ့ အဆင်ပြေလို့မှ မကြာခင် မှာပဲ ပြန် ပြောင်းရွှေရပြန်တာမို့ ပညာသင်ကြားရေးမှာ ဒါကလည်း ပြဿနာတစ်ခု ဖြစ်လာပါတယ်။ ဒါကြောင့် ဆရာဆရာမတွေ နယ်ပြောင်းရွှေတာဝန် ထမ်းကြရတဲ့ အမိန့်ဟာလည်း တက္ကသိုလ်ပညာရေးစနစ်ထဲမှာ အကျပ်အတည်း တစ်မျိုးပဲ ဖြစ်တယ်လို့ ပြောရတာပါ။

တက္ကသိုလ်ပညာရေးကို အဆင့်အတန်းမီအောင် လုပ်မယ်လို့ တကယ်စဉ်းစားတဲ့ အစိုးရ ဆိုတာဟာ ၀န်ထမ်း တွေရဲ အခွင့်အရေးနဲ့ လိုအပ်ချက်တွေကို ဘက်ပေါင်းစုံကနေ စနစ်တကျ ကိုင်တွယ် ဖြေရှင်းပေး ကြရပါတယ်။ တကယ်တော့ ဆရာဆရာမတွေဟာ ပညာရေးစနစ်တစ်ခုအတွက် အရေးပါလှတဲ့ မဏ္ဍိုင်တစ်ခုပဲ ဖြစ်တာမို့ ဆရာ ဆရာမတွေရဲရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ဖြည့်ဆည်းပေးခြင်းဟာ ပညာရေးစနစ်ကြီးကို တဘက် တလမ်းက ပံ့ပိုးပေးတာနဲအတူတူပဲ ဖြစ်ပါတယ်

မေငြိမ်း။
၂၀၀၆။

Thursday, September 20, 2007

သွေးခွဲအုပ်ချုပ်ခြင်း(၂)

မြန်မာနိုင်ငံမှာ အထက်တန်းအဆင့် တက္ကသိုလ်ပညာရေးကို အဆင့်မြင့်ပညာရေးလို့ ခေါ်ပါတယ်။ အဲဒီ အဆင့်မြင့် ပညာရေးက အဆင့်မမီပညာရေး ဖြစ်လာရတဲ့ အခြေနေတွေ အများကြီး ရှိတဲ့အထဲမှာ ဆရာ ဆရာမ အချင်းချင်းကိုတောင် ခွဲခြားဆက်ဆံမှုရှိတဲ့ မူဝါဒတွေ ကလည်း ပြဿနာတစ်ခုဖြစ်ပါတယ်။

၂၀၀၀ပြည်နှစ်နောက်ပိုင်း တက္ကသိုလ်တွေရဲ့ ဌာနတိုင်းလိုလိုမှာ ပြည်ခိုင်ဖြိုးအဖွဲ့ဝင် ဆရာ ဆရာမတွေ ရှိလာ ပါတယ်။ သူတို့ဟာ သူတို့ရဲ ကြံ့ဖွံ့အလုပ်ကို ဆရာအလုပ်နဲ့ ပူးတွဲ ထမ်းဆောင်ကြပါတယ်။ သူတို့ရှိတဲ့အတွက် ဌာနတွင်း ဆရာဆရာမတွေဟာ စိတ် အနှောက်အယှက် ဖြစ်ကြရပါတယ်။ သူတို့ကို အစိုးရရဲ သတင်းပေး တွေလို့ပဲ သတ်မှတ် ကြပါတယ်။ သူတို့ဟာ ကြံ့ဖွံ့အဖွဲ့ရဲ အမာခံတွေအဖြစ် အကျိုးခံစားခွင့်တွေလည်း ပိုရကြ တာမို့ လစာနည်းနည်းနဲ့ ရုန်းကန် ရပ်တည်နေကြတဲ့ ဆရာဆရာမတွေ ကြားထဲမှာတော့ သိသိသာသာ ထင်ရှား ပေါ်လွင် နေတတ်ပါတယ်။

ပိုဆိုးတာကတော့ ကျောင်းတာဝန်တွေ အရေးကြီးတဲ့ စာမေးပွဲချိန်တွေ၊ စာစစ်ချိန်တွေ၊ အထူးလုံခြုံရေး လို့ အမည်တပ်ပြီး အခိုင်းခံရတဲ့ ဂျူတီချိန်တွေမှာ တဘက်က ကြံ့ဖွံ့ အလုပ်နဲ့ တိုက်လာခဲ့ရင် အဲဒီအလုပ်ကို ဦးစားပေးရတာမို့လို့ ကျန်တဲ့ ဆရာဆရာမတွေက သူတို့အလုပ်ကို မျှပြီး တာဝန် ယူပေးကြရပါတယ်။ ဒါပေမဲ့ တကယ့် တကယ် အခွင့်အရေး ခံစားတော့ သူတို့ပဲ ခံစားရတာပါ။ အဲဒီအခါမှာ ကျန်တဲ့ ၀န်ထမ်းတွေအတွက် သူတို့ ရှိနေခြင်းဟာ ၀န်ထုပ်ဝန်ပိုးလို ဖြစ်လာပါတယ်။ တချိန်တည်းမှာပဲ အထက်လူကြီးတွေကလည်း ကြံ့ဖွံ့နဲ့ မပတ်သက်ဘဲ သိသိသာသာနေတဲ့ ဆရာဆရာမတွေကိုဆိုရင် ဘယ်လောက်ပဲ အရည်အချင်းရှိရှိ သိပ် မျက်နှာသာ မပေးရဲတဲ့ အနေအထားတွေလည်း ရှိလာပါတယ်။ ဒါဟာ မဖြစ်သင့်တဲ့ ခွဲခြားဆက်ဆံခံရမှုပါပဲ။

အဲဒီအပြင် လုပ်ပိုင်ခွင့်ရှိတဲ့ ဌာနမှုး ဆရာကြီးဆရာမကြီးတွေကလည်း ဘ၀တူ ဆရာ ဆရာမ အချင်းချင်း ပေါ်မှာပဲ အဂတိလိုက်စားပြီး လူမွေးတာတွေ ခွဲခြားဆက်ဆံတာမျိုးတွေ ရှိလာတဲ့အတွက်လည်း ဆရာဆရာမ အများစုဟာ အလုပ်နဲ့ တာဝန်တွေအပေါ် စေတနာ မထားချင်တော့တာမျိုးတွေ ဖြစ်လာပါတယ်။ ဒီလိုနဲ့ အလုပ်ခွင်မှာ မပျော်တဲ့ ဆရာ ဆရာမ တွေ၊ အလုပ်မကြိုးစားချင်တော့လောက်အောင် စိတ်ဓါတ်ကျသွားတဲ့ ဆရာဆရာမတွေ အများကြီး ဖြစ်လာတာပါပဲ။ နောက်ထပ် ဆရာဆရာမတွေအထဲမှာ ပေါ်ပေါက်လာတဲ့ ခွဲခြား ဆက်ဆံမှုကတော့ ပါရဂူတန်းတွေနဲ့ ပတ်သက်ပါတယ်။

၁၉၉၄မှာတော့ မြန်မာနိုင်ငံတက္ကသိုလ်ပညာရေးမှာ ပါရဂူတန်းတွေ စဖွင့်ပါတယ်။ ကိုယ့်အထူးပြု ဘာသာရပ်မှာ အလွန်ထူးချွန်ပြီး ငွေကြေးပမာဏရှိသူလည်း ဖြစ်မှပဲ ပါရဂူဘွဲ့ယူနိုင်မယ့် ပညာရေးမျိုးပါ။ နိုင်ငံတကာမှာလို ပညာထူးချွန်သူတွေအတွက် ပညာသင်ဆုပေးတဲ့ အစီအစဉ်မျိုး မရှိပါဘူး။ အဲဒီတုန်းကတော့ တကယ့် အရည်အချင်းကို စစ်ယူတာမို့ ဘာသာရပ်ဆိုင်ရာအလိုက် တစ်ဘာသာမှာ တစ်ယောက် နှစ်ယောက် လောက်ပဲ ရှိပါတယ်။ ဒါတောင်မှပဲ အဲဒီ ပထမဆုံးအသုတ်မှာ တကယ့် အရည်အချင်း မပြည့်လှပါဘဲနဲ့ န၀တရဲ အတွင်းရေးမှူး(၂) ဗိုလ်ချုပ်တင်ဦးရဲ သမီးဖြစ်တဲ့ ချိုလဲ့ဦးက ရှားရှားပါးပါးဖြစ်တဲ့ ပါရဂူတန်းတက်ခွင့် ရသွား တာမျိုး သမိုင်းဌာနမှာ ရှိခဲ့ပါသေးတယ်။ ၂၀၀၀ပြည့်နှစ်မှာ ပါရဂူဘွဲ့ရခဲ့တဲ့ ပထမဆုံးအသုတ်ဟာ တက္ကသိုလ် တစ်ခုလုံး အတိုင်း အတာ နဲ့ဆိုရင် ဆယ်ဂဏန်းသာ ရှိခဲ့ပါတယ်။

၂၀၀၂ခုနှစ်အထိ ရန်ကုန်တက္ကသိုလ်ရဲ ၀ိဇ္ဇာ သိပ္ပံ ဘာသာရပ်အားလုံးရဲ ပါရဂူ ဘွဲ့ရ အားလုံးပေါင်းဟာ ၈၆ ယောက် သာ ရှိခဲ့တာပါ။ အဲဒီ ပါရဂူတန်းတွေဟာ ၂၀၀၃ခုနှစ် မှာ တော့ တက္ကသိုလ်ကနေ ပါရဂူတွေ အများကြီး မွေးထုတ်ရမယ်ဆိုတဲ့ မူကြောင့် သက်ဆိုင်ရာ ဘာသာရပ်တွေအလိုက် ပါရဂူတွေ အများကြီး မွေးထုတ်လာရပါတယ်။ ပါရဂူတန်းအတွက် ဘာသာရပ်အလိုက် တစ်နှစ်ကို အနည်းဆုံး သင်တန်းသား ၅၀ က နေ ၇၀ထိ ရွေးချယ်လာပါတယ်။ အခု ၂၀၀၅-၂၀၀၆မှာတော့ တက္ကသိုလ် တစ်ခုလုံး အတိုင်းအတာနဲ့ ပြောရရင် ပါရဂူ အလောင်းအလျာတွေ ထောင်နဲ့ချီပြီး လက်ညှိုးထိုးမလွဲ ရှိနေပြီ ဖြစ်ပါတယ်။

ပညာထူးချွန်သူတွေ များများ ပေါ်ထွက်လာတာဟာ ကောင်းတဲ့ အလားအလာပါပဲ။ တကယ်တမ်း ပညာ မထူးချွန်လှပါဘဲနဲ့ ပါရဂူတန်း တက်သူတွေ ရှိနေပေမယ့်လည်း ဘွဲ့ကြိုတန်း တက်နေတဲ့အချိန်နဲ့ ကျမ်းပြုချိန် အတောအတွင်းမှာ မဖြစ်မနေ ကြိုးစား ရင်တော့ တကယ် ပညာရည်မြင့်မားတဲ့ ပါရဂူတွေ ဖြစ်လာနိုင်တာပါ။ ဒီနေရာမှာ ပြဿနာ တစ်ခုကတော့ ပညာထူးချွန်ပါလျက်နဲ့ ငွေကြေး အကုန်အကျ မခံနိုင်တဲ့အတွက် ကျန်ရစ် ခဲ့ရတဲ့ ဆရာဆရာမတွေ ရင်ဆိုင်ရတဲ့ အခက်အခဲပါပဲ။ ပါရဂူဘွဲ့တန်းဟာ တက္ကသိုလ် ဆရာ ဆရာမတွေသာ တက်ခွင့်ရတာမို့ အဲဒီ ဆရာဆရာမတွေ ပါရဂူတန်းတက်ကြတဲ့အချိန်မှာ ကျန်တဲ့ ဆရာဆရာမတွေက သူတို့ရဲ တာဝန်အလုံးစုံကို ခွဲယူကြရပါတယ်။ ပြီးတော့ ပါရဂူ ဘွဲ့ရသူတွေဟာ ရာထူးတက်ရာမှာလည်း ဦးစားပေး ခံရမှာဖြစ်တာမို့ ငွေကြေး ပြဿနာ ကြောင့် ပါရဂူဘွဲ့ မယူနိုင်ဘဲ ကျောင်းမှာ တာဝန် ပို ယူပေးရင်း ကျန်ခဲ့ရတဲ့ ဆရာ ဆရာမ တွေမှာတော့ အများကြီး နစ်နာကြရပါတယ်။

၂၀၀၅ခုနှစ်မှာတော့ ပါရဂူဘွဲ့မရရင် ရာထူးတိုးမပေးတော့ဘူးလို့ ဆရာဆရာမတွေကို ဆိုင်ရာ ပါမောက္ခ တွေက ပြောလာတဲ့ အတွက် ငွေကြေးမတတ်နိုင်တဲ့ ဆရာဆရာမတွေ အများကြီး စိတ်ထိခိုက်ခဲ့ကြပါတယ်။ ပါရဂူဘွဲ့ တစ်ဘွဲ့ယူဖို့အတွက် အနည်းဆုံး အချိန် ခြောက်နှစ်တာအတွက် အနည်းဆုံး ငွေ သိန်းနှစ်ဆယ် လောက် ကုန်ကျမယ့်အရေးကို အဲဒီတုန်းက တစ်လမှ ငါးထောင်ကနေ တစ်သောင်းခွဲ အထိသာ လစာရှိကြတဲ့ ဆရာ ဆရာမတွေအနေနဲ့ မတတ်နိုင်ကြပါဘူး။ အဲဒီအခါ သူတို့ရဲ့ အချိန်တွေ၊ အတွေ့အကြုံ တွေ၊ အနစ်နာ ခံရတာတွေ၊ စေတနာတွေ နဲ့ ရင်းပြီးလုပ်ခဲ့ကြရတဲ့ အလုပ်တစ်ခုဟာ ငွေကြေးနဲ့ အဓိက အဆုံးအဖြတ်ခံရမယ့် အခြေနေမျိုး ရောက်သွားတဲ့အတွက် စိတ်ထိခိုက် ကြရတာပါပဲ။ အထူးသဖြင့် ကိုယ့်ရဲ တပည့်ဖြစ်ဖူးသူတွေက ငွေကြေးတတ်နိုင်တာနဲ့ပဲ ကိုယ့်အပေါ်ကနေ အုပ်ချုပ်လာမှာမျိုးကို စိတ်ထိခိုက်ကြ တာပါ။ ဒီလို ခွဲခြား ဆက်ဆံ ခံရမှု ကြောင့်ပဲ အလုပ်ခွင်ကနေ ထွက်သွားတဲ့ အလုပ်ခွင် ထဲမှာ မပျော်တော့တဲ့ ထူးချွန် တဲ့ ဆရာဆရာမတွေ အများကြီး ရှိလာတာဖြစ်ပါတယ်။ အဲဒီ အကျိုးဆက် ကြောင့်လည်း မြန်မာနိုင်ငံရဲ တက္ကသိုလ်ပညာရေး အခြေအနေက တနေ့ထက်တနေ့ ဆုတ်ယုတ် လာတာပါပဲ။

တကယ်တော့ ပညာရေးစနစ်တစ်ခုဟာ၊ အထူးသဖြင့် တကယ့် အဆင့်မြင့်ပညာရေးစနစ် ဆိုတာဟာ ငွေကြေးကုန်ကျ ခံနိုင်မှုနဲ့ အရေအတွက်ထက် အမှန်တကယ် အရည်အချင်း ရှိသူတွေကို မွေးထုတ်နိုင်ဖို့ကိုသာ နိုင်ငံအစိုးရက စီစဉ်ပေးတာမျိုး ဖြစ်သင့်တာပါ။ ပါရဂူဘွဲ့ရပြီးကာမှ မစို့မပို့ ဆုကြေးပေးတာမျိုးဟာ ထိရောက်တဲ့ အကူအညီမျိုး မဟုတ်ပါဘူး။ ဒါကြောင့် နိုင်ငံရဲ့ တာဝန်ရှိ အစိုးရအနေနဲ့ ငွေကြေးတတ်နိုင်သူတွေကို ပညာရှင် တွေ အဖြစ် မွေးထုတ်ပေးသလိုပဲ ငွေကြေးမတတ်နိုင် တဲ့ ထူးချွန်သူတွေကိုပါ တာဝန်ယူ မွေးထုတ်သင့်ပါတယ်။ ဒါမှပဲ လက်ရှိ အစိုးရ ကြွေးကြော်နေတဲ့ ပညာခေတ်ဆိုတာကို အမှန်တကယ် တည်ထောင်တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

မေငြိမ်း (၁၆၊၁၀၊၀၆)

Monday, September 17, 2007

တက္ကသိုလ်ပညာရေး အကျပ်အတည်း

တကယ်တော့ ၁၉၈၈ခုနှစ် မတိုင်ခင်ကတည်းက တက္ကသိုလ်တွေမှာ ဆရာဆရာမ အင်အား မလုံလောက်တဲ့ ပြဿနာ ရှိနေပါတယ်ဒါကောင့် ၁၉၈၆နိုဝင်ဘာမှာ တက္ကသိုလ်အဆင့်အတွက် ဆရာတွေ အများကီး အလုပ် ခန့်ပစ်လိုက်ပါတယ်။ အဲဒီထဲက အများစုဟာ ၀ိဇ္ဇာဘွဲ့ရပြီးတာ ပူပူနွေးနွးပဲရှိသေးတဲ့ဂုဏ်ထူးတန်း တက်နေတာ လပိုင်းသာရှိသေးတဲ့ ကျောင်းသားကျောင်းသူတွေပဲ ဖြစ်ပါတယ်။ သူတို့ဟာ နည်းပြအဆင့် (Tutor, Demonstrator) ဆရာဆရာမတွေဖြစ်လာပြီး စာသင်ခန်းတွေ တန်းဝင်ရတဲ့ ဆရာဆရာမတွေ ဖြစ်လာပါတယ်။ တကယ်တော့ တက္ကသိုလ် ဆရာ ဆရာမ အများစုဟာ အချိန်ပိုင်း နည်းပြ သရုပ်ပြ လို့ခေါ်တဲ့ ရာထူးမျိုးကနေ သင်ကားရေးကို ဆရာကီး ဆရာမကီးတွေဆီက အချိန်ယူ လေ့လာကပြီးမှ အချိန်ပြည့် ဆရာ ဆရာမအဖြစ် ကိုယ်တိုင် စာဝင်သင်နိုင်တဲ့ အဆင့်ကို ရောက်ကရတာပါ။ အခုကျတော့ သူတို့ကိုယ်တိုင် သင်ကားရေးအတွက် ဘယ်လို လေ့လာ ပြင်ဆင်ထားမမျိုးမှ မရှိသေးဘဲ စာသင်ခန်းတွေထဲ တန်းဝင်ပြီး စာသင်ကရပါတယ်။ အဲဒီအခါ ချိုယွင်းချက်တွေ အားနည်းချက်တွေ အများကီး ရှိလာပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံရဲ ထုံးစံအတိုင်း ကျောင်းပညာရေးဟာ ဆရာပြောသမျှ လက်ခံယူရတဲ့ စနစ်ဖြစ်တဲ့အတွက် တပည့်တွေက ပြန်ပြီး ဝေဖန် သုံးသပ် ဆွေးနွေးတဲ့ အလေ့ မရှိတာ ကောင့် ဆရာနဲ့ တပည့်ကားမှာတော့ ဘာ ပြဿနာမှ မပေါ်ခဲ့ပါဘူး။ ကျောင်းသားတွေ ပညာရေးကောင်းကောင်း အဆင့်မီမီ မရတာသာ နောက်ဆက်တွဲ အကျိုးဆက် ဖြစ်လာပါ တယ်။ အဲဒီတုန်းက ဆရာ ဆရာမ အများစုက ကိုယ်တိုင်လည်း ကျောင်းသား တပိုင်း မို့လို့ သူ့ရဲ ကျောင်းစာတွေတဘက်နဲ့မို့ ဆရာဆရာမတွေဟာလည်း သင်ကားရေးကို အချိန်ပြည့် အာရုံ မစိုက် နိုင်ပါဘူး။ အဲလိုနဲ့ ကိုယ်သင်ပေးရမယ့် စာသင်ချိန်အတွက် သင်ခန်းစာတွေကို သေချာကိုတင် ပြင်ဆင်တာ မျိုးလည်း မလုပ်နိုင်ကပါဘူး။ ဒီလိုနဲ့ ဆရာ ဆရာမတွေ ကိုယ်တိုင် အရည်အချင်း မပြည့်မီတဲ့အတွက်လည်း ပညာရေး အဆင့်အတန်း ကျဆင်း လာရတာ ဖြစ်ပါတယ်။

ရှစ်လေးလုံးအရေးတော်ပုံအပြီးမှာ ကျောင်းတွေ ရက်ရှည် ပိတ်လိုက်တော့ ဌာနဆိုင်ရာအလိုက် မွမ်းမံသင်တန်း တွေ စာတမ်းဖတ်ပွဲတွေ ရှိပေမဲ့ ပညာရေးအတွက် တကယ် လိုအပ်တဲ့ သင်ကားနည်းစနစ်တွေ သင်ရိုးဆိုင်ရာ ဆွေးနွေးပွဲတွေ မဟုတ်ပါဘူး။ လုပ်ငန်းပြအနေနဲ့သာ လုပ်ခဲ့ကရတာပါ။ ဒီလိုနဲ့ ကျောင်းတွေ ပိတ်လိုက် ဖွင့်လိုက် သံသရာထဲမှာ ဆရာ ဆရာမတွေဟာ ကိုယ်နဲ့ ဘယ်လိုမှ မပတ်သက်တဲ့ ဖေါင်ကီး သဘောတရားရေး သင်တန်းတက်ရတာတွေ၊ နယ်မြေလုံခြုံရေး တာဝန်ယူရတာတွေ၊ ကျောင်းသားတွေကို တင်းတင်းကျပ်ကျပ် ထိန်းချုပ် ကိုင်တွယ် ပေးရတာမျိုးတွေနဲ့ အချိန်ကုန်ခဲ့ကရတာပါ။

အဲဒီအပြင် ကျောင်းတွေ မကာခဏ ရက်ရှည်ပိတ်တဲ့ အကျိုးဆက်အဖြစ် အချိန်ပို အလုပ်တာဝန် ယူရတာတွေ ကလည်း ဆရာ ဆရာမတွေ အပေါ်မှာ ဖိစီးလာပါတယ်။ ဒါကောင့် ဆရာဆရာမတွေဟာ သူတို့အတွက် မဖြစ်မနေ လိုအပ်တဲ့ ပညာရပ်ဆိုင်ရာ လေ့လာမနဲ့ အရည်အသွေး မြှင့်ဖို့တွေကို မလုပ်ကရပါဘူး။ အဆိုးဆုံး ကတော့ အလုပ်ချိန် ၈နာရီ အတောအတွင်းမှာ စာကည့်တိုက်ကိုတောင်မှ သွားခွင့် မရတာပါပဲ။

အဲဒီအခြေနေတွေက ၁၉၉၆ ကျောင်းသားလှုပ်ရှားမှုကြောင့် ကျောင်းတွေရက်ရှည် ထပ်ပိတ်အပြီး ပြန်ဖွင့်တဲ့ ၁၉၉၉-၂၀၀၀နောက်ပိုင်းမှာ ပိုဆိုးလာပါတယ်။ စာသင်ချိန်နဲ့ သင်ရိုး မမျှုတွေ၊ တပြိုင်တည်းမှာ စာသင်နှစ် သုံးလေးမျိုးကို တပြိုင်တည်း စာသင်ရစာမေးပွဲတွေ နောက်ဆက်တွဲ စာမေးပွဲတွေ ကျူတိုရီယယ်တွေ အကိမ်ကိမ် စစ်ပေး နေက ရတဲ့အတွက် ဆရာဆရာမတွေဟာ အဆမတန် ပင်ပန်းကပါတယ်။ ကျောင်းတွင်း အလုပ်ချိန် ၈နာရီအပြင် အိမ်ကိုပါ စာမေးပွဲကိစ္စတွေ ကျောင်းခေါ်ချိန်ကိစ္စတွေ သယ်သွားကရတဲ့အတွက် တစ်နေ့ကို အလုပ်အတွက် အချိန် ၁၂နာရီလောက် ပေးနေကရတာပါ။ ဒီတော့ သင်ကားရေးအတွက် လေ့လာ ပြင်ဆင်ဖို့ အချိန်ရော ခွန်အားရော မပေးနိုင်ကတော့ပါဘူး ဒီကားထဲ ရတဲ့လစာနဲ့ ဘယ်လိုမှ စားဝတ်နေရေး မလုံလောက်တဲ့အတွက် ဆရာဆရာမရဲ့ တန်ဖိုးနဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ အပြင် အလုပ်ပိုတွေ ကျူရှင်ပြ ရတာတွေ လုပ်လာကရပါတယ်။ ဒါတွေဟာ ပညာရေးစနစ် တစ်ခုလုံးကို ထိခိုက်လာစေတဲ့ အကောင်းရင်း တွေပါပဲ။

ထိုင်းနိုင်ငံမှာတော့ တက္ကသိုလ်က ဆရာဆရာမတွေဟာ တစ်ပတ်ကို အများဆုံး အတန်းချိန် ၃ချိန်ကနေ ၅ချိန် ထိပဲ ရှိပါတယ်။ ကျန်တဲ့အလုပ်ချိန်တွေဟာ သူတို့ကိုယ်တိုင် သုတေသနစာတမ်းရေးတဲ့ သင်ကားရေးအတွက် ပြင်ဆင်တဲ့ အချိန်တွေ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံက ဆရာဆရာမတွေဟာ လစာနဲ့ လုံလောက်တာကောင့် စားဝတ်နေရေးအတွက် မပူပန်ကရပါဘူး။ ဒါကောင့် ကိုယ်ရွေးချယ်တဲ့ အလုပ်ကို စိတ်နှစ်ပြီး ဖိဖိစီးစီး လုပ်နိုင်ကပါတယ်။ ဒါကောင့် ပညာရေးမှာ ကိုးစားရင် ကိုးစားသလောက် အောင်မြင်ပါတယ်။ အဲဒီအပြင် တက္ကသိုလ် က ဆရာဆရာမတွေဟာ တစ်ဦးချင်း သင်ကားရေး အစီအစဉ်(Lesson Plan)တွေ၊ သုံးစွဲတဲ့ သင်ကားနည်း တွေ၊ သင်ခန်းစာနဲ့ သက်ဆိုင်တဲ့ လှုပ်ရှားမှု (Activities) တွေနဲ့ သူတို့လုပ်တဲ့ ပညာရပ်ဆိုင်ရာ ဘာသာရပ် ဆိုင်ရာ သုတေသနစာတမ်းတွေကို နှစ်စဉ် Report တင်ကရပါတယ်။ အဲဒီ အလုပ်အပေါ် မူတည်ပြီး ရာထူးတိုး တာတို့ လစာတိုးတာတို့ ဘွဲ့ထူး ဂုဏ်ထူး ပေးတာတို့ကို ခံစားကရတာပါ။ မြန်မာနိုင်ငံလို လုပ်သက်နှစ်ပြည့်ရင် အလိုလို ရာထူးတက်သွားတာမျိုး မဟုတ်ပါဘူး။ ဒါကောင့် အိမ်နီးချင်း ထိုင်းနိုင်ငံမှာတောင်မှပဲ ဆရာ ဆရာမ အများစုက အရည်အသွေး ပြည့်မီကတယ်လို့ ဆိုနိုင်ပါတယ်။

တိုက်တိုက်ဆိုင်ဆိုင်ပဲ ထိုင်းနိုင်ငံမှာ စက်တင်ဘာ၂၀ရက်နေ့က စစ်တပ်က အာဏာသိမ်းပြီး စစ်အုပ်ချုပ်ရေး ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ ကျောင်းတွေ ရုံးတွေကတော့ ဖွင့်လျှက်ပါပဲ။ တက္ကသိုလ်တွေထဲမှာလည်း အခြေနေ တစုံတရာ မပျက်တဲ့အပြင် လမ်းတွေပေါ်မှာလည်း စစ်အုပ်ချုပ်ရေးဆန်တဲ့ လက္ခဏာတွေဖြစ်တဲ့ စစ်သားတွေ စစ်ကားတွေ ဘာတစ်ခုမှ မတွေ့ရပါဘူးသူတို့ဆီက စစ်တပ် အာဏာသိမ်းမှုဟာ ပြည်သူ လူထု ကို နည်းနည်းမှ မထိခိုက်စေတဲ့ အာဏာသိမ်းမှုမျိုးပါ။ အထူးသဖြင့် ပညာရေးကို မထိခိုက်ရအောင် ဂရုစိုက်တာ တွေ့ရပါတယ်။ ဒါဟာ အစိုးရကောင်းရဲ လက္ခဏာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာကတော့ ဆရာဆရာမတွေရော ကျောင်းသား ကျောင်းသူတွေရောဟာ ဘွဲ့ယူစာတမ်းမျိုးကလွဲလို့ သုတေသနစာတမ်း ရေးတာ ကွင်းဆင်းသုတေသန လုပ်ရတာမျိုးတွေ မရှိပါဘူး။ အချိန်အရရော ငွေကေး စရိတ်စက အရရော မလုပ်နိုင်ကပါဘူး။ အစိုးရကလည်း ပံပိုးပေးတာမျိုး မရှိပါဘူး။ ဒါကောင့်ပဲ ပညာရေး အရည်အသွေးမှာ ဆရာ ဆရာမတွေမှာပါ ဆုတ်ယုတ် ကျဆင်း နေရတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ တက္ကသိုလ်ပညာရေးနယ်ပယ်ထဲမှာတော့ သုတေသနလုပ်ခွင့်ဆိုတာဟာ ငွေကေးအင်အား တတ်နိုင်လို့ ပါရဂူတန်းတွေ တက်နိုင်တဲ့ လူနည်းစုသာ လုပ်ခွင့်ရှိတဲ့ အခွင့်ထူးကီးသာ ဖြစ်ပါတယ် နိုင်ငံတကာမှာရှိတဲ့ ပညာတော်သူတွေအတွက် အထောက်အပံ့ ပေးတဲ့ ပညာသင်ဆု(Scholarship) ဆိုတာမျိုးက မြန်မာနိုင်ငံမှာတော့ လူနည်းစုသာ ရှိတတ်တဲ့ ပါရဂူတန်းတွေအတွက်တောင် မရှိနိုင်သေးပါဘူး။ ဒါကြောင့်ပဲ မြန်မာနိုင်ငံမှာ တကယ် ပညာတော်ပေမယ့် ငွေကြေးမတတ်နိုင်တဲ့အတွက် ပေါ်ထွန်းရမယ့် ပညာရှင်တွေကို အများကြီး ဆုံးရှုံးနေကြရပါတယ်။ တချိန်ထဲမှာပဲ ပညာမတော်လှပါဘဲနဲ့ ငွေကြေး တတ်နိုင် တာ တခုတည်းကြောင့် ပညာရေးလောကရဲ့ ထိပ်တန်းမှာ တွင်ကျယ်နေတဲ့သူတွေလည်း ရှိနေပါတယ်။ ဒါကြောင့်ပဲ မြန်မာနိုင်ငံမှာ ပညာရေး ပါရဂူလောင်းတွေ အများကြီး တန်းစီရှိနေပါလျက်နဲ့ ပညာရေး အဆင့် အတန်းကတော့ဖြင့် ဆုတ်ယုတ် ကျဆင်း နေရတာပဲ ဖြစ်ပါတယ်။

မေငြိမ်း
၂၀၀၆။

Sunday, September 16, 2007

သွေးခွဲ အုပ်ချုပ်ခြင်း

၁၉၉၅ ခုနှစ်မှာ ဗိုလ်ချုပ်ခင်ညွန့်က ပညာရေး ဥက္ကဌ အနေနဲ့ ရန်ကုန်တက္ကသိုလ် စိန်ရတုပွဲကို အထိမ်းအမှတ် အဆောက်အဦး ဆောက်ပြီး တခမ်းတနား လုပ်ပေးပါတယ်။ ဒါပေမဲ့ ဒါမျိုးဟာ ကျောင်းသားတွေရဲ့ အဓိက လိုအပ်ချက်ကို ဖြည့်ဆည်းပေးတာမျိုး မဟုတ်တဲ့အတွက် ကျောင်းသားတွေ ကြားထဲမှာ အစပျိုးနေပြီ ဖြစ်တဲ့ ပြဿနာတွေကို ပြေပျောက် မသွားစေခဲ့ပါဘူး။ အဲဒီအခါမှာ စိန်ရတု အထိမ်းအမှတ်ကို အကြောင်းပြုပြီး ကျောင်းသားတွေရဲ့ ရင်ဖွင့်သံတွေပါတဲ့ လက်ကမ်း ကဗျာစာအုပ်တွေ တက္ကသိုလ်တွေမှာ အများကြီး ထွက်လာ ပါတယ်။ ဒါကြောင့် ၁၉၉၆ ကျောင်းသားလှုပ်ရှားမှုဟာ ၁၉၉၅ကတည်းက အစပျိုးနေပြီလို့ ပြောရတာ ဖြစ်ပါ တယ်။

၁၉၉၆ ကျောင်းသားလှုပ်ရှားမှုအပြီး တက္ကသိုလ်တွေ ကျောင်းရက်ရှည် ပိတ်သွားတဲ့နောက်မှာ ၁၉၉၉-၂၀၀၀ ပညာသင်နှစ်ကျမှ တက္ကသိုလ်တွေ ပြန်ဖွင့်ပါတယ်။ အဲဒီ အချိန်ကစပြီး ကျောင်းသားတွေကို လူစုကွဲအောင် အနယ်နယ် အရပ်ရပ် အဝေးဝေး အလံလံမှာ တက္ကသိုလ် ကောလိပ်အသစ်တွေ အများကြီး ဖွင့်လာတာပါပဲ။ အဲဒီနှစ် အပိုင်းအခြားမှာပဲ အမျိုးသား ပညာရည် မြင့်မားမှု နှစ်၃၀စီမံကိန်း ဆိုတာလည်း စပါတယ်။ စီမံကိန်းအရ ကျောင်းသားတွေကို ကျောင်းခေါ်ချိန် ထိန်းချုပ်တာတွေ နှစ်ရှည် ကျောင်းပိတ်ခဲ့တဲ့အတွက် သင်ရိုးတွေ အများကြီးကို အချိန်တိုတိုနဲ့ ရအောင် သင်ခိုင်းတာတွေ ရှိလာတာပါ။ အဲဒီမှာ ကျောင်းသားတွေအတွက် အကြီးဆုံး ပြဿနာကတော့ ကျောင်းခေါ်ချိန် ပြဿနာပါ။

၂၀၀၃ခုနှစ်က စပြီးတော့ ကုန်ဈေးနှုန်းတွေ အဆမတန် တက်ရာက ကျောင်းသွားဖို့ ကားခတွေ၊ ကျောင်းမှာ တနေကုန် နေရတဲ့အတွက် မဖြစ်မနေ ကုန်ကျရမယ့် မုန့်ဖိုးတွေနဲ့ ကျောင်းမှာ ဘာသာရပ်ဆိုင်ရာအလိုက် ရောင်းတဲ့ စာအုပ်စာတမ်းကြေးတွေက ကျောင်းသားတွေအပေါ် သိသိသာသာ ဖိစီးလာပါတယ်။ ကျောင်းတွေက မြို့ပြင်မှာဖြစ်ပြီး ကားအစီးရေ အလုံအလောက် မရှိတဲ့အတွက် ကျောင်းသားတွေအတွက် ကျောင်းကို အချိန်မီ အရောက်သွားဖို့ ခက်ခဲပါတယ်။ အထူးသဖြင့် ရန်ကုန်မှာဆိုရင် မြို့နဲ့ အနီးဆုံးလို့ ဆိုနိုင်တဲ့ ဒဂုံတက္ကသိုလ်နဲ့ သန်လျင် တာဝတက္ကသိုလ်ကိုတောင်မှပဲ လမ်းမှာ အနည်းဆုံး ၁နာရီကနေ ၁နာရီခွဲအထိ ကြာပါတယ်။ အဲဒီခရီးကို အများစုက မတ်တတ်ရပ် စီးသွားကြရတာပါ။ ခရီးစရိတ်ကလည်း အသွားအပြန် ကျပ်၁၀၀လောက် ကျပါတယ်။ ဒါတွေကြောင့် ကျောင်းသားကျောင်းသူ အများစုက နေ့တိုင်း မှန်မှန် ကျောင်းမလာနိုင်ကြပါဘူး။

သာဓုကန်နားမှာဖွင့်ထားတဲ့ ကွန်ပျူတာတက္ကသိုလ်လို ရွာသာကြီးက စီးပွားရေးတက္ကသိုလ်လို၊ ထန်းတပင်က အနောက်ပိုင်း တက္ကသိုလ်လို အဝေးကြီးသွားပြီး ကျောင်းတက်ရတဲ့ ကျောင်းသား ကျောင်းသူတွေကတော့ အခြေအနေ အဆိုးဆုံးလို့ ဆိုရမှာပါ။ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်တွေမို့လို့ ကျောင်းတက်မှန်ဖို့ အရေးကြီးပေမဲ့ ခရီးဒဏ်ကို မခံနိုင်ကြတဲ့အတွက် ကျောင်းပျက်ကြပါတယ်။ ပြီးတော့ ကျောင်းမှာကလည်း ထိရောက်တဲ့ သင်ကြားရေးမျိုး လိုအပ်တဲ့ ပညာရေးမျိုးတွေကို မရတာမို့လို့ ကျောင်းသားတွေအနေနဲ့ ကျောင်းပျက်တဲ့ အတွက် ပညာရေးမှာ ဘာမှ မထိခိုက်သလို ဖြစ်နေပါတယ်။ ဒါကြောင့် ကျောင်းသားတွေ ကျောင်းပျက်ကြတာပါ၊ ကျောင်းတွေက အဝေးကြီးမှာ ဖွင့်ထားပြီးနေဖို့ အဆောင်လည်း မပေးတာမို့လို့ ဒုက္ခ ပို ရောက်ကြရပါတယ်။ ဒီလိုနဲ့ပဲ လူငယ်တွေရဲ့ ပညာရေးတွေ အဘက်ဘက်က အားနည်း လာရ တာပါ။ ဒါတွေကို ပညာရေးအာဏာပိုင်တွေကလည်း အထက်က အမိန့် မှန်သမျှကို မျက်စေ့စုံမှိတ် လိုက်နာဖို့က လွဲပြီး ကိုယ့်အတွက် တကယ်တာဝန်ရှိတဲ့ ကျောင်းသားတွေရဲ့ အရေးကိစ္စတွေကိုတော့ ဘယ်တော့မှ ဆွေးနွေးဖို့ ဖြေရှင်းဖို့ မကြိုးစား ကြပါဘူး။

ဒါတွေကြောင့်ပဲ ၂၀၀၃နောက်ပိုင်းကစပြီး နိုင်ငံအနှံ့ တက္ကသိုလ် အတော်များများမှာ ကျောင်းသား တွေရဲ့ မကျေမနပ်သံတွေ ကြားလာရပြန်ပါတယ်။ အာဏာပိုင်တွေကလည်း အစစ အဆင်မပြေ တဲ့ အခြေအနေတွေကို ဆွေးနွေးဖြေရှင်းတာမျိုး ထိထိရောက်ရောက် လုပ်မပေးဘဲ အမိန့် အာဏာကို သုံးပြီး၊ ကျောင်းခေါ်ချိန် ၇၅ရာနှုန်းမပြည့်လို့ အရေးယူတာတို့ ကျောင်းသားတွေက လိုအပ်ချက်တွေတင်ပြတာကို အာဏာဖီဆန်တယ်လို့ စွပ်စွဲတာတို့ပဲ လုပ်နေကြတုန်းပါ။အခုဆိုရင် မြန်မာနိုင်ငံမှာ ကျောင်းတွေဝေးပြီးတော့ ငွေကုန်ကြေးကျ များတဲ့အပြင် ကျောင်းမှာ ထိုက်တန်တဲ့ ပညာရေးကို မရတဲ့အတွက် တက္ကသိုလ် ဆက်မတက်တော့တဲ့ လူငယ်တွေ အများကြီး ရှိနေပါပြီ။

လောလောဆယ် တက္ကသိုလ်တွေမှာ ဆရာဆရာမထဲမှာရော ကျောင်းသားတွေထဲမှာပါ သိသိသာသာ နေရာယူ လာတဲ့ ကြံ့ဖွံ့တွေဆိုတာကလည်း ကျောင်းမှာ အခွင့်အရေးကို အပြည့် ယူပြီး တကယ် အလုပ်လုပ်တော့ သူတို့ မိခင် အဖွဲ့အစည်းတွေရဲ့ နိုင်ငံရေးဆန်တဲ့ လှုပ်ရှားမှု တွေကိုပဲ အချိန်ပြည့် လုပ်နေတာပါ။ ဒါကြောင့် သူတို့ရဲ့ အနေအထားကို ကျောင်းသား ပတ်ဝန်းကျင်က လက်မခံကြပါဘူး။ အခု ၂၀၀၅ခုနှစ် နောက်ပိုင်း မှာတော့ ကျောင်သား ကျောင်းသူတွေကို ကြံ့ဖွံ့ထဲ ၀င်ခိုင်းပြီး သူတို့ သြဇာ ပေါက်ရောက်အောင် ပိုပြီး ဖိအားပေးလာတာ တွေ့ရပါတယ်။ အခြေခံပညာကျောင်းစာမေးပွဲတွေမှာ ကြံ့ဖွံ့ဝင်ရင် အလိုလို ၁၆မှတ်ပေးသလို တက္ကသိုလ်မှာ ကြံ့ဖွံ့ ၀င်ရင် ကျောင်းခေါ်ချိန် အပြည့်ပေးမယ် ဆိုတာမျိုး လုပ်လာပါပြီ။

တကယ်တော့ မြန်မာနိုင်ငံမှာ ၀န်ထမ်းမှန်သမျှ ကျောင်းသားကျောင်းသူ မှန်သမျှ ဘာအဖွဲ့ အစည်းမှ မ၀င်ရဘူးလို့ အမိန့် ထုတ်ထားတာပါ။ အခုကျတော့ နိုင်ငံရေးလို့ ခေါင်းစဉ်မတတ်ဘဲ မတရား အာဏာပိုင်တွေရဲ့ စည်းရုံးရေးအလုပ်ကို လုပ်နေတဲ့ ကြံ့ဖွံ့ထဲကို အတင်း သွပ်သွင်း နေတာမို့လို့လည်း ကျောင်းသားတွေရဲ့ မကျေနပ်မှုတွေ ပို ကြီးထွားလာတာ ဖြစ်ပါတယ်။

ကျောင်းသားတွေအတွက် တကယ် ရသင့်တဲ့ အခွင့်အရေးကို တောင်းဆိုပေးမယ့် ကျောင်းသား သမဂ္ဂ ဖွဲ့ဖို့ကို တော့ ခွင့်မပြုဘဲ ကျောင်းသားတွေရဲ့ အရေးကိစ္စကို ဖြေရှင်းပေးတာမျိုး လုပ်ပေးတာမျိုးတော့ မရှိဘဲ ကျောင်းသားထုကို လူထုနဲ့ ရန်တိုက်ပေးရာ ရောက်တဲ့ ကြံ့ဖွံ့လို အဖွဲ့အစည်းထဲ ၀င်ခိုင်းတာဟာ ကျောင်းသား တွေရဲ့ ပြဿနာတွေကို မီးထိုးပေးနေတာနဲ့ အတူတူပါပဲ။

အထူးသဖြင့် ဒီနှစ်ဟာ ၉၆ကျောင်းသားလှုပ်ရှားမှု ၁၀နှစ်ပြည့်တဲ့နှစ်လည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျောင်းသား တွေ နောက်ထပ်မနစ်နာရလေအောင် လုပ်ပိုင်ခွင့်ရှိတဲ့ ဆရာကြီးဆရာမကြီးတွေက ကျောင်းသားတွေရဲ့အဓိက ပြဿနာတွေကို ဆရာ့ကျင့်ဝတ်ဖြစ်တဲ့ နာသုံးနာနဲ့အညီ ထိထိရောက်ရောက် ကူညီဖြေရှင်းပေးကြဖို့ လိုပါတယ်။

မေငြိမ်း (၂၄၊၉၊၀၆)



Saturday, September 15, 2007

တက္ကသိုလ်ပညာရေးထဲက လိုအပ်ချက်

၁၉၉၁နောက်ပိုင်းကစပြီး တက္ကသိုလ်မှာ ဆရာဆရာမတွေရဲ့ အလုပ်ချိန်ဟာ တစ်နေ့ကို ၁၂နာရီလောက် ရှိနေ ခဲ့ ပါတယ်။ ဆရာဆရာမတွေဟာ သင်ကြားရေးနဲ့ အပတ်စဉ် နည်းပြစာစီ Tutorial စစ်ဆေးပေးရတာတွေ အပြင် ကျောင်းဝင်းလုံခြုံရေး ဂျူတီတွေပါ စောင့်ကြရပါတယ်။ အဲဒီလို ဆရာဆရာမတွေနဲ့ မသက်ဆိုင်လှတဲ့ အပိုအလုပ်တွေကြောင့် အလုပ်ချိန်များလွန်းတာဟာ အခု ၂၀၀၆ခုနှစ်အထိ တောက်လျှောက်ပါပဲ။ ဒါဟာ ဆရာ ဆရာမတွေရဲ သင်ကြားရေးပိုင်းမှာ အားနည်း ဆုတ်ယုတ်လာရခြင်း အကြောင်းရင်း တစ်ခု လည်း ဖြစ်ပါတယ်။

၁၉၉၅ခုနှစ် နောက်ပိုင်းမှာတော့ အထွေထွေကုန်ဈေးနှုန်းနဲ့အတူ ကျောင်းစရိတ်တွေ ကြီးမြင့်လာပါတယ်။ ကျောင်းသားတွေ ရော ဆရာတွေမှာပါ လိုအပ်ချက်တွေအများကြီးနဲ့ ကြုံကြိုက် လာကြရပါတယ်။ အဲဒီအချိန်မှာ အသိသာဆုံးကတော့ လူတန်းစားကွာဟမှု ပြဿနာပါ။ အာဏာပိုင်တွေရဲ့ မိသားစုဝင်တွေနဲ့ အာဏာပိုင်တွေ အပေါ် မှီပြီး စီးပွားရေးလုပ်တဲ့ အသိုင်းအ၀ိုင်းတွေရဲ သားသမီးတွေ အဆွေအမျိုးတွေ နဲ့ သာမန် ၀န်ထမ်း သားသမီးတွေ လက်လုပ်လက်စား သားသမီးတွေဟာ ပတ်ဝန်းကျင် အ၀န်းအ၀ိုင်းတစ်ခုထဲမှာ အခွင့်အရေးတွေ အခြေအနေတွေ သိသိသာသာ ကွာခြားလာပါတယ်။ အဲဒီအပြင် သာမန် ကျောင်းသားတွေအတွက် တင်းကျပ် လွန်း တဲ့ ကျောင်းစည်းကမ်းတွေက အဲဒီ အာဏာပိုင်တွေနဲ့ နီးစပ်တဲ့ အပေါင်းအပါ တစ်စုအတွက်တော့ ဘာ စည်းမျဉ်း ဥပဒေမှ မရှိသလို ဖြစ်နေတဲ့ အခါ ကျောင်းသာဲး့ ပညာရေး အာဏာပိုင် တွေကြားမှာ ပြဿနာတွေ ရှိလာပါတယ်။

ပိုဆိုးလာတာကတော့ ကျောင်းတွင်းမှာ ပန်းချီပြပွဲ၊ ကာတွန်းပြပွဲ၊ အပျော်ထမ်း ကဗျာ စာအုပ် ထုတ်ခွင့်တွေ၊ တိုင်းရင်းသား ရိုးရာ အထိမ်းအမှတ် အခမ်းအနား ပျော်ပွဲ ရွှင်ပွဲ တွေ၊ လုပ်ခွင့် မပေးတော့ပါဘူး။ ပြီးတော့ သင်ကြားရေးထဲမှာ အကျုံးဝင်တဲ့ လေ့လာရေးခရီး (Excursion) ထွက်တဲ့ အစီအစဉ်တွေကိုတောင် ကန့်သတ် လိုက်ပါတယ်။ အချုပ်အထိန်း ခံဝန်ချက်တွေ အများကြီးကို ကတိပေး လက်မှတ်ထိုးရတာတောင် အဖွဲ့တိုင်းကို ခွင့်မပြု ပါဘူး။ အဆိုးဆုံးကတော့ လာဘ်ပေး လာဘ်ယူကိစ္စ သိပ် ထွန်းကားလာတာပါပဲ။ တကယ် ရိုးသားကြိုးစားတဲ့ ကျောင်းသားကျောင်းသူ အများစုဟာ ငွေကြေးချမ်းသာတဲ့ သူတွေ မဟုတ်ကြပါဘူး။ အဲဒီအခါ လုပ်ပိုင်ခွင့်ရှိတဲ့ ဆရာဆရာမတချိုက ကျောင်းသား တွေကို အရည်အသွေးနဲ့ မဆုံးဖြတ်ဘဲ အဂတိလိုက်စားတဲ့အတွက် ပညာထူးချွန်ပါလျှက်နဲ့ နစ်နာသွားရတဲ့ ကျောင်းသားတွေ အများကြီး ရှိလာပါတယ်။ ဒါတွေအားလုံးဟာ ကျောင်းသား အခွင့်အရေး ဆုံးရှုံးရမှုတွေဖြစ်တဲ့အပြင် လူ့စွမ်းအား အရင်းအမြစ်တွေကိုပါ ထိခိုက်လာတာလည်း ဖြစ်ပါတယ်။

၁၉၉၆ခုနှစ် အောက်တိုဘာလမှာတော့ ရှစ်လေးလုံး အရေးတော်ပုံ အစတုန်းကလိုပဲ အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းက စားသောက်ဆိုင်မှာ သွားစားတဲ့ စက်မှုတက္ကသိုလ်က ကျောင်းသား တစ်စု နဲ့ စည်ပင်ရဲ တချို့ ပြဿနာဖြစ်ရာက ကျောင်းသားတွေကို ဖမ်းဆီးခေါ်ဆောင်သွားပြီး မတရားသဖြင့် ရိုက်နှက်တာကနေ အကြောင်းပြုပြီးတော့ ကျောင်းသား ဆန္ဒပြ လှုပ်ရှားမှု ထပ်ဖြစ်ခဲ့ရတော့တာပါပဲ။ ကျောင်းသားတွေက စည်ပင်ရဲ ရဲ့ မတရားမှုကို တရားဝင် ဖေါ်ထုတ်ပေးဖို့ တောင်းဆိုတာမရ တဲ့ အတွက် ဒီဇင်ဘာ၂ရက်နေ့မှာ လှုပ်ရှားမှုကြီး စဖြစ်ခဲ့ပါတယ်။

အဲဒီနောက် ပဲခူး မော်လမြိုင် ဘားအံ မုံရွာ မကွေး တက္ကသိုလ်တွေကိုပါ လှုပ်ရှားမှုတွေ ပျံ့သွားခဲ့ပါတယ်။ ဒီဇင်ဘာလ ၆ရက်နေ့မှာတော့ စစ်အစိုးရရဲ့ ထုံးစံအတိုင်း ရန်ကုန်မှာ စစ်တပ်နဲ့ လုံထိန်းပေါင်းပြီး အကြမ်းဖက် နှိမ်နင်းတဲ့အတွက် ကျောင်းသားလှုပ်ရှားမှု ပြိုကွဲသွားခဲ့ရပါတယ်။ ကျောင်းသားတချို့ အဖမ်းခံရတာမျိုး ထပ်ဖြစ် ခဲ့ပြီး ကျောင်းသား တချို့ တောခိုသွား ကြ ရပါတယ်။ တက္ကသိုလ်တွေ အားလုံးကိုလည်း ပိတ်ပစ်လိုက်ပါတယ်။ ဒါပေမဲ့ ကျောင်းသားတွေ ရသင့်တဲ့ အခွင့်အရေးတွေကတော့ ဒီနေ့ထက်ထိ မရခဲ့ပါဘူး။ တောင်းဆိုပိုင်ခွင့် မရှိ သလို တောင်းဆိုပေးမယ့်သူလည်း မရှိပါဘူး။ အဲဒါကပဲ အဓိက ပြဿနာလို့ ဆိုရမှာပါ။ ဒါကြောင့်ပဲ ၉၆ ကျောင်းသားလှုပ်ရှားမှုမှာ ကျောင်းသားတွေရဲ အရေးကိစ္စကို ဖြေရှင်းဖို့ ကျောင်းသား သမဂ္ဂဖွဲ့ခွင့်ကို အဓိက ထား တောင်းဆိုခဲ့ကြတာ တွေ့ရပါတယ်။

၂၀၀၆ခုနှစ်မှာတော့ အာဏာပိုင်တွေက တက္ကသိုလ်က ကျောင်းသားတွေကိုရော ဆရာတွေကိုပါ သူတို့ရဲ လက်ဝေခံဖြစ်တဲ့ ကြံ့ဖွံ့အဖွဲ့ထဲကိုဝင်ဖို့ နည်းအမျိုးမျိုးနဲ့ ဖိအား ပေးလာပါတယ်။ ကြံ့ဖွံ့ အသင်းဝင်သူတွေကို သိသိသာသာ အခွင့်အရေးပေးပြီး အသင်း မ၀င်သူများကိုတော့ ရသင့်တဲ့ အခွင့်အရေးတွေကိုတောင် မရအောင် အမျိုးမျိုး နှောက်ယှက်ပါတယ်။ ဒါဟာ သွေးခွဲ အုပ်ချုပ်တာ တမျိုးပါပဲ။ ဒါတွေကြောင့်ပဲ အရည် အသွေး မရှိတဲ့သူတွေက နေရာရနေပြီး အရည်အသွေးရှိသူတွေ နေရာမရတဲ့ ပြဿနာတွေ ရှိလာပါတယ်။ ဒါကြောင့်လည်း တက္ကသိုလ်တွေမှာ ပညာရေးစနစ်နဲ့ ကျောင်းသား အရည်အသွေးတွေ ကျဆင်းလာရတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ အာဏာပိုင်တွေဟာ နိုင်ငံအတွက် အရေးပါလှတဲ့ တက္ကသိုလ် ပညာရေးကို ပံ့ပိုး ရာမှာ အိမ်နီးချင်း ထိုင်းနိုင်ငံ လောက်တောင် ပံ့ပိုးမပေးတာကို တွေ့ရပါတယ်။

ထိုင်းနိုင်ငံကတော့ လောလောဆယ်မှာ စီးပွားရေးမှာ အောင်မြင်နေတဲ့ နိုင်ငံဖြစ်တာမို့ တက္ကသိုလ်တက်တဲ့ ကျောင်းသားတိုင်း မော်တော်ဆိုင်ကယ် သုံးနိုင်ကြ ပါတယ်။ မော်တော်ဆိုင်ကယ် မသုံးရင်လည်း ဈေး သက်သာလှတဲ့ လိုင်းကားတွေကို ချောင်ချောင်ချိချိ စီးနိုင်ပါတယ်။

ထိုင်းနိုင်ငံက ၀န်ထမ်းတစ်ယောက်ရဲ အခြေခံလစာက ဘတ် ၇၀၀၀ ရှိတဲ့အချိန်မှာ ကျောင်းသွားဖို့ လိုင်းကားခက နေတဲ့နေရာ အနီးအဝေးပေါ် မူတည်ပြီး အနည်းဆုံး ၁၀ဘတ်ကနေ အများဆုံး ဘတ်၃၀ထိပဲ ရှိပါတယ်။ အဲဒီအပြင် ကျောင်း စားသောက် တန်းမှာ ကျောင်းသားတွေအတွက် အရသာရှိတဲ့ အစားအသောက် တွေကို ဈေးအများဆုံး ၁၅ဘတ်ပေးရင် အ၀ စားရပါတယ်။ ပြီးတော့ စာသင်ခန်း တစ်ခန်းမှာ လူအယောက် ၃၀ အများဆုံးရှိပြီး ကျောင်းသားတွေက လက်မခံ ဘူး လို့ တောင်းဆိုလာရင် အဆင်ပြေအောင် စီစဉ်ပေးရပါတယ်။ ဒါကြောင့် ကျောင်းသားတွေအနေနဲ့ အပူအပင် မရှိဘဲ ပညာရဖို့ တစ်ခုတည်းပဲ အာရုံစိုက်ရပါတယ်။

အဲဒီအပြင် ကျောင်းတွေမှာ စာကြည့်တိုက် နဲ့ အင်တာနက်ကို အလုံအလောက် ပေါပေါ များများ စီစဉ် ပေးထား ပါတယ်။

ကျောင်းသားတွေအနေနဲ့ သင်ခန်းစာတွေ သင်ကြားရာမှာလည်း အင်တာနက်နဲ့ စာကြည့်တိုက်ကို အားပြုရတဲ့ သုတေသနစာတမ်း တင်ရတာတွေ စာတမ်းဖတ်ရတာတွေ၊ လွတ်လပ်တဲ့ ပညာရေးဆိုင်ရာ ဆွေးနွေးပွဲတွေ နဲ့အတူ ကျောင်းသားကိုယ်တိုင် ခရီးသွားပြီး လေ့လာပြုစုရတဲ့ သုတေသနတွေကို အတန်း အလိုက် လုပ်ကြရပါတယ်။

အဲဒီအတွက် ငွေကြေးကုန်ကျမှု စရိတ်စကတွေကိုလည်း ကျောင်းက အသေးစိတ် ပံ့ပိုးပေးပါတယ်။ ပြီးတော့ ထိုင်းနိုင်ငံမှာ တက္ကသိုလ်တွေက စာတော်တဲ့သူတွေအတွက် ပညာသင်ဆုတွေ ထောက်ပံ့ကြေးပေးတဲ့ အစီအစဉ်တွေရှိပါတယ်။ ဒါကြောင့်ပဲ ခုဆိုရင် ထိုင်းနိုင်ငံမှာ တက္ကသိုလ်တွေဟာ အစိုးရပိုင်တွေရော ပုဂ္ဂလိကပိုင်တွေပါ တပြေးညီ တိုးတက်ပြီး စာတော်တဲ့ ကျောင်းသား အရေအတွက် များလာတာမို့ နိုင်ငံတကာမှာ ကျောင်းသွားတက်ဖို့ ပညာသင်ဆု ရတဲ့သူ တွေ အများကြီး ရှိနေပြီ ဖြစ်ပါတယ်။

တကယ်တော့ နောင်တချိန်မှာ တိုင်းပြည်ကို အုပ်ချုပ်ရမယ့် လူငယ်တွေရဲ အရည်အသွေး တောက်ပြောင် ကောင်းမွန်ဖို့ဟာ လက်ရှိအုပ်ချုပ်နေတဲ့ အစိုးရမင်းများရဲစေတနာနဲ့ ပံ့ပိုးပေးမှု အပေါ်မှာ အများကြီး မူတည်နေတာပါ။ တကယ်က မြန်မာတွေဟာ ဘယ်တုန်း က မှ မညံ့ခဲ့ကြပါဘူး။ ဒါပေမဲ့ အခုအချိန်မှာတော့ လူငယ်အများစုဟာ Academic Freedom လို ပညာရေးလွတ်လပ်ခွင့် မရှိမှုနဲ့ နည်းပညာပိုင်းမှာ ချို့တဲ့ရမှုတွေကြောင့် ပညာရေး မှာ နောက်ကျ ညံ့ဖျင်း နေကြရပါပြီ။ အဲဒီအတွက် အဓိက တာဝန်အရှိဆုံး ကလည်း နိုင်ငံရဲ့ အုပ်ချုပ်သူ အစိုးရများသာ ဖြစ်ပါတယ်။

မေငြိမ်း

Friday, September 14, 2007

ကျောင်းသားအခွင့်အရေး

တက္ကသိုလ်ဆိုတာ ပညာရပ်တွေကို လွတ်လွတ်လပ်လပ် တွေးခေါ် လေ့လာ ဆည်းပူး ကျင့်ကြံရတဲ့ ကျောင်းပါ။ ကောင်းတဲ့ အကျင့်အကြံကို ဆည်းပူးနိုင်တဲ့ နေရာဌာန ပါ။ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေမှာတော့ တက္ကသိုလ် ဆို တာ တကယ်ပဲ စာသင်သားတွေ အတွက် လွတ်လပ်စွာ ပညာဆည်းပူးခွင့် ကျင့်ကြံအားထုတ်ခွင့် လူမှု ပေါင်း သင်း ဆက်ဆံ ခွင့်တွေအပြည့် ပေးထားရတဲ့ နေရာတွေပါ။ မြန်မာနိုင်ငံမှာကတော့ တက္ကသိုလ်က စာသင် သားတွေခမျာ ပညာရေးမှာလည်း နည်းပညာက အစ သင်ထောက်ကူပစ္စည်းတွေ အထိ ဘယ်နေရာမှာမှ မပြည့်စုံတဲ့အတွက် စံမီပညာရေးကို မရကြတဲ့အပြင် ကျောင်း တွင်းမှာ ပညာဆည်းပူးသင်ယူခွင့်က အစ အသွားအလာ အနေအထိုင် အဆုံး အခွင့်အရေးတွေ ဆုံးရှုံးနေကြရပါတယ်။

၁၉၉၁နောက်ပိုင်း ကျောင်းတွေ ပြန်အဖွင့်မှာပဲ တက္ကသိုလ်ပညာရေးထဲမှာ စစ်တပ်ဆန်ဆန် အမိန့်ပေး ချုပ်ကိုင် တဲ့ စနစ် သုံးလာပါတယ်။ ဆရာဆရာမတွေနဲ့ ကျောင်းသားကျောင်းသူတွေကို အဆင့်ဆင့် ချုပ်ကိုင် တဲ့ Guardianship စနစ်ကို သုံးဖို့ အမိန့်ထုတ်ခဲ့ပါတယ်။ ဆရာ ဆရာမ တစ်ယောက်ကို အနည်းဆုံး ကျောင်းသား အယောက် ၂၀ကနေ ၅၀ထိ တာဝန်ယူပြီး အဲဒီ ကျောင်းသားရဲ့ ကျောင်းတွင်း လှုပ်ရှားမှုကို ဂရုစိုက် စောင့်ကြည့် ရမယ်လို့ ခိုင်းပါတယ်။ ကျောင်းသားက တစ်ပတ်မှာ တစ်ရက် အုပ်ထိန်းသူ ဆရာဆရာမကို လာတွေ့ပြီး လက်မှတ် ထိုးရပါတယ်။ အဲဒီကျောင်းသားက ကျောင်းမှာ ပြဿနာ တစုံတရာဖြစ် ရင် တာဝန်ယူ ထားရတဲ့ ဆရာ ဆရာမပါ ခံဝန်ချက် လက်မှတ် ထိုးတာတို့ ထုချေလွှာတင်တာတို့ လုပ်ရမယ်လို့ လည်း အမိန့် ထုတ်ပါ တယ်။ ဒါကို ဆရာ ဆရာမတွေက ကျောင်းသား ကျောင်းသူတွေကို နားလည်အောင် ပြောပြ ပြီး ထိန်းကြရ ပါ တယ်။

ကျောင်းသူ ကျောင်းသားတွေ အတန်းတက်အောင် ကျောင်းခေါ်ချိန်နဲ့ ထိန်းရပြီး ငြိပ်ဝပ်နာခံအောင်အတွက် Guardianship စနစ်နဲ့လည်း ချုပ်ကိုင် ထားတဲ့ သဘောပါ။ ၊ဒါကြောင့် ကျောင်းသား ကျောင်းသူတွေအနေနဲ့ စိတ်ကျဉ်းကျပ်ရတဲ့အတွက် ဆရာဆရာမတွေနဲ့လည်း အဆင်မပြေ ဖြစ်လာကြပါတယ်။ ပြီးတော့ ကိုယ့်အဓိက ဘာသာရပ်မဟုတ်ဘဲ စိတ်ဝင်စားတဲ့ တခြား ဘာသာရပ်တွေကို တခြားအတန်းတွေမှာ သွားပြီး လေ့လာ နားထောင် ခွင့် လည်း မရှိတော့ပါဘူး။ ဒါဟာ တက္ကသိုလ်ပညာရေးထဲမှာ မဖြစ်မနေ ရှိရမယ့် လွတ်လပ်စွာ ပညာဆည်းပူးခွင့်ကိုပါ အတားဆီးခံရတဲ့ အခြေအနေပါ။

နောက်ထပ်အရေးပါတဲ့ အကျပ်အတည်းကတော့ အင်္ဂလိပ်လို သင်ယူရတဲ့ ပြဿနာပါ။ အဲဒီ အချိန်တုန်းက ကျောင်းသားတွေ ဟာ အင်္ဂလိပ်စာကို ၅တန်းရောက်မှ စသင်ရတဲ့ စနစ်နဲ့ ကြီးပြင်းလာရတဲ့အပြင် အင်္ဂလိပ်စာနဲ့ အထိအတွေ့နည်းခဲ့တဲ့ သူတွေ ဖြစ်ပါတယ်။ ဒီတော့ တက္ကသိုလ်မှာ မြန်မာစာဘာသာရပ်က လွဲပြီး ကျန်တဲ့ ဘာသာရပ်အားလုံးကို အင်္ဂလိပ်လို သင်ရမယ် လို့ သတ်မှတ်လိုက်တဲ့ မူအသစ်ကြောင့် ကျောင်းသားတွေ အတွက် ပညာသင်ယူရာမှာ အခက်အခဲ တွေ့လာရပါတယ်။ ပညာရေးမှာ အခြေခံမကောင်းခဲ့တဲ့ အတွက် ချက်ချင်းကြီး အဆင့်မြှင့် ပြောင်းလဲလိုက်တဲ့အခါ စာမလိုက်နိုင်တဲ့ ပြဿနာ ရှိလာပါတယ်။

တချိန်တည်းမှာပဲ ဆရာဆရာမတွေကိုယ်တိုင်လည်း အင်္ဂလိပ်လို သင်ကြားရေးမှာ အားနည်းတာကြောင့် အခက်အခဲ ပေါင်းစုံ ကြုံကြရပါတယ်။ ကျောင်းသူကျောင်းသားက ဆရာဆရာမတွေအပေါ် အထင်သေး လာတာ မျိုးတွေ ရှိလာပါတယ်။ အာဏာ ပိုင်တွေ ဘက်က ဆရာဆရာမတွေအတွက် လိုအပ်တဲ့ အရည်အသွေး မြှင့် မွမ်းမံ သင်တန်း ပေးတာ မျိုးလောက် ကို တောင် ထိထိရောက်ရောက် ပံ့ပိုးမပေးခဲ့ပါဘူး။ ဒီလိုနဲ့ ဆရာဆရာမ တွေဟာ လုပ်ငန်းခွင်မှာ အခက်အခဲတွေအများကြီးနဲ့ ရင်ဆိုင်လာကြရပါတယ်။ ဒါကြောင့်ပဲ တက္ကသိုလ်မှာ ကျောင်းသား ကျောင်းသူတွေရော ဆရာ ဆရာမ တွေပါ စာသင်ခန်းမှာ မပျော်ကြ တဲ့အတွက် ပညာရပ်တွေမှာ သိပ် မထူးချွန်ကြတော့တဲ့ နောက်ဆက်တွဲ ပြဿနာတွေ ရှိလာပါတယ်။ အဲဒီ အခက်အခဲတွေကို ကူဖြေရှင်းပေး ဖို့ဆိုတော့လဲ ဆရာဆရာမတွေက ကျောင်းသားတွေကို ထိန်းချုပ် ဖို့သာ တာဝန်ရှိပြီး ကျောင်းသားတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆီး ဆောင်ရွက်ပေးဖို့ တောင်းဆို တင်ပြပေးတာမျိုး တွေ ကိုတော့ လုပ်ခွင့်မရှိကြပါဘူး။

တက္ကသိုလ်တွေမှာ နောက်ထပ် ထင်ရှားတဲ့ ဆုတ်ယုတ်ပျက်စီးမှုကတော့ မူးယစ်ဆေးဝါး ပြဿနာပါပဲ။ တက္ကသိုလ် ကျောင်း တွေမှာ ဘိန်းဖြူအပါအ၀င် မူးယစ်ဆေးဝါး အမျိုးမျိုးကို လွယ်လွယ်ကူကူ ၀ယ်လို့ ရပါတယ်။ ခေတ်စနစ်ထဲမှာ စိတ်ပျက်နေတဲ့ လူငယ် တော်တော် များများက မူးယစ်ဆေးဝါးရဲ့ သားကောင်တွေ ဖြစ်ကုန် ပါတယ်။ အဲဒီလိုပဲ ခေတ် အဆက်ဆက် ဘယ်တော့မှ တိမ်ကောမသွားတဲ့ နိုင်ငံအရေး၊ လူထုအရေးနဲ့ ကျောင်းသား အရေး ကို ကြည့်တဲ့ ကျောင်းသား မျိုးဆက်တွေကလည်း ရှိနေတာမို့လို့ ကျောင်းထဲမှာ လက်ကမ်း စာစောင် ဖြန့်တာ နံရံမှာ စာကပ်တာတွေ လို ကျောင်း တွင်း လှုပ်ရှားမှုတွေကလည်း ရှိနေတာပါပဲ။ အာဏာပိုင် တွေဘက်က ကျောင်းပညာရေးတွေကို တိုးတက်ဖွံ့ဖြိုး အောင် လုပ်မပေးတဲ့အပြင် ကျောင်းသား အခွင့်အရေး တွေမှာ ပိုပိုပြီး ဆုံးရှုံးလာတာကို တင်ပြ တောင်းဆိုခွင့်လည်း မရှိတာ ကြောင့် ၁၉၉၆မှာတော့ တက္ကသိုလ်တွေမှာ မကျေနပ်သံတွေ ပို ကြားလာရပါတယ်။

ကမ္ဘာနဲ့ အ၀ှမ်းမှာ တက္ကသိုလ်ဆိုရင် ကျောင်းစာသင်ခန်းထဲမှာ ဆရာဆရာမနဲ့ ကျောင်းသူ ကျောင်းသားက သင်ခန်းစာတွေ ကို ဆွေးနွေးပြီး အတူတူ အဖြေရှာကြ၊ စာကြည့်တိုက်မှာ စာအုပ်တွေ ရှာဖတ်ပြီး သုတေသန တွေ လုပ်ကြရတဲ့ စနစ် မျိုးနဲ့ ကျောင်းသား နဲ့ ဆရာ အတူ ပူးပေါင်းပြီး ကြိုးစားနေကြရတာပါ။ အဲဒီအချိန်မှာ မြန်မာနိုင်ငံက တက္ကသိုလ် ကျောင်းသားတွေကတော့ ဆရာ ဆရာမ ရှေ့ကနေ သင်သွားသမျှကို ငြိမ်ငြိမ်လေး နားထောင် မှတ်စု လိုက်ရေးပြီး အလွတ်ကျက် စာမေးပွဲဖြေရတဲ့ ပုံစံသေနဲ့ သွားနေကြရ တုန်းပါ။ ဆရာဆရာမ ကလည်း ကျောက်သင်ပုန်းမှာ မြေဖြူနဲ့ ရေးပြီး စာသင်တဲ့ စနစ်ကိုပဲ သုံးနေကြရတုန်းပါ။ စာသင်သားကိုယ်တိုင် သုတေသန စာတမ်း၊ လေ့လာချက် စာတမ်း မျိုးတွေ မလုပ်ကြရတော့ စာကြည့်တိုက်လည်း မသွားဖြစ် ကြတော့ ပါဘူး။ ဒီလိုနဲ့ ဘွဲ့တစ်ခု သာရသွားပြီး စာကြည့်တိုက် ဘယ်မှာ ရှိမှန်းတောင်မသိတဲ့ ကျောင်းသားတွေ အများကြီး ရှိနေပါတယ်။

(ဒီလို စာကြည့်တိုက်မျိုး မြန်မာပြည်မှာ မရှိပါ)

နောက်ထပ်ဆိုးဝါးတဲ့ ပြဿနာကတော့ စာကြည့်တိုက်တွေမှာလည်း စာအုပ်စာတမ်း ပြည့်ပြည့်စုံစုံ လုံလုံ လောက်လောက် မရှိ ပါဘူး။ ပြီးတော့ ကျောင်းသား ကျောင်းသူ တိုင်းလည်း စာကြည့်တိုက်မှာ စာအုပ်ငှားခွင့် မရပါဘူး။ အခု ၂၀၀၆ ခုနှစ် အထိ တက္ကသိုလ်တိုင်းမှာ စာကြည့်တိုက်တွေက သာမန်ကျောင်းသားတွေအတွက် အိမ်ကို စာအုပ် ပေး မငှားပါဘူး။ ဂုဏ်ထူးတန်း မဟာတန်းတွေပဲ ငှားလို့ ရပါတယ်။ မြန်မာနိုင်ငံနဲ့ အနီးဆုံးက ထိုင်းနိုင်ငံက တက္ကသိုလ်တွေမှာ ကွန်ပျူ တာ နဲ့ စာကြည့်တိုက်ကို အဓိကသုံးတဲ့ ပညာရေးပုံစံကို အကြီးအကျယ် အားပေးနေတဲ့ အချိန်မှာ မြန်မာနိုင်ငံမှာကတော့ စာကြည့်တိုက်တောင် ကျောင်းသားတိုင်း အလုံအလောက် သုံးခွင့် မရပါဘူး။ အဲဒီအပြင် ကျောင်းသားတွေရဲ့ လိုအပ်ချက် တွေကို တင်ပြ တောင်းဆိုပေးမယ့်သူလည်း မရှိပါဘူး။

တကယ်တော့ အာဏာပိုင်တွေအနေနဲ့ တက္ကသိုလ်ပညာရေးကို နိုင်ငံတကာ အဆင့်မီအောင် ဘက်စုံက ပံ့ပိုး ကူညီခဲ့မယ်ဆိုရင် ဆရာကလည်း ဆရာအခွင့်အရေး ကျောင်းသား ကလည်း ကျောင်းသား အခွင့်အရေး တွေကို ခံစားခွင့်ရကြမယ်ဆိုရင် ကျောင်းတွေမှာ ဘယ်လို ဆူပူ တောင်းဆိုမှုမျိုးမှ ရှိလာတော့မှာ မဟုတ်ပါဘူး။ ဒါမှ လည်း တည်ငြိမ်ပြီး ခေတ်မီ တိုးတက်တဲ့ ပညာရေးလောကကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

မေငြိမ်း

ပညာရေး ထိန်းချုပ်ခံရမှု

ရှစ်လေးလုံး အရေးတော်ပုံကြီးကြောင့် ကျောင်းနှစ်ရှည်ပိတ်ပြီး ပြန်ဖွင့်တဲ့ ၁၉၉၁ ခုနှစ် က စပြီး မြန်မာနိုင်ငံ ပညာရေးဟာ စနစ်တကျနဲ့ကို အဖျက်ဆီး ခံခဲ့ရတယ်လို့ ပြောရမှာပါ။ စစ်အစိုးရ လက်ထက်မှာ သင်ရိုးညွှန်းတန်း တွေနဲ့ သင်ကြားရေး ပိုင်းတွေ အုပ်ချုပ်ရေးပိုင်းတွေအထိ ဗဟိုက ၀င်ပြီး အာဏာသုံးချုပ်ကိုင် လာခဲ့ပါတယ်။ အထူးသဖြင့် မြန်မာစာလို သမိုင်း လို နိုင်ငံနဲ့ အမျိုးသားရေးအတွက် အရေးပါတဲ့ ဘာသာရပ်တွေမှာ အများကြီး ၀င်ရောက် စွက်ဖက် ကန့်သတ်လာခဲ့ပါတယ်။

ဥပမာအဖြစ်ပြောပြရရင် ၁၉၉၁-၉၂ ပညာသင်နှစ်မှာ ပထမနှစ် အထူးပြုဘာသာရပ်တွေ အားလုံးမှာ မသင် မနေရ (compulsory) ဖြစ်တဲ့ မြန်မာစာဘာသာရပ်ရဲ့ ဗဟုသုတ ဖတ်စာအဖြစ် ပြဌာန်းထားတဲ့ ၀ိဓူရ ဇာတ်တော် ကြီးကို သင်တဲ့ အခါမှာ မင်းကျင့်တရား ဆယ်ပါး ကို အကျယ်မသင်ရဘူး လို့ စာထွက်ပါတယ်။ သင်ရိုးထဲမှာ မဖြုတ်ပေမဲ့ ဆရာကြီး မင်းသုဝဏ်တို့ ဆရာတင်မိုးတို့လို သူတို့ကို သစ္စာမခံတဲ့ ကဗျာဆရာကြီး တွေရဲ့ ကဗျာတွေကို မသင်ရဘူးလို့ တားပါတယ်။ အံ့သြစရာကောင်းတာက အသက်ထင်ရှား မရှိတော့တဲ့ မြန်မာစာပေနဲ့ အမျိုးသားရေး ငြိမ်းချမ်းရေးတွေရဲ့ ဂုဏ်ဆောင် ဆရာကြီး သခင်ကိုယ်တော်မှိုင်းစာကို မသင်ရ ဘူးလို့ တားတာပါပဲ။ မဟာဝိဇ္ဇာတန်းတွေမှာ ကျမ်းပြု ခွင့်လည်း မပေးတော့ ပါဘူး။ ဒါဟာ ကျောင်းသားအရွယ် လူငယ်တွေ သိသင့် သိအပ်တဲ့ လွတ်လပ်ရေး အမြင်တွေ ငြိမ်းချမ်းရေး အမြင် တွေ နိုင်ငံချစ်စိတ်တွေ နဲ့ သမိုင်း တန်ဖိုးကြီးတဲ့ စာပေတွေကို သင်ယူခွင့် ဆုံးရှုံးမှုပဲ ဖြစ်ပါတယ်။ ဒါဟာ မြန်မာစာ ဘာသာရပ်တခုတည်းက ဥပမာ ပဲ ရှိပါသေးတယ်။

အဲသလို ၁၉၉၁-၉၂ ပညာသင်နှစ်ကနေ ၁၉၉၅-၉၆ ပညာသင်နှစ်အတွင်းမှာ လက်ရှိ အစိုးရဟာ ပညာရေးထဲ ကို တဖြည်းဖြည်း ၀င်စွက်လာတာ တော်တော် ထဲထဲဝင်ဝင် ရှိလာ ပါတယ်။ အထူးသဖြင့် အာဏာပိုင်တွေနဲ့ ပတ်သက် ဆက်နွယ် နေတဲ့ ကျောင်းသားတွေကို စာမေးပွဲ တောင် ၀င်ဖြေစရာမလိုဘဲ အအောင်ပေးခိုင်း တာမျိုး ကို ပါမောက္ခတချို့နဲ့ ပေါင်းပြီး အများကြီး လုပ်လာကြပါတယ်။ အဲဒီအခါမှာ ပညာရေးလောကထဲမှာ အဂတိ လိုက်စားကျင့် ရောက်လာပါတယ်။ အဲလိုနဲ့ လူမျိုး ဘာသာ မရွေး၊ ဆင်းရဲချမ်းသာ မရွေး၊ အသားအရောင် မရွေး၊ အယုတ် အလတ် အမြတ် မရွေး တန်းတူ ပညာရေး ရှိရမယ်ဆိုတဲ့ ပညာရေးလောက ထဲမှာ ခွဲခြားဆက်ဆံမှု (discrimination)တွေ ရှိလာပါတယ်။

အကျိုးဆက်ကတော့ ဆရာနဲ့ တပည့်ကြား.. ကျောင်းသားတွေအချင်းချင်း ကြားထဲမှာ စိတ်ဝမ်းကွဲမှုတွေ ဖြစ်လာ တာ ပါပဲ။ ဒါဟာ အဖျက်ဆီးခံရမှုပါပဲ။ ဒါကြောင့် ပညာရေးစနစ် အဖျက်ဆီးခံလာရတဲ့ ပြဿနာမှာ စစ်အစိုးရနဲ့ ထပ်တူ တာဝန်ရှိ တဲ့ အထဲမှာ ပါမောက္ခတွေ အပါအ၀င် ပညာရေးအာဏာပိုင်တွေလည်း ပါတယ်လို့ ပြောရမှာ ပါ။ တကယ်တော့ ပညာရှင်တွေ ဖြစ်ပါလျှက်နဲ့ အခွင့်အရေး၊ အာဏာနဲ့ ငွေကြေးကို မလွန်ဆန်နိုင်ကြတာက အခြေခံအကြောင်းတွေပါပဲ။

အဲဒီအပြင် ၁၉၉၂ခုနှစ်ကစပြီး တက္ကသိုလ်က ဆရာဆရာမတွေကစပြီး ဖေါင်ကြီးမှာ သဘောတရားရေး တစ်လ မွမ်းမံ သင်တန်းတွေ မတက်မနေရဆိုပြီး အမိန့်ထုတ်ပါတယ်။ အသုတ်လိုက်ခွဲပြီးတော့ ဌာနဆိုင်ရာ ၀န်ထမ်း အားလုံး တက်ကြရတာ အခုထိပါပဲ။ အဲဒီ သင်တန်းဟာလည်း အမိန့်နာခံတတ်အောင် ပုံသွင်းပြီး သူတို့ လုပ်တိုင်း ဖြစ်တယ် ဆိုတာကို ပြတဲ့ လုပ်ငန်း စဉ် တစ်ခုပါပဲ။ ပညာရှင်ဆရာ ဆရာမတွေဟာ အဲဒီတုန်းက တာဝန်ရှိ စစ် အစိုးရ ထဲက အကြီးအကဲတချို့ရဲ့ ၀ါဒဖြန့် သင်ခန်းစာတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုတင် မကဘဲ လွတ်လပ် ရေး ဗိသုကာ၊ တပ်မတော်ရဲ့ ဖခင်ဖြစ်တဲ့ ဗိုလ်ချုပ် အောင်ဆန်း နဲ့ ပြည်သူလူထုအားလုံးကို ရိုင်းပျစော်ကားတဲ့ စကားတွေနဲ့ သင်တန်းအမျိုးမျိုးပေးတာကို ခံခဲ့ကြရပါတယ်။

အဲဒီ သင်တန်းတွေဟာ စစ်အစိုးရအတွက် ဆိုးကျိုးရော ကောင်းကျိုးရော ရစေတယ်လို့ ဆိုနိုင်ပါတယ်။ ကောင်းကျိုး ကတော့ သူတို့ ဖြစ်စေချင်တဲ့အတိုင်းပဲ ပညာရှင်တွေရဲ့ အာဏာပိုင်အပေါ် အကြောက်တရားက ပိုကြီးသွားပါတယ်။ ဆိုးကျိုးကတော့ လူထုနဲ့ တသားတည်းရှိပြီး အမှန်တရားကို မြတ်နိုးတဲ့ ပညာရှင်တွေကတော့ သူတို့ကို ပိုပြီး မုန်းတီး စက်ဆုတ်သွားကြ တာပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ၁၉၉၂နောက်ပိုင်း ပြည်ပကို ပညာရှင် အမြောက်အများ ထွက်သွားကြပါတယ်။ ဒါဟာ တိုင်းပြည်အတွက် အများကြီး ဆုံးရှုံးနစ်နာသလို ပညာရှင် တွေ အနေနဲ့ကလည်း ပြည်တွင်းမှာ ဆက်နေလို့ ဘာတစ်ခုမှ လုပ်ခွင့်မရှိတဲ့အပြင် အန္တရာယ်လည်း ကြီးတဲ့အတွက် ဆုံးရှုံးနစ်နာရတာပါပဲ။

ဒီနေရာမှာ ၁၉၈၉ဒီဇင်ဘာမှာမှ ဒီမိုကရေစီရခဲ့တဲ့ ချက်ကိုစလိုဗက်နိုင်ငံ ပြဿနာနဲ့ ယှဉ်ပြီးပြောပြချင်ပါတယ်။ ချက်ကိုစလိုဗက်နိုင်ငံတုန်းကဆိုရင်လဲ ကွန်မြူနစ် အာဏာရှင် တွေက ဆရာတွေရဲ့ သင်ကြားရေးတွေကိုပါ ၀င်စွက်ဖက် လာတဲ့အတွက် ဆရာတွေ အလုပ်ထွက်ပစ်ကြပါတယ်၊ အဲဒီတုန်းက ချက်ကိုစလိုဗက်ကီးယား (Czechoslovakia) ရဲ့ အခြေနေက ဗမာပြည်လောကတောင် မဆိုးပါဘူးလို့ ဆိုနိုင်ပါတယ်။။ ဒါတောင် အာဏာရှင် တွေရဲ့ မတရားတဲ့ မလျော်ကန် တဲ့ အမိန့်အာဏာတွေကို မလိုက်နာနိုင်တဲ့ အတွက် တက္ကသိုလ်က ဆရာတွေဟာ အလုပ်ထွက်ပြီး တံမျက်စည်းလှည်းတာ တို့ ပန်းရံတို့ လုပ်ကြပါတယ်၊ ပြီးတော့ အဲဒီ ဆရာတွေက ပြောပါတယ်၊ မမှန်ကန်တဲ့ အတွေးအခေါ်တွေ ကို လူငယ် တွေ ခေါင်းထဲ ထည့်ပေးရတဲ့အလုပ်လို ယုတ်ညံ့တဲ့ အလုပ်တွေကို လုပ်တာ ထက်တော့ ဒီလို အခြေခံအလုပ်မျိုးတွေ လုပ်ရ တာ က သာသေးတယ်လို့ ပြောပါတယ် တဲ့။ အဲဒီတုန်းက စာရေးဆရာ တော်လှန်ရေးသမား ဖြစ်ပြီး ချက် နဲ့ စလိုဗက်ကီးယား ကွဲပြီး နောက်ပိုင်းမှာ ချက် ရီပတ်ဗလစ်နိုင်ငံ (Czech Republic) ရဲ့ သမ္မတဖြစ်လာတဲ့ Vaclav Havel ရေးခဲ့တဲ့ The Power of the powerless စာအုပ်ထဲမှာ ရေးထားတာပါ။

မြန်မာနိုင်ငံမှာကတော့ အာဏာပိုင်တွေရဲ့ မတရားအမိန့်တွေကို မနာခံနိုင်သူတွေက ပြည်ပထွက်၊ ဒါမှမဟုတ် အလုပ် ထွက်ကုန်ကြပြီး မလွန်ဆန်ရဲကြတဲ့ နာခံနိုင်သူတွေ ကျတော့လည်း မျက်စေ့စုံမှိတ် နာခံကြတာမို့လို့ နိုင်ငံတနိုင်ငံ အတွက် အဓိကအကျဆုံး ထောက်တိုင်တစ်တိုင်ဖြစ်တဲ့ ပညာရေးစနစ်ကြီး တစ်ခုလုံး ထိခိုက် ပျက်စီး သွားရတာပါ။ စစ်အစိုးရ သက်တမ်း တစ်လျှောက်က မျိုးဆက်တွေနဲ့ ပတ်သက်ရင် နိုင်ငံအနေနဲ့ ပညာရေးပိုင်းမှာ အများကြီး ဆုံးရှုံးခဲ့ပါပြီ။ ဒါကို ဘယ်သူမှ ငြင်းလို့မရနိုင်ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီလိုစနစ်အတွင်းမှာ ကျမတို့ ဂုဏ်သိက္ခာရှိရှိနဲ့ နေနိုင်သလား ။ ဒီစနစ်က ပြည်သူ လူထုကို အကျိုးပြုနိုင်သလား။ ပြည်သူလူထုကို အသုံးချနေသလား။ ဒါပဲ စဉ်းစားရမှာပဲ .. လို့ Vaclav Havel ရဲ့ စကားကို ကိုးကား ပြီးတော့ ပြောခဲ့ဖူးပါတယ်။ ဒါဟာ ပညာရှင်တွေအနေနဲ့ တကယ်စဉ်းစားသင့်တဲ့ မေးခွန်းများပဲ ဖြစ်ပါတယ်။

မေငြိမ်း-၂၈၊သြဂုတ်၊၂၀၀၆။

ကျူရှင်ပြဿနာ(၂)

မြန်မာနိုင်ငံရဲ့ ပညာရေးနဲ့ ပတ်သက်ရင် ကျူရှင်ဟာ ထင်ထင်ရှားရှား ကြီးစိုးနေတဲ့ ကျောင်းပြင်ပ ပညာရေး တစ်မျိုးပါပဲ။ သူငယ်တန်းကနေ စပြီး မဟာတန်းတက်တဲ့အထိ ကျောင်းသားတွေရဲ့ ကျောင်းသင်ပညာရေးတွေနဲ့ အတူ ကျူရှင်ကလဲ ထပ်ချပ်မကွာ လိုက်ပါနေ တာပါ။ တကယ်တော့ ကျူရှင်ဟာ ကောင်းကျိုးရော ဆိုးကျိုးပါ ပေး တဲ့ ပညာရေးတစ်မျိုး ပါပဲ။

မြန်မာနိုင်ငံမှာက ငွေကြေးတတ်နိုင်တဲ့ မြို့ပေါ်နေ လူတန်းစားမိဘတွေက သူတို့ရဲ့ ကလေးတွေကို အသက် ၃နှစ် လောက်ကတည်းက မူကြိုပို့တဲ့ အလေ့အထ ရှိပါတယ်။ အများစုကတော့ မိဘနှစ်ပါးစလုံး အလုပ်လုပ် ရတဲ့အတွက် ကလေးတွေကို ကျောင်း စောစော ပို့ကြရတာပါပဲ။ အခုခေတ် မူကြိုတွေက ကျောင်းလခ များများ ယူပြီး စာကိုလည်း အပြိုင်အဆိုင်သင်ကြတာမို့လို့ ကလေးတွေဟာ ကျောင်းကြီးမနေခင်မှာဘဲ စာတတ်နေ ကြ ပါပြီ။ ဒါကြောင့်ပဲ မြို့ပေါ်က သူငယ်တန်းဆရာတွေဟာ စာသိပ်သင်စရာ မလိုတော့ဘဲ ကလေးတွေအနေနဲ့ စာတွေကို ဘယ်လောက် အလွတ်ရသလဲ ဆိုတာကို ကြည့်ပြီး အလွတ်ကျက်စွမ်းရည် တက်လာအောင် လေ့ကျင့် ပေးရတာလောက်ပဲ ရှိတော့တာပါ။

အဲဒီအခါမှာ ကလေးတွေအနေနဲ့ စာကို ၏..သည် မလွဲ ရွတ်နိုင်ပြီး၊ ဆရာ ဆရာမက အကဲဖြတ် အမှတ် ကောင်းကောင်း ပေးလိုက်ရင် အဆင့်ကောင်းကောင်း ရနိုင်တာပါပဲ။ အဲလိုနဲ့ ကလေးတွေဟာ အလွတ် ကျက် နိုင်စွမ်းချင်း တူတဲ့အခါမှာတော့ ဆရာ ဆရာမ လက်ထဲက အကဲဖြတ်အမှတ်ကို ပို ရနိုင်ဖို့အတွက် အတန်းပိုင် ဆရာ ဆရာမရဲ့ ကျူရှင်ဆီ ကို အလုအယက် ပြေးကြရတော့တာပါ။

ဒီလိုနဲ့ပဲ မြန်မာနိုင်ငံက ကလေးတွေဟာ တက္ကသိုလ်ရောက်တော့လည်း ကိုယ်ရွေးချယ်တဲ့ ဘာသာရပ်နဲ့ သက်ဆိုင်တဲ့ ကျူရှင်တွေ ယူကြရပြန်ပါတယ်။ အထူးသဖြင့်တော့ ကျောင်းသားတွေကိုယ်တိုင် အတန်းမှာ မပျော်တာနဲ့ ဆရာ ဆရာမ တချို့ရဲ့ အဂတိ လိုက်စားမှုတွေကြောင့် တက္ကသိုလ်မှာ ကျူရှင်တွေ ကျိတ်ဝိုင်းတွေ ရှိလာတာပါ။ ၂၀၀၀-၂၀၀၁ ပညာသင်နှစ်ကစပြီးတော့ တက္ကသိုလ်မှာ ပြက္ခဒိန်နှစ်တစ်နှစ်ကို စာသင်နှစ် ၂နှစ် လုပ်လိုက်ပါတယ်။ ပြီးတော့ အတန်းတစ်တန်းကို ၆လတက်ပြီး စာသင်နှစ်တစ်နှစ်လို့ သတ်မှတ် လိုက်ပါတယ်။ အဲဒီအပြင် ၀ိဇာသိပ္ပံ တက္ကသိုလ်တွေရဲ့ ပုံမှန် လေးနှစ်သင် ကာလကို ၃နှစ်သင်ကာလအဖြစ် သတ်မှတ်လိုက် ပါတယ်။

အဲဒီအခါမှာ စတုတ္ထနှစ်သင်ရိုး တချို့ကို တတိယနှစ်သင်ရိုးထဲ ထည့်သင်ရပါတယ်။ တတိယနှစ် သင်ရိုးတချို့ကို ဒုတိယနှစ်သင်ရိုးထဲ ပေါင်းထည့်ပြီး သင်ရပါတယ်။ ဒီလိုပဲ ပထမနှစ် သင်ရိုးထဲလည်း ဒုတိယနှစ်သင်ရိုးတချို့ကို ထည့်သင်ရပါတယ်။ ဒါကြောင့် သင်ရိုးကသာ ပိုများလာပြီး သင်ရမယ့်အချိန်က နည်းသွားတာကြောင့်မို့၊ တကယ် သင်ပြီဆို ရင် စာသင်နှစ်နဲ့အညီ စာမပြီးနိုင်ပါဘူး။ ဒါပေမဲ့ သင်ရိုးကုန် အပြီး သင်ရမယ် ဆိုတဲ့ အမိန့်က ရှိနေ တော့၊ ဆရာတွေအနေနဲ့ မရရအောင် အချိန်လုပြီး သင်ကြရတာမို့လို့ စံမီတဲ့ ပညာရေး မဖြစ်နိုင်တော့ပါဘူး။ ဆရာ ဆရာမရော ကျောင်းသား ကျောင်းသူတွေပါ ထိခိုက်နစ်နာတဲ့ စနစ်ပါပဲ။

၂၀၀၃-၂၀၀၄ ပညာသင်နှစ်ရောက်တော့ ပြက္ခဒိန်နှစ် တစ်နှစ်မှာ စာသင်နှစ် ၃နှစ်ကို အပြိုင် ဖွင့်တာမို့ ဆရာ ဆရာမတွေဟာ စာမေးပွဲတွေ စစ်ဆေးပေးရတဲ့အလုပ်တွေနဲ့ သိပ်ပင်ပန်းကြရပါတယ်။ အဲဒီအခါ သင်ကြားရေး ထဲမှာ ပိုပြီး အားလျော့ လာပါတယ်။ ဒီလိုနဲ့ ကျောင်းသားတွေဘက်ကလဲ ဒီပြဿနာကို ကျူရှင်နဲ့ပဲ ဖြေရှင်းရ ပါတော့တယ်။ ဒါကလည်း တက္ကသိုလ်ပညာရေးထဲထိ ကျူရှင်စနစ် ထွန်းကားလာရတဲ့ အကြောင်းရင်း တစ်ခု ဖြစ်ပါတယ်။

၂၀၀၄-၂၀၀၅ပညာသင်နှစ်ရဲ့ တက္ကသိုလ် အတန်းတင် စာမေးပွဲမှာဆိုရင် ကိုယ့်နိုင်ငံရဲ့ ရုံးသုံး ဘာသာစကား ဖြစ်တဲ့အပြင်၊ ကိုယ်နဲ့ နေ့စဉ် ထိတွေ့နေရတဲ့ မြန်မာစာဘာသာ ကိုတောင်မှပဲ တရားဝင်အောင်မှတ် ၅၀ကို အောင်တဲ့ သူ မရှိတဲ့အတွက် ၂၅မှတ်အထိ လျှော့ချ ပေးခဲ့ရပါတယ်။ ဒါတောင်မှပဲ အကျအရှုံး များနေသေး တာမို့ လို့ နောက်ဆက်တွဲ စာမေးပွဲ (Supplementary Exam) စစ်ပေးရပါတယ်။ အဲဒီမှာ ဆပ်ပလီ ဖြေကြရတဲ့ ကျောင်းသား ကျောင်းသူ ၈၀ရာခိုင်နှုန်းထိ ရှိပါတယ်။ ဒါပေမဲ့ အဲဒီ နောက်ဆက်တွဲ စာမေးပွဲကိုပါ အကျများ နေ သေး တာကြောင့် နောက်ဆက်တွဲ စာမေးပွဲတွေကို ဒုတိယ အကြိမ် တတိယအကြိမ်တွေအထိ ၃ခါ စစ်ပေးခဲ့ ရပါ တယ်။

နောက်ဆုံးတော့ အောင်ချက်နှုန်း ကောင်းကောင်း ပြနိုင်ရမှာမို့လို့ ဖြစ်တဲ့နည်းနဲ့ အအောင် ပေးလိုက်ရတာပါပဲ။ ဒါကို ကျောင်းသားတွေဘက်ကလည်း သိနေတာကြောင့် စာမေးပွဲကို အရေး မထားတော့ပါဘူး။ ရေးဖြေစရာ စာရအောင် ကျူရှင်တွေဆီ သွားလိုက်ရင် ပြီးတာပဲလို့ သဘောထား လာကြပါတယ်။ ဒီနေရာမှာ အာဏာပိုင် တွေရဲ့ အအောင်ပေး ရေး မူ ကို အသုံးချပြီး၊ လှေကြုံလိုက်တဲ့ ဆရာ ဆရာမ တချို့ကြောင့်လည်း လာဘ်ယူဖို့ ကိုသာ ဦးတည်ပြီး တကယ်တမ်းမှာ စာတတ်အောင် သင်မပေးတော့တဲ့ ကျူရှင်တွေလည်း ရှိလာပါတယ်။ ဒါကြောင့် အခု ၂၀၀၆ ခုနှစ်မှာတော့ တက္ကသိုလ်တွေမှာ နောက်ဆက်တွဲ စာမေးပွဲကို တစ်ကြိမ်ပဲ ခွင့်ပြုပြီး ကျူရှင် ကိစ္စတွေကိုလည်း သေချာ စိစစ်ပြီး ကိုင်တွယ်ရမယ်လို့ ပညာရေးဝန်ကြီး ဒေါက်တာချမ်းငြိမ်းက ညွှန်ကြား ထား ပါတယ်။

မြန်မာနိုင်ငံရဲ့ တက္ကသိုလ် ပညာရေး သမိုင်းမှာတော့ ၂၀၀၀ ခုနှစ်ကနေ ၂၀၀၅ ခုနှစ် ထိ ဟာ အရည်အသွေး အကျဆင်းဆုံး နှစ်တွေလို့ ပြောရမှာပါ။ လစာနဲ့ စားဝတ်နေရေး မလုံလောက်မှုတွေကြောင့် ဆရာ ဆရာမတွေ ဘက်က သင်ကြားရေးမှာ ပေါ့လျော့လာ သလိုပဲ၊ မိဘတွေရဲ့ ဘက်စုံ အကျပ်အတည်းကြောင့် သားသမီးရဲ့ အခြေ အနေမှန်ကို သေချာ ဂရုမစိုက်နိုင်တော့တာတွေကလည်း လူငယ်တွေရဲ့ ပညာရေးကို ထိခိုက်စေပါ တယ်။ ပြီးတော့ တက္ကသိုလ်တွေရဲ့ ၀န်းကျင်မှာ ပေါ်ပေါ်ထင်ထင် ရှိနေတဲ့ မူးယစ်ဆေးဝါးနဲ့ လောင်းကစား တွေကြောင့်လည်း ကျောင်းသားကျောင်းသူတွေဟာ ကျောင်းပညာရေးမှာ အရည်အသွေး ကျလာပါတယ်။ နောက်ဆုံးတော့ ကျူရှင်ဆိုတာကလည်း ဆရာ ဆရာမ ကို အပိုင်ကိုင်ပြီး စာမေးပွဲအောင်ဖို့ အတွက်သာ ဖြစ်ပြီး တော့ စာတတ်ဖို့ဆိုတဲ့ ရည်ရွယ် ချက် မပါတော့သလောက် ဖြစ်လာပါပြီ။

တကယ်တော့ မြန်မာနိုင်ငံလို ပြည်သူလူထုတွေ ဆင်းရဲတဲ့ နိုင်ငံမှာ ကျူရှင်ယူစရာ မလိုဘဲနဲ့ ပြည့်စုံတဲ့ ကျောင်း ပညာရေးပဲ ဖြစ်သင့်တာပါ။ ဒါပေမဲ့ အခြေအနေ အမျိုးမျိုး ကြောင့် ကျောင်းပညာရေးကို သေသေချာချာ မရနိုင် တဲ့အခါမှာတော့ ကျောင်းသူ ကျောင်းသားတွေ အနေနဲ့ ကျူရှင်ကို ကျောင်းပြင်ပ ပညာရေးတစ်ခု အနေနဲ့ သေသေ ချာချာ ကြိုးစား သင်ယူဖို့ပဲ ရှိပါတော့တယ်။ အဲလိုပဲ ဆရာ ဆရာမတွေ ဘက်ကလည်း အပို ငွေကုန် ခံပြီး ကျူရှင်ယူကြရတဲ့ ကလေးတွေကို အတတ်နိုင်ဆုံး ပညာသင် ပေးသင့် သလို ကျူရှင်မယူနိုင်တဲ့ ကလေး တွေကိုလည်း ကျောင်းစာသင်ခန်းထဲမှာ တကယ် ပညာတတ်အောင် သင်ပေးကြရမှာ ဖြစ်ပါတယ်။

မေငြိမ်း
၂၀၀၆၊သြဂုတ်၂၀။

ကျူရှင်ပြဿနာ

ကျောင်းပြင်ပ ပညာရေးတွေကို ဆွေးနွေးရင်းအဝေးသင်ပညာရေးထဲက Online Education အကြောင်း ဆွေးနွေး ခဲ့ပါတယ်၊ တကယ်တော့ ပညာရေးမှာ Information Technology ခေတ်ရောက်ပြီလို့ ကြွေးကြော် နေတဲ့ လက်ရှိအစိုးရအနေနဲ့ သိပ္ပံနဲ့နည်းပညာ ကိုသာ ကျောင်းပညာရေးအတွက် တကယ် ထိထိရောက်ရောက် အားပေးမယ်ဆိုရင် မြန်မာနိုင်ငံက လူငယ်တွေဟာလည်း နိုင်ငံတကာ အဆင့်မီ ပညာရေးတွေကို ဆည်းပူး ရယူ နိုင်ကြမှာပါ။ မြန်မာနိုင်ငံရဲ့ အနီးဆုံး ထိုင်းနိုင်ငံမှာကတော့ IT ထွန်းကားတဲ့အတွက် လူတိုင်း ကိုယ့်အရည်အချင်း ရှိသလောက် ပညာကို အလွယ်တကူ သင်ယူခွင့် ရနေတာမို့လို့ ပညာရေးအဆင့်မှာ မြန်မာနိုင်ငံထက် အများကြီး သာသွားတာပါ။

အခု မြန်မာနိုင်ငံမှာကတော့ စာသင်ခန်းတွေ ဆီမှာလဲ ထိရောက်တဲ့ပညာရေးကို မရ ၊ Internet ကနေလည်း လေ့လာခွင့်မရတဲ့အခါမှာ ကျောင်းသားတွေရဲ့ အားကိုးရာက ကျူရှင်တွေ ဖြစ်လာတာပါ။ ဒီလိုနဲ့ မြန်မာနိုင်ငံမှာ ကျူရှင်ဆိုတာက ကျောင်းပြင်ပ ပညာရေး တမျိုးလို ဖြစ်လာပြီ လို့ ဆိုရမှာပါ။ ဒါကြောင့် ဒီတစ်ပတ်မှာ ကျူရှင် အကြောင်းဆွေးနွေးချင်ပါတယ်။

မြန်မာနိုင်ငံမှာ ကျူရှင်ဆိုတဲ့ ဝေါဟာရက ၁၉၇၀လောက်ကစပြီး တွင်ကျယ်လာခဲ့ပါတယ်။ အစပျိုးတာကတော့ အခြေခံပညာ ကျောင်းတွေကပါ။ မိဘနှစ်ပါးလုံး အလုပ်လုပ်ကြရတဲ့ ခေတ်ကို ရောက်လာတာနဲ့အတူ ကလေး ပညာရေးကို မိဘက အချိန်မပေးနိုင်ကြတော့တဲ့ အတွက် ကလေးတွေကို စာတော်ဖို့ သူတို့ အတန်းပိုင် ဆရာ ဆရာမဆီ အချိန်ပို သင်ဖို့ အပ်ရာကနေ ကျူရှင်တွေ ပေါ်လာတာပါ။ မဆလခေတ်မှာ ပြည်သူလူထု စားဝတ် နေရေး ကျပ်တည်းလာပြီး ၀န်ထမ်းတွေ လစာနဲ့ ကုန်ကျစရိတ် မလောက်မငှ ဖြစ်လာရာကနေ အပိုဝင်ငွေရတဲ့ အလုပ်ပိုတွေလုပ်လာကြရပါတယ်။ ဒီလိုနဲ့ ဆရာတွေလည်း ကျူရှင်ပြတဲ့ အပိုအလုပ်ကို လုပ်လာကြရတာပါပဲ။ အထူးသဖြင့်တော့ ဆေးတက္ကသိုလ်တို့ စက်မှုတက္ကသိုလ်တို့လို အမှတ်ကောင်းမှ ၀င်ခွင့်ရတဲ့ ကျောင်းမျိုးဝင်ခွင့် ရဖို့အတွက် ၁၀တန်းစာမေးပွဲ အမှတ်က အဓိက ကျလာတဲ့အခါမှာ ကျောင်းမှာသင်တာနဲ့ မလုံလောက် တော့ဘူးလို့ ယူဆလာကြတယ်။ အဲဒါကြောင့် ကျူရှင်တွေ အများကြီး ထွန်းကားလာတာ ပါပဲ။ အစောပိုင်းတုန်းက ကျောင်းက ဆရာ ဆရာမတွေပဲ ကျူရှင်သင်ရာကနေ နောက်ပိုင်း မှာ ပြင်ပကျူရှင်တွေပါ ရှိလာရာက ၁၉၇၅ခုနှစ်လောက်မှာ အစိုးရက တရားဝင် မှတ်ပုံတင်ပြီး ကျူရှင်ဖွင့်ခွင့်ပေးခဲ့ပါတယ်၊ အဲဒီ ကျူရှင် တွေဟာ ၁၉၉၀နောက်ပိုင်းမှာတော့ ၀ိုင်းဆိုပြီးတော့ လူ ၁၀ယောက်သာ အများဆုံး လက်ခံပြီး သင်တန်းကြေး လည်း အများကြီးပေးရတဲ့ ပုံစံကို ပြောင်းသွားပါတယ်။

၂၀၀၀ပြည့်နှစ်နောက်ပိုင်း မြန်မာနိုင်ငံ အခြေခံပညာရေးမှာ ကျောင်းတွင်း သင်ကြားမှု အခြေအနေဟာ တော်တော် ဆုတ်ယုတ်လာပါတယ်။ ကျောင်းဆရာတွေရဲ့ လစာ နည်းပါးမှုကြောင့် ဆရာတွေဟာ စာသင်ခန်းကို စိတ်ဝင်စားမှု နည်းလာပါတယ်။ ကျောင်းသားတွေဘက်ကလည်း ဆရာတွေအပေါ် အားမရတာမျိုး အပြန်အလှန် ဖြစ်လာပါတယ်။ အဲဒီအပြင် ခေတ်စနစ်ရဲ့ အထွေထွေ အကျပ်အတည်းနဲ့ အခြေခံပညာ အထက်တန်းရဲ့ ဘာသာရပ်များတဲ့ အခက်အခဲတွေ အင်္ဂလိပ်လိုသင်တဲ့ ပြဿနာ တွေကြောင့် မိဘက သားသမီးပညာရေးကို မကူနိုင်တော့ပါဘူး။ အဲလိုနဲ့ ကျောင်းသားတွေ ကို အချိန်ပြည့် ဂရုစိုက်ပေးနိုင်တဲ့ ကျောင်းအိပ် ကျောင်းစား ဘော်ဒါ တွေ ပေါ်လာပါတယ်၊ ၂၀၀၀ပြည့်နှစ်လောက်ကစပြီး မြန်မာနိုင်ငံမှာ သားသမီးတွေကို ဘော်ဒါကျောင်း ထားတာ ခေတ်စားလာပါတယ်။ ဘော်ဒါကျောင်းတချို့ကတော့ တကယ်ပဲ ကလေးတွေကို ကျောင်းနေ ပျော်ပြီး စာတော်စေတယ် လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။

တကယ်တော့ ကလေးတွေ ကျောင်းနေပျော်ပြီး စာတော်စေရေးဟာ နိုင်ငံကို အုပ်ချုပ်တဲ့ အစိုးရနဲ့ ကျောင်း ဆရာ တွေမှာ အထူး တာဝန်ရှိတာပါ။ အခုတော့ ကလေးတွေက ကျူရှင်တွေမှာ ဘော်ဒါကျောင်း တွေ မှာပဲ ပျော်နေကြပါတယ်။ ဒါပေမယ့် အဲလို ပျော်ခွင့်ရတာကလည်း တကယ့် လူနည်းစုလေးပါပဲ။ ကျူရှင်တွေ ဘော်ဒါ တွေရဲ့ စရိတ်က သိပ်များတာမို့လို့ သာမန် လူထုလူတန်းစားက သားသမီးတွေခမျာ အနားတောင် မကပ်နိုင် ကြပါဘူး။ အခု ၂၀၀၆-၂၀၀ရ ပညာသင်နှစ်အတွက်ဆိုရင် ၀ိုင်းကြေးက ဘာသာစုံ ၁၀ယောက်ဝိုင်း တစ်ဝိုင်းကို အနည်းဆုံး ကျပ်၁၀သိန်း ရှိပါတယ်။ တစ်ယောက်ချင်း ကျူရှင်ခက တစ်လကို ၁သိန်းခွဲ လောက်ရှိတာပါ။ ဘော်ဒါတွေကတော့ ကျောင်းသားကို အစားအသောက်ကအစ ကျန်းမာရေး အဆုံးကြည့်ပေးတာမို့လို့ တစ်နှစ် ကို အနည်းဆုံး ဘော်ဒါကျောင်းကတောင် ၁၂သိန်းပေးရတယ်လို့ ဆိုပါတယ်။ အဲဒီလောက် ငွေကြေး အကုန် အကျ များတဲ့ ပညာရေးကို မြန်မာနိုင်ငံမှာ လူနည်းစုသာ တတ်နိုင်ကြပါတယ်။ အများအားဖြင့်ကတော့ ပြည်ပမှာ အလုပ်လုပ်ပြီး သားသမီးလည်း နည်းတဲ့သူတွေသာ တတ်နိုင်တာပါ။

သာမန်ဝန်ထမ်းသားသမီးလို ကျူရှင်အတွက် ငွေကုန်ကြေးကျမခံနိုင်တဲ့သူတွေကတော့ အများစုတက်နိုင်တဲ့ တန်းခွဲကျူရှင်တွေမှာ တက်ကြရပါတယ်။ အဲဒီ ကျူရှင်တွေမှာတောင် မှ သင်တန်းကြေးက အနည်းဆုံး တစ်ယောက် ကို တစ်လ ၆သောင်းရှိပါတယ်။ တစ်နှစ်ကို အနည်းဆုံး ၆သိန်း ၇သိန်းတော့ ကုန်မှာပါ။ အဲဒီလောက် အကုန်အကျခံထားရတဲ့ ပညာရေးရဲ့ ဦးတည်ချက်ကရော တကယ်တန်ဖိုးရှိရဲ့လား၊ တကယ်ရော အသုံးကျရဲ့လားဆိုတာကလည်း စဉ်းစားဖို့ ကောင်းပါတယ်။

ပြီးခဲ့တဲ့ ၂၀၀၆ခုနှစ် မေလမှာတော့ အာဏာပိုင်တွေက ကျောင်းဆရာဆရာမတွေ ကျူရှင် မပြရဘူး၊ ပြရင် ပြင်းပြင်း ထန်ထန်အရေးယူမယ်လို့ အမိန့်ထုတ်ပါတယ်။ ပြီးတော့ ကိုယ်ပိုင်ကျောင်းတချို့ကိုလည်း စစ်ဆေးပြီး ပိတ်ခိုင်းခဲ့ပါတယ်။ ဒါပေမဲ့ အခုချိန်ထိတော့ ကလေးတွေရဲ့ ပညာရေး အတွက် တကယ်လည်း လိုအပ်နေတဲ့ ကျူရှင် ယဉ်ကျေးမှု ကတော့ ရှိနေရတုန်းပါပဲ။ ပိုဆိုးတာကတော့ ခုချိန်မှာ ကျူရှင်ဆိုတာက တက္ကသိုလ်အဆင့်၊ မဟာဘွဲ့အဆင့်တွေထိပါ ရှိနေတာပါပဲ။

တကယ်တော့ ကျောင်းသားတွေ ကျောင်းမတက်ဘဲ ကျူရှင်တွေပဲ တက်နေလို့ ကျူရှင်တွေ ပိတ်ပစ်ရမယ် ဆိုတာ ထက် ကျောင်းမှာ စာကို ဂရုတစိုက်သင်ပေးဖို့နဲ့ ဆရာ ဆရာမတွေ စားဝတ်နေရေး မပူပင်ရဘဲ စာ ကောင်းကောင်း သင်ပေးနိုင်အောင် ပံ့ပိုးပေးဖို့ကသာ အစိုးရတွေရဲ့ အခြေခံကျတဲ့ အဓိကတာဝန် ဖြစ်ပါတယ်။

မေငြိမ်း(၂၀၀၆)


Thursday, September 13, 2007

အဝေးသင်ပညာရေး

ဒီတစ်ပတ်တော့ Non-formal Education ထဲက အဝေးသင်ပညာရေးနဲ့ ပတ်သက်ပြီး ပြောပြချင်ပါတယ်။ မြန်မာနိုင်ငံမှာ ၁၉၈၈အထိ ၀ိဇ္ဇာသိပ္ပံတက္ကသိုလ် လက်အောက်ခံ စာပေးစာယူသင်တန်းဆိုတာ ရှိခဲ့ပါတယ်။ အဲဒီကနေ စာစဉ်တွေဖြေ စာမေးပွဲတွေ ဖြေပြီး ဘွဲ့ ယူနိုင်ပါတယ်။ ၁၉၈၈နောက်ပိုင်းမှာတော့ တက္ကသိုလ် ကျောင်းတွေ နှစ်ရှည်ပိတ်ပြီး ပြန်ဖွင့်တဲ့ ၁၉၉၁ကစပြီး စာပေးစာယူသင်တန်းဌာနကို အဆင့်မြင့်ပညာဌာန လက်အောက်ခံ အဝေးသင်ကောလိပ်လို့ ပြောင်းခဲ့ပါတယ်။ အခုတော့ သီးခြား တက္ကသိုလ်ကြီးတစ်ခုအနေနဲ့ အဝေးသင်တက္ကသိုလ်ဖြစ်နေပါပြီ။ အစတုန်းက ၀ိဇ္ဇာ သိပ္ပံ ဘာသာတွဲတွေပဲ ရှိရာကနေ တဖြည်းဖြည်း တိုးလာ လိုက်တာ အခုဆိုရင် သက်မွေး ၀မ်းကျောင်း တက္ကသိုလ်အဆင့်ဖြစ်တဲ့ စီးပွားရေးပညာတို့၊ ဥပဒေပညာတို့လို ဘာသာရပ် တွေကိုတောင် အဝေးသင် အဖြစ်နဲ့ ဘွဲ့ပေးနေပါပြီ။

အဝေးသင်ပညာရေးက ငွေကြေးများများ မတတ်နိုင်တဲ့ လူတွေနဲ့ အလုပ်လုပ်ရင်း ကျောင်းတက်ချင်တဲ့ လူတွေအတွက် သိပ်အဆင်ပြေတဲ့ ပညာရေးပါ။ နိုင်ငံတနိုင်ငံအတွက် ရှိသင့်တဲ့ ပညာရေးမျိုးလည်း ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ၂၀၀၁မှာ ဗိုလ်ချုပ်ခင်ညွန့်စခဲ့တဲ့ အမျိုးသား ပညာရည် မြင့်မားမှု နှစ်ရှည် နှစ်၃၀စီမံကိန်း ထဲမှာ

-အဝေးသင်ပညာရေးစနစ်ကို တိုးချဲ့ပြီး လွတ်လပ်သောတက္ကသိုလ်ပညာရေးအဖြစ် ပြောင်းလဲရေး အတွက် ထိရောက်သော နည်းလမ်းများရှာဖွေရန်။
-နည်းပညာများအသုံးပြု၍ အဆုံးမရှိပညာသင်ကြားနိုင်မည့် အခွင့်အရေးများကို စီစဉ်ပေးရန်။
ဆိုတဲ့အချက်တွေကို အသေအချာ ထည့်ပြီး ရေးဆွဲထားတာ တွေ့ရပါတယ်။ လောလောဆယ်တော့ မြန်မာနိုင်ငံ မှာ အဝေးသင်ပညာရေးကနေ ဘွဲ့ရတွေ အရေအတွက် အများကြီး ထုတ်လုပ်ပေးနေတယ်လို့ ပြောရမှာပါ။

နိုင်ငံတကာမှာတော့ အဝေးသင်ပညာရေးဆိုတာ Online Education ပါပဲ။ Internet ကို သုံးပြီးတော့ ကိုယ့် ဘာသာ သင်ယူရတာပါ။ သတ်မှတ်ပေးထားတဲ့ အချိန်ဇယားတွေ အတိုင်း သင်ခန်းစာတွေယူပြီး အပတ်စဉ် လေ့ကျင့်ခန်းတွေ လုပ်ရပါတယ်။ ပြီးတော့မှ လိုအပ်ရင် အနီးကပ် ဆွေးနွေးတန်းတွေ သွားတက်ပြီး စာမေးပွဲ ဖြေရပါတယ်။ ဒီလိုနဲ့ ဘယ်သူမဆို အလုပ်ချိန်တွေကို မထိခိုက်လှဘဲ ဘွဲ့ယူနိုင်ပါတယ်။ မြန်မာနိုင်ငံမှာကတော့ ဆက်သွယ်ရေးနည်းပညာ သိပ်မဖွံ့ဖြိုးမတိုးတက်သေးတာကြောင့်ရော လူတိုင်း အင်တာနက် မသုံးနိုင်တာ ကြောင့် ရော နိုင်ငံတကာက Online Education တွေကို လုပ်ခွင့် မရနိုင်ကြပါဘူး။

မြန်မာနိုင်ငံက အဝေးသင်ပညာရေးစနစ်မှာတော့ ၀ိဇ္ဇာဘာသာရပ်အဓိက ကျောင်းသား တွေဟာ တနှစ်ပတ်လုံး စာကို မမြင်ဖူးကြဘဲ စာမေးပွဲနီးမှ ၁၀ရက် အနီးကပ် သင်တန်း ဆိုပြီး တက်ကြရပါတယ်။ ပြီးတာနဲ့ စာမေးပွဲ စစ်တာမို့ ကျောင်းသားတွေအနေနဲ့ ဘယ်လိုမှ ပညာမတတ်နိုင်ပါဘူး။ ပိုဆိုးတာကတော့ အဝေးသင်ဌာနက ကျောင်းသားတွေအတွက် လေ့လာရမယ့် စာအုပ်စာတမ်းကို ပြည့်စုံအောင် ထုတ်မပေးဘဲ ချန်ထားတာတို့၊ စာစဉ်တွေကို အခကြေးငွေယူပြီး ဖြေပေးတာတို့ လုပ်တဲ့အတွက် ကျောင်းသားတွေက ကျောင်းစာနဲ့ နဲနဲမှ မနီးစပ် တော့ပါဘူး။

အဝေးသင်ပညာရေးရဲ့ နောက်ထပ် ချို့ယွင်းချက်တွေကတော့ ကျောင်းသားတွေအတွက် ပို့ချချက်လမ်းညွှန်ဆိုတဲ့ စာအုပ်တွေကို ထုတ်ပေးထားတဲ့အပြင် အဆင်သင့် စာပြင်ထားတဲ့ အဖြေစာအုပ်တွေကို လေ့လာမှုလမ်းညွှန် ဆိုပြီး ထပ်ထုတ်ပြီးတော့ ကျောင်းသားတွေကို အလွယ်လမ်း လိုက်အောင် လုပ်ပေးထားပါတယ်။ ဒါကြောင့် ကျောင်းသားတွေက စာမဖတ်တော့ပါဘူး။ ဒီလိုပဲ ဆရာဆရာမတွေကလဲ စာသင်ဖို့ အထူးတလည် မပြင်ဆင် ကြတော့ပါဘူး။ ပိုဆိုးတဲ့ ပြဿနာတစ်ခုကတော့ မြန်မာစာကလွဲပြီး ကျန်တဲ့ ဘာသာတိုင်း ကို အင်္ဂလိပ်လို သင်တဲ့အတွက် အခြေခံပညာရေးထဲမှာ အင်္ဂလိပ်စာအခြေခံ မကောင်းခဲ့ကြရတဲ့ သူတွေအနေနဲ့ ဒုက္ခရောက် ကြရတော့တာပါပဲ။ ဒါပေမဲ့ အောင်ချက်နှုန်း ကောင်းရမယ် ဆိုတဲ့မူကြောင့် ဘယ်လိုဖြေဖြေ အောင်တာမျိုးမို့လို့ ပညာသင်နှစ် တစ်နှစ်မှာ ကျောင်းသားဟာ မေးခွန်းအရ ၆ပုဒ်ဖြေရမယ့် တစ်ဘာသာကို စာ ၅ပုဒ်ပဲ ကျက်ပြီး ၃ပုဒ်လောက် ဖြေထားရင်ကို စာမေးပွဲအောင်တဲ့ အခြေနေထိ ရောက်လာပါတယ်။

အဲလိုနဲ့ ၁၉၉၅နောက်ပိုင်းကစပြီး အဝေးသင်ပညာရေးအခြေနေ ဆုတ်ယုတ်လာခဲ့တာ ၁၉၉၈ခုနှစ်မှာတော့ အဝေးသင် စာမေးပွဲတွေရဲ့ သမိုင်းမှာ အဆိုးဆုံးဖြစ်တဲ့ စာမေးပွဲကို ခိုးကူးဖြေလို့ရတဲ့ ပြဿနာ စလာတာပါပဲ။ အဲဒီနှစ်မှာပဲ စာမေးပွဲမှာ ကျောင်းသား စာခိုးချတာကို မဖမ်းရဘူး၊ ဖမ်းလို့ ပြဿနာတက်ရင် ဆရာသာ အလုပ်ထွက်ရမယ်ဆိုတဲ့ နှုတ်မိန့်ကို ပညာရေးဝန်ကြီးကတဆင့် သက်ဆိုင်ရာ ပါမောက္ခတွေ ကျောင်း အာဏာပိုင် တွေက တရားဝင် ပြောခဲ့တာဖြစ်ပါတယ်။

ဒါနဲ့ပဲ ကျောင်းသားအများစုက ခိုးချဖြေတဲ့လမ်းကို ပို ရွေးလာကြပါတယ်။ ၂၀၀၀ခု နောက်ပိုင်းမှာတော့ အဲဒီ ပြဿနာက ပုံမှန်တက္ကသိုလ် ပညာရေးနယ်ပယ်အထိ ကူးစက်ပျံ့နှံ့ သွားပါတယ်။ ဒီလိုနဲ့ တက္ကသိုလ်တွေမှာ ပညာရေး ဆိုင်ရာ ကိုယ်ကျင့်တရားနဲ့ စာရိတ္တပါ ဆုတ်ယုတ် ပျက်စီးလာပါတယ်။ ဒါဟာ ပညာရေးစနစ်တခု လျော့လျဲမှုရဲ့ အကျိုးဆက်ပါပဲ။

၂၀၀၁-၂၀၀၂ ပညာသင်နှစ်မှာတော့ နှစ်၃၀စီမံကိန်းရဲ့ ပထမ ၅နှစ် လုပ်ငန်းစဉ် အနေနဲ့ အဝေးသင် ကျောင်းသားတွေအတွက် မြို့နယ်အလိုက် Multi-media Room တွေ ဖွင့်ပေးလိုက်ပါသေးတယ်။ ဒါပေမဲ့ လမ်းပမ်း သွားလာရေး အခက်အခဲ၊ လျှပ်စစ်မီး မလာတဲ့ အခက်အခဲတွေ ရှိတဲ့အပြင် ပုံမှန်ဖွင့်ပေးတာမျိုးလည်း မရှိတာကြောင့် သင်ယူရေးအတွက် ထိရောက်တဲ့ အကူအညီမျိုး မဖြစ်ခဲ့ပါဘူး။ ဒီလိုနဲ့ပဲ မြန်မာနိုင်ငံရဲ့ အဝေးသင်ပညာရေးဟာ နှစ်တိုင်းနှစ်တိုင်း သင်ကြားရေးသင်ယူရေးတွေမှာ ချိချိနဲ့နဲ့ နဲ့ အောင်ချက်ကတော့ဖြင့် ထိပ်တန်း ရောက်နေတုန်းပဲ ဖြစ်ပါတယ်။ ပညာ သေချာ မတတ်တဲ့ ဘွဲ့ရတွေကိုလဲ အများကြီး ထုတ်လုပ် ပေး နေတုန်းပါ။

တကယ်တော့ အဝေးသင်ပညာရေးဟာ ကာယကံရှင်ရဲ့ အရည်အသွေးပေါ် မူတည်ပြီး တသက်လုံး သင်ယူ သွားနိုင်တဲ့ ပညာရေးစနစ်မျိုးမို့လို့ နိုင်ငံတကာမှာတော့ သိပ်ကို အောင်မြင်နေတာပါ။ ကိုယ် နိုင်ရင်နိုင်သလို ဘွဲ့နှစ်မျိုးကိုတောင် တချိန်ထဲ ရနိုင် ယူနိုင်တာပါ။ ဒါကြောင့်ပဲ မြန်မာနိုင်ငံရဲ့ ပြင်ပ ကမ္ဘာမှာ တကယ့်ကို ပညာခေတ် လို့ ကြွေးကြော်နိုင် လောက်အောင် ပညာတတ်တွေ ပညာရှင်တွေ ပေါ်ထွက်နေတာပါပဲ။ ဒါဟာ နည်းပညာ ဖွံ့ဖြိုးမှုနဲ့ လွတ်လပ်စွာ ပညာသင်ယူနိုင်ခွင့်ရှိခြင်းတွေရဲ့ ကောင်းကျိုးတွေ ဖြစ်တဲ့အပြင် ကောင်းမွန် စနစ်ကျတဲ့ ပညာရေးပုံစံတွေကြောင့်ပါပဲ။

အဝေးသင်ပညာရေးဟာ ပညာလိုလားသူတွေအဖို့တော့ ကမ္ဘာ့ပညာခေတ်ကို ရင်ဆိုင်ဖို့ အတွက် မဖြစ်မနေ လိုအပ်တဲ့ ပညာရေးစနစ် ဖြစ်ပါတယ်။ ဒါကြောင့် အစိုးရများ ပညာရေး တာဝန်ရှိ လူကြီးများက အဝေးသင် ပညာရေးစနစ်ကို တန်ဖိုးရှိအောင် လက်တွေ့ အသုံးကျအောင် ဦးဆောင် ပြုပြင်စီစဉ်ပေးကြရမှာ ဖြစ်ပါတယ်ရှင်။

မေငြိမ်း
၈၊၈၊၀၆

ဘုန်းတော်ကြီးကျောင်းပညာရေး

ကျောင်းပြင်ပ ပညာရေးထဲက မြန်မာနိုင်ငံရဲ့ ဘုန်းတော်ကြီးသင် စာသင်ကျောင်း ပညာရေး အကြောင်း ဆွေးနွေး ချင်ပါတယ်။ ဘုန်းတော်ကြီးသင်ကျောင်းဆိုတဲ့ ဝေါဟာရကို မြန်မာလူမျိုးတွေ ရင်းနှီးပြီးသားပါ။ အထက်တန်းအဆင့် မြန်မာစကားပြေ သင်ရိုးထဲက စာရေးဆရာမန်းတင်ရဲ့ ဘုန်းကြီးကျောင်းသား စကားပြေမှာ ဟိုတချိန်တုန်းက ဘုန်းကြီးကျောင်း ပညာရေး ယဉ်ကျေးမှု ကို အသေးစိတ်ကျကျ တွေ့ရပါတယ်။ မြန်မာတွေ အခြေခံပညာတတ်ဖို့နဲ့ ယဉ်ကျေးလိမ်မာရှိမှုတွေကို ဘုန်းတော်ကြီး ကျောင်းတွေ က သင်ကြားပေးနိုင်တယ်လို့ လူကြီးမိဘတွေက ယုံကြည်ကြပါတယ်။ အထူးသဖြင့် နယ်ဘက်က မြန်မာကလေးငယ်တွေ တော်တော်များများ ဟာ ဘုန်းကြီးကျောင်းတွေနဲ့ မလွတ်ကြသလောက်ပါပဲ။ ဒါပေမဲ့ ကျောင်းသင်ရိုး နဲ့ အတူ ဗုဒ္ဓဘာသာကိုပါ သင်ပေး တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဘုန်းကြီးကျောင်းပညာရေးက ဗြိတိသျှလက်ထက်မှာ မှေးမှိန်သွားတာပါ။ ကိုလိုနီအစိုးရက ခေတ်မီ သိပ္ပံပညာနဲ့ အင်္ဂလိပ်စာကို အားပေးလာတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျောင်းပညာရေးနဲ့ အလှမ်းဝေးတဲ့ နယ်ဒေသ တွေနဲ့ မျိုးချစ်စိတ် ကြီးမားတဲ့ ဗမာတွေအကြားမှာတော့ ဘုန်းတော်ကြီးသင် ကျောင်း တွေက ပျောက်ပျက်မသွားခဲ့ပါဘူး။ အဲဒီတုန်းက ဘုန်းတော်ကြီးသင် စာသင်ကျောင်းတွေဟာ ကျောင်းစာနဲ့အတူ ဘ၀နေနည်းတွေကိုပါ ဘာသာရေးနဲ့ ဆက်နွယ်ပြီး သင်ပေးတာမို့ မြန်မာ-အင်္ဂလိပ် အဘိဓါန် ပြုစုခဲ့တဲ့ J.S Furnivall က ဘယ်သူမှ မယှဉ်နိုင်တဲ့ အောင်မြင်မှုပဲလို့ ချီးကျူးခဲ့ရပါတယ်။ ဒါတောင် အဲဒီတုန်းက သင်ကြားပုံက ဘုန်းတော်ကြီးတွေက ကြိမ်လုံးကိုင်ပြီး ကလေးတွေက လက်ပိုက် မျက်စေ့စုံမှိတ်ပြီး ယံမင်္ဂလာ ဒွာဒဿဟိကို ကျုံးအော်ကြရတာမျိုးပါ။ အခုထိ မြန်မာပြည်မှာ မတိမ်ကောသေးတဲ့ ဆရာတွေ သင်ကြားပေးသူ တွေက ဦးဆောင်တဲ့ Teacher centered စနစ်ပါ။

အခု ၂၀၀၀ခုနှစ်နောက်ပိုင်းမှာတော့ မြန်မာနိုင်ငံမှာ အံ့သြစရာကောင်းလောက်အောင်ပဲ ဘုန်းတော်ကြီး ကျောင်း ပညာရေး ပြန်ထွန်းကားလာတာ တွေ့ရပါတယ်။ မြန်မာတပြည်လုံးမှာ အစိုးရ အသိအမှတ်ပြု စာရင်း အရ ကို ကျောင်းပေါင်း ၃၀၀၀ကျော် ရှိနေပါပြီ။ အရင်က မူလတန်းအဆင့်လောက်နဲ့ ဗြိတိသျှ ခေတ်နောက်ပိုင်း မှာ နွေရာသီ ဗုဒ္ဓဘာသာ သင်တန်းတွေလောက်ထိပဲ ရှိခဲ့တဲ့ ဘုန်းကြီးကျောင်းပညာရေးဟာ ဒီဘက်ခေတ် ၂၀၀၀ခုနှစ် နောက်ပိုင်းမှာတော့ မြို့ကြီးပြကြီးတွေမှာကိုပဲ ဘုန်းတော်ကြီးသင် စာသင်ကျောင်းတွေ အများကြီး ရှိလာပါတယ်။ ပြီးတော့ ပညာအဆင့်ကလဲ ရေးတတ်ဖတ်တတ်ရုံ မူလတန်း အဆင့်လောက် မဟုတ်တော့ဘဲ အလယ်တန်းဆင့်အထက်တန်းဆင့်ထိ ရှိလာပါပြီ။

ဒီနေရာမှာ အခု ဘုန်းတော်ကြီးသင်ပညာရေးနဲ့ အရင်တုန်းက ဘုန်းတော်ကြီးကျောင်းတို့ ကွာခြားတာ ကတော့ ဘုန်းကြီးတွေ ကချည်းပဲ စာသင်ပေးတာမဟုတ်တော့ပါဘူး။ အခု ဘုန်းတော်ကြီးသင်ပညာရေး ကတော့ ခေတ် ပညာတတ် ဆရာဆရာမတွေက အစိုးရကျောင်းရဲ့ သင်ရိုးအတိုင်း စနစ်တကျသင်ပေးတဲ့ ကျောင်းတွေ ဖြစ်နေပါပြီ။ သင်ကြားနည်း စနစ်တွေဆိုရင်လည်း ခေတ်မီတိုးတက်တဲ့ ကျောင်းသားရဲ့ သင်ယူနိုင်မှုနဲ့ သင်ယူ လိုစိတ်ကို ဦးစားပေးတဲ့ (Student centered) နည်းကို ကြိုးစားပြီး သုံးနေကြတာ တွေ့ရပါတယ်။ ဆရာ ဆရာမ တွေကလည်း ကလေးတွေအတွက် သင့်တော်တဲ့ သင်ကြားနည်းစနစ်တွေကို ဖတ်ရှုလေ့လာကြ ဆွေးနွေး ကြပြီး တော့မှ စာသင်ခန်းတွေကို စနစ်တကျ ကိုင်တွယ်လာကြတာကိုလည်း တွေ့နေရပါတယ်။

မြန်မာနိုင်ငံမှာ ဘုန်းတော်ကြီးသင်ကျောင်း အများကြီး ရှိလာရတာရဲ့ အဓိကအကြောင်းရင်းကတော့ နိုင်ငံရဲ့ စီးပွားရေး အကျပ်အတည်းကြောင့်ပဲလို့ ပြောရမှာပါ၊ မိဘတွေ စားဝတ်နေရေး ကျပ်တည်းလာတဲ့အတွက် ကလေးပညာရေးအတွက် ငွေကုန်ကြေးကျများတဲ့ အစိုးရကျောင်းပညာရေးကို သင်မပေးနိုင်တော့ပါဘူး။ အဲဒါ ကြောင့် အခမဲ့ဖြစ်တဲ့ ဘုန်းတော်ကြီး ကျောင်းတွေဆီ ပြေးကြရတာပါ။ အဲလိုနဲ့ပဲ ဆင်းရဲချို့တဲ့တဲ့ ကလေးတွေ… မိဘမဲ့ကလေးတွေရဲ့ အားကိုးရာအဖြစ် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေ အများကြီး ပေါ်လာတာပါပဲ။ တကယ်တော့ Non-formal Education သာဖြစ်တဲ့ ဘုန်းတော်ကြီးကျောင်းတွေဟာ နိုင်ငံတကာက သတ်မှတ်ထားတဲ့ လူတိုင်းအတွက် ပညာရေး( Education for all) ကို အကောင်အထည် ဖေါ်ပေး နေတာနဲ့ အတူတူပါပဲ။

တကယ်တော့ ဗြိတိသျှလက်ထက်ကစပြီး မှေးမှိန်နေခဲ့တဲ့ ဘုန်းတော်ကြီးကျောင်းပညာရေးကို ပြန်ပြီး အသက် ၀င်လာ စေတာက ၁၉၉၃ခုနှစ်မှာ မန္တလေး ဖောင်တော်ဦး ကျောင်းထိုင်ဆရာတော်ပဲ ဖြစ်ပါတယ်။ စာသင်သား ၃၉၄ယောက်ကို ဆရာ ဆရာမ ၁၀ယောက်နဲ့အတူ ဆရာတော်ကိုယ်တိုင် စာဝင်သင်ပြီး စခဲ့ရတာပါ။ အခု၂၀၀၅-၂၀၀၆ပညာသင်နှစ်မှာတော့ စာသင်သား ၆၃၉၀ နဲ့ ဆရာဆရာမ အရေအတွက်က ၁၃၀ရှိလာပြီး အထက်တန်းအဆင့်ထိ သင်ပေးနေရပါပြီ။ ကျောင်းမှာ ကွန်ပျူတာခန်းနဲ့ စာကြည့်တိုက်လည်း ရှိပါတယ်။ ဆရာတော်က တကယ့်ကို အမြင်ကျယ်ကျယ်နဲ့ စီစဉ်ပေးထားတာပါပဲ။ ဖောင်တော်ဦးကျောင်းမှာ မိဘမဲ့ကလေးတွေကိုလည်း ကျောင်းအိပ် ကျောင်းစား လက်ခံမွေး ထားပါ သေးတယ်။ ဆရာတော့် ရည်ရွယ်ချက်ကတော့ ဆင်းရဲတဲ့သူတွေအတွက် အနာဂတ်ဘ၀ တိုးတက်ဖို့ကိစ္စမှာ အရေးကြီးဆုံးက ပညာရေးပါပဲတဲ့။ ဖေါင်တော်ဦးကျောင်းပညာရေးနဲ့ ပတ်သက်ပြီး ၂၀၀၆ခုနှစ် မေလထုတ် ချင်းတွင်းမဂ္ဂဇင်း မှာ မြတ်သာဝေ ဆိုတဲ့ စာရေးဆရာက အသေးစိတ် ရေးထားခဲ့ပါတယ်။

အရင်ကတော့ ဘုန်းတော်ကြီးကျောင်းတွေကို မြန်မာကလေးတွေ ဘာသာရေးနဲ့ နီးစပ်အောင်၊ စာရေးစာဖတ် အခြေခံ ကောင်းရအောင် ဆိုတဲ့ ရည်ရွယ်ချက်လောက်နဲ့ပဲ ပို့ကြတာပါ။ အခုကတော့ ကျောင်းပညာရေးအတွက် ငွေကြး မတတ်နိုင်လို့ ကျောင်းမနေကြရတဲ့ ကလေးတွေအတွက် အနည်းဆုံး အခြေခံပညာရဖို့မှာ ဘုန်းတော်ကြီးသင် စာသင်ကျောင်းတွေက အရေးပါလာပါပြီ။ ဒါပေမဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေက ဖွင့်တဲ့ ကျောင်းဖြစ်တဲ့အတွက်တော့ ကလေးတွေအတွက် ဘာသာရေး အကန့်အသတ် ရှိသွားတာမျိုးတော့ ရှိပါတယ်။ ဒါကြောင့် အစိုးရအနေနဲ့ မြန်မာနိုင်ငံက ဆင်းရဲချို့တဲ့တဲ့ တခြားဘာသာဝင် ကလေးတွေပါ စာသင်ကြားခွင့်ရအောင် အခမဲ့ အကူအညီပေးနေတဲ့ NGO အဖွဲ့များကို စာသင်ကျောင်း တွေ ဖွင့်ခွင့်ပေးသင့် ပါတယ်။ ဒါမှလည်း ကလေးတိုင်းအတွက် ပညာရေးကို အကောင်အထည် ဖေါ်ရာ ရောက်မှာပါ။

တကယ်တော့ ပညာရေးဟာ နိုင်ငံတနိုင်ငံရဲ့ အဓိက မဏ္ဍိုင်ဖြစ်တာမို့ အဘက်ဘက်က ယိုင်လဲ ချို့တဲ့နေတဲ့ မြန်မာနိုင်ငံကို ဗုံးဗုံး ကျမသွားအောင် ထိန်းဖို့ဆိုရင် နိုင်ငံသားတိုင်း ပညာတတ်ရေး၊ ပညာသင်နိုင်ရေးဟာ အရေးကြီးလှတဲ့ လိုအပ်ချက်ပါ။ အဲဒီ လိုအပ်ချက်ကို ဘုန်းတော်ကြီးသင်ကျောင်းတွေက ဖြည့်ဆည်းပေး နေတာပဲ ဖြစ်ပါတယ်။ အဲသလိုပဲ လူထုတွေဘက်ကလည်း ကလေးတိုင်းအတွက် ပညာရေးကို တတ်နိုင် သလောက် ၀ိုင်းဝန်းအားပေးကြရင်တော့ မြန်မာနိုင်ငံဟာ ပညာတတ်တွေ ထွန်းကားလာမှာမို့ ခေတ်မီ ဒီမိုကရေစီ နိုင်ငံဖြစ်အောင် ဖန်တီးတည်ဆောက်ရေးမှာ အများကြီး လွယ်ကူလာမှာ ဖြစ်ပါတယ်။

မေငြိမ်း
၁သြဂုတ်၊၂၀၀၆။

Non-formal Education

Non-formal Education နဲ့ ပတ်သက်ပြီး အခြေခံပညာ ဦးစီးဌာန ရဲ့ ညွှန်ကြားရေးမှူးချုပ် ဟောင်း ဦးသန်းဦးက ကျောင်းပြင်ပ၌ ဆောင်ရွက်ပေးရမည့် အများပြည်သူတို့အတွင်း သင်ယူဆည်းပူးရေး၊ အလုပ်ခွင်အတွင်း သင်ယူ လေ့ကျင့်ပေးရေး စသည့် ကျောင်းပြင်ပ ပညာရေး ... လို့ ပြောထားပါတယ်။

ထိုင်းနိုင်ငံအခြေစိုက် ပညာရေးပါရဂူ ဒေါက်တာသိန်းလွင်ကတော့ ကျောင်းပြင်ပ ပညာရေး တွေမှာ Informal Education က လွတ်လပ်ပြီး Non-formal Education ကတော့ စနစ်ကျမှု ပို ပါ တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကျောင်းပြင်ပ ပညာရေးအနေနဲ့ Non-formal Education အစီအစဉ်တွေ တော်တော် များများ ရှိပါတယ်၊ အဲဒီ အစီအစဉ်တွေဟာ ကျောင်းတွင်းပညာရေးနဲ့ ဆက်စပ် နေကြပါတယ်။ ဒါကြောင့်ပဲ ပညာရေး သုတေသီတွေက သက်မွေးပညာရေး၊ အထူးပညာ ရေး၊ အဝေးသင်ပညာရေးတို့ရဲ့ သဘောသဘာဝ မှာ ကျောင်းတွင်း ပညာရေး (Formal Education) နဲ့ ကျောင်းပြင်ပ ပညာရေး( Non-formal Education) လက္ခဏာ နှစ်ရပ်စလုံး ဆောင်နေတယ်လို့ ထောက်ပြ ကြပါတယ်။

များသောအားဖြင့် Non-formal Education ကို အစိုးရနဲ့အတူ၊ ကုလသမဂ္ဂအစီအစဉ်တွေ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း (NGO)တွေ၊ လူမှုအသင်းအဖွဲ့တွေက ထူထောင်ကြပါတယ်၊ ရည်ရွယ်တာကတော့ ကျောင်းပညာ ရေး မရနိုင်တဲ့သူတွေအတွက် အလုပ်မပျက် ပညာ သင်ယူနိုင်ရေးပါပဲ၊ အဲဒီအပြင် ကျောင်းပညာရေးထဲက မရ နိုင်တဲ့ ခေတ်နဲ့ ညီတဲ့ ဗဟုသုတ တွေ၊ ပညာပေးသင်ခန်းစာတွေကို ကျောင်းပြင်ပ ပညာရေး(Non-formal Education) ကနေ ပေးနိုင်ပါတယ်။ ဥပမာ- မူးယစ်ဆေးဝါးရဲ့ အန္တရာယ်တွေ၊ HIV/ AIDS ပညာပေး အပါ အ၀င် ကျန်းမာရေး ပညာပေးတွေ၊ လူကုန်ကူးတဲ့ ပြဿနာတွေ၊ သတင်းနဲ့ နည်းပညာ အသုံးပြုပုံတွေ၊ လူ့အခွင့် အရေးတွေ၊ အသက်မွေးဝမ်းကြောင်းပညာတွေ အများကြီး သင်ပေးနိုင်ပါတယ်။ လောလောဆယ် ဂျာမနီနိုင်ငံရဲ့ အကူအညီနဲ့ ယူနီဆက်ဖ်က လုပ်နေတဲ့ ကျောင်းပြင်ပ ပညာရေးမှာ HIV ပညာပေးကို ပူးတွဲ သင်ပေးနေတာမျိုး ပါပဲ။


စစ်အစိုးရကတော့ သူ့ လက်ထက်မှာ ‘စက်မှု စိုက်ပျိုးနှင့် သက်မွေး ပညာဦးစီးဌါန’ ရဲ့ အစီအစဉ်နဲ့ အတတ်ပညာ နယ်လှည့် သင်ကြားရေး အဖွဲ့တွေ ဖွဲ့စည်းခဲ့တယ်။ ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး သင်တန်း တွေ အများအပြား ပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒါနဲ့ ပတ်သက်လို့ အဆင့်မြင့် ပညာဦးစီးဌာနရဲ့ ညွန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်က သူ့ရဲ့ စာတမ်းတစ်စောင်မှာ ကျောင်းပြင်ပ ပညာရေးအနေနဲ့ သင်ကြားပေးတဲ့ သင်တန်း တွေကတော့ အချုပ်အလုပ်သင်တန်း၊ အချက်အပြုတ်သင်တန်း၊ ပရိဘောဂသင်တန်း၊ အိမ်သုံးလျှပ်စစ် ပစ္စည်းပြင် သင်တန်း၊ စက်ပစ္စည်းပြင်သင်တန်း၊ လက်သမားသင်တန်း၊ ပန်းရံသင်တန်းနဲ့ ဆံသသင်တန်းတွေ ဖြစ်တယ်လို့ ထည့်သွင်း ဖတ်ကြားခဲ့ပါတယ်။ ဒါပေမဲ့ တကယ်တမ်းမှာတော့ လက်ချိုးရေလို့ ရတဲ့ အရေအတွက် လောက်ပဲ သင်တန်းတက်ခွင့် ရခဲ့တာပါ။ ပြည်သူတရပ်လုံး ရနိုင်တဲ့ သင်တန်းတွေ ဖြစ်မလာပါဘူး။

ကျောင်းပြင်ပ ပညာရေးထဲက အဝေးသင်ပညာရေးကတော့ အလုပ်လုပ်တဲ့ လူငယ်တွေအတွက် လိုအပ်တဲ့ ဘွဲ့လက်မှတ် တစ်ခုရဖို့တော့ အထောက်အကူ ပြုတယ်လို့ ဆိုရမှာပါ။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ အဝေးသင် ပညာရေး စနစ်ကတော့ ပညာခေတ်ကို လိုက်မီ ဖို့အတွက်ဆိုရင် ထင်သလောက် မပေါက်လှပါဘူး။ အဲသလိုပဲ ပုဂ္ဂလိကကျောင်းတွေရဲ့ ပညာရေးဟာလည်း လူနည်းစုဖြစ်တဲ့ လူချမ်းသာသားသမီးတွေအတွက်သာ ဖြစ်နေပါ သေးတယ်။ ချို့တဲ့တဲ့ ကလေးတွေမှာတော့ အားကိုးစရာ ဘုန်းကြီးကျောင်း ပညာရေး ရှိပါတယ်။

အရင်ကတော့ ဘုန်းကြီးကျောင်းပညာရေးဟာ ကျောင်းပြင်ပ ပညာရေး (Non-formal Education) ဆန်ပါ တယ်။ အခုတော့ ချို့တဲ့ နွမ်းပါးတဲ့ ကလေးတွေ ပညာသင်ယူနိုင်ဖို့အတွက် ဘုန်းကြီးကျောင်း ပညာရေးက ပုံမှန် ကျောင်းပညာရေး (Formal Education) ဖြစ်လာပါပြီ။ အခုဆိုရင် မြန်မာနိုင်ငံမှာ အစိုးရ အသိအမှတ်ပြု ဘုန်းတော်ကြီးသင်ကျောင်း ထောင်ကျော် ရှိနေပါပြီ။ စာသင်သားတွေနဲ့ ကိုက်ညီတဲ့ သင်ရိုးတွေကို အဆင့်မီ စနစ်ကျတဲ့အပြင် လွတ်လပ်တဲ့ သင်ကြားနည်းကို သုံးပြီး သင်ပေးနေတာမို့လို့ အောင်မြင်တဲ့ ကျောင်းပြင်ပ ပညာရေး တစ်ခုလို့ ဆိုရမှာပါ။

အဲဒီအပြင် ခုချိန်မှာ အင်တာနက်သုံးတဲ့ လူငယ်တချို့ဟာ အမြင်ကျယ်လာပြီး Online Education တွေကို တောင် ပြည်တွင်းကနေ လှမ်းလျှောက်ပြီး သင်ယူနိုင်နေကြပါပြီ။ ပြီးတော့ ပြည်ပ ပညာသင်ဆုတွေ လျှောက်ပြီး တော့လည်း ကျောင်းသွားတက် နိုင်နေပါပြီ။ ဒါတွေဟာ ကျောင်းပြင်ပ ပညာရေး(Non-formal Education)ကို လေ့လာချဉ်းကပ်ခြင်းရဲ့ အကျိုးဆက်တွေပါပဲ။ ပြီးတော့ မြန်မာနိုင်ငံ ပညာရေး ၀န်ကြီးဌာနရဲ့ နှစ်၃၀စီမံကိန်း ထဲ မှာလဲ အီလက်ထရွန်နစ်ပညာရေးစနစ်( e education) ကို ဦးတည်စေသော သင်ကြားရေး နှင့် ဆက်သွယ်ရေး နည်းပညာ အသုံးပြုမှု တိုးတက်စေရေး လုပ်ငန်း… လို့ ပါတာမို့ ဒါဟာ အစိုးရက ဂရုတစိုက် ပံ့ပိုးပေးရမယ့် အစီအစဉ်ပဲ ဖြစ်ပါတယ်။


ပညာရှင်တွေကတော့ ကျောင်းပြင်ပ ပညာရေး(Non-formal Education) ရဲ့ အားသာချက် ကို အစိုးရ ကျောင်း ပညာရေးနဲ့ ယှဉ်ပြီး သုံးသပ် တင်ပြကြပါတယ်။ အဲဒီမှာ ကျောင်းပညာ ရေးက ကာလရှည်ပြီး ခြုံငုံအသိမျိုးကို ပေးပြီး.. ကျောင်းပြင်ပ ပညာရေးကတော့ အချိန်တိုပြီး အသေးစိတ်ကျတဲ့ အသိပညာမျိုးကို ပေးနိုင်တယ်။ ပြီးတော့ ကျောင်းပညာရေးက ပညာရှင်ဆန်ပြီး ကျောင်းပြင်ပ ပညာရေးကတော့ လက်တွေ့ကျကျ ဖြေရှင်းနိုင် စေတယ်လို့ ဆိုပါတယ်။ အဲဒီအပြင် ကျောင်းပညာရေးက သီးခြားဆန်ပြီး ဘောင်ကျဉ်းသလောက် ကျောင်းပြင်ပ ပညာရေးကတော့ ကျယ်ဝန်း လွတ်လပ်ပြီး လူမှုလောကနဲ့ ဆက်နွယ်နေတယ်လို့လည်း ဆိုပါတယ်။ ကျောင်းပြင်ပ ပညာရေးရဲ့ အထင်ရှားဆုံး အားသာချက်ကတော့ လူတစ်ဦးချင်းအနေနဲ့ ကိုယ်ဆန္ဒ ရှိ သလောက် ပညာသင်ယူနိုင်တဲ့အချက်ပါပဲ လို့ ပညာရေးပညာရှင်အများစုက လက်ခံထား ပါတယ်၊

ဒါကြောင့်ပဲ လက်ရှိ မြန်မာပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ ပညာရေး အဆင့်အတန်း အခြေအနေတွေ အရဆိုရင် ကျောင်းပြင်ပ ပညာရေး(Non-formal Education) ကို အားပေးဖို့ဟာ အစိုးရတိုင်းက လုပ်သင့်တဲ့ စနစ်တစ်ခုပဲ ဖြစ်တယ်လို့ ပညာရှင်တွေက အဆိုပြုထားတာ တွေ့ရပါတယ်။ ဒါမှပဲ လူတိုင်း ပညာတတ်ရေးနဲ့ အတူ ပညာခေတ်ကို နိုင်ငံတကာနဲ့ အမီ လိုက်နိုင်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ ခုချိန်မှာ ပညာလိုလားတဲ့လူငယ်တွေအတွက် ကျောင်းပြင်ပ ပညာရေး ကို သင်တန်းပုံစံ အမျိုးမျိုး နဲ့ သင်ယူနိုင်ကြဖို့.. အစိုးရ အဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ သက်ဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ၊ ပုဂ္ဂလိက စေတနာရှင်တွေ အားလုံး ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ပြီး ၀ိုင်းဝန်း ပံ့ပိုးမှု ကူညီပေးမှုတွေနဲ့ စနစ်တကျ လုပ်သွားကြဖို့ လိုပါတယ်။

မေငြိမ်း
(၂၀၀၆)