Sunday, October 28, 2007

မြန်မာ့ပညာရေးနဲ့ တတိယလှိုင်း

မြန်မာနိုင်ငံရဲ့ ပညာရေးထဲမှာ စက်မှုပညာသင်ကြားနိုင်မှု မရှိသေးရုံသာမကဘဲ အိမ်တွင်းလက်မှုပညာ အဆင့် လောက်ကိုတောင် သေသေချာချာ သင်ကြားပေးတာမျိုး မရှိသေးပါဘူး၊။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိ အာဏာပိုင်တွေကတော့ စက်မှုစွမ်းအား ခေတ်ကျော်လွှား” “ထုတ်ကုန်နှစ်ဆ တိုးမြှင့်ကြဆိုတဲ့ ဆောင်ပုဒ် တွေကို ကျယ်ကျယ် လောင်လောင် ကြွေးကျော်နေကြပါတယ်။

တကယ်တော့ အဲဒီ ဆောင်ပုဒ်မှာပါတဲ့ ရည်ရွယ်ချက်မျိုးကို အနောက်ဥရောပနိုင်ငံတွေနဲ့ အမေရိကန်နိုင်ငံ တွေမှာ ၁၈၈၀မတိုင်မီ ကာလတွေလောက်ကတည်းက တောက်လျှောက် စနစ်တကျ အကောင်အထည် ဖေါ်ခဲ့တာပါ။ တိုးတက်မှုအရာမှာ အနောက်နိုင်ငံတွေထက် နောက်ကျပါတယ်ဆိုတဲ့ ဂျပန်နိုင်ငံကတောင် ၁၈ရ၀လောက်မှာစပြီး စက်မှုပညာဘက်ကို အားပေးတည်ဆောက်ခဲ့တာ တွေ့ရပါတယ်။ ဒါကြောင့်မို့ နှစ်ပေါင်း တရာလောက် နောက်ကျနေပြီဖြစ်တဲ့ မြန်မာနိုင်ငံကတော့ အခု ကြွေးကျော်နေတဲ့ ဆောင်ပုဒ်တွေအတိုင်း အကောင်အထည်ဖော်နိုင်ရင်တောင်မှပဲ မျက်မှောက် အိုင်တီနည်းပညာခေတ်နဲ့တော့ တော်တော့ကို အလှမ်း ဝေးနေသေးတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

အနာဂတ်ဝါဒီပညာရှင် စာရေးဆရာ Alvin Toffler က ၁၉၈၀ခုနှစ်တုန်းက ထုတ်ဝေခဲ့တဲ့ The Third Wave ဆိုတဲ့ စာအုပ်ထဲမှာ ကမ္ဘာ့တိုးတက်မှုဖြစ်စဉ်တွေကို လှိုင်းလုံးတွေနဲ့ ထင်ဟပ်ဖေါ်ပြခဲ့ ပါတယ်။ Toffler က ကမ္ဘာ့ဖြစ်စဉ်တွေမှာ စိုက်ပျိုးရေးခေတ်၊ စက်မှု တော်လှန်ရေးခေတ်၊ နည်းပညာခေတ် ဆိုပြီး လှိုင်းလုံးကြီး သုံးလုံးရှိတယ်လို့ ဆိုပါတယ်။ အဲဒီ ဖြစ်စဉ်တွေက လှိုင်းလုံးတွေလို ဆင့်ကဲဆင့်ကဲ စဉ်ဆက်မပြတ် ဖြစ်သွားတာလို့ ဆိုပါတယ်။ အခု မျက်မှောက်ခေတ်ဟာ တတိယလှိုင်းဖြစ်တဲ့ နည်းပညာခေတ် ပါ။ သူ့ အဆိုအရတော့ လှိုင်းလုံးတလုံးနဲ့တလုံးရဲ့ အပြောင်းအလဲတွေဟာ ပညာပေါ်မှာသာ အခြေခံပြီးတော့ပဲ ပြောင်းလဲသွားတာ ဖြစ်ပါတယ်။ ပညာရပ်တွေ ပိုအားကောင်းလာ ပိုဆန်းသစ်လာရာက နေ ကမ္ဘာဟာ ပို ပိုပြီး တိုးတက်လာရတာပါ။ ဒါကြောင့် ဒီလှိုင်းလုံးတွေကို အမီ လိုက်နိုင် မှသာ ခေတ်ကို၊ ကမ္ဘာကြီး ကို အမီလိုက်နိုင်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကတော့ စိုက်ပျိုးရေးခေတ်ကိုတောင်မှပဲ စက်မှုလယ်ယာအဖြစ် အောင်အောင် မြင်မြင် မပြောင်းလဲ နိုင်သေးတာ တွေ့ရပါတယ်။ အဲဒီအပြင် စက်မှုကဏ္ဍကိုလည်း နိုင်နိုင်နင်းနင်း မဖေါ်ဆောင်နိုင်သေးပါဘူး။ အဲဒီအပြင် ကုန်ချောပစ္စည်း ထုတ်လုပ်ရေးတွေအတွက် တိုးတက်ကောင်းမွန်တဲ့ စက်ပစ္စည်းတွေ ခုထိ မသုံးနိုင်သေးပါဘူး။ Information Technology ကို ထိထိမိမိ သုံးနိုင်စွမ်းလည်း မရှိသေးပါဘူး။ ဒါကြောင့် မြန်မာနိုင်ငံဟာ ပထမလှိုင်းထဲကနေတောင် မကျော်လွှားနိုင်သေးဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရရဲ့ တရားဝင်စစ်တမ်းအရ ၁၉၈၈မတိုင်ခင်အထိကို စက်မှု နည်းပညာသင် ကျောင်းသား အရေအတွက်ဟာ အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ ယှဉ်ရင်တောင်မှ ၁၆ဆ နည်းနေခဲ့သေးတာပါ။ ဒါပေမဲ့ အခု ၂၀၀၀ ခုနှစ် နောက်ပိုင်းမှာတော့ တနှစ်ကို စက်မှု ပညာရှင် အင်ဂျင်နီယာ၅၀၀၀ကျော် မွေးထုတ်ပေးနေတယ်လို့ သိပ္ပံနဲ့နည်းပညာဝန်ကြီး ဦးသောင်းက ပြောပါတယ်။ ဒီနေရာမှာ ထည့်ပြောရမယ့် အချက်ကတော့ အဲဒီ အင်ဂျင်နီယာ ဘွဲ့ရတွေဟာ တကယ်တတ်တဲ့ ပညာရှင်တွေ ဖြစ်မလာဘူး ဆိုတာပါပဲ။

ကျောင်းသားတွေဟာ သင်ထောက်ကူ ပစ္စည်းချိုတဲ့မှုတွေနဲ့ နည်းပညာချိုတဲ့မှုတွေကြောင့် အရည်အချင်း မပြည့်မီဘဲ ဖြစ်နေရတာပါ။ ဒါကြောင့် အင်ဂျင်နီယာအနေနဲ့ ပြည်ပမှာ အလုပ် ထွက်လုပ်တဲ့အခါမှာ အတတ်ပညာပိုင်းအရ အခက်အခဲတွေ အများကြီး ရင်ဆိုင်ကြရပါတယ်။ အဲဒီ အကျိုးဆက်ကတော့ မြန်မာ ပညာတတ်တွေကို ပြည်ပက အထင်သေးသွားတာပါပဲ။ အဲဒီအခါ နေရာကောင်း အလုပ်ကောင်းရဖို့ အခွင့်အရေးတွေကိုလည်း လက်လွတ် ဆုံးရှုံး သွားကြရပါတယ်။ ဒါဟာ အမျိုးသားရေးထိအောင် ရောက်သွားတဲ့ သိပ်ကြီးမားတဲ့ ဆုံးရှုံးမှုကြီးပါပဲ။

စကာင်္ပူနိုင်ငံကတော့ လွန်ခဲ့တဲ့ နှစ်၂၀-၀န်းကျင်လောက်ကမှ စက်မှုထွန်းကားဖို့ကို ဦးတည်ရာကနေ သတင်း အချက်အလက် နည်းပညာဘက်ကို ရုတ်တရက် ခုန်ကူးပစ်လိုက်တာ ဖြစ်ပါတယ်။ စင်္ကာပူအစိုးရက ရုံးဌာနတွေ အပါအ၀င် လူထုအသုံးပြုတဲ့ နေရာအတော်များများမှာပါ ခေတ်မီ အီလက်ထရောနစ် စက်ပစ္စည်းတွေကို မဖြစ်မနေ သုံးရအောင် လုပ်ပစ်လိုက်ပြီး ခေတ်ပြောင်း တော်လှန်ရေးဆန်ဆန် ကူးပြောင်းခဲ့တာပါ။ ဒါကြောင့်ပဲ ပြည်သူလူထုအနေနဲ့ သိပ္ပံနဲ့နည်းပညာဆိုင်ရာတွေကို မဖြစ်မနေ ရင်ဆိုင် သင်ယူရတော့တာမို့ ဒီနေ့ အိုင်တီနည်းပညာခေတ်ကို အမီလိုက်ပြီးသား ဖြစ်သွားရ တော့တာပါပဲ။ ပညာရှေ့သွားစနစ်လို့ ဆိုနိုင်ပါတယ်။ အဲလိုဖြစ်ဖို့အတွက် စင်္ကာပူနိုင်ငံဟာ အခက်အခဲတွေ အများကြီးကြားကနေ အဆင့်မြင့်ပညာရေးနဲ့ စက်မှု ပညာရပ် တွေ သင်ကြားရေးကို အရှိန်အဟုန်ပြင်းပြင်းနဲ့ ဆောင်ရွက်ခဲ့ရတာပါ။ အဲဒါဟာ စင်္ကာပူနိုင်ငံကို ရှေ့တန်းနိုင်ငံအဖြစ် အမြန်ဆုံးရောက်စေတဲ့ သော့ချက်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ခုတော့ စင်္ကာပူကျွန်းနိုင်ငံ လေးက အရှေ့တောင်အာရှမှာ အဖွံ့ဖြိုး အတိုးတက်ဆုံး စာရင်းဝင် နိုင်ငံတနိုင်ငံ ဖြစ်နေပါပြီ။

ခုဆိုရင် အိမ်နီးချင်းနိုင်ငံတွေက ပညာရှင်အမြောက်အများဟာ စင်္ကာပူနိုင်ငံကို အားကိုးပြီး အလုပ်လုပ် နေကြရ ပါတယ်။ အထူးသဖြင့် ပညာရှင်တွေအတွက် သင့်တော်တဲ့ အလုပ်တွေ၊ ဆက်ပြီး ဆည်းပူးစရာ ပညာရပ်တွေရှိနေတာမို့လို့ စင်္ကာပူနိုင်ငံဟာ မြန်မာနိုင်ငံအပါအ၀င် အိမ်နီးချင်းနိုင်ငံ အတော်များများက ပညာရှင်တွေကို လက်ဝယ်ရထားတာ ဖြစ်ပါတယ်။ ဒါဟာ စင်္ကာပူနိုင်ငံအနေနဲ့ ဆက်လက် တိုးတက် ထွန်းကားဦးမယ့် အခွင့် အလမ်း တွေပါပဲ။

မြန်မာနိုင်ငံရဲပညာရေးကတော့ လက်တွေ့ကျတဲ့ အတတ်ပညာမျိုးကို မပေးနိုင်တဲ့အပြင် ကောင်းမွန်တဲ့ သက်မွေးဝမ်းကျောင်း အလုပ်မျိုးကိုလည်း မပေးနိုင်ပါဘူး။ သင်ယူ တတ်မြောက်လာခဲ့တဲ့ ပညာရေးက လက်တွေ့ အသုံးမချနိုင်တဲ့အပြင် ဆက်လက် ဆည်းပူးစရာလမ်းလည်း မရှိတော့တာကြောင့် ပညာကို လိုလား ပြီး နိုင်ငံအတွက် အကောင်းဆုံး အလုပ်အကျွေးပြုချင်သူတွေဟာ မြန်မာနိုင်ငံထဲမှာ လမ်းစ ပျောက်နေကြရ ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ စည်းရိုးကို ကျော်ထွက်လိုက်ရင်တော့ ပညာရှင်ဖြစ်ဖို့ ကြိုးစားနေသူတွေ အတွက်ရော၊ အလုပ်ကောင်းကောင်းရဖို့အတွက်ရော အခွင့်အလမ်းတွေဟာ အိမ်နီးချင်းနိုင်ငံတွေမှာ ရနိုင် နေကြပါတယ်။ ဒါနဲ့ပဲ စင်္ကာပူနိုင်ငံလို မလေးရှားနိုင်ငံလို ပညာရှင်တွေကို မွေးယူစုဆောင်းပြီး နိုင်ငံ တိုးတက်ရေးအတွက် အားတက်သရော လုပ်နေကြတဲ့ အိမ်နီးချင်းနိုင်ငံတွေဆီကို မြန်မာနိုင်ငံထဲက တကယ့် ပညာရှင်တွေ ပညာသင်တွေ ရောက်သွားကြရတာပဲ ဖြစ်ပါတယ်။ ဒါကို ဦးနှောက်ယိုစီးမှု Brain drain လို့ ပြောကြပါတယ်။ ဒါဟာ မြန်မာနိုင်ငံအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုကြီး ယိုပေါက်ကြီးပါပဲ။ ဒါပေမဲ့ ပညာရှင်တွေ ဖြစ်လာပြီးမှ ကိုယ့်နိုင်ငံထဲမှာကလည်း ထိထိရောက်ရောက် လုပ်စရာ နေရာမရှိတဲ့အခါ ကိုယ်သင်ယူထားရတဲ့ ပညာနဲ့ ထိုက်တန်တဲ့ အလုပ်တနေရာ အတွက် ပြည်ပကိုပဲ အားကိုးကြရတော့တာပါ။

တကယ်တမ်း မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာနဲ့အမီ ရင်ပေါင်တန်းနိုင်ဖို့ တတိယလှိုင်းကို အမီလိုက်နိုင်ဖို့ဆိုရင်တော့ သိပ္ပံနဲ့နည်းပညာဘက်ကို စင်္ကာပူနိုင်ငံလို အလျင်အမြန် ခုန်ကူးလိုက်နိုင်မှပဲ ဖြစ်မှာပါ။ အဲဒီအတွက် အဓိက လိုအပ်ချက်ကတော့ အာဏာပိုင်တွေအနေနဲ့ အိုင်တီ နည်းပညာကို ပြည်သူတရပ်လုံး အသုံးချနိုင်အောင် လက်တွေ့ကျကျ အားပေး ပံ့ပိုး ပေးဖို့ပါပဲ။ ဒါဟာ နိုင်ငံတိုးတက်ရေးအတွက် တကယ် လိုအပ်တဲ့ အမျိုးသား ပညာရေးကို ထူထောင်ပေးတာနဲ့လည်း အတူတူပဲဖြစ်ပါတယ်

မေငြိမ်း(ဧပြီ၊၂၀၀၇)

Tuesday, October 23, 2007

သက်မွေးပညာရေး

ကလေးတွေအတွက် သက်မွေးဝမ်းကျောင်း အတတ်ပညာတွေ သင်ပေးတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ၊ ပညာရေးဌာနက အခြေခံပညာကျောင်းတွေမှာ ၂၀၀၇-၂၀၀၈ ပညာသင်နှစ်က စပြီး အိမ်တွင်းမှုပညာ သက်မွေးဝမ်းကျောင်း ပညာ တွေကို စနစ်တကျ သင်ပေးရမယ်လို့ ပြောလာပါပြီ။ တကယ်တော့ အတန်း အချိန် စာရင်းထဲမှာက အိမ်တွင်းမှုဆိုတဲ့အချိန်ဆိုတာ ပါပြီးသားပါ။ ဒါပေမဲ့ အဲဒီအချိန်တွေ မှာ ကလေးတွေက စကားပြောတဲ့လူပြောကစားတဲ့လူက ကစားနဲ့သာ နေနေကြရ ပါတယ်။ ဆရာ ဆရာမတွေအတွက်လည်း အဲဒီအချိန်က သူတို့ရဲ ကိုယ်ပိုင်ချိန်တွေ လိုပါပဲ။
ဒါပေမဲ့ တချိုကျောင်းတွေမှာတော့ အိမ်တွင်းမှုချိန်မှာ မိန်းကလေးတွေကို အသုပ်သုပ် နည်း၊ အပ်ချုပ် နည်းတွေ သင်ပေးပါတယ်။ ယောက်ျားလေးတွေကတော့ ပြေးလွှား ကစားတာပဲ ရှိပါတယ်။ မြန်မာနိုင်ငံရဲ အစဉ်အလာ ယုံကြည်မှုအရလည်း အိမ်တွင်းမှုအတတ် ဆိုတာက ယောက်ျားလေး နဲ့ မဆိုင်ဘူး၊ မိန်းကလေးနဲ့သာ သက်ဆိုင် တယ်လို့ သတ်မှတ်တာမျိုး ရှိတာကြောင့် ယောက်ျားလေးတွေအတွက် အိမ်တွင်းမှုအချိန်မှာ အသုံးဝင်တဲ့ သင်ခန်းစာမျိုးတွေ သင်ခွင့် မရကြပါဘူး။ ပြီးတော့ ၊ မြန်မာနိုင်ငံ ပညာရေးထဲမှာ အိမ်တွင်းမှုပညာ ဆိုတာ ကလည်း စနစ်တကျသင်ပေးတဲ့ ပညာရပ်မဟုတ်သလို သက်မွေးဝမ်းကျောင်းပညာတို့ စက်မှုလက်မှုပညာ ဆိုတာတွေကတော့ ကြားတောင် မကြားဖူးတဲ့ ပညာရပ်တွေ ဖြစ်နေပါတယ်။

မြန်မာနိုင်ငံရဲ ကျောင်းပညာရေးအချိန်ဇယားထဲက အိမ်တွင်းမှုအချိန်နဲ့ ပတ်သက်ပြီး ရန်ကုန်မြို့၊ ဗိုလ်တထောင် မြို့နယ် က ဆယ်တန်းကျောင်းသူလေးတစ်ယောက်ကတော့ ခုလို ပြောပြခဲ့ပါတယ်။
"အိမ်တွင်းမှုအချိန်မှာ တခါတလေတော့ သမီးတို့ လက်ဘက်သုပ်ပြိုင်ပွဲတို့ ဘာတို့ လုပ်ဖူး ပါတယ်။ ဘာမှမလုပ်ပဲ ထိုင်ထိုင်နေရတာတော့ များပါတယ်။ မိန်းကလေးသီးသန့် ကျောင်းတွေကတော့ အိမ်တွင်းမှုချိန်မှာ အပ်ချုပ်သင်တာတို့ ဇာထိုးပန်းထိုးသင်တာတို့ လုပ်ပေးတယ်။ တကယ်တတ် အောင် သေသေချာချာ သင်ပေးတာမျိုးတော့ မဟုတ်ပါဘူး။ ယောက်ျားလေးတွေကတော့ ဘာမှ မသင်ရဘူး၊ အဲဒီအချိန်မှာ လျောက်ဆော့နေတာပဲ..."
ထိုင်းနိုင်ငံမှာကတော့ အိမ်တွင်းမှုအချိန်ဆိုတာ ကျောင်းသူကျောင်းသားတွေကိုယ်တိုင် အနုပညာတွေ လက်မှု ပညာတွေကို ဆရာဆရာမတွေရဲ့ ကူညီပံ့ပိုးမှုနဲ့ ဖန်တီးကြတဲ့ အချိန်ပါ။ ကလေးတွေဟာ စာရွက်တွေ ကော်တွေ ဆေးရောင်စုံတွေ ဂျာနယ် စာစောင်တွေထဲက ဖြတ်တောက်ထားတဲ့ ရုပ်ပုံတွေနဲ့ သူတို့နားမှာ အလွယ်တကူ ရှိနေတဲ့ ပစ္စည်းလေးတွေကိုသုံးပြီး သူတို့ စိတ်ကူးတည့်ရာ ပစ္စည်း အသစ်လေးတွေ အဖြစ် ဖန်တီးကြပါတယ်။ ဥပမာပြောပြ ရရင် သောက်ပြီးသား ပလပ်စတစ်နို့ဗူး အခွံလေးကို လွှင့်မပစ်စေဘဲနဲ့ နို့ဗူးရှည်ရှည်လေးရဲ တံဆိပ်စက္ကူပတ်ကို ခွာလိုက်ပါ တယ်။ ပြီးတော့မှ အဲဒီ နို့ဗူးရဲ ကျန်ခဲ့တဲ့ ကိုယ်ထည် အဖြူပေါ်မှာ ဆေးရောင်စုံခြယ်တာတို့ ရုပ်ပုံလေးတွေ စတစ်ကာလေး တွေသုံးပြီး ကပ်တာတို့ကို ကလေးတွေ ကြိုက်သလို လုပ်စေပါတယ်။ ပြီးသွားတဲ့ အခါမှာတော့ နို့ဗူးဟောင်းလေး ဟာ ခဲတံစိုက်ဗူး လှလှလေး ဖြစ်သွားပါတော့တယ်။ အဲဒီအတွက် ကုန်ကျစရိတ်လည်း ဘယ်လောက်မှမရှိဘဲ ကလေးတွေဟာ စွန့်ပစ္စည်းကနေ နောက်ထပ် အသုံးဝင်တဲ့ ပစ္စည်းအသစ်တခုခု ဖန်တီးလို့ရတယ်ဆိုတာကို သိသွားပါတယ်။ အဲလိုပဲ တခြား မုန့်ဗူးလေးတွေ ရေခဲမုန့် ခွက် ကလေးတွေကိုပါ တခုခု ပြန်လုပ်ဖို့ စဉ်းစားတတ် သွားကြပါတယ်။

ထိုင်းနိုင်ငံ ပညာရေးထဲမှာ အဲလို လက်မှုပညာ သင်ကြားမှုမျိုးကို အတန်းလိုက် အသက်အရွယ်အလိုက် တတန်းချင်း အဆင့်မြှင့်ပြီး သင်ယူသွားကြရပါတယ်။ ဒါကြောင့်ပဲ ထိုင်းနိုင်ငံရဲ အမှတ်တရပစ္စည်း ရောင်းတဲ့ ဆိုင်လေးတွေမှာ ကျောင်းသူကျောင်းသားတွေ တီထွင်ဖန်တီးထားတဲ့ လက်မှုအနုပညာ ပစ္စည်းတွေ ရောင်းနေတာ၊ တခါတလေ နိုင်ငံခြားသားတွေအလာများတဲ့ ညဈေးတန်းတွေ တနင်္ဂနွေဈေးတွေမှာ ကျောင်းသား ကျောင်းသူတွေကိုယ်တိုင် သူတို့ဖန်တီးထားတဲ့ လက်မှုပစ္စည်းလေးတွေ ဆိုင်ခင်းပြီး ပျော်ပျော် ပါးပါး ရောင်းချနေကြတာကို တွေ့နိုင်ပါတယ်။ ထိုင်းနိုင်ငံမှာလည်း တကယ့် နိုင်ငံကြီးတွေမှာလိုပဲ ဈေးရောင်း တာဟာ ရှက်စရာ သိမ်ငယ်တဲ့အလုပ် မဟုတ်ပါဘူး။ ဒါဟာ ကျောင်းကပေးလိုက်တဲ့ လက်တွေ့အသုံးချနိုင်တဲ့ သက်မွေးဝမ်းကျောင်း အတတ်ပညာတွေလည်း ပဲ ဖြစ်ပါတယ်။

သက်မွေးဝမ်းကျောင်းပညာတို့ စက်မှုလက်မှုပညာတို့ကို အလေးထားသင်ပေးတာနဲ့ ပတ်သက်ရင် ဂျပန်နိုင်ငံ ကတော့ အထူးပဲ အတုယူစရာ ကောင်းလှပါတယ်။ ဂျပန်နိုင်ငံဟာ သူ့နိုင်ငံ ထူထောင်ရေး အတွက် ၁၈၈၀ ခုနှစ်မှာ တိုကျို စက်မှုလက်မှုကျောင်းကို စဖွင့်ရာကနေ စက်မှုလက်မှု ပညာရှင်တွေကို အရင်ဆုံး မွေးထုတ် လိုက်ပါတယ်။ ပြီးတော့မှ အဲဒီ ပညာရှင်တွေကပဲ တာဝန်ယူပြီးတော့ နိုင်ငံအတွက် လိုအပ်တဲ့ စက်မှုလုပ်ငန်း တွေ စက်ရုံတွေဆောက်လုပ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ကို ဆောင်ရွက်ခဲ့ကြ တာပါ။ ပညာက ဦးဆောင်သွားတဲ့ ပညာရှေ့သွားစနစ်ပါ။ ဒါနဲ့ပတ်သက်ပြီး ၁၈၉၃ခုနှစ်မှာ ဂျပန် ပညာရေး ၀န်ကြီး 'Kono Togama' ပြောခဲ့တဲ့ စကားက မှတ်သားစရာပါပဲ။
ပြည်သူတွေရဲ့ အသက်မွေးဝမ်းကျောင်းပညာ ဗဟုသုတနဲ့ ကျွမ်းကျင်မှုတွေဟာ တမျိုးသားလုံး ချမ်းသာရေးနဲ့ တိုင်းပြည် တိုးတက်ရေးတွေအတွက် အလွယ်တကူ မမြင်နိုင် နားလည် မလွယ်နိုင် တဲ့ နောက်ကွယ်က ရင်းနှီးမြှုပ်နှံမှုတခု ဖြစ်တယ်၊ ဒါကြောင့် သက်မွေးဝမ်းကျောင်း ပညာနဲ့ ဗဟုသုတတွေကို ကျွမ်းကျင်အောင် ထောက်ပံ့အားပေးတာဟာ တပ်မတော်သားတွေ ပျိုးထောင် မွေးထား သလိုပဲ နိုင်ငံရဲလွတ်လပ်ရေးအတွက် ခံတပ် တည်ဆောက်နေတာပဲ ဖြစ် ပါတယ်....
လို့ ပြောခဲ့ပါတယ်။ 

ပြည်သူလူထုပညာတတ်ဖို့အတွက် ဦးတည်ဆောင်ရွက်တာဟာ နိုင်ငံလွတ်လပ်ရေးနဲ့ ကာကွယ်ရေးကိုပါ လုပ်ဆောင်ပြီးသား ဖြစ်သွားတယ်လို့ ဆိုလိုတာပဲ ဖြစ်ပါတယ်။ အဲလို ပညာရေးစနစ်ကြောင့်ပဲ ဂျပန်နိုင်ငံ ဟာ ကမ္ဘာမှာ အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံ တနိုင်ငံအဖြစ် ရပ်တည်နေနိုင်တာ လို့တောင် ဆိုနိုင်ပါတယ်။

မြန်မာနိုင်ငံမှာတော့ ပညာရေးအာဏာပိုင်တွေက သက်မွေးဝမ်းကျောင်းပညာအတွက် ထိထိရောက်ရောက် အားပေး ပံ့ပိုးမှု မရှိသေးဘူးဆိုပေမဲ့ သက်ဆိုင်ရာကျောင်းအလိုက် ဆရာ ဆရာမတွေ က ကျောင်းသားတွေ အတွက် ကိုယ်တတ်နိုင်သလောက် သက်မွေးဝမ်းကျောင်း ပညာတွေကို သင်ကြားပေးသင့်ပါတယ်။ အနည်း ဆုံး တော့ ငွေကုန်ကြေးကျ မများလှဘဲနဲ့ အလွယ်တကူ လုပ်နိုင်တဲ့ လက်မှုအနုပညာတွေကို စနစ်တကျ သင်ကြား လေ့ကျင့်ပေးနိုင်ပါတယ်။ ဒါဟာ ကလေးတွေကို လက်မှုအတတ်ပညာတရပ်ကို သင်ပေးလိုက် တာ သာမကဘဲ စဉ်းစားတီထွင်ဥာဏ်နဲ့ ဖန်တီးလိုစိတ်ကို ပါ လေ့ကျင့်ပေးရာရောက် တာမို့ ကျောင်းသူ ကျောင်းသားတွေ အတွက် သိပ်ကို အကျိုး ရှိတာပါ။ ဒါဟာ တနည်းအားဖြင့်တော့ ခုချိန်မှာ အဘက်ဘက်က ဆုတ်ယုတ်လာနေတဲ့ မြန်မာနိုင်ငံရဲအနာဂတ်အတွက် ကျားကန်ပေးနိုင်ဖို့ ခံတပ်တခုကို တနိုင်တပိုင် တည်ဆောက် ပေးရာလည်း ရောက်တယ်လို့ ဆိုနိုင်ပါတယ်

မေငြိမ်း
ဧပြီ။၂၀၀၇။

Thursday, October 18, 2007

ကလေးတွေအတွက် နွေရာသီ

ခု လက်ရှိ အနေအထားမှာတော့ မြန်မာနိုင်ငံမှာလည်း နွေရာသီအားလပ်ရက်မှာ အင်္ဂလိပ်စာကို ဦးစားပေးတဲ့ ကိုယ်ပိုင်သင်တန်းတွေ တော်တော်များများ ဖွင့်လာတာ တွေ့ရပါတယ်။ ငွေကြေး အတန်အသင့် ပေးရတယ် ဆိုပေမဲ့ ၂၀၀၀ပြည့်နှစ်မတိုင်ခင်က မြန်မာနိုင်ငံရဲအနေအထားလို တက်စရာ သင်တန်းတောင်မှ မရှိတဲ့ အခြေနေမျိုး မဟုတ်တော့တာကတော့ တိုးတက်လာတဲ့ လက္ခဏာလို့ ဆိုရမှာပါ။ အရင်ကတော့ အပိတ်အဆို့ အမျိုးမျိုး အတားအဆီးအမျိုးမျိုးတွေကြားမှာ ပြည်သူအများစုဟာ မျက်စေ့ ပိတ် နားပိတ် ရှိနေခဲ့ကြ တာပါ။ အခု ၂၀၀၀ နောက်ပိုင်းမှာတော့ ကမ္ဘာနဲ့ ချီပြီး ဖြစ်ပေါ်တိုးတက်နေတဲ့ ပညာရေး အရှိန်ကြောင့် မြန်မာနိုင်ငံမှာလည်း အလိုက်သင့်တော့ လိုက်ပါပြောင်းလဲလာရပါတယ်။ ဒါကြောင့်ပဲ အာဏာပိုင် တွေကိုယ်တိုင်က ပညာခေတ်ဆိုတာကို ပြောလာရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြဿနာက မြန်မာနိုင်ငံရဲ အာဏာပိုင်တွေဟာ ပညာရေး စီမံကိန်း တွေကို အပြောအဆင့်ကနေ လက်တွေ့အဆင့်ကို ရောက်လာအောင် မလုပ်သေး တာပါပဲ ။

ခုချိန်မှာ ကမ္ဘာ့နိုင်ငံအများစုက ပညာရေးကို အားသွန်ခွန်စိုက် ထူထောင်နေချိန်မှာ မြန်မာနိုင်ငံမှာတော့ ပညာရေးဆိုင်ရာအသုံးစရိတ်ကို ဂျီဒီပီရဲ ၁ရာခိုင်နှုန်းသာ သုံးတယ်လို့ (၁၉၉၆-၉၇) ဘဏ္ဍာရေး၊ စီးပွါးရေးနှင့် လူမှုရေးအခြေအနေများဆိုင်ရာအစီရင်ခံစာမှာ ဖေါ်ပြထားတာကို တွေ့ရပါတယ်။ ဒါကြောင့်ပဲ မြန်မာနိုင်ငံရဲ ကျောင်းပညာရေးဟာ နည်းပညာကအစ သင်ထောက်ကူပစ္စည်းတွေအဆုံး လိုအပ်ချက်ပေါင်းများစွာနဲ့ ချိုတဲ့ ယိုင်နဲ့နေရတာ ဖြစ်ပါတယ်။ တကယ်တော့ အိမ်နီးချင်းဖြစ်တဲ့ ထိုင်းနိုင်ငံဟာလည်း ပညာရေးအတွက်ကို ဂျီဒီပီရဲ ၄ရာခိုင်နှုန်းပဲ သုံးတာပါ။ ဒါပေမ့ ပညာရေးမှာ နိုင်ငံတကာကို ရင်ပေါင်တန်း လိုက်နိုင်အောင် အားထုတ်နေတာမျိုးကိုတော့ အထင်အရှားတွေ့ရပါတယ်။ ဒါတောင်မှပဲ၊ ထိုင်းအစိုးရဟာ သတင်းထောက် တွေရဲ ဝေဖန်မှုကို ခံနေရပါသေးတယ်။ ထိုင်းနိုင်ငံအနေနဲ့ ပညာရေး ဆိုင်ရာ အသုံးစရိတ်ကို ဒ့ါထက်မက ပိုသုံးနိုင်တယ်၊ ပိုသုံးသင့်တယ်လို့ ဝေဖန် ထောက်ပြနေကြပါတယ်။

ဥပမာ ထိုင်းနိုင်ငံရဲ့ ထင်ရှားတဲ့ မြို့ကြီးတချို့ရဲ့ ကျောင်းတချိုမှာ အင်္ဂလိပ်စာကို မူလတန်းအဆင့်ကတည်းက Native speakers တွေက လာသင်ပေးတဲ့ အစီအစဉ်မျိုးတွေ ရှိပါတယ်။ အဲလို အစီအစဉ်မျိုးဟာ နိုင်ငံ တ၀ှမ်းလုံး လုပ်နိုင်ရင် သိပ်ကောင်းမယ့် အစီအစဉ်မျိုးပါ။ ဒါပေမဲ့ ထိုင်းအစိုးရက တနိုင်ငံလုံး အတိုင်းအတာ အနေနဲ့ လုပ်ပေးတာမျိုး မရှိသေးပါဘူး။

ဒါပေမဲ့လို့ ထိုင်းနိုင်ငံမှာ အစိုးရကျောင်းတွေမှာတောင်မှပဲ နွေရာသီမှာ ကျောင်းတက်ချင်သူတွေအတွက် Summer school အနေနဲ့တော့ ဖွင့်ထားပေးပါတယ်။ အစိုးရကျောင်းမို့ ခိုကပ်တာမျိုးလည်း မရှိပါဘူး။ အဲဒီ အစိုးရနွေရာသီကျောင်းတွေမှာလည်း ကိုယ်ပိုင် နွေရာသီကျောင်းတွေမှာလို ပဲ ကျောင်းစာသင်ဖို့ အဓိက ထားတာမျိုးမဟုတ်ဘဲ ကလေးတွေအနေနဲ့ ကစားရင်းကနေ ပညာတခုခု သင်ယူသွားနိုင်ဖို့နဲ့ ဘာသာစကား အသုံး အနှုန်းမှာ ကျွမ်းကျင်အောင် လေ့ကျင့်ပေးတာ၊ လက်မှုအနုပညာလေးတွေ သင်ပေးတာ၊ ကိုယ်လက် လှုပ်ရှား ကစားဖို့တွေကို အဓိကထားတာပါ။ ကလေးတွေရဲ သင်ယူနေမှုကို အဆက်ပြတ်မသွားအောင် လေ့ကျင့်ပေးရာ ရောက်တဲ့ အစီအစဉ်လို့လည်း ပြောနိုင်ပါတယ်။ ဒီ နွေရာသီကျောင်း အစီအစဉ်ဟာ အပေါင်းအသင်းနဲ့အတူ ကစားချင်တဲ့ ကလေးတွေအတွက်ရော၊ အလုပ်ခွင်တဘက်၊ ကလေးတွေတဘက် နဲ့ အခက်အခဲဖြစ်နေတဲ့ မိဘတွေအတွက်ရော အင်မတန်အဆင်ပြေစေတဲ့ ပညာရေးအစီအစဉ်ပါပဲ။

တကယ်တော့ ထိုင်းနိုင်ငံရဲပညာရေးမှာလည်း အားသာချက်တွေရှိသလို လိုအပ်ချက်တွေလည်း အနည်းနဲ့ အများ ရှိသေးတယ်ဆိုပေမဲ့လို့ ထိုင်းအစိုးရဟာ ပညာရေးကဏ္ဍမှာ မြန်မာအစိုးရထက်တော့ အများကြီး ပိုပြီး ပံ့ပိုးပေးနေတာ အမှန်ပါပဲ။ အနည်းဆုံးတော့ ထိုင်းလူငယ်ပညာတတ်တွေဟာ သူတို့သင်ရတဲ့ပညာရေးနဲ့ သူတို့တိုင်းပြည်မှာ သင့်လျော်တဲ့ အလုပ်တွေကို ၀င်လုပ်ပေးနိုင်တာပါပဲ။ ဒါကြောင့်ပဲ စေတနာစိုက်ထုတ်ပြီး ကြိုးစားပေးရုံနဲ့ ပညာရေးအခြေနေ သိသိသာသာ တိုးတက်လာနိုင်တာကိုမြင်တဲ့ ထိုင်းနိုင်ငံရောက် မြန်မာစေတနာရှင်တွေဟာ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းကလေးတွေအတွက် ကျောင်းတွေ ဖွင့်ပေး နေတာမှာ ခုလို နွေရာသီမှာတောင် အနားမနေဘဲ နွေရာသီ သင်တန်းတွေ ဖွင့်ပေးတာ တွေ့ရပါတယ်။

ခုဆိုရင် ၂၀၀၆ခုနှစ်နွေရာသီကစပြီး၊ မြန်မာရွှေ့ပြောင်းအလုပ်သမား အများစုရှိရာ မြို့တွေအနက်က ထိုင်းနိုင်ငံ တောင်ပိုင်း ဖူးကက်ဒေသနားက ဖန်ငခရိုင် မှာဆိုရင် Grassroot Human Rights and Education Development အဖွဲ့ကြီးက ဖွင့်ထားတဲ့ ကျောင်းတွေမှာ စုစုပေါင်း ကျောင်းသားအရေအတွက် ၅၀၀နီးပါးရှိတဲ့ အထဲကနေ ကလေးအယောက် ၂၀ လောက်ကို အလှည့်ကျ ရွေးချယ်၊ စခန်း သွင်းပြီးတော့ အင်္ဂလိပ်ဘာသာ၊ ကွန်ပျူတာ ပညာတွေကို Native speakers ဆရာတွေ နဲ့ ဦးစားပေး လေ့ကျင့်ပေးနေပါတယ်။

အဲသလိုပဲ၊ နယ်စပ်မြို့တမြို့ဖြစ်တဲ့ မဲဆောက်မြို့မှာလည်း မြန်မာကလေးငယ်တွေရဲပညာရေးကို အကူအညီ ပေးနေတဲ့ SAW ကျောင်းကလည်း နွေရာသီမှာ ကလေးတွေအတွက် Native speakers ဆရာတွေရဲအကူအညီနဲ့ ကျောင်းဖွင့်ပေးထားပါတယ်။ အဓိကကတော့ အင်္ဂလိပ်စာ၊ မြန်မာစာနဲ့ ကွန်ပျူတာပညာ၊ ပန်းချီ ပညာတွေကို ကလေးတွေစိတ်ကြိုက် ရွေးချယ် သင်ယူစေတာပါပဲ။ မဲဆောက်မြို့မှာပဲ တချို့ မြန်မာ ရွှေ့ပြောင်းကျောင်းတွေကတော့ နွေရာသီမှာ ပန်းချီသီးသန့်သင်တန်းတွေ လုပ်ပေးတာ တွေ့ရပါတယ်။ အဲဒီကျောင်းတွေ မှာ ဘယ်သူမဆို တက်ရောက် သင်ယူနိုင်ပြီးတော့ ခုချိန်မှာ ကလေး အယောက် ၈၀ကျော် တက်ရောက် သင်ယူနေပါတယ်။ အဲဒီ သင်တန်းမှာ ဆိုရင် ထိုင်းလူမျိုးကလေးတချို့တောင် မြန်မာစာ မြန်မာစကား တတ်ချင်လို့ လာသင်နေကြတာ ရှိပါတယ်။ ဒါဟာ လူမျိုးကွဲ ကလေးတွေကို အချင်းချင်း ချစ်ခင် ရင်းနှီးစေတဲ့အပြင် အသွေးအရောင်စုံ ယဉ်ကျေးမှု ပညာရေး သဘောတောင် ဆောင်နေပါတယ်။

အဲဒီအခါ ကလေးတွေရဲ့ ကိုယ်ရည်ကိုယ်သွေး၊ ဥာဏ်ရည်ဥာဏ်သွေးတွေ သိသိသာသာ တိုးတက်ဖွံ့ဖြိုးလာတာ တွေ့ရပါတယ်။ ပြီးတော့ ဒါဟာ မတည်ငြိမ်တဲ့ ရွှေ့ပြောင်းဘ၀ထဲက မြန်မာကလေးတွေအတွက်တော့ သိပ် တန်ဖိုးရှိတဲ့ အချိန်တွေပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ ပညာရေးမှာ အစိုးရဘက်က ကူညီပံ့ပိုးမှုမရလှတဲ့ မြန်မာနိုင်ငံအတွင်းမှာကတော့ ကလေးတွေရဲနွေရာသီပညာရေးအတွက် ငွေကြေး အကုန်အကျမခံနိုင်တဲ့ မိဘများရဲကလေးတွေခမျာ နွေရာသီ ဆိုတာ ဟာ နေပူပူထဲ ပျင်းပျင်းရိရိနဲ့၊ ဒါမှမဟုတ် ပူပူလောင်လောင် ဆော့ကစားရင်းနဲ့ နောက် စာသင်နှစ်အတွက် ကျောင်းဖွင့်ချိန်ကို အလဟဿ စောင့်နေကြရတာပါ၊ ဒါပေမဲ့ ဒီနေရာမှာ မိဘတွေဘက်က တကူးတက အချိန် ပေးပြီး ကလေးတွေကို အင်္ဂလိပ်စကားပြောလေးတွေ အရုပ်ဆွဲတာလေးတွေ လေ့ကျင့်ပေးတာမျိုး၊ ကာတွန်းစာအုပ် ပုံပြင်စာအုပ်လေးတွေ ပြီးအောင် ဖတ်စေတာမျိုးတွေ လုပ်ပေးသင့်ပါတယ်၊ ဒါဟာ ကိုယ့် သားသမီးကို ပျိုးထောင်နေတာမျိုးလောက်တင်မကဘဲ ကိုယ့်နိုင်ငံအတွက် တိုးတက်ကောင်းမွန်တဲ့ အနာဂတ် ကို ကိုယ်ထူကိုယ်ထအနေနဲ့ ကူညီထူထောင်ပေးရာလည်း ရောက်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

မေငြိမ်း
မတ်လ၊၂၀၀၇။

Tuesday, October 16, 2007

နွေရာသီသင်တန်း

မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံဟာ အလွန်နီးကပ်တဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့အတွက် ရာသီ သဘာဝ အချိန်ကာလ ယဉ်ကျေးမှု ဘာသာရေးနဲ့ ဓလေ့ထုံးစံ တွေက လည်း တော်တော် နီးနီးစပ်စပ် တူနေတာ တွေ့ရပါတယ်။ အထူးသဖြင့် ကလေးတွေရဲ ကျောင်းဖွင့်ချိန် ပိတ်ချိန် ကာလတွေ တူနေတာပါပဲ။ ခုဆို မြန်မာနိုင်ငံမှာရော ထိုင်းနိုင်ငံမှာပါ နွေရာသီ ကျောင်းပိတ်ရက်ရှည်ကာလ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ ခုလို နွေရာသီကျောင်းပိတ်ရက်မှာ ငွေကြေးတတ်နိုင်တဲ့ မိသားစုထဲက ကလေးတွေက တော့ နွေရာသီ အင်္ဂလိပ်စာသင်တန်းတွေ တက်နိုင်ပါတယ်။ တချို့ အသိအမြင်များတဲ့ မိဘတွေရဲ ကလေး တွေကတော့ နွေရာသီ ဘာသာရေးသင်တန်းတွေ တက်ခွင့်ရကြပါတယ်။ ပညာတတ်မိဘတချိုရဲ ကလေး တွေကတော့ ပန်းချီသင်တန်းလို ကလေးတွေအတွက် တကယ်လိုအပ်တဲ့ နွေရာသီသင်တန်းမျိုးတွေကို တက် နိုင်ကြ ပါတယ်။ ဒါပေမဲ့ အဲလို အခွင့်အရေးရနိုင်ကြတဲ့ ကလေး အရေအတွက်ဟာ နည်းပါးလှပါတယ်။

ထိုင်းနိုင်ငံမှာကတော့ နွေရာသီကျောင်းပိတ်ရက်ရှည်မှာ ကလေးအများစုဟာ ပုဂ္ဂလိက ကျောင်းတွေက ဖွင့်တဲ့ နွေရာသီကျောင်းတွေကို ဈေးချိုချိုနဲ့ သွားနိုင်ကြပါတယ်။ အဲဒီ ကျောင်းတွေ က နွေရာသီကျောင်းပိတ်ရက်မှာ ပန်းချီ အနုပညာ၊ ဘာသာစကားနဲ့ အင်္ဂလိပ်စာကို အဓိကထားပြီး လေ့ကျင့်ပေးပါတယ်။ အင်္ဂလိပ်စာကို Native Speaker တွေက သင်ပေးပါတယ်။ အဲဒီမှာ ကလေးတွေဟာ ကျောင်း သင်ခန်းစာတွေ ဖိစီးတာမျိုး လုံးဝမရှိဘဲ နည်းစနစ်တကျ ကစားတာတွေ ၊ ကလေးတွေ စုပြီး လက်မှုအနုပညာဖန်တီးတာတွေရှိတာမို့ တပါတည်းမှာပဲ ကလေးတွေအတွက် ပေါင်းသင်း ဆက်ဆံရေးကိုပါ လေ့ကျင့်ပေးပြီးသား ဖြစ်သွားပါတယ်။ ထိုင်းနိုင်ငံက ကလေးအများစုဟာ ပူပြင်းတဲ့ နွေရာသီရဲ ကျောင်းပိတ် ရက်ရှည်ကာလကို ပျော်ပျော် ရွှင်ရွှင် ပေါ့ပေါ့ပါးပါး၊ အကျိုးရှိရှိ နဲ့ ဖြတ်သန်းခွင့် ရနိုင်ကြပါတယ်။

မြန်မာနိုင်ငံမှာ အရင် မဆလလက်ထက်မှာတုန်းကတော့ လူငယ်တွေအတွက် နွေရာသီကို အကျိုးရှိရှိ ဖြတ်ကျော်ဖို့ နွေရာသီ ပန်းချီသင်တန်းတို့ ဘင်ခရာသင်တန်းတို့ ရှိခဲ့ပါတယ်။ ကလေးငယ်တွေအတွက်ကတော့ ထူးထူးခြားခြား အစီအစဉ် မရှိခဲ့ဖူးပါဘူး။ အခု နောက်ပိုင်းမှာတော့ ကလေးတွေအတွက်ရော လူငယ်တွေ အတွက်ပါ နွေရာသီဟာ ပူပြင်းတဲ့ ရာသီဥတုထဲမှာ ပျင်းရိစရာ အကျိုးမဲ့ ကုန်ဆုံးသွားရတာပါပဲ။ ဒါဖြင့် ကလေး တွေ လူငယ်တွေအတွက် နွေရာသီကျောင်းပိတ်ရက်ကို ဘယ်လို အကျိုးရှိရှိ ကုန်ဆုံးစေသင့်ပါ သလဲ။

နွေရာသီကာလကို အသုံးချဖို့ အတုယူစရာ အစီအစဉ်လေးတခုကို ၂၀၀၇ခုနှစ်ရဲကျောင်းပိတ်စ မတ်လရဲ နောက်ဆုံးပတ်မှာ ထိုင်းနိုင်ငံတောင်ပိုင်းက ဖူးကက်ဒေသမှာ တွေ့လိုက်ရ ပါတယ်။ ဖူးကက်ဒေသဟာ ၂၀၀၄ခုနှစ် ဒီဇင်ဘာလ ၂၆ရက်နေ့တုန်းက ဆူနာမီမုန်တိုင်း သင့်ပြီး လူအသေအပျောက် သောင်းကျော်ရှိခဲ့ရတဲ့ ဒေသ ဖြစ်ပါတယ်။ အဲဒီဒေသက ဆူနာမီဒဏ်ခံခဲ့ရတဲ့ လူမျိုးပေါင်းစုံကလေးတွေ အတွက် Insight-out ဆိုတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း (NGO)က ဦးဆောင်ပြီးတော့ အဲဒီ ဖူးကက်ဒေသမှာ မြန်မာ ရွှေ့ပြောင်း ကလေးငယ် တွေရဲ့ ပညာရေးအတွက် ကူညီပံ့ပိုးနေတဲ့ GHRE (Grassroot Human Rights and Education) အဖွဲ့နဲ့ ပူးပေါင်းပြီး ရက်သတ္တပတ်ကြာ ဓါတ်ပုံပညာသင်တန်း ဖွင့်ပေးပါတယ်။

အဲဒီ သင်တန်းလေးမှာ ဓါတ်ပုံ ပညာနဲ့အတူ ဓါတ်ပုံကို မီပြီး ပန်းချီ ဘယ်လို ဖန်တီးမလဲ၊ ဓါတ်ပုံကို မီပြီး အက်ဆေးတပုဒ် ဘယ်လိုရေးမလဲ ဆိုတာတွေကို တက္ကသိုလ်တွေက တကယ့် ဓါတ်ပုံပညာရှင်ဆရာတွေ ဓါတ်ပုံ သတင်းထောက်တွေနဲ့ ဓါတ်ပုံ တည်းဖြတ်ပညာရှင်တွေ ပရော်ဖက်ရှင်နယ် စာရေးဆရာတွေက လာပြီး သင်ပေးတာပါ။ အဲလို တစ်ပတ်ကြာ သင်တန်းပြီး နောက်ပိုင်းမှာတော့ အဲဒီကလေးတွေကို သုံးလတစ်ကြိမ် ထပ်ပြီး မွမ်းမံတဲ့ လက်တွေ့ သင်တန်း တွေ လုပ်ပေးသွားတာ ဖြစ်ပါတယ်

ဖူးကက်ဒေသမှာ အဲဒီ သင်တန်းမျိုး လုပ်လာတာ ခုပါနဲ့ဆို သုံးကြိမ် ရှိပါပြီ။ ၂၀၀၆ခုနှစ် မှာတော့ အဲဒီ သင်တန်းထဲက ၁၁နှစ်အရွယ် မြန်မာကျောင်းသူလေး မ၀င်းမော် ရိုက်ခဲ့တဲ့ ဓါတ်ပုံတပုံ (ညာဘက်ပါ) ဟာ ကမ္ဘာကျော် National Geographic ရဲ ဓါတ်ပုံဆုကိုရခဲ့ပြီး မျက်နှာဖုံးအဖြစ်လည်း ရွေးချယ်ခံခဲ့ရပါတယ်။ အဲလိုပဲ ကလေးအများစုဟာ ကင်မရာကို ပိုင်ပိုင်နိုင်နိုင် သုံးစွဲတတ်ပြီး ဓါတ်ပုံပညာနဲ့ အက်ဆေးရေးနည်းကို သိသွားကြပါတယ်။ ဒါဟာ ကလေး တွေ အတွက် အနည်းဆုံးတော့ အသက်မွေးဝမ်းကျောင်း ပညာရပ် တခုကို ရသွားတာ ပဲ ဖြစ်ပါတယ်။

အဲဒီသင်တန်းမှာ ကလေးတွေဟာ ပတ်ဝန်းကျင်ရဲ သဘာဝမြင်ကွင်းအလှကို မြင်အောင် ကြည့်တတ် သွားကြ ပါတယ်။ ပြီးတော့ လုပ်ငန်းခွင် မြင်ကွင်းတွေကို ဓါတ်ပုံရိုက်ရင်း လူ့ဘ၀တွေနဲ့ အလုပ်ရဲတန်ဖိုးတွေကို သတိထားမိ သွားကြပါတယ်။ လူ့သဘာဝ လှုပ်ရှားမှုတွေကို ဓါတ်ပုံရိုက်ရင်း လူ့စရိုက်သဘာဝကို နားလည်လာနိုင်ပါ တယ်။ တချိန်တည်းမှာပဲ အဲဒီ မြင်ကွင်းတွေကို ပန်းချီဆွဲပြီး စာနဲ့လည်း ရေးကြရတာမို့ သူတို့ရဲပတ်ဝန်းကျင်ကို ပို သိလာကြရပါတယ်။ ဒါကြောင့် အဲဒီသင်တန်းဟာ ရက်သတ္တပတ်ပဲကြာတယ် ဆိုပေမဲ့ ကလေးတွေဟာ သဘာဝပတ်ဝန်းကျင်ထဲမှာနေရင်း အဲဒီ သဘာဝပတ်ဝန်းကျင်ထဲက အကြောင်းအရာတွေကိုပဲ သင်ယူကြရ တာကြောင့် ကလေးတွေဟာ လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ အတတ်ပညာ အသိပညာ အတော် များများကို သိသွား တတ်သွား ကြပါတယ်။

အဲဒီ စိတ်ကူးမျိုး၊ အစီအစဉ်မျိုးဟာ ကလေးတွေအတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးစေပြီး စိတ်ဝင်စား စရာ ပညာရပ်တခုကို သင်ယူခွင့်ရတာမို့လို့လည်း ကလေးတွေကို တက်ကြွ စေတဲ့ သင်ယူမှုမျိုးနဲ့ ထိတွေ့ပေးရာလည်း ရောက်ပါတယ်။ အဲဒါအပြင် တကယ် အသက်မွေးဝမ်းကျောင်း အလုပ်အဖြစ် လုပ်နိုင်တဲ့ ပညာရပ်မျိုးတွေလည်း ဖြစ်တာမို့ ကလေးတွေကို မျှော်လင့်ချက်နဲ့ ကြိုးစားချင်စိတ် လည်း ရှိလာနိုင်စေပါတယ်။ ဒါကြောင့် အဲလို သင်တန်းမျိုးဟာ ကလေးတွေရဲ ကိုယ်ရည်ကိုယ်သွေးကိုပါ မြှင့်တင်ပေးနိုင်တယ်လို့လည်း ဆိုနိုင်ပါတယ်။

တကယ်တော့ အဲလို နွေရာသီသင်တန်းအစီအစဉ်မျိုးဟာ အာဏာပိုင်အစိုးရကသာ စေတနာ ရည်ရွယ်ချက် ကောင်းကောင်းရှိမယ်ဆိုရင် မြန်မာနိုင်ငံမှာလည်း ထူးချွန်တဲ့ ကလေးတွေ ဒါမှမဟုတ် တကယ်ဝါသနာပါပြီး သင်ယူချင်စိတ် ပြင်းပျတဲ့ ကလေးတွေကို ရွေးချယ်ပြီး ခုလိုသင်တန်းမျိုးတွေ လုပ်ပေးသင့်ပါတယ်။

အထူးသဖြင့်၊ မြန်မာနိုင်ငံလို အလုပ်လက်မဲ့ များပြားပြီး ရှုမျှော်ခင်း အလှအပ နဲ့ စိတ်ဝင်စားစရာ မြင်ကွင်းတွေ ပေါများလှတဲ့ တိုင်းပြည်မှာ ကလေးတွေ လူငယ်တွေအတွက် ဓါတ်ပုံပညာ၊ ပန်းချီပညာနဲ့ စာရေးခြင်း အတတ်ပညာ တွေ တတ်ထားတာဟာ အတော်အတန် သေချာတဲ့ အနာဂတ်တခုကို ရလိုက်တာနဲ့ အတူတူပဲ ဖြစ်ပါတယ်။ အဲဒီအတွက် ကလေးတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းဆောင်ရွက်ပေးဖို့ အထူးတာဝန်ရှိသူတွေကတော့ နိုင်ငံတော်ရဲ့ အာဏာပိုင်များ ပဲ ဖြစ်ပါတယ်၊

မေငြိမ်း
မတ်လ၊ ၂၀၀၇။

Friday, October 12, 2007

ကျောင်းနေပျော်ပြီး စာတော်ဖို့

ကမ္ဘာ့နိုင်ငံ အများအပြားမှာ အခြေခံပညာရေးဖြစ်တဲ့ မူလတန်းက စပြီး အဆင့်မြင့် အထက်တန်းတွေအထိ သင်ကြားနည်းစနစ်တွေ သင်ရိုးတွေ သင်ခန်းစာတွေဟာ အရှိန်အဟုန်နဲ့ တိုးတက်ပြောင်းလဲနေတဲ့ ခေတ်ကို အမီ လိုက်ပြီး ဆန်းသစ်နေကြတာ တွေ့ရပါတယ်။ ဒါပေမဲ့ဲ့ မြန်မာနိုင်ငံရဲကျောင်းတွေမှာတော့ ကလေးတွေဟာ ၁၉၇၀ နှစ်များမှာကတည်းက ပြဌာန်းထားတဲ့ သင်ရိုးတွေကိုပဲ ခုချိန်ထိ သင်နေကြရတုန်း ဖြစ်ပါ တယ်။

မြန်မာနိုင်ငံရဲ ပညာရေးဟာ သိပ်ကို နောက်ကျနေတာမို့လို့ အနောက်နိုင်ငံများ၊ ဥရောပနိုင်ငံများ၊ စကင်ဒီနေဗီးယန်းနိုင်ငံများရဲ ပညာရေးစနစ်တွေနဲ့ ဘယ်လိုမှ ယှဉ်ပြောလို့ မရပါဘူး။ ဒါကြောင့် မြန်မာနိုင်ငံ ပညာရေးကို ဝေဖန်သုံးသပ်မယ်ဆိုရင် နှိုင်းယှဉ်ကြည့်ဖို့ အသင့်တော်ဆုံးဟာ ထိုင်းနိုင်ငံနဲ့ စင်္ကာပူနိုင်ငံတို့ရဲ့ ပညာရေးတွေပဲ ဖြစ်ပါတယ်။ အထူးသဖြင့်တော့ ထိုင်းနိုင်ငံဟာ အနီးဆုံးနိုင်ငံဖြစ်ပြီး ရေမြေသဘာဝ၊ ဘာသာရေး နဲ့ စာပေယဉ်ကျေးမှုတွေမှာလည်း အတော်များများ တူတဲ့အတွက်၊ ထိုင်းနိုင်ငံရဲ ပညာရေး ပုံစံဟာ မြန်မာနိုင်ငံ အနေနဲ့ နည်းမှီ အတုယူစရာ ဖြစ်နိုင်ပါတယ်။

ထိုင်းနိုင်ငံဟာ စည်းမျဉ်းခံဘုရင်စနစ်နဲ့ အုပ်ချုပ်ပြီး အယူသည်းတဲ့ ဗုဒ္ဓဘာသာနိုင်ငံ ဖြစ်ပေမဲ့ ကမ္ဘာလုံးဆိုင်ရာ လွှမ်းခြုံမှုကိုတော့ လက်ခံရမှန်း ကောင်းကောင်းသိတဲ့ နိုင်ငံ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ပညာရေးစနစ်ကို ကမ္ဘာ့အဆင့်မီအောင် တဟုန်ထိုး လိုက်ပါ ပြုပြင်နေပါတယ်။ အဲလို ပြုပြင်ရာမှာလည်း မူလတန်းကနေစပြီး တက္ကသိုလ်အဆင့်ထိကို ပြိုင်တူ ဆောင်ရွက်နေတာပါ။ ခေတ်မမီတော့တဲ့ စနစ်ဟောင်း သင်ခန်းစာဟောင်း တွေကို စွဲစွဲလန်းလန်း ဖက်တွယ်မထားဘဲ စွန့်ပစ်သင့်တာတွေ စွန့်ပစ်၊ လဲလှယ်သင့်တာတွေကို လဲလှယ်၊ ပြုပြင်သင့်တာတွေကို ပြုပြင် နေပါတယ်။ ထိုင်းနိုင်ငံပညာရေးထဲမှာ ရိုးရာ ယဉ်ကျေးမှု အနုပညာတွေနဲ့အတူ တိုးတက်တဲ့ သိပ္ပံပညာနဲ့ ကမ္ဘာကြီးအကြောင်းတွေ၊ အိုင်တီ နည်းပညာတွေကိုပါ ထည့်သွင်းပြီး သင်ကြား နေတာ ဖြစ်ပါတယ်

ထိုင်းနိုင်ငံရဲ ကျောင်းဖွင့်ရက်တွေမှာဆိုရင် ကလေးတိုင်းကို ကျောင်းသွားဖို့အတွက် တက်ကြွပျော်ရွှင်နေတာ တွေ့ရပါတယ်။ အထူးသဖြင့် ထိုင်းနိုင်ငံရဲ့ အခြေခံပညာ ကျောင်းတွေမှာ စာသင်ခန်းတွေကို Thinking Classroom အဖြစ် အကောင်အထည် ဖေါ်နေတာမို့ ကျောင်းတွေဟာ ကလေးတွေအတွက် ကြောက်စရာ စိတ်ညစ်စရာကောင်းတဲ့ အဆောက်အဦးတခု ဖြစ်မနေ တော့ပါဘူး။ ကလေးတွေဟာ မူလတန်းကြို ကတည်းက ကဗျာတွေဆိုရင်း၊ ပန်းချီတွေဆွဲရင်း၊ အတူတူ ကစားကြ ရင်းနဲ့ ကျောင်းစာတွေနဲ့အတူ ပတ်ဝန်းကျင် ဘာသာရပ် နဲ့ လူမှုရေးဘာသာရပ်ကိုပါ သင်ယူပြီးသား ဖြစ်သွားတာ တွေ့ရပါတယ်။ ကလေးတွေအတွက် ကျောင်းတွေက အခမဲ့ပေးတဲ့ ပုံဆွဲစာအုပ်တွေ သင်ခန်းစာစာအုပ်တွေဟာ ရောင်စုံအရုပ်တွေ ဖောင်းကြွ ရုပ်ပုံတွေနဲ့ စိတ်ဝင် စားအောင် ဆွဲဆောင်နိုင်လှပါတယ်။ ကလေးတွေဟာ သူတို့စာအုပ်လေးတွေကို တမြတ်တနိုးနဲ့ တကိုင်ကိုင် ရှိကြတာ တွေ့ရပါတယ်။

ကလေးတွေအနားမှာ ရှိနေကျ ကြောင်ကလေး ခွေးကလေး သမင်လေးနဲ့ ရွှေငါးလေးတွေဟာ ဖတ်စာအုပ်ထဲ မှာလည်း အပြင်က အရောင်အတိုင်း အသွေးအမွေးအတိုင်း ရှိနေတာမို့ သူတို့အတွက် တိရစ္ဆာန်အကြောင်း သင်ခန်းစာဟာ ပျော်စရာပါပဲ။ ပြီးတော့ အဲဒီထဲက ရှားပါးတဲ့ အကောင်ကလေးတွေကို အပြင်မှာ သေချာမြင်ရဖို့ ကလေးတွေဟာ ကျောင်းရဲအစီအစဉ်နဲ့ တိရစ္ဆာန်ရုံကိုလည်း သွားကြရတာပါ။ အရောင်တွေကို သင်တော့ လည်း ဖတ်စာအုပ်ထဲမှာ သဘာဝအရောင်အတိုင်း နေလုံးနီနီ၊ ပန်းသီးနီနီ၊ လိမ်မော်သီးအရောင် နှင်းဆီပန်း အရောင်၊ နေကြာပန်းရဲအ၀ါရောင်တွေကို တွေ့ရတာမို့ ကလေးတွေဟာ မူလတန်းကြိုမှာကတည်းက သူတို့ရဲ့ ဖတ်စာအုပ်နဲ့ သူတို့ဆွဲတဲ့ ပန်းချီဆေးရောင်တွေဆီကနေ အရောင်သင်ခန်းစာကို သင်ပြီးသား ဖြစ်သွားတာပါပဲ။ အဲဒါဟာ ထိုင်းနိုင်ငံ တနိုင်ငံလုံးက မူလတန်းကလေးတိုင်း အယုတ်အလတ် အမြတ်မရွေး ရနေတဲ့ အခွင့်အရေး ပဲ ဖြစ်ပါတယ်၊

မြန်မာနိုင်ငံမှာကတော့ ဒီလို အခွင့်အရေးမျိုးကို ပိုက်ဆံများများ ပေးရ တဲ့ ပုဂ္ဂလိကပိုင် မူကြို ကျောင်းတချိုက ကလေးတွေလောက်သာ ရနိုင်ကြတာပါ။ အစိုးရကျောင်းတွေမှာဆိုရင်တော့ စာတွေကို ညိညစ်ညစ် နောက်ကျိကျိ အရောင်နဲ့ စာရွက်တွေပေါ်မှာ မင်ရောင် ကောင်းကောင်းမထင်တဲ့ အနက်ရောင် ပုံနှိပ် စာလုံး တွေနဲ့ ရိုက်နှိပ် ထားတာမျိုးပဲ တွေ့ရပါတယ်။ ပြီးတော့ အဲဒီ စိတ်ဝင်စားစရာ လုံးဝ မရှိတဲ့ ဖတ်စာအုပ် ကိုတောင်မှပဲ ပိုက်ဆံပေး ၀ယ်တာတောင် ကလေးတိုင်း မရနိုင်တဲ့အတွက် မဲစနစ်နဲ့ ၀ယ်ယူရပါတယ်။ ဖတ်စာအုပ်ရဲ့ အဖုံးဟာလည်း အညံ့စားဖြစ်ရတဲ့အထဲ အဖြူညစ်ညစ် ပေါ်မှာ အရုပ် မပါ ပုံမပါဘဲ စာလုံးတွေ ချည်းသာ ရိုက်နှိပ်ထားတာမို့ ကလေးတွေရဲ ကျောင်းနေပျော်ပြီး စာတော်ဖို့အရေးကို လုံးလုံး ထည့်သွင်း စဉ်းစား ပေးမှု မရှိတာ ပေါ်လွင်လှပါတယ်။

သင်ခန်းစာတွေကို အဖြူအမည်းနဲ့သာ ပုံနှိပ်ထားတာမို့ အ၀ါရောင် အနီရောင် အပြာရောင် လို့ ရေးထားလည်း ကလေးတွေခမျာ ဘာမှမကွဲတဲ့ အနက်ရောင်ကိုပဲ တွေ့နေရတာပါ။ လိမ်မော်သီးဆိုတဲ့ ပုံအောက်မှာ လိမ်မော်ရောင်လို့ စာရေး ထားပေမဲ့၊ တကယ် မြင်နေရ တာကတော့ စာရွက်ရဲ့ ညစ်တစ်တစ် အရောင်သာ ဖြစ်ပါတယ်။ ဒါဟာ ကလေးတွေရဲ့ ပညာရေးထဲမှာ အရေးကြီးလှတဲ့ အခြေခံ လိုအပ်ချက်လောက်ကိုတောင် ဂရုစိုက် ဖြည့်ဆည်း မပေးတာ ဘဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ကလေးတွေခမျာမှာ သူတို့အနားမှာ နီးနီးလေး ရှိနေတဲ့ ပတ်ဝန်းကျင်ဆိုင်ရာ သင်ခန်းစာတွေကိုတောင်မှပဲ ရင်းနှီးကျွမ်းဝင်ခွင့် မရနိုင်တဲ့အတွက်ကြောင့်မို့ တကူးတကကြီး ကျက်မှတ် နေကြရပါတယ်။ ပိုဆိုးတာကတော့ ကလေးတွေခမျာ ကျောင်းခန်း ကျဉ်းကျဉ်း လေးတွေထဲမှာ ကျပ်ကျပ်သိပ်သိပ် ထိုင်ရင်း၊ တချို့ကလေးများ ခမျာမှာတော့ ကျောင်းရယ်လို့ ခေါ်လောက်စရာ မရှိတဲ့ နေရာတခုကိုပဲ ကျောင်းအဖြစ်သတ်မှတ်ရင်း ဆင်းဆင်းရဲရဲ စာသင်နေကြရတာပါ၊။

ပိုဆိုးတာကတော့ မြန်မာနိုင်ငံမှာ ပြည်သူလူထုအနေနဲ့ စီးပွားရေး ချွတ်ခြုံကျနေတာမို့ မိဘရဲ အခြေနေပေ မူတည်ပြီး ကလေးတွေ ဟာ ပန်းသီး စပျစ်သီးမှ မမြင်ဖူး၊ တိရစ္ဆာန်ရုံ မသွားဖူး၊ ကစားကွင်း မှာတောင်မှ မကစားဖူးတဲ့ ကလေးတွေသာ များတာမို့ ပတ်ဝန်းကျင် ဆီကနေ အလွယ်တကူ သင်ယူ မှတ်မိသွားရမယ့် သင်ခန်းစာတွေ ကို အလွတ် ကျက်မှတ်နေကြ ရတာပါပဲ။

ထိုင်းနိုင်ငံရဲ့ မူလတန်းကျောင်းတွေဟာ ကျယ်ပြောတဲ့ ကစားကွင်းနဲ့၊ အလှစိုက် ပန်းပင်တွေနဲ့၊ အပျော်စီးဒါန်း တွေ၊ ဆီးဆောစတဲ့ ကစားစရာတွေနဲ့၊ စာသင်ခန်းထဲမှာတော့ နံရံတွေပေါ်မှာ ကလေးတွေဆွဲထားတဲ့ ပန်းချီပုံ တွေ ကပ်ထားပါတယ်။ ကလေးအစီအစဉ် တွေကြည့်ဖို့ ရုပ်မြင်သံကြားနဲ့ ဗွီစီဒီစက်ရှိပါတယ်။ ရုပ်မြင်သံကြားက ပြနေတဲ့ ကဗျာတွေ သီချင်းတွေကို ကလေးတွေက ၀ိုင်းအော်ဆို နေကြပါတယ်။ ပြီးတော့ ပတ်ဝန်းကျင် အကြောင်း သင်ရင်း ကလေးတွေက သူတို့သိတဲ့ အပင်တွေ အသီးတွေ ပန်းတွေ တိရစ္ဆာန်လေးတွေအကြောင်း တစ်ယောက်စီ ပြောရင်း၊ ဆရာမက ပန်းချီရုပ်ပုံတွေနဲ့ ကူရှင်းပြရင်း ကလေးတွေက ဦးဆောင်သွားတဲ့ သင်ကြားရေးဟာ ပျော်စရာကောင်းလှပြီး ကလေးတွေအဖို့လည်း တကူးတက ကျက်စရာမလိုဘဲ မှတ်မိ သွားပါတယ်။ အဲလိုနဲ့ပဲ ထိုင်းနိုင်ငံက ကလေးတွေက ကျောင်းတက်ဖို့ကို တက်ကြွ ပျော်ရွှင် နေတော့တာ ဖြစ်ပါတယ်၊

တကယ်တော့ မြန်မာနိုင်ငံမှာလည်း "ကလေးတိုင်း ကျောင်းနေပျော်၍ စာတော်ရမည်" ဆိုတဲ့ ဆောင်ပုဒ် ရှိပါတယ်။ ဒါပေမဲ့ ဆောင်ပုဒ်အတိုင်း အကောင်အထည်ပေါ်ဖို့ ဆိုတာကတော့ နိုင်ငံတော် အကြီးအကဲ များရဲ့ စေတနာဆိုတာအပေါ်မှာသာ အများကြီး မူတည်နေတာ ဖြစ်ပါတယ်။

မေငြိမ်း (၂၀၀၇)

Thursday, October 11, 2007

မြန်မာနိုင်ငံနဲ့ ဒီမိုကရေစီပညာရေး

ဒီမိုကရေစီပညာရေးကို တည်ဆောက်မယ်ဆိုရင် ဒီမိုကရေစီစနစ်နဲ့အညီ လူတစ်ဦးချင်း စီကို တန်ဖိုးထားပြီး လူတိုင်းတန်းတူ အကျိုး ခံစားခွင့်ရအောင် ဖန်တီး တည်ဆောက်ပေးရမှာ ဖြစ်ပါတယ်။ ဆင်းရဲချမ်းသာမရွေး၊ လူမျိုးမရွေး၊ ဘာသာမရွေး ပညာသင်ခွင့် ဆိုတဲ့ အခြေခံအခွင့်အရေးကို ရကြရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာကတော့ ၂၀၀၅-၂၀၀၆ ပညာသင်နှစ်အထိ အဲဒီ အခြေခံ အခွင့်အရေးကိုတောင် ကလေးတိုင်း မရကြသေးတာ တွေ့နေရပါ တယ်။

မြန်မာနိုင်ငံဟာ မူလတန်းပညာရေး အဆင့်လောက်ကိုတောင် အခမဲ့ပညာရေး မရနိုင်တာ၊ ခေတ်နောက်ကျနေတဲ့ သင်ရိုး ညွှန်းတမ်းတွေကို သုံးနေတာတွေ၊ ကျောင်းသားတွေအနေနဲ့ စုပေါင်းလုပ်ဆောင်ရတဲ့ သင်ခန်းစာမျိုးတွေ မရှိတဲ့ပြင် စာမေးပွဲစနစ်ကို ကျင့်သုံးပြီး အဂတိ လိုက်စားတာတွေ၊ ကလေးတွေကို စဉ်းစား တီထွင်ခွင့်မပေးဘဲ ဆရာကသာ ဦးဆောင်သင်ကြားတဲ့ ဆရာ ပြောသမျှကိုသာ လက်ပိုက်နာခံရတဲ့ သင်ကြား နည်းကိုသာ သုံးနေဆဲဖြစ်တာတွေကြောင့်လည်း မြန်မာနိုင်ငံပညာရေးဟာ ဒီမိုကရေစီစနစ်နဲ့ အဝေးကြီးမှာသာ ရှိနေဆဲလို့ ပြောနိုင်ပါတယ်။

အဲဒီအပြင် လွဲမှားတဲ့ စာမေးပွဲစနစ်ကြောင့်လည်း ကလေးတွေဟာ စာမေးပွဲအောင်အောင်၊ ထူးချွန်အောင် တစ်ဦးချင်း အပြိုင်အဆိုင် ကြိုးစားကြရတာကြောင့် တကိုယ်ကောင်းစိတ်နဲ့ တကိုယ်ကောင်းဆန်မှုကို အားပေးရာ ရောက်တဲ့အပြင် လူ့ပတ်ဝန်းကျင်နဲ့လည်း အဆင်ပြေ မှု နည်းပါးလာတာ တွေ့ရပါတယ်။ ဒါဟာ နိုင်ငံရဲ အနာဂတ် ကောင်းမွန်ဖွံ့ဖြိုးရေးကို ထိခိုက်စေတဲ့ ပညာရေးဆိုင်ရာ အားနည်းချက်တွေပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုးစု အမြောက်အများ အတူတကွ နေထိုင်နေကြတာ ဖြစ်တဲ့အတွက် ပညာရေးဟာ ဖက်ဒရယ်ပြည်ထောင်စုစနစ်နဲ့ ကိုက်ညီတဲ့ ပညာရေးမျိုး ဖြစ်ဖို့လည်း လိုပါတယ် ဒါနဲ့ ပတ်သက်ပြီး လွတ်လပ်ရေးမရမီ ၁၉၄၇ခုနှစ်က တင်သွင်း ခဲ့တဲ့ ပညာရေး ပြန်လည်တည်ဆောက်ရေး ကော်မီတီ အစီရင်ခံစာ (Education Reconstruction Committee Report – 1947) မှာ ထည့်သွင်း ရေးဆွဲထားခဲ့တာ တွေ့ရပါတယ်။ အဲဒီ အစီရင်ခံစာမှာပါတဲ့ အချက်တွေထဲက မသင်မနေရ ပညာရေးစနစ် လုပ်ဖို့၊ တိုင်းရင်းသားလူမျိုးစုစာပေတွေကို ဖော်ထုတ် သင်ကြားဖို့၊ မိခင် တိုင်းရင်းသား ဘာသာစကားတစ်ခုကို မသင်မနေရ ဘာသာရပ်အဖြစ် သင်ဖို့နဲ့ စာမေးပွဲစနစ်အစား အကဲဖြတ်စစ်ဆေးပြီး အတန်းတင်တဲ့စနစ် (Continuously Assessment Progression System) ကိုသာသုံးဖို့ဆိုတဲ့ အချက် တွေဟာ ဒီမိုကရေစီနည်းကျတဲ့ ပညာရေးစနစ်တွေလို့ ဆိုနိုင်ပါတယ်။

ကမ္ဘာ့အကြီးဆုံးဒီမိုကရေစီနိုင်ငံကြီးတခုဖြစ်တဲ့ အိန္ဒိယနိုင်ငံက ပညာရေးပညာရှင် တစ်ယောက်ဖြစ်တဲ့ K.G Sai Yi Dain ကတော့ ဒီမိုကရေစီလူ့ဘောင် တည်ဆောက်ဖို့အတွက် လိုအပ်တဲ့ အရည်အသွေးတွေ ရအောင်ဆိုရင် ပညာရေးကို ပြင်ဆင်ရေးဆွဲရမယ် လို့ ပြောခဲ့ပါတယ်။ ဒါဟာ ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံ ဖြစ်အောင် တည်ဆောက်ရေးအတွက် အဓိကသော့ချက်ဟာ ပညာရေးစနစ်ပဲ ဖြစ်တယ်ဆိုတာကို ထောက်ပြ လိုက်တာပါပဲ။

ဒီမိုကရေစီစနစ်ထဲမှာ လူတိုင်းဟာ တန်းတူ လွတ်လပ်ခွင့် ရှိကြတာမို့လို့ ပညာရေးမှာလည်း ဘယ်လို အကြောက်တရား အဟန့်အတား၊ အခက်အခဲမျိုးမှ မရှိပါဘူး။ နိုင်ငံသားတိုင်း လွတ်လွတ်လပ်လပ် တွေးခေါ် ဝေဖန်ခွင့်ရှိတာမို့ ဆန်းသစ်တဲ့ တီထွင်မှု (Creativities)တွေ ရလာဖို့ အားပေးနိုင်တဲ့ ဘက်စုံပညာရေးကို လူတိုင်း ထိတွေ့ သင်ယူခွင့် ရမှာ ဖြစ်ပါတယ်။ တကယ်တော့ ဒါဟာ ဒီမိုကရေစီ ပညာရေးရဲ အခြေခံ အကျိုး ကျေးဇူးလောက်သာ ရှိပါသေးတယ်။

ဒီမိုကရေစီပညာရေးထဲမှာဆိုရင် ကလေးတွေ စုပေါင်းလုပ်ဆောင်ရတဲ့ ကျောင်းတွင်း ကျောင်းပြင် အဖွဲ့လိုက် လှုပ်ရှားရတဲ့ Team Work တွေ၊ Project Paper တွေ ရှိပါတယ်။ ဒါဟာ ကျောင်းသားလူငယ်တွေကို အတူတကွ ပူးပေါင်း နေထိုင်တတ်အောင် လေ့ကျင့် ပေးရာ ရောက်ပါတယ်။ အဲဒီလိုပဲ မတူညီ ကွဲပြားတဲ့ လူမျိုး၊ ဘာသာနဲ့ စကားတွေကို အပြန်အလှန် နားလည်စေတဲ့ ယဉ်ကျေးမှုတွေကို သေချာ ညှိနှိုင်း ပြင်ဆင်ထားတဲ့ သင်ရိုးတွေ ပြာန်း သင်ကြားပေးတာမျိုးကြောင့်လည်း လူငယ်တွေအချင်းချင်း အပြန်အလှန် နားလည် သဘောပေါက်မှု နဲ့ ချစ်ခင်ရင်းနှီးမှုကို ရလာစေပါတယ်။ ဒါဟာလည်း အနာဂတ် လူ့ဘောင်လောကကို ဖွံ့ဖြိုးတိုးတက်စေတဲ့ အခြေခံအချက်ပဲ ဖြစ်ပါတယ်။

ဒီမိုကရေစီပညာရေးထဲမှာ အဓိကကျတဲ့ နောက်ထပ် အားသာချက်တစ်ခုကတော့ ကျိုးကြောင်းဆင်ခြင်ပြီး အပြုသဘောနဲ့ ဝေဖန်တတ်စေတဲ့အတွက် အမှားအမှန်ကို ခွဲခြား သိမြင်တတ်လာစေတဲ့ အရည်အချင်း ရလာ စေတာပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့တော့ တိုင်းရင်းသားအားလုံး တပြေးညီ ပညာရေးရရမယ်ဆိုတဲ့အတွက် ဖက်ဒရယ်နိုင်ငံနဲ့ ကိုက်ညီတဲ့ ပညာရေးအဖြစ် ရည်ရွယ် ပြင်ဆင်ရပါလိမ့်မယ်။ တနိုင်ငံလုံး အတိုင်းအတာနဲ့ စာသင်ခန်းတွေ အားလုံး ဒီမိုကရေစီစာသင်ခန်းတွေ ဖြစ်ဖို့ လိုပါတယ်၊ အသိပညာ၊ လူမှုဆက်ဆံရေး နဲ့ အကျင့်စာရိတ္တ တိုးတက် ကောင်းမွန်ရေးကို လေ့ကျင့် သင်ကြားပေးတဲ့ သင်ရိုးတွေ ပြုစုရေးဆွဲဖို့ လိုပါတယ်။ အခြေခံ ကျောင်းတွေမှာ လက်ရှိ ပြဌာန်းထားတဲ့ လူမှုရေး ဘာသာရပ်တွေနဲ့ လောကနီတိ သင်ခန်းစာတွေကတော့ အများစုက အသိပညာ တိုးပွားရေးနဲ့ စာရိတ္တပြုပြင်ရေးထက် အမိန့်နာခံတတ်ရေးနဲ့ တကိုယ်ကောင်းဆန်မှုကို အားပေးတဲ့ ၀ါဒဖြန့် သင်ခန်းစာတွေသာ ဖြစ်နေပါတယ်။

တကယ်တော့ ပညာရေးအာဏာပိုင်တွေအနေနဲ့ ခုချိန်မှာ ဒီမိုကရေစီပညာရေး တည်ဆောက်နေတယ်လို့ ဆိုတဲ့အတွက် အခြေခံပညာမူလတန်းကစပြီး ဒီမိုကရေစီစနစ်၊ ဒီမိုကရေစီလူ့ဘောင်၊ ဒီမိုကရေစီပညာရေး တွေနဲ့ ပတ်သက်တဲ့ သင်ရိုးတွေ သင်ခန်းစာတွေ ထည့်သွင်း သင်ကြားပေးဖို့ လိုနေပါပြီ။ အဲဒီအပြင် တိုင်းရင်းသားအချင်းချင်း အပြန်အလှန် ယုံကြည်လေးစားပြီး ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံးနဲ့ ယှဉ်တွဲ နေထိုင် နိုင်ဖို့အတွက် သက်ဆိုင်ရာ စာပေ ယဉ်ကျေးမှုတွေကိုလည်း သင်ရိုးထဲမှာ ထည့်သွင်း သင်ကြားပေးရမှာပါ။ ဒါဟာ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံ တည်ဆောက်ရေး ကို ဦးတည်တဲ့ Multi Cultural Education ပဲ ဖြစ်ပါတယ်။

ဒီမိုကရေစီပညာရေးဟာ လူ့အခွင့်အရေးနဲ့ လူ့တန်ဖိုးပေါ် အခြေခံပြီး တည်ဆောက်ထားတဲ့ ပညာရေးစနစ် ဖြစ်တဲ့အတွက် မြင့်မားတိုးတက်တဲ့ အနာဂတ်လူ့ဘောင်ကို ရလာစေမှာ ဖြစ်ပါတယ်။

မေငြိမ်း

၂၀၀၇၊ဇန်န၀ါရီလ။

Saturday, October 6, 2007

ICT နဲ့ ကျောင်းပညာရေး

မြန်မာနိုင်ငံပညာရေးနဲ့ပတ်သက်ရင် ပြသနာတွေက ထူးခြား ရှုပ်ထွေး တယ် လို့ ပြောရမှာပါ။ ကျောင်းတွေမှာ ကွန်ပျူတာတွေရှိလျက်နဲ့ ကျောင်းသားတွေကို ပေးမသုံးဘဲ သော့ခတ် ထားတာမျိုးတွေ၊ မီးမလာလို့ မသုံးကြရဘူးဆိုတဲ့ ကိစ္စမျိုးတွေဟာ ဘယ်နိုင်ငံမှာမှ မတွေ့နိုင် တဲ့ ပြဿနာမျိုးတွေပါပဲ။ တကယ်တမ်းကျတော့ မြန်မာနိုင်ငံရဲအထက်တန်းပညာရေး (Higher Education) နဲ့ပတ်သက်ပြီး Ministry of Education ရဲ့ Website မှာတော့ Electronic Education and Education Development Plan လို့ ခေါင်းစဉ်တပ်ပြီး စီမံကိန်းတွေ ရေးဆွဲထား တာကို တင်ထားတာ တွေ့ရပါတယ်။ အဲဒီမှာ ရည်မှန်းချက်ကတော့ နိုင်ငံတကာအဆင့်မီရေး ပါပဲ။ အဓိကက တော့ ICT အခြေခံတဲ့ သင်ကြားရေးမျိုးကို ဘွဲ့ကြိုတန်းတွေမှာကတည်းက သုံးဖို့နဲ့ တက္ကသိုလ်ပညာရေးမှာ အင်တာနက်ကို တွင်တွင် ကျယ်ကျယ် သုံးနိုင်အောင် အားပေးရမယ်လို့ ဖေါ်ပြထားတာ တွေ့ရပါတယ်။

အဲဒီအပြင် မြန်မာနိုင်ငံရဲ့ တက္ကသိုလ်ပညာရေးဌာန ၆၄ခု မှာ e-Learning Centre-50, e-Resource Centre-49, Computer Training Centre-143, Multimedia Lecture Room-60, Conference Room-50, Language Lab-93 ရှိတယ်လို့ စာရင်းချုပ် ပြထားပေမဲ့၊ တကယ်တမ်းတော့ ဆရာဆရာမတွေနဲ့ ကျောင်းသူ ကျောင်းသားတွေ ကြားမှာ ၂၀၀၅-၂၀၀၆ ပညာသင်နှစ်ထိ တကယ်တမ်း မတွေ့မကြုံရတဲ့ အနေအထားသာ ဖြစ်နေပါတယ်။ ကျောင်းပညာရေးထဲမှာ ကွန်ပျူတာ သေသေချာချာ မသုံးကြရလို့ဘဲ မြန်မာနိုင်ငံက လူငယ် တွေဟာ ပြင်ပ ကွန်ပျူတာသင်တန်းတွေကို အားကိုးနေကြရတာ ဖြစ်ပါတယ်။ ကွန်ပျူတာ သုံးတတ်ဖို့အတွက် အခြေခံသင်ရိုးကို အနည်းဆုံးကျပ် နှစ်သောင်းခွဲ သုံးသောင်းလောက်ပေးပြီး သင်ကြရပါတယ်။ ဒါပေမဲ့ အိမ်မှာ ဆက်ပြီး လေ့ကျင့်နိုင်ဖို့အတွက် ကွန်ပျူတာမ၀ယ်နိုင်ကြတာကြောင့် သင်ပြီးပေမဲ့လည်း မကျွမ်းကျင်ကြပါဘူး။

တကယ်တော့ နိုင်ငံတကာမှာက ကွန်ပျူတာဆိုတာ ကလေးတွေ လူငယ်တွေအဖို့ အိမ်မှာ မိဘက ၀ယ်ထား ပေးနိုင်တဲ့အတွက် အချိန်ရတိုင်း လေ့ကျင့်ရင်း သင်ယူနိုင်တာပါ။ ဒီလိုနဲ့ ကွန်ပျူတာနဲ့ ရင်းနှီးသွားပြီး တဆက် တည်း အင်တာနက်ကိုပါ ရင်းနှီးကျွမ်းဝင် သွားတာပါပဲ။ ဒါကြောင့် နိုင်ငံတကာမှာတော့ ကွန်ပျူတာ အသုံးချ ရေးဟာ ထည့်ပြောရတဲ့ ပြဿနာတစ်ခု မဟုတ်ပါဘူး။

ထိုင်းနိုင်ငံမှာတော့ သာမန်ဝန်ထမ်းတစ်ယောက်ရဲ လစာက အနည်းဆုံး ဘတ်၁၀၀၀၀ အထက် ရတဲ့အချိန်မှာ ကွန်ပျူတာ အသစ်တစ်လုံးက အများဆုံးမှ ၁သောင်းခွဲ ၂သောင်းပဲ ရှိပါတယ်။ အဲဒီအပြင် နိုင်ငံသားဆိုရင်၊ အထူးသဖြင့် ၀န်ထမ်းလည်း ဖြစ်တယ်ဆိုရင် အကြွေးစနစ်၊ လပေးစနစ်နဲ့ အလွယ်တကူ ၀ယ်နိုင်ပါတယ်။ ဒါကြောင့် မိသားစုတိုင်းလိုလို ကွန်ပျူတာသုံးမယ်ဆိုရင် အခက်အခဲမရှိ သုံးနိုင်ပါတယ်။ မြန်မာနိုင်ငံမှာကတော့ သာမန် ၀န်ထမ်းလစာ အနည်းဆုံး ၃သောင်းခွဲရတဲ့ အခုအချိန်မှာတောင် ကွန်ပျူတာ အသစ် တစ်လုံးက အနည်းဆုံး ၅သိန်းလောက် ပေးနေရတာမို့ ပြည်သူလူထုအနေနဲ့ဆိုရင် သိပ်ကို အလှမ်းကွာနေပါတယ်။ ဒါဟာ ပညာရေးအတွက်တင်မကဘဲ တနိုင်ငံလုံး အမြင်ကျယ် တိုးတက်ရေး အတွက်ကိုပါ အဟန့်အတား ဖြစ်နေစေ တယ်လို့ ဆိုရမှာပါ။

တကယ်တော့ မြန်မာနိုင်ငံ အဆင့်မြင့်ပညာရေးဝန်ကြီးဌာနက အဆင့်မြင့်ပညာရေးကို နိုင်ငံတကာအဆင့်မီ တသက်တာပညာရေး Lifelong learning ဖြစ်လာရမယ်လို့ အတိအလင်း ကြေငြာထားတာပါ။ နိုင်ငံတကာ အနေအထားအတိုင်း ဆိုရင်တော့ တသက်တာပညာရေးကို တကယ်ပေးနိုင်ဖို့ဆိုရင် ကွန်ပျူတာ အင်တာနက် များများ သုံးနိုင်ဖို့က အရေးပါဆုံး လိုအပ်ချက် တစ်ချက်ပါပဲ။ အခုချိန်ထိကတော့ ရန်ကုန် တက္ကသိုလ် မှာတောင်မှပဲ Computer-lab ၆ခန်းပဲ ရှိတာပါ။ အဲဒီထဲမှာ အလုံး၆၀က အင်တာနက်နဲ့ ဆက်သွယ်ထားပြီး ကျောင်းသားကျောင်းသူတွေ အလှည့်ကျ သုံးကြရပါတယ်။ ဒါပေမဲ့ အင်တာနက်တွေက အလွန်နှေးပြီး ဟိုပိတ် ဒီဆို့တွေ လုပ်ထားတာကြောင့်လည်း အလုပ်မဖြစ်ပါဘူး၊ မန္တလေးတက္ကသိုလ်မှာတော့ Computer-lab ၄ခန်းရှိုပြီး ကွန်ပျူတာအလုံးရေ ၂၀၀ကျော် ရှိပါတယ်၊ ဒီထဲမှာ ၁၀လုံးကိုတော့ အင်တာနက် ချိတ်ဆက် ပေးထားပါတယ်။ အဲဒီမှာလည်း အင်တာနက်သုံးတဲ့ စနစ်က တယ်လီဖုန်းနဲ့ ချိတ်ပြီး သုံးရတဲ့ စနစ် ဖြစ်တာမို့လို့ အလုပ်လုပ်တာ သိပ်နှေးတဲ့အတွက် အသုံးမတွင်ပါဘူး။ ပြီးတော့ မီးမလာတဲ့ ပြဿနာနဲ့ ကျောင်းသားတွေ ကျောင်းမလာတဲ့ ပြဿနာတွေကြောင့်လည်း IT ပညာရေးက အကောင်အထည် မပေါ်နိုင် ခဲ့ပါဘူး။ ဒါတောင် လက်ရှိ အနေအထားအရ မန္တလေးတက္ကသိုလ်ဟာ မြန်မာနိုင်ငံရဲ ဒုတိယအကြီးဆုံး တက္ကသိုလ်ကြီး ဖြစ်ပါတယ်။

တကယ်တော့ မြန်မာနိုင်ငံရဲ ပညာရေးတိုးတက်မှုဆိုတာဟာ ပညာရေးအာဏာပိုင်တွေရဲ့ လှည့်ကွက် သက်သက် သာ ဖြစ်နေတဲ့အတွက် ကျောင်းသူကျောင်းသားတွေမှာ အများကြီး နစ်နာနေကြရတာပါ။ ဒါကြောင့် ပညာရေးကို တိုးတက်အောင် ဆောင်ရွက်နေပါတယ်လို့ ကမ္ဘာကို ကြေငြာထားတဲ့ အာဏာပိုင်တွေ အနေနဲ့ ကျောင်းသူကျောင်းသားတွေရော ဆရာဆရာမတွေပါ တကယ့် ကမ္ဘာ့အဆင့်မီ ပညာရေးမျိုးရဖို့အတွက် စေတနာအမှန်နဲ့ အမှန်တကယ် တာဝန်ယူသင့်ပြီဖြစ်ပါတယ်။

မေငြိမ်း

ဒီဇင်ဘာ၊၂၀၀၆။

Wednesday, October 3, 2007

IT ပညာရေး

မြန်မာနိုင်ငံရဲ အဆင့်မြင့်ပညာရေးနဲ့ ပတ်သက်ရင် အာဏာပိုင်တွေမှာ တကယ်ပဲ စိတ်ကူးကောင်းတွေ ရှိကြပါတယ်။ ဒီအချက်ကို ၂၀၀၀-၂၀၀၁ ပညာသင်နှစ် က စပြီး အကောင်အထည် ဖေါ်ခဲ့တဲ့ "အမျိုးသား ပညာရည် မြင့်မားမှု နှစ်သုံးဆယ် စီမံကိန်း" မှာ အထင် အရှား တွေ့နိုင်ပါတယ်။

လက်ရှိ အစိုးရဟာ အဲဒီ ပညာရေးစီမံကိန်းရဲ အဓိက ရည်မှန်းချက်ဖြစ်တဲ့ IT (Information Technology) ပညာရေးကို ဦးတည် ကြွေးကြော်ခဲ့ကြပါတယ်။ တက္ကသိုလ်ကြီးတွေမှာ ၂၀၀၁ခုနှစ် နောက်ပိုင်းက စပြီး ကွန်ပျူတာတွေ တပ်ဆင်လာပါတယ်။ တက္ကသိုလ်တစ်ခုချင်းစီကို အနည်းဆုံး ကွန်ပျူတာ ၁၀လုံးကနေ အများဆုံး အလုံး၁၀၀လောက်အထိသာ ရခဲ့ကြပါတယ်။ အဲဒီအခါ တက္ကသိုလ်ကြီးတွေမှာဆိုရင် ကျောင်းသား ဦးရေ စုစုပေါင်းနဲ့ ကွန်ပျူတာ အရေအတွက် အချိုးဟာ ကျောင်းသားအယောက် ၅၀၀ကို ကွန်ပျူတာ တစ်လုံး နှုန်းလောက် ဖြစ်နေတာ တွေ့ရပါတယ်။ ဒါကြောင့် အထူးပြုမေဂျာ ဘာသာရပ်တွေ မတူလို့ ကွန်ပျူတာအချိန် မတူရင် တောင်မှဘဲ ကျောင်းသား ၁၀ယောက်လောက်ကို ကွန်ပျူတာတစ်လုံးနှုန်း ကိုင်ကြရတာပါ။ ဒါတောင် ကွန်ပျူတာအချိန်ဟာ မေဂျာတစ်ခုကို တစ်ပတ်မှာ မိနစ်၅၀ တစ်ချိန်စာပဲ ဖြစ်ပါတယ်။

ပိုဆိုးတာကတော့ သက်ဆိုင်ရာ အထူးပြုဘာသာရပ်အလိုက် ကျောင်းသားတွေကို ကွန်ပျူတာ သင်ပေးဖို့ အတွက် ဆရာဆရာမထဲမှာ ကွန်ပျူတာကိုင်တတ်တဲ့သူ လုံလုံလောက်လောက် မရှိပါဘူး။ တစ်ဌာနမှာ ကွန်ပျူတာ ကျွမ်းကျင်တဲ့ ဆရာဆရာမ အများဆုံး ၅ယောက်ထက် ပို မရှိပါဘူး။ ဒါကြောင့်မို့ တက္ကသိုလ် ပညာရေးထဲကနေ ကွန်ပျူတာတတ်သွားတဲ့ ကျောင်းသား ကျောင်းသူ မရှိပါဘူး။ ကွန်ပျူတာတတ်တဲ့သူတွေ ဆိုတာကလည်း ပြင်ပ ကွန်ပျူတာသင်တန်း တက်ထားသူတွေသာ ဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ ကျောင်းသား အများဆုံး ဖြစ်တဲ့ ဒဂုံတက္ကသိုလ် မှာတောင်မှပဲ စာသင်နှစ်တစ်နှစ်ကို ကွန်ပျူတာချိန် တစ်ချိန်ပဲ ကြုံကြရတာပါ။ ပြဿနာကတော့ ကွန်ပျူတာခန်းကို တာဝန်ယူဖွင့်ပေးမယ့် ၀န်ထမ်းမရှိတာနဲ့ ကွန်ပျူတာပျက်နေတဲ့ အချိန် တွေ များနေလို့ပါပဲ။

ပြီးခဲ့တဲ့၂၀၀၅ခုနှစ် နိုဝင်ဘာလ ၂၉ရက်နေ့တုန်းက လှိုင်တက္ကသိုလ်နယ်မြေမှာ ကျင်းပခဲ့တဲ့ ပညာရေး အထောက်အကူပြု ကွန်ပျူတာပရောဂျက်ပြိုင်ပွဲနဲ့ ကျောင်းဝက်ဘ်ဆိုက်ပြိုင်ပွဲရဲ ဆုပေးပွဲ အခမ်းအနားမှာ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် ဥက္ကဌ ဦးသိန်းဦး ပြောသွားတဲ့ အဖွင့် အမှာစကားဟာ မြန်မာနိုင်ငံရဲပညာရေး အနာဂတ်အတွက် တကယ့် လိုအပ်ချက်တွေ ဖြစ်နေတာ တွေ့ရပါတယ်။

ဦးသိန်းဦးက မြန်မာနိုင်ငံမှာ အရင်က ၁၀တန်းအောင်ထားတဲ့ ကျောင်းသားကျောင်းသူတွေဟာ အင်္ဂလန်က GCE စာမေးပွဲကို အလွယ်တကူ အောင်မြင်နိုင်ခဲ့တယ်လို့ ပြောပါတယ်ဒါပေမဲ့ အရင်က ဆိုတဲ့ အပိုင်းအခြား ကိုတော့ ခုနှစ်အတိအကျနဲ့ ပြောမသွားခဲ့ပါဘူး။

ဒီနေရာမှာ မြန်မာနိုင်ငံပညာရေးရဲ့ ပြဿနာကတော့ ၁၉၆၂နောက်ပိုင်း အင်္ဂလိပ်စာကို ၅တန်း (အသက်၁၀ နှစ်) ရောက်မှ စနစ်မှားနဲ့ စသင်ကြရတာရယ်၊ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ကျောင်းရက်ရှည် ပိတ်ရတာတွေ များတာရယ်၊ သင်ကြားရေးစနစ် ခေတ်မမီတာတွေကြောင့်ရော ၁၉၆၂ခုနှစ်ကနေ ၂၀၀၀ခုနှစ်ထိ သက်တမ်းက လူငယ်အများစုက အင်္ဂလိပ်စာအရာမှာ အတော် ညံ့ကြပါတယ်။ ဒါကြောင့် ဦးသိန်းဦးပြောတဲ့ အရင်က ဆိုတဲ့ အချိန်ဟာ ၁၉၆၂ခုနှစ်မတိုင်မီပဲ ဖြစ်ပါလိမ့်မယ်။ ပြီးတော့ ဦးသိန်းဦးက အခုအချိန်မှာ တက္ကသိုလ်တက်မှု အဆင့်အတန်းမှာ တခြား တိုင်းပြည်တွေထက် ညံ့လာတယ်လို့ အတိအလင်းပြောသွားခဲ့တာကို တွေ့ရပါတယ်။ ဒါကို အာဏာပိုင်တွေ စဉ်းစားသုံးသပ်ဖို့ ကောင်းပါတယ်။ အခုဆို ဒီအမှာစကားတောင်မှပဲ တစ်နှစ် ရှိသွားပါပြီ။

အဲဒီတုန်းက တဆက်တည်းမှာပဲ ဦးသိန်းဦးက ကျောင်းမှာ ဂုဏ်ထူးထွက်တာကတောင် တကယ် တော်တာ ပညာတတ်တာ မဟုတ်သေးဘဲ ICT ( Information, Communication and Technology) နည်းပညာကို သုံးတတ်မှ တိုးတက်မှာဖြစ်တယ်လို့လည်း ထောက်ပြခဲ့ပါတယ်။ ဆရာဆရာမတွေအနေနဲ့လည်း Blackboard နဲ့ သင်တာထက် ICT နည်းပညာကိုသုံးရင် သင်ကြားနည်းစနစ်မှာ ပိုကောင်းလာမှာ ဖြစ်တဲ့အတွက် ကွန်ပျူတာနဲ့ သင်ဖို့ကို အားစိုက်သင့် တယ်လို့ အကြံပေး တိုက်တွန်းသွားခဲ့ပါတယ်။ ဒါဟာ သိပ်ကောင်းတဲ့ အကြံပေးမှု ဖြစ်သလို အနာဂတ် ပညာရေးအတွက် ကြိုးပမ်း အကောင်အထည် ဖေါ်သင့်တဲ့ မျှော်မှန်းချက် တစ်ခုလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ အနီးဆုံး အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ဖေါဖေါသီသီ သုံးနေတဲ့ ကွန်ပျူတာ၊ အင်တာနက် တွေဟာ မြန်မာနိုင်ငံမှာတော့ အခု ၂၀၀၆ခုနှစ်ထိ လူနည်းစုသာ မှန်မှန် သုံးနိုင်တဲ့ ကန့်သတ်ပစ္စည်းတစ်မျိုးသာ ဖြစ်နေ တုန်းပါပဲ။ ထိုင်းနိုင်ငံမှာ အလုပ်လုပ်တဲ့ အခြေခံအလုပ်သမား တစ်ယောက် ရဲတစ်နေ့ ၀င်ငွေက အနည်းဆုံး ဘတ် ၁၅၀-၂၀၀ ရှိပြီး ကဖေးတွေမှာ အင်တာနက် သုံးစွဲခက တစ်နာရီကို ဘတ်၂၀ကနေ ၃၀ထိပဲ ပေးရ ပါတယ်။ ဒါကြောင့် အင်တာနက်သုံးဖို့အတွက် တစ်နေ့ ၀င်ငွေရဲ ၁၀ပုံ တစ်ပုံလောက်ပဲ သုံးရပါတယ်။ မြန်မာ နိုင်ငံ မှာကတော့ အစိုးရ အခြေခံ ၀န်ထမ်း လစာ အနည်းဆုံး တစ်နေ့ ၅၀၀ကျပ်မှာ အင်တာနက် သုံးစွဲခ က လည်း တစ်နာရီကို အနည်းဆုံး ၅၀၀ကျပ် ဖြစ်နေတာပါ။ ၀န်ထမ်းရဲ တစ်နေ့ ၀င်ငွေ နဲ့ အင်တာနက် တစ်နာရီ သုံးခ အတူတူပါပဲ။ တက္ကသိုလ်က နည်းပြဆရာမတစ်ယောက်ရဲ တစ်နေ့ ၀င်ငွေကတောင်မှ ကျပ် ၁၀၀၀ ကျော်ကျော်ပဲရှိတာပါ။ ဒါကြောင့် ICT နည်းပညာနဲ့ ပတ်သက်ပြီး တကယ်လိုအပ်နေတဲ့ တက္ကသိုလ်က ဆရာ ဆရာမ တွေအဖို့ ကွန်ပျူတာ အင်တာနက်ကို ဘယ်လိုမှ ကိုယ်ထူကိုယ်ထ မသုံးနိုင်ကြတာ သေချာပါတယ်။

ဆရာဆရာမတွေအနေနဲ့က ကျောင်းမှာလည်း ကွန်ပျူတာ သုံးခွင့် လေ့ကျင့်ခွင့် လုံးဝ မရှိပါဘူး။ ဌာနချင်း အလိုက် ရထားတဲ့ ကွန်ပျူတာတွေကလည်း စာမေးပွဲကိစ္စနဲ့ ရုံးကိစ္စ သုံးဖို့သာ ဖြစ်ပါတယ်။ အခု ၂၀၀၆ခုနှစ် အထိ ရန်ကုန်က တက္ကသိုလ်တွေမှာတောင် စာသင်ခန်း အများစုမှာ ကျောက်သင်ပုန်း နဲ့ မြေဖြူကိုသာ ကိုင် သုံး နေရတာပါ။ Whiteboard နဲ့ Marker ကိုတောင် အလုံအလောက် ထားမပေးနိုင်သေးပါဘူး။ အဲဒီအပြင် ဖြည့်ဆည်းပေးဖို့ မခက်ခဲလှတဲ့ ဆရာကိုင် ပြဌာန်းစာအုပ်ကိုတောင် ဌာနက အခမဲ့ မပေးနိုင်တဲ့အတွက် ဆရာ တွေ အနေနဲ့ ကိုယ့်ပိုက်ဆံနဲ့ ကိုယ် ၀ယ်သုံးနေကြရတဲ့ အခြေနေမျိုးပါ။

တကယ်တော့ မြန်မာ အာဏာပိုင်တွေဟာ ၂၀၀၀-၂၀၀၁ကစပြီး ခြေလှမ်းနေပြီဖြစ်တဲ့ အနာဂတ် ပညာရေးမှာ ICT နည်းပညာနဲ့ သင်ကြားဖို့အထိ မျှော်မှန်းထားတဲ့အကြောင်းကို Our Vision ဆိုပြီးတော့ တက္ကသိုလ်တိုင်းမှာ မော်ကွန်းတိုင်တွေစိုက်ထူပြီး အတိအလင်း ကြွေးကျော် ကြေညာ ထားပါတယ်။ ဒါပေမဲ့ အခု လက်ရှိ အချိန်ထိ တော့ IT ခေတ်ထဲမှာ မြန်မာနိုင်ငံ တက္ကသိုလ်ပညာရေးဟာ အဘက်ဘက်မှာ စိုးရိမ်စရာကောင်းတဲ့ အနေ အထား မှာပဲ ရှိနေသေးတာကို တွေ့ရပါတယ်။

အခု ၂၀၀၆-၂၀၀၇ ပညာသင်နှစ်ဆိုရင် ပညာရည်မြင့်မားမှု နှစ်သုံးဆယ်စီမံကိန်း ရဲဒုတိယ ၅နှစ် စီမံကိန်း ကာလ အစနှစ်တောင် ရောက်လာပြီ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲအဆင့်မြင့်ပညာရေးကြီး ကမ္ဘာ့ အဆင့်မီဖို့အတွက်ဆိုရင် ကွန်ပျူတာအသင်းဥက္ကဌ ဦးသိန်းဦး အကြံပေး လမ်းညွှန်သွားတဲ့အတိုင်း သင်ကြား ရေး နယ်ပယ်မှာ ICT နည်းပညာ ကျယ်ကျယ် ပြန့်ပြန့်အသုံးပြုနိုင်ရေးအတွက်ကို အာဏာပိုင်တွေဘက်က အမြန်ဆုံး အားသွန် ခွန်စိုက် ကြိုးပမ်း ဖြည့်ဆည်း အကောင်အထည်ဖေါ် ကြရတော့မှာ ဖြစ်ပါတယ်။

မေငြိမ်း
၂၀၀၆။ နိုဝင်ဘာ။