Thursday, September 13, 2007

Informal Education

ပညာရေးစနစ် နဲ့ ဆက်နွယ်နေတဲ့ ကျောင်းပြင်ပ ပညာရေးတွေဖြစ်တဲ့ Informal Education နဲ့ Non-formal Education တွေထဲက Informal Education နဲ့ ပတ်သက်ပြီး ပြောပြချင်ပါတယ်။


ပြီးခဲ့တဲ့ မေလ နောက်ဆုံးပတ်ထုတ် မြန်မာတိုင်းမ် သတင်းစာမှာ မြန်မာနိုင်ငံရဲ့ ကျောင်းပြင်ပ ပညာရေးအတွက် ယူနီဆက်ဖ်ရဲ့ အထောက်အကူနဲ့အတူ ဂျာမနီနိုင်ငံ အစိုးရက အမေရိကန်ဒေါ်လာ ၈ ဒဿမ ၇သန်း နဲ့ ညီတဲ့ ယူရို ၇သိန်း အကူအညီ ပေးမယ်ဆိုတဲ့ သတင်းကို ကြည့်မြင်တိုင် အလက်ချောင်းရွာ မှာ လက်တွေ့ စာသင်ပေး နေတဲ့ သတင်းဓါတ်ပုံနဲ့အတူ တွေ့ရပါတယ်။ ဒါဟာ အားတက်စရာပါပဲ။

သတင်းမှာပါတဲ့ ဖေါ်ပြချက်အရတော့ ပညာရေးမှာ အရေး အဖတ် အတွက် အခြေခံ နဲ့ အတူ HIV/ AIDS နဲ့ ပတ်သက်တဲ့ ပညာပေးအစီအစဉ်တွေလည်း ပါတယ်လို့ သိရပါ တယ်။ အဲဒီမှာ ယူနီဆက်ဖ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် က “လူတွေကို စားစရာ ဝေငှလိုက်တာထက် ပညာရေးနဲ့ အသိပညာတွေဝေငှလိုက်တာက သူတို့ဘ၀အတွက် ပိုကောင်းတဲ့ ရေရှည် မြှုပ်နှံမှု တစ်ခု ဖြစ်တယ်” လို့ ပြောထားတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ အဲဒီလို ပညာရေး အကူအညီတွေ အများကြီး ရှိဖို့ လိုနေပါတယ်။


တကယ်တော့ မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာနရဲ့ ၁၉၉၉-၂၀၀၀ က စတဲ့ နှစ်၃၀ စီမံကိန်း ထဲမှာလည်း လက်ရှိ ဆောင်ရွက်နေသော အခြေခံပညာ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ် ၁၀ခု ဆိုတဲ့ ခေါင်းစဉ် အောက်မှာ နံပါတ် (၉) အချက်က ကျောင်းပြင်ပ ပညာရေးလုပ်ငန်းများ တိုးတက်စေရေး ဆိုတာ ပါပါတယ်။

နိုင်ငံတကာမှာတော့ Informal Education ဟာ ပညာလိုလားသူတွေအတွက် Information Technology ခေတ်နဲ့အညီ အဆင့်မီစာကြည့်တိုက်တွေ အင်တာနက်သုံး စာဖတ်ခန်းတွေ လူငယ်အဖွဲ့အစည်းတွေ လူမှု အဖွဲ့ အစည်း တွေကနေ ကိုယ့်ဘာသာ လေ့လာ သင်ယူကြတာပါပဲ။ ကမ္ဘာ့နိုင်ငံအများစုဟာ ပြည်သူလူထု အနေ နဲ့ အသိဥာဏ် ပညာ တိုးတက်မှ နိုင်ငံ တိုးတက်မယ်ဆိုတာကို နားလည် သဘောပေါက်ကြတဲ့အတွက် Informal Education ရနိုင်အောင် အစိုးရ ကိုယ်တိုင်ကရော စေတနာ အလှူရှင်တွေ ကရော ၀ိုင်းပြီး ပံ့ပိုးကြပါတယ်။ မြန်မာနိုင်ငံမှာလည်း အခုဆိုရင် Informal Education အတွက် အခြေခံလိုအပ်ချက်တွေထဲက တခုဖြစ်တဲ့ စာကြည့်တိုက်တွေတော့ ရှိလာပါပြီ။ စာကြည့်တိုက်တွေဟာ ဘ၀တက္ကသိုလ်၊ လူထုတက္ကသိုလ် လို့ အဓိပ္ပါယ် ဖွင့်ဆိုရ လောက် အောင်ပဲ လူတွေရဲ့ ဘ၀တွေ ပညာရေးတွေအတွက် သိပ် အရေးပါတာပါ။ တသက်တာလုံး ပညာ သင်ယူသွားနိုင်တဲ့ အစီအစဉ်ပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ၁၉၉၀လောက်ကစပြီး ကိုယ်ထူကိုယ်ထ စာကြည့်တိုက်လေးတွေ စာဖတ် အသင်းတွေ စပြီး ထွန်းကား လာတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိ အာဏာပိုင် တွေကတော့ အခုအချိန်မှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ စာကြည့်တိုက် ၃၀၀၀ကျော် ရှိပြီလို့ သတင်းစာတွေကနေ ကြေငြာခဲ့ပါတယ်။ ကမ္ဘာ့အဆင့်မီ ကွန်ပျူတာ အင်တာနက် တွေ လုံလုံလောက်လောက် သုံးခွင့် ရဖို့တော့ လိုပါသေးတယ်။ အဲဒီအပြင် ဘယ်လို စာဖတ်ကြမလဲ၊ ဘယ်လို သင်ယူကြမလဲ ဆိုတာတွေကို အတူတူ ဆွေးနွေး အဖြေရှာနိုင်ဖို့ အဖွဲ့အစည်းတွေ လည်း ရှိဖို့ လိုပါတယ်။


အဲသလိုပဲ အင်္ဂလိပ်စာရေးဆရာကြီး John Ruskin ကလည်း
"ပညာရေးဆိုတာ လူတွေကို မသိသေးတဲ့ အကြောင်းအရာတွေ သင်ပေးဖို့မဟုတ်ဘူး၊ လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်အောင် သင်ပေးတာပဲ ဖြစ်တယ်"
လို့ ပြောခဲ့ပါတယ်။ ဒါဟာ မြန်မာ့ဆိုရိုးထဲက အလိမ္မာ စာမှာရှိ ဆိုတဲ့ စကားနဲ့ အတူတူပါပဲ၊ စာတတ်မှ စာဖတ်မှ လိမ်မာမယ်၊ ကိုယ်ကျင့်တရား ကောင်းမယ်၊ စာရိတ္တ ကောင်းမယ်လို့ ပြောတာပါပဲ။ ဒါကြောင့် ဘွဲ့လက်မှတ် အောင်လက်မှတ် တစ်ခုခု ရတဲ့အထိ ကျောင်းမနေနိုင်ရင်တောင်မှပဲ ဘ၀ထဲမှာ အသိဥာဏ် နဲ့ ပြည့်စုံတဲ့လူ ဖြစ်နိုင်ဖို့အတွက် ကျောင်းပညာရေးမျိုးနဲ့ စာပေပညာရပ်တွေကို လေ့လာဆည်းပူးနိုင်ဖို့၊ လေ့လာဆည်းပူးခွင့် တွေ ရဖို့ လိုပါတယ်။ ဒါကြောင့်ပဲ ပညာရေး ကဏ္ဍထဲမှာ Informal Education ဟာ မရှိမဖြစ် လိုအပ်လာတာ ဖြစ်ပါတယ်။



ဒါပေမဲ့ လောလောဆယ် မြန်မာနိုင်ငံမှာတော့ ပြည်သူလူထုထဲက အများစုကြီးဟာ ကျောင်းပြင်ပ ပညာရေးကို ထိတွေ့ခွင့် မရတဲ့အပြင် ဒါဟာ နိုင်ငံတနိုင်ငံရဲ့ အစိုးရက တာဝန်ယူ လုပ်ဆောင်ပေးရမယ့်၊ နိုင်ငံသားတိုင်း ခံစားခွင့်ရှိတဲ့ အခွင့်အရေးတစ်ရပ် ဖြစ်တယ် ဆိုတာကိုတောင် သိခွင့်မရကြတဲ့ အခြေနေမှာ ရှိနေကြတာပါ။

အဆိုးဆုံးကတော့ ၂၀၀၀ပြည့်နှစ်ကတည်းက စပြီး လက်ရှိအစိုးရ ကြွေးကျော်ထားတဲ့ စီမံကိန်းတစ်ရပ်ဖြစ်တဲ့ Lifelong learning ဆိုတာက စီမံကိန်းရဲ့ ဒုတိယ၅နှစ်သက်တမ်းထဲ ၀င်လာပြီဖြစ်တဲ့ ခု ၂၀၀၆ ခုနှစ်ထိတိုင် လုံးဝ အကောင်အထည် မဖော်သေးတာပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း မြန်မာပြည်သူလူထုဟာ အကြောင်း အမျိုးမျိုးကြောင့် ကျောင်းပညာရေးကို မသင်ယူနိုင်တဲ့အပြင် informal Education နဲ့ပါ သင်ယူခွင့် မရနိုင်ကြ ရတဲ့အတွက် ကမ္ဘာ့အလယ်မှာ မျက်နှာငယ်နေကြရတာလည်း ဖြစ်ပါတယ်။ ပညာမမြင့်တဲ့အတွက် လူမျိုး မမြင့် နိုင် ရတာပဲ ဖြစ်ပါတယ်။

မေငြိမ်း ၊ ၂၀၀၆။

No comments: