Thursday, September 13, 2007

ကျူရှင်လိုအပ်ချက်

၂၀၀၆ခုနှစ် မေလ တတိယပတ်ထဲမှာပဲ မြန်မာနိုင်ငံ ပညာရေးဝန်ကြီးက ဆရာ ဆရာမတွေ ကျူရှင်မပေးရ လို့အမိန့်ထုတ်ပြီး ကိုယ်ပိုင် အလွတ်ပညာသင်ကျောင်းတချို့၊ ကျူရှင်တချို့ နဲ့ ဘာသာစကားသင်တန်း တချို့ ပိတ်လိုက်ရပါတယ်။ တကယ်တော့ မြန်မာနိုင်ငံမှာ ကျူရှင်ခေတ်စားလာတာ ၁၉၇၀နောက်ပိုင်းမှာ ဖြစ်ပါတယ်၊ အခြေခံပညာ ကျောင်းတွေမှာ ဆိုရင် မူလတန်းကတည်းက စတာပါပဲ။ အစောပိုင်းတုန်းကတော့ ကလေးတွေ စာ ပိုလုပ် ဖြစ်အောင် စာပိုတတ်အောင်လို့ မိဘတွေက ရည်ရွယ်တာပါပဲ။ ဒါပေမဲ့ နောက်တော့ ပထမ၊ ဒုတိယ အဆင့် ချိတ်ရေးအတွက် ဖြစ်လာပါတယ်။

(ဒီကပါ)
နောက်ပိုင်းကျတော့ ကလေးတွေရဲ့ ထူးချွန်မှုကို မိဘအချင်းချင်း ပြိုင်ဆိုင်ရာက လာဘ် ပေး လာဘ်ယူကိစ္စတွေ ရှိလာပါတယ်။ ၁၉၈၀ နောက်ပိုင်းကတော့ မြန်မာ့ပညာရေး စနစ် ထဲမှာ ကျူရှင်ဟာ ကောင်းကျိုးရော ဆိုးကျိုး ပါပေးတဲ့ စနစ်ကြီး ဖြစ်လာပါတယ်။ ကျူရှင် စနစ်ကြောင့် ကလေးတွေရော ဆရာ ဆရာမတွေပါ စာရိတ္တတွေ ထိခိုက်လာပါတယ်။ ဆရာ ဆရာမတွေက ကျူရှင်ကို မျှော်ကိုးပြီး အတန်းထဲမှာ စာကောင်းကောင်း မသင် တော့ သလို ကလေးတွေကလဲ ကျူရှင် ယူထားတာမို့ အောင်ကို အောင်ရမှာပဲ ဆိုတဲ့ ယုံကြည်မှုကြောင့် စာကို သေချာ မကျက်ကြ မမှတ်ကြတော့ပါဘူး။

တကယ်တော့ ပြဿနာရဲ့ အရင်းအမြစ်က ကျူရှင်တစ်ခုတည်းကြောင့် မဟုတ်ဘဲ ၀န်ထမ်းတွေရဲ့ လစာနည်း တာ နဲ့ ကုန်ဈေးနှုန်း ကြီးတဲ့ ပြဿနာကြောင့်လည်း ပါပါတယ်၊ ဆရာ ဆရာမ တွေဟာ သူတို့ရဲ့ ၀င်ငွေနည်းမှုကို ဖြေရှင်းဖို့အတွက် ကျူရှင်သင်တာကို မဖြစ်မနေ ရွေးကြ ရတာပါပဲ။ ကျောင်းသူ ကျောင်းသားတွေဘက်ကလည်း စာသင်ခန်းထဲမှာ သင်ရုံနဲ့ မလုံလောက်တဲ့ ပြဿနာကို ကျူရှင်ယူခြင်းနဲ့ပဲ ဖြေရှင်းရ တော့တာပါ။ ဒါကြောင့်ပဲ ကျူရှင် ခေတ် ထွန်းကားလာတာပါ။ ၁၉၈၀ နောက်ပိုင်း မှာတော့ ကျူရှင်ဟာ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်း တစ်ခုလို ဖြစ်လာပါပြီ။ အဲသလိုနဲ့ ၂၀၀၀ပြည့်နှစ် နောက်ပိုင်းမှာတော့ ကျောင်းအိပ်ကျောင်းစား ကျူရှင်တွေဟာ ကိုယ်ပိုင် ကျောင်းတွေလို အခိုင်အမာ ဖြစ်လာတာ တွေ့ရပါတယ်။ အဲဒီစနစ်ဟာ အများအားဖြင့်တော့ ငွေကြေး တတ်နိုင်သူတွေ အတွက်ပဲ အဆင်ပြေနိုင်တဲ့စနစ် ဖြစ်ပါတယ်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံ အနေနဲ့ တော့ ပညာတတ်တွေ မွေးထုတ်နိုင်တဲ့ အခွင့်အရေးပဲ ဖြစ်ပါတယ်။

၂၀၀၀- ၂၀၀၁ ပညာသင်နှစ်မှာပဲ မြန်မာနိုင်ငံမှာ အထက်တန်းပညာရေးအတွက် ကလေးတွေကို ကျောင်းအိပ် ကျောင်းစား ထားနိုင်တဲ့ ဘော်ဒါကျူရှင်ဆိုတာ ပေါ်လာပါ တယ်။ အဲဒီကျောင်းတွေဟာ အစိုးရကျောင်းတွေနဲ့ ချိတ်ထားပြီး ကလေးတွေကို ကျောင်းရော ကျူရှင်ပါ အဆင်ပြေပြေ နေနိုင်အောင် စီစဉ်ပေးပါတယ်။ ကလေး တွေ ကို စနစ်တကျ စီစဉ်ပေးတာမို့ ကောင်းတယ်လို့ ဆိုနိုင်ပေမယ့် ၀န်ဆောင်မှုနဲ့အလိုက် ပိုက်ဆံလည်း များများ ပေးရပါတယ်။ အဲဒီတုန်းက အထက်တန်းပြ ဆရာတစ်ယောက် ရဲ့ လစာ ၁နှစ်ကိုမှ ကျပ်၂၁၀၀၀ ရှိတဲ့ အချိန်မှာ အဲဒီ ကျောင်းအိပ် ကျောင်းစား ကျူရှင်မှာ နေတဲ့ ကလေးအတွက် တစ်နှစ်စာ ကျောင်းစရိတ်က တစ်သိန်း ခွဲ ပါ။ အဲဒါ ကျောင်းစရိတ် အဖြစ် အသားတင် သွင်းရတာပါ။ ကလေးရဲ့ မုန့်ဖိုးတို့ ကျန်းမာရေး စရိတ် တို့လို ဗာဟီရ ကြေးတွေ မပါသေးပါဘူး။

အဲဒီ ကျောင်းတွေဟာ ခေတ်ကာလ ကုန်ဈေးနှုန်းနဲ့အလိုက် တဖြည်းဖြည်းနဲ့ ဈေးတက် လာတာ ၂၀၀၃ခုနှစ်မှာ အနည်းဆုံးက တစ်နှစ်ကို ၅သိန်းခွဲဖြစ်ပြီး အများဆုံးဆိုတဲ့ ကျောင်းက ၉သိန်းထိ ဖြစ်လာပါတယ်။ အခု ၂၀၀၆ ခုနှစ် မှာတော့ စရိတ်အနည်းဆုံးဆိုတဲ့ ကျောင်းက ၇သိန်းခွဲ ဖြစ်ပြီး အများဆုံး ကျောင်းက ၁၂သိန်း ဖြစ်ပါတယ်။ အခု အချိန်မှာ တော့ လစာ တိုးထားတာမို့လို့ အထက်တန်းပြ ဆရာရဲ့ တစ်နှစ်စာ အစိုးရ၀င်ငွေက ၁၂သိန်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် အဲလို အရည်အသွေးမီ ဘော်ဒါကျောင်းမျိုးကို အစိုးရ ၀န်ထမ်း သားသမီးများ မတက်နိုင် ကြပါဘူး။

တကယ်တော့ တခြား ကမ္ဘာ့နိုင်ငံတွေမှာ ကျူရှင်စနစ် မတွေ့ရပါဘူး။ ဒါပေမဲ့ ဂျပန်နိုင်ငံ မှာတော့ ကျူရှင်စနစ် ရှိပါတယ်။ ဂျပန်နိုင်ငံရဲ့ ကျူရှင်တွေကတော့ ကလေးတွေရဲ့ ပညာရေးနဲ့ ပတ်သက်လို့ လောဘရှိတဲ့ မိဘတွေက ကျောင်းချိန် ပြင်ပမှာ အပို တတ်စေ ချင်တဲ့ ဘာသာရပ်တွေ ဘာသာစကားနဲ့ အသက်မွေးဝမ်းကျောင်း ပညာမျိုး တွေကို သင်ယူစေတာ ဖြစ်ပါတယ်။ ပြီးတော့ အဲဒီအတွက် ထူးထူးခြားခြား ပိုက်ဆံ များများ ပို ကုန်တာမျိုးလည်း မရှိပါဘူး။ ဒါကြောင့် မြန်မာနိုင်ငံက ကျူရှင်တွေနဲ့တော့ သဘော လက္ခဏာ မတူလှပါဘူး။ မြန်မာနိုင်ငံမှာတော့ ကျူရှင်ဟာ ပညာရေးစနစ်ထဲမှာ ထည့် စဉ်းစားရမယ့် ပြဿနာ ဖြစ်နေတာပါ။

မြန်မာနိုင်ငံရဲ့ လက်ရှိ ပညာရေးစနစ်ကြောင့် ကျူရှင်ဟာ ဆေးတစ်မျိုးဖြစ်သလို လွဲမှားတဲ့ ဂုဏ်တု ဂုဏ်ပြိုင် မိဘတချို့နဲ့ အဂတိလိုက်စားတဲ့ ဆရာတချို့ကြောင့် အဆိပ်အတောက် လည်း ဖြစ်နေရပါတယ်။ မြန်မာနိုင်ငံမှာ အစိုးရကျောင်း အများစုဟာ သင်ကြားရေးကို စနစ်တကျနဲ့ ဖိဖိစီးစီး လုပ်ပေးတာမျိုး မရှိတာကြောင့် ကလေး တွေ အတွက် ကျူရှင်ကို လိုအပ်တာလည်း အမှန်ပဲ ဖြစ်ပါတယ်။ အဲဒီအပြင် စာသင်နှစ်နဲ့ သင်ရိုးပမာဏ မမျှ ဖြစ်နေ ပြီး ဆရာဦးရေနဲ့ ကျောင်းသားဦးရေလည်း မမျှတဲ့အတွက် ကလေးတွေရဲ့ တစ်ဦးချင်း အရည်အသွေး တိုးတက်ရေးကိုလည်း ဂရုမစိုက်နိုင်ပါဘူး။ ဒါကြောင့် ကလေးတွေအတွက် ကျောင်းစာသင်ခန်းထဲက ပညာရေး ဟာ တကယ် ပညာတတ်မြောက်ဖို့ မလုံလောက်ပါဘူး။

ကျူရှင်စနစ်ထွန်းကားစေတဲ့ နောက်ထပ် ပြဿနာတစ်ခုကတော့ စာမေးပွဲစနစ်ကြောင့်ပဲ ဖြစ်ပါတယ်။ တကယ် တော့ မြန်မာနိုင်ငံမှာက လွတ်လပ်ရေးမရခင် ၁၉၄၇ခုနှစ်ကတည်းက ဆာထွန်းအောင်ကျော် ခေါင်းဆောင်တဲ့ ပညာရေးတည်ဆောက်မှု ကော်မီတီက ပညာရေး အစီရင်ခံစာ တစ်စောင် တင်သွင်းတာမှာ အတန်းအောင် အတန်းကျ စာမေးပွဲစနစ်ဟာ ကလေးတွေရဲ့ နုနယ်တဲ့ စိတ်ကို ထိခိုက်စေနိုင်တဲ့အတွက် စာမေးပွဲစနစ်အစား အကဲဖြတ် မှတ်တမ်းတင်စနစ် (Assessment System) ကိုသာ သုံးသင့်တယ်လို့ ထည့်သွင်း တင်ပြ ထားခဲ့ တာ ပါ။ ဒါဟာ ကမ္ဘာ့အဆင့်မီ စနစ်လည်း ဖြစ်ပါတယ်။


ဒါပေမဲ့ မြန်မာနိုင်ငံကတော့ လိုက်ပါ အကောင်အထည်ဖေါ်တာမျိုး မရှိခဲ့ဘဲ ၁၉၆၂ကနေ စလို့ ၁၉၉၈ခုနှစ် အထိ စာမေးပွဲစနစ်ကိုသာ သုံးနေခဲ့ပါတယ်။ ၁၉၉၈-၉၉ ပညာသင်နှစ် ကျမှပဲ ကျောင်းတချို့ကနေ စပြီး စဉ်ဆက်မပြတ်စစ်ဆေးနည်း(Continuous Assessment and Progression System ) ဆိုတဲ့ CAPS စနစ်ကို သုံးလာတာ ဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံတကာမှာ အောင်အောင်မြင်မြင်နဲ့ သုံးနေတဲ့ အဲဒီ CAPS စနစ်က မြန်မာ ပြည်မှာတော့ မအောင်မြင်တဲ့အတွက် အခု ၂၀၀၆ ပညာသင်နှစ်က စလို့ အတန်းတင် အတန်းကျ စာမေးပွဲ စနစ် ကိုပဲ ပြန်သုံးမယ်လို့ ပညာရေးဝန်ကြီးက အတည်ပြု ထားပြန်ပါပြီ။

တကယ်တော့ စာမေးပွဲစနစ်ဟာ မြန်မာနိုင်ငံက ကလေးတွေရဲ့ ပညာရေးဘ၀အတွက် ကောင်းကျိုးထက် ဆိုးကျိုး ကိုသာ အများဆုံး ပေးခဲ့တာဖြစ်ပါတယ်။ စာမေးပွဲစနစ်ကြောင့် ကလေးတွေဟာ ပညာရေးကို ပြိုင်ပွဲ တစ်ခုလို လွဲလွဲမှားမှား ယူဆတတ်လာသလိုပဲ အလွတ်ကျက်စနစ်ကို အားကိုးလာကြတာလည်း ဖြစ်ပါတယ်။ ဒါဟာ ကလေးတွေရဲ့ ဖြူစင်နုနယ်တဲ့ စိတ်အတွက်တော့ ဆိုးကျိုးပဲဖြစ်ပါတယ်။ ပြီးတော့ လွဲမှားလှတဲ့ စာမေးပွဲ စနစ်ကို ပြန်သုံးမယ့်အပြင် ကလေးတွေရဲ့ တကယ် ပညာတတ်ရေးကို တနည်းတဖုံ ကူနိုင်တဲ့ ကျူရှင်တွေကိုလဲ ဖွင့်ခွင့် မပေးတော့ဘူး ဆိုတော့ ကလေးတွေရဲ့ ပညာ တကယ် တတ်ရေးအတွက် မိဘတွေပါ ကလေးရဲ့ ပညာရေး ကို သေသေချာချာ အကြံပေး ဆွေးနွေးရတော့မှာ ဖြစ်ပါတယ်။ မိဘတွေကိုယ်တိုင် ကမ္ဘာ့ပညာရေး တွေကို လက်လှမ်းမီ သလောက် လေ့လာပြီး ကိုယ့်မျိုးဆက်ကို ပျိုးထောင်ကြရတော့မှာ ဖြစ်ပါတယ်။ ဒါဟာ လောလောဆယ် မြန်မာနိုင်ငံပညာရေးထဲက အဓိက လိုအပ်ချက်လည်း ဖြစ်ပါတယ်။

မေငြိမ်း (၂၈ မေလ ၀၆)

No comments:

Building Knowledge Economies စာတမ်း(၅)

ကမ္ဘာ့ဘဏ် ဖွံ့ဖြိုးတိုးတက်မှု လေ့လာရေးအဖွဲ့ရဲ့ ၂၀၀၇ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ စာတမ်းပါ Building Knowledge Economies ပညာရေးဆိုင်ရာ အကြံပြုချက် မ...