Thursday, September 13, 2007

ကလေး နဲ့ စာပေ

အလိမ္မာစာမှာရှိဆိုတဲ့ ဆိုရိုးဟာ လူတွေ ယဉ်ကျေးလိမ်မာဖို့ စာဖတ်ကြရမယ် ဆိုတာကို သတိပေးထားတာပါပဲ။ ဒါကြောင့် ခေတ်တခေတ် အတွက် သမိုင်းကြောင်းတခု အတွက် အရေးပါလှတဲ့ ကလေးတွေရဲ့ အခြေခံပညာရေးမှာ စာရိတ္တ ပြုပြင် မွမ်းမံရေး နဲ့ ကိုယ်ကျင့်တရား ထိမ်းသိမ်းရေးတွေကို အရေးပါတဲ့ သင်ခန်းစာတွေအနေနဲ့ ထည့်သွင်းကြရ ပါတယ်။ နိုင်ငံတကာ ပညာရေး သင်ရိုးတွေကို လေ့လာရင် အဲဒီ ရည်ရွယ်ချက်တွေ အနည်း နဲ့ အများ ပါနေတာကို တွေ့ရပါတယ်။ ဒါထက်ပိုပြီး သတိပြု အတုယူစရာ ကောင်းတာကတော့ ကလေးစာပေကဏ္ဍပဲ ဖြစ်ပါတယ်။ နိုင်ငံတကာမှာ ကလေးတွေနဲ့ ပတ်သက်ပြီး ပျိုးထောင်ရာမှာ စာသင်ခန်းမှာတင် မကဘဲ စာသင်ခန်းပြင်ပမှာပါ ကလေးတွေရဲ့ သိမှုစွမ်းရည် (Intelligent Quient) နဲ့ ခံစားနိုင်မှုစွမ်းရည် (Emotional Intelligent) တွေ မြင့်မားဖို့ကို ဦးတည်တဲ့ ပတ်ဝန်းကျင်မျိုးတွေ ဖန်တီးပေးထားတာ တွေ့ရပါတယ်။ အဲဒီမှာ စာအုပ်စာပေသာ မက ရုပ်မြင်သံကြား ဖျော်ဖြေရေး အစီအစဉ်တွေကိုပါ ကလေးတွေအတွက် အထူးဂရုတစိုက်နဲ့ အများကြီး လုပ်ပေး ထားပါတယ်။ ဒါဟာ ကလေးတွေအတွက် စာသင်ခန်းမှာတင်မကပဲ သူတို့ရဲ့ ပတ်ဝန်းကျင်မှာလည်း အများကြီး သင်ယူလို့ရအောင် စီစဉ်ပေးထားတာပါပဲ။

အိမ်မှာ ရုပ်မြင်သံကြား ကြည့်ရင်း ရုပ်မြင်သံကြား အစီအစဉ်တွေကနေတဆင့် ကလေးတွေ သိသင့် သိထိုက်တာ မှန်သမျှကို ကရင်း ခုန်ရင်း နဲ့ရော၊ ကစားရင်း အရုပ်ရေးရင်း နဲ့ရော၊ ကာတွန်းရုပ်ရှင် ကြည့်ရင်း နဲ့ရော သင်ယူလို့ ရကြပါတယ်။ ကလေးတွေရဲ့ မိသားစုဝင်တွေ၊ ပတ်ဝန်းကျင်က သစ်သီးဝလံတွေ၊ ခွေး၊ ကြောင်၊ လိပ်ပြာ စတဲ့ တိရစ္ဆာန်တွေ၊ ဘီဒို၊ စားပွဲ၊ နာရီ စတဲ့ အိမ်သုံးပစ္စည်းတွေရဲ့ နာမည်တွေနဲ့အတူ ကလေးတွေနဲ့ ဘယ်လို ဘယ်ပုံ ပတ်သက်သလဲဆိုတာတွေ၊ ဘယ်လိုသုံးရသလဲ ဆိုတာတွေ သင်သွားတာများ လူကြီးတွေကိုတောင် စိတ်ဝင်စား မိစေပါတယ်။

ကလေးပညာရေးကဏ္ဍမှာ နာမည်ကျော်လှတဲ့ သြစတေးလျနိုင်ငံကတော့ ကလေး စာပေတင်မကဘဲ ကလေး တွေအတွက် ရုပ်မြင်သံကြားလိုင်းကို သီးသန့်ထားပေးပြီး ကလေးဆိုင်ရာ ပညာရှင်တွေက တာဝန်ယူ စီစဉ် ပြီး တော့ ထုတ်လွှင့်ပါတယ်။ ကလေးကစားစရာ ကိုတောင်မှ သေချာ စမ်းသပ် စီစဉ်ပြီးမှ ကလေးဥာဏ်ရည် ဖွံ့ဖြိုးဖို့ အားပေးပြီး ကလေးအတွက် အန္တရာယ် ကင်းတဲ့ ကစားစရာမျိုးကိုပဲ တီထွင်ပြီး ထုတ်တာပါ။ အများအားဖြင့်တော့ နိုင်ငံတကာမှာက မျက်မှောက်ခေတ်အတွက် အရေးတကြီး လုပ်ရမယ့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းဟာ ကလေး တွေ ကို ဘက်စုံဖွံ့ဖြိုးအောင် မွေးဖို့ပဲလို့ နားလည်ပြီး အားတက်သရော လုပ်နေကြတာပါ။

ထိုင်းနိုင်ငံမှာကျတော့ ကလေးတွေရဲ့ ပညာရေးနဲ့ စာပေကဏ္ဍမှာ ထိုင်းရိုးရာ ယဉ်ကျေးမှုအခြေခံတဲ့ ပုံပြင်တွေ ကာတွန်းတွေနဲ့ နိုင်ငံတကာ ကလေးစာပေတွေကို ထိုင်းဘာသာနဲ့ ပြန်ဆိုထားတဲ့ ကလေးစာပေတွေ အများကြီး ရှိတာတွေ့ရပါတယ်။ ထိုင်းနိုင်ငံမှာ ကလေးစာပေသီးသန့်ရောင်းတဲ့ စာအုပ်ဆိုင် တွေတောင်ရှိတာပါ။ ပြီးတော့ ရုပ်မြင်သံကြား အစီအစဉ်တွေကလဲ ကလေးပညာပေးကဏ္ဍတွေ နေ့တိုင်းလွှင့်ပေးပြီး သူတို့ရဲ့ နူးညံ့သိမ်မွေ့ တဲ့ ဓလေ့နဲ့ ရိုးရာယဉ်ကျေးမှုတွေကို ဖေါ်ထုတ်တဲ့ အကြောင်းအရာတွေ များပါတယ်။ အဲဒါကြောင့်ပဲ ရုပ်ဝတ္ထု ထွန်းကားတဲ့ခေတ်ထဲမှာ ထိုင်းလူမျိုးတွေဟာ အတုယူစရာ ကောင်း လောက်အောင် စိတ်နှလုံးနူးညံ့ပြီး ယဉ်ကျေး သိမ်မွေ့တဲ့ အမူအယာတွေ ရှိနေသေးတာ တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာကတော့ ကလေးအစီအစဉ်နည်းပါးလှပြီး အချိန်ပေးတာလည်း နည်းလှပါတယ်။ ပြီးတော့ တင်ဆက် ထားတာတွေကလည်း အဟောင်းတွေကိုပဲ ထပ်ပြန်တလဲလဲ ပြတာမို့ ကလေးတွေက စိတ်မ၀င်စား တော့ပါဘူး။ ကလေးတွေ စွဲမက် လောက်စရာ အကြောင်းအရာ ဗဟုသုတလည်း မပါဘဲ ခေတ်လည်း မမီတော့ တဲ့ ညောင်ပင် တစ္ဆေ လို ကစားနည်းမျိုးကို ပြတာမို့ ကလေးတွေအတွက် အကျိုး မရှိလှပါဘူး။ ကလေးတွေ အတွက် မြ၀တီရုပ်မြင်သံကြားက အမေးကမ္ဘာလို အစီအစဉ်မျိုး လုပ်ပေးတော့လဲ ကလေးတွေ အတွက် အကျိုး မရှိတဲ့ ၊ သရုပ်ဆောင်နာမည်တွေ၊ အာဏာပိုင်တွေ ၀ါဒဖြန့်တဲ့ လမ်းဖောက် တံတားဆောက် မေးခွန်းတွေ ကြော်ငြာ ကုန်ပစ္စည်း နာမည်တွေ၊ မေးတာမို့ အကျိုးမရှိတဲ့အပြင် ကလေးတွေကို လမ်းလွဲအတုယူ သွားစေတဲ့ အစီအစဉ်ပါပဲ။ မြန်မာနိုင်ငံဟာ ကလေးပညာရေး အတွက် စာအုပ်စာပေ မထွန်းကားရတဲ့အထဲ ပျံ့နှံ့လွယ်တဲ့ ရုပ်မြင်သံကြားအစီအစဉ်ကတောင် အဆိပ်အတောက် ဖြစ်နေတဲ့အတွက် ကလေးတွေရဲ့ အနာဂတ်အတွက် အားရစရာ မရှိပါဘူး၊၊

ကလေးတွေအတွက် စံပြဖြစ်စရာ အကြောင်းအရာတွေအများ ကြီးပါတဲ့ ကလေးစာပေ တွေ အများဆုံး ထွက် တာ ကတော့ ဂျပန်နိုင်ငံပါ။ ဂျပန်နိုင်ငံဟာလဲ ရုပ်မြင်သံကြားမှာ ကလေးအစီအစဉ်ကို သီးခြား တစ်လိုင်း ပေး ထား တာပါ၊ ကလေးစာပေတွေရော ရုပ်မြင်သံကြား အစီအစဉ်တွေရောကို သူတို့ လူမျိုး၊ ဘာသာ၊ ဓလေ့ ထုံးစံ နဲ့ ကိုက်ညီတဲ့ ဇာတ်လမ်းတွေ အဖြစ်အပျက်တွေနဲ့ ဖန်တီးထားတာမို့ ကလေးတွေနဲ့ သင့်တော်လှပါတယ်။ ပြီးတော့ ကလေးတွေရဲ့ စာဖတ်တဲ့ အလေ့အထကို ပျိုးထောင်ပေးတဲ့အနေနဲ့ မူလတန်းမှာကတည်းက အတန်း အချိန် ဇယား ထဲမှာ စာကြည့်တိုက်အချိန်လို့ ထည့်ထားပါတယ်။ ကလေးစာပေ ထွန်းကားဖို့ အတွက် အစိုးရကိုယ်တိုင် က အများကြီး ပံ့ပိုးပေးထားပါတယ်။ ဒါကြောင့်ပဲ ဂျပန်နိုင်ငံဟာ ပညာရှင်တွေ အများကြီး မွေးထုတ်နိုင်တာလို့ ထင်ပါတယ်။

မြန်မာနိုင်ငံမှာတော့ ကျမတို့ငယ်စဉ်က တေဇရုပ်စုံ၊ ရွှေသွေး၊ ရွှင်ပြုံးတို့လို ဂျာနယ်တွေ အမျိုးမျိုးရှိသလို ပုံပြင် စာအုပ်တွေ ၅၅၀ဇာတ်တော် အခြေခံ ရုပ်စုံစာအုပ်တွေ၊ ကလေးကာတွန်း လုံးချင်းတွေ၊ ကလေးကဗျာ စာအုပ် တွေ ရှိခဲ့ပါတယ်။ အထူးသဖြင့် ရွှေသွေးတို့ တေဇတို့ မိုးသောက်ပန်းတို့ဟာ ကလေးတွေအတွက် လူမှုရေး ပညာရေး တွေနဲ့ ဆိုင်တဲ့ အတုယူ လိုက်နာစရာတွေ အများကြီးပေးနိုင်တဲ့ စာစောင်တွေပါ။ ၈၈အရေးတော်ပုံ နောက်ပိုင်းမှာတော့ မြန်မာနိုင်ငံမှာ ပညာရေးကဏ္ဍနဲ့အတူ ကလေးစာပေ ကဏ္ဍ ဟာလည်း ယိုယွင်းပျက်စီးတဲ့ လှိုင်းထဲ ပါကုန် ပါတယ်။

နောက်တော့ စာအုပ်ဈေးတွေ ထိုးတက်သွားတာနဲ့အတူ စားဝတ်နေရေး အကျပ် အတည်းကြောင့် ပြည်သူလူထု အနေနဲ့ စာအုပ်စာပေအတွက် ငွေကုန် မခံနိုင်ကြတော့တဲ့ အခြေအနေကို ရောက်လာပါတယ်။ အထူးသဖြင့် ၈၈နောက်ပိုင်း အာဏာပိုင်တွေက ကလေးတွေရဲ့ ပညာရေးနဲ့ ကလေးတွေရဲ့ ဘက်စုံဖွံ့ဖြိုးရေးကို အားမပေး တာကြောင့် ကလေးစာပေတွေ ကလေးအစီအစဉ်တွေဟာ မရှိတော့သလောက် ဖြစ်လာပါတယ်။ အဲဒီအခါ ကလေးတွေကလည်း မဖြစ်မနေ ဖတ်ကြရမယ့် ကျောင်းစာအုပ်ကလွဲရင် တခြား အပြင်စာ မဖတ်ကြ တော့တဲ့ အခြေအနေ ဖြစ်လာပါတယ်။ ၁၉၉၂ နောက်ပိုင်းမှာတော့ ပူတူတူးလေး၊ ပလုတ်တုတ်၊ ရွှေသွေး၊ တတိုင်းမွှေး တို့လို ကလေးစာအုပ်တွေ ကာတွန်းရုပ်စုံတွေ ပုံပြင်စာအုပ်တွေ ထွက်လာပါတယ်။

အဲဒီမှာ ကလေးဟာသတွေ တွေ့ရပေမဲ့ များသောအားဖြင့် ရယ်စရာဖြစ်အောင် အတင်းဇွတ် ဖန်တီး ထားတာ တွေ သာ များပြီးတော့ ကလေးတွေ အတုယူစရာ ဘ၀ အတွေ့ အကြုံတွေ၊ ဗဟုသုတပေးတဲ့ အသိပညာ အတတ် ပညာတွေ၊ တိုင်းရင်းသားလူမျိုးစု အကြောင်းတွေနဲ့ သက်ဆိုင်ရာ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေ ထည့်ပေး တာမျိုး မတွေ့ရ သလောက် ပါပဲ။

၂၀၀၅ခုနှစ်ထဲမှာတော့ အကျိုးအမြတ် မကြည့်တဲ့ စာပေတိုက်တချို့ကြောင့် အင်္ဂလိပ်စာ လေ့ကျင့် သင်ခန်းစာ တို့၊ ကိုယ်ကျင့်တရားတန်ဖိုးကို ဦးတည်တဲ့ ပုံပြင်စာအုပ် တို့လို ကလေးစာပေကောင်းတွေ တော်တော် ထွက်လာ ပါတယ်။ ဒါဟာ ကိုယ့်သားသမီးကို မြင့်မြတ်တဲ့စိတ်ထား ရှိစေချင်တဲ့ လိမ်မာရေးခြားရှိစေချင်တဲ့ မိဘတွေ အတွက် တော့ အခွင့်ကောင်း တစ်ခုပါပဲ။

ဒါကြောင့်မို့ မြန်မာနိုင်ငံမှာ ခေတ်အခြေအနေအရ စာအုပ်ဈေးကြီးပေမဲ့ ကလေးစာပေ စစ်စစ်ဟာ ကလေးတွေ ရဲ့ ဘ၀နဲ့ ပညာရည် ဖွံ့ဖြိုးဖို့အတွက် အားဆေးတစ်မျိုး ဖြစ်တာမို့ ကလေးတွေ စာဖတ်ခွင့်ရအောင် စီစဉ်ပေး ဖို့ ဟာ မိဘတွေအနေနဲ့ သမိုင်းပေး တာဝန် တစ်ရပ်လို တာဝန် ကျေကြရမှာ ဖြစ်ပါတယ်။

မေငြိမ်း (ဇန်န၀ါရီ၊၂၀၀၆)

No comments: