Wednesday, November 28, 2007

စစ်အစိုးရရဲ့ ဒီမိုကရေစီပညာရေး

ကမ္ဘာပေါ်မှာ ခေတ်မီတဲ့ နိုင်ငံအများစုက ခုချိန်မှာ၊ ကိုယ့်နိုင်ငံကို တကယ် အောင်မြင်တဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်အောင် ကြိုးစားတည်ဆောက်နေကြပါတယ်။ အထူးသဖြင့် ပညာရေးစနစ်ကို ဒီမိုကရေစီနည်းကျတဲ့ ပညာရေးဖြစ်အောင် သင်ကြားနည်းစနစ်ကအစ သင်ရိုး ညွှန်းတန်းအထိကို ဒီမိုကရေစီစနစ်နဲ့ လျော်ညီအောင် တည်ဆောက် မွမ်းမံနေကြပါတယ်။

ပညာရေးနဲ့ ပတ်သက်လို့ ကမ္ဘာ့ကုလသမဂ္ဂက အတည်ပြုပြဌာန်းထားတဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေငြာစာတမ်းရဲ့ နောက်ဆက်တွဲအပိုဒ် (၂၆)မှာ ပညာရေးဟာ လူတိုင်းခံစားရမယ့် မွေးရာပါ လူ့အခွင့်အရေး တစ်ရပ်ဖြစ်တယ် လို့ ကြေငြာထားပါတယ်။ အဲဒီအပြင် အပိုဒ်(၂၇)(က)မှာလည်း.. လူတိုင်းသည် လူမှု အဖွဲ့အစည်း၏ ယဉ်ကျေးမှုဘ၀တွင် လွတ်လပ်စွာ ပါဝင်ပိုင်ခွင့်၊ အနုပညာ သုခုမ ပညာရပ်များကို လွတ်လပ်စွာ လိုက်စား မွေ့လျော်နိုင်ခွင့်၊ သိပ္ပံပညာထွန်းကားရေးလုပ်ငန်းများတွင် လွတ်လပ်စွာ ၀င်ရောက် လုပ်ကိုင်နိုင်ခွင့် နှင့် ထိုပညာ၏ အကျိုးအမြတ်တို့ကို လွတ်လပ်စွာ ခံစား သုံးစွဲပိုင်ခွင့် ရှိသည်။လို့ ဖေါ်ပြပါရှိပါတယ်။

အဲသလိုပဲ အပိုဒ်(၂၇-ခ)မှာလည်း… “လူတိုင်းသည် မိမိကိုယ်ပိုင်ဥာဏ်ဖြင့် ကြံစည် ဖန်တီးမှုမှ ဖြစ်ထွန်း လာသော သိပ္ပံပညာဆိုင်ရာ တီထွင်မှုများ၊ စာပေဆိုင်ရာ အနုပညာဆိုင်ရာ ဖန်တီးမှုများတို့၏ ဂုဏ်နှင့် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အကျိုးအမြတ်များကို ခံစားရယူနိုင်ရန် အတွက် ကာကွယ်မှုများ ရပိုင်ခွင့်ရှိသည်။”…. လို့ ပါပါတယ်။

အဲဒီ ကြေငြာစာတမ်းဟာ ၁၉၄၈ခုနှစ်ကတည်းက ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံပေါင်း (၄၈) နိုင်ငံက သဘောတူ ထောက်ခံ လက်မှတ်ရေးထိုးခဲ့တဲ့ စာတမ်းဖြစ်ပါတယ်။ အဲဒီ စာတမ်းပါ အပိုဒ်၂၇အရ ပညာရေးနဲ့ ဆက်နွယ် နေတဲ့ ပညာရပ်ပိုင်းဆိုင်ရာ လွတ်လပ်ခွင့်ဟာ လူသားတိုင်း၊ အထူးသဖြင့် ဒီမိုကရေစီစနစ်ကို အကောင်အထည် ဖေါ် တည်ဆောက်နေတဲ့ နိုင်ငံတိုင်း အစိုးရတိုင်းက လိုက်နာကျင့်ကြံရမယ့် လူ့အခွင့်အရေး စည်းကမ်းတွေပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာလည်း အာဏာပိုင်များက ခုချိန်မှာ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံဖြစ်အောင် တည်ဆောက်နေပါတယ်လို့ နိုင်ငံတကာကို တရားဝင် ကြေငြာထားပါတယ်။ အဲလိုပဲ ပညာရေးဝန်ကြီး ဒေါက်တာချမ်းငြိမ်းကလည်း မြန်မာနိုင်ငံပညာရေးကို ဒီမိုကရေစီ ပညာရေးအဖြစ် တည်ဆောက်နေတယ်လို့ ပြောထားပါတယ်။

အမေရိကန်နိုင်ငံ State Department ရဲ ဒီမိုကရေစီပညာရေးနဲ့ ပတ်သက်တဲ့ သဘောထားကြေငြာချက် တွေထဲမှာ ဒီမိုကရေစီပညာရေးဟာ စာသင်သားတွေကို တိုးတက်တဲ့ အတွေးအခေါ်တွေ၊ ဝေဖန်ပိုင်းခြား သုံးသပ်နိုင်စွမ်းတွေ ရင့်သန်အောင် ပျိုးထောင်ပေးတဲ့ပညာရေးမျိုးဖြစ်ရမယ်၊ အစိုးရဟာလည်း စာသင်သား တွေရဲ ပညာရေးဆိုင်ရာလွတ်လပ်ခွင့်ကို မထိပါးသင့်ဘူး၊ အဲဒီအပြင် စာသင်သားတွေရဲ့ ပညာရပ် ပိုင်းဆိုင်ရာ ကြိုးစားအားထုတ်မှု၊ ရှာဖွေတွေ့ရှိမှုတွေကို တန်ဖိုးထား လေးစားမြတ်နိုးရမယ် ဆိုတဲ့အချက်တွေကို တရားဝင် ထည့်သွင်းဖေါ်ပြထားတာ တွေ့ရပါတယ်။ ဒါဟာ အစိုးရတိုင်း လိုက်နာကျင့်ကြံသင့်တဲ့ ဒီမိုကရေစီပညာရေးရဲ့ တရားကိုယ်သဘောတွေလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံအဖြစ် တည်ဆောက်နေပါတယ်လို့ဆိုတဲ့ စစ်အစိုးရကတော့ ပညာရေးထဲမှာ အခြေခံပညာကျောင်းတွေမှာ သင်ရိုးသတ်မှတ်တာကနေစပြီး မဟာဝိဇ္ဇာသင်တန်းသားတွေ၊ ပါရဂူ သင်တန်းသားတွေအတွက် ကျမ်းပြုဖို့ ခေါင်းစဉ်တွေ ချမှတ်တဲ့အထိ ၀င်ပြီး စွက်ဖက်နေတာပါ။ ဥပမာပြောရရင် မြန်မာစာအထူးပြု မဟာတန်းတွေ ပါရဂူတန်းတွေမှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ဆရာမင်းသုဝဏ် တို့ရဲ့ စာတွေ ကဗျာတွေနဲ့ ပတ်သက်လို့ ကျမ်းမပြုရ သုတေသနမလုပ်ရ... ဆိုတာမျိုး၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ မသင်ရ မပြောရ မရေးရဆိုတာမျိုးတွေပါ။

ဒါထက်ပိုဆိုးတာကတော့ စစ်အစိုးရဟာ ပြီးခဲ့တဲ့ ၂၀၀၆ခုနှစ် မတ်လ၃ရက်နေ့မှာ ပြည်ပရောက် ပညာတော်သင်တွေအနေနဲ့ မဟာဘွဲ့ ပါရဂူဘွဲ့တွေအတွက် စာတမ်းတွေ ကျမ်းတွေ ရေးရာမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့အကြောင်းအရာကို ရေးသားမယ်ဆိုရင် ကျမ်းခေါင်းစဉ် စာတမ်းခေါင်းစဉ်တွေကို အစိုးရဆီ တင်ပြပြီး ခွင့်ပြုချက်ရမှ ရေးရမယ်လို့ သက်ဆိုင်ရာ သံရုံးတွေကတဆင့် တရားဝင်အမိန့် ထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာလည်း ပညာရေးဆိုင်ရာ လွတ်လပ်ခွင့်ကို ထိပါးတဲ့၊ ဒီမိုကရေစီ ပညာရေးစနစ်နဲ့လည်း မကိုက်ညီတဲ့၊ လုပ်ရပ်ပါပဲ။

အဲဒီနောက် စစ်အစိုးရဟာ ၂၀၀၆ခုနှစ် စက်တင်ဘာလထဲမှာပဲ ဂျပန်နိုင်ငံ ကိုဘေးတက္ကသိုလ်မှာ ပါရဂူဘွဲ့ အတွက် ပညာတော်သင်အဖြစ် ကျမ်းပြုစုရေးသားနေတဲ့ ရန်ကုန်တက္ကသိုလ် ဒဿနိကဌာနက လက်ထောက် ကထိကဆရာမ ဒေါ်ယိမ်းယိမ်းရဲ့ နိုင်ငံကူးလက်မှတ်စာအုပ်ကို အကြောင်းပြချက် တစုံတရာ မပေးဘဲ ဖျက်သိမ်းခဲ့ပါတယ်။ အဲဒါဟာ ကိုယ့်နိုင်ငံက ရှားရှားပါးပါးမွေးထုတ်ထားရတဲ့ ပညာတတ်တွေကို မချီးမြှောက် တဲ့အပြင် နိုင်ငံမဲ့ဖြစ်အောင် အနာဂတ်မဲ့တဲ့အထိပါ ဖြစ်သွားအောင် လုပ်လိုက်တာပါပဲ။ ဒါဟာ ဒီမိုကရေစီ ပညာရေးစနစ်နဲ့ လုံးဝမကိုက်ညီတဲ့အပြင် ပညာရေး လွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေးတွေကို ထိပါးလိုက်တာပဲဖြစ်ပါတယ်။

ဒါဟာ ပညာရှင်ကို တန်ဖိုးမထားတဲ့ လုပ်ရပ်မျိုးဖြစ်တဲ့ အတွက် စစ်အစိုးရရဲ လုပ်ရပ်ဟာ ဒီမိုကရေစီစနစ်ကို တည်ဆောက်နေပါတယ်ဆိုတဲ့ အစိုးရတစ်ရပ်ရဲ ဂုဏ်အင်္ဂါနဲ့လည်း မကိုက်ညီဘူးလို့ သုံးသပ်ရမှာဖြစ်ပါတယ်။

မေငြိမ်း(၂၀၀၇)

Monday, November 26, 2007

Multicultural Education

ကမ္ဘာ့ပညာရေးပညာရှင်တွေက ခုနောက်ပိုင်းမှာ ပညာရေးဦးတည်ချက်အဖြစ် ကလေးတွေရဲ့ပညာရေးထဲမှာ စာသင်သားတွေအနေနဲ့ လူမျိုးစုံ ဘာသာစုံ ချစ်ချစ် ခင်ခင်နဲ့ အတူတကွ ပူးပေါင်း ယှဉ်တွဲ နေထိုင်နိုင်ရေး အတွက် ငြိမ်းချမ်းတဲ့ပညာရေး (Peace Education)ဆီကို ဦးတည်ကြောင်း ပြောခဲ့ပြီးဖြစ်ပါတယ်၊ ဒါဟာလည်း ကမ္ဘာလုံးဆိုင်ရာငြိမ်းချမ်းရေးအထိရည်ရွယ်တဲ့ အမျိုးသားပညာရေးပုံစံလို့ ဆိုနိုင်ပါတယ်။

အဲဒီအခါ စာသင်သားတွေအတွက် ပညာရေးကိုဖန်တီးရာမှာ အရောင် အသွေးစုံ ယဉ်ကျေးမှုပညာရေးပုံစံ 'Multicultural Education' ကို စဉ်းစားလာကြတာ ဖြစ်ပါတယ်။ ပညာရေးထဲမှာ လူမျိုးစုံ ပါဝင် ပူးပေါင်း နိုင်ရေးနဲ့ အနည်းဆုံး ကိုယ့်နိုင်ငံအတွင်းက လူမျိုးပေါင်းစုံတို့နဲ့ ပေါင်းသင်းဆက်ဆံရေး လွယ်ကူပြေပြစ်စေဖို့ကို ဦးတည်တဲ့ ပညာရေးမျိုးကို ဖန်တီးတာဟာလည်း ဒေသတွင်း အမျိုးသားပညာရေးကို တည်ဆောက်တာပဲ ဖြစ်ပါတယ်။

ကိုယ့်ဒေသတွင်းက လူမျိုးစုံတို့ရဲ့ ဘာသာစကားတွေကို အနည်းဆုံးတမျိုးလောက် ပိုတတ်ထားတဲ့အတွက် ဆက်သွယ်ဆက်ဆံရေးမှာ အဆင်ပြေစေတဲ့အပြင် အဲဒီလူမျိုး တမျိုးနဲ့တမျိုး ဓလေ့ထုံးစံနဲ့ စိတ်နေသဘောထား တွေကို အချင်းချင်းသိသွားတဲ့အတွက် ချစ်ခင်ရင်းနှီးမှုပိုရနိုင်တာမို့လို့ ငြိမ်းချမ်းတဲ့ပညာရေးဆီကို ဦးတည် ပါတယ်။

ဒါကြောင့်ပဲ ပညာရေးကို အထူးကြိုးစား တည်ဆောက်နေတဲ့ ကမ္ဘာ့နိုင်ငံအများစုက ကျောင်းပညာရေးထဲမှာ မိမိတို့နိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေဆီက ဘာသာစကားတွေကို ထည့်သွင်း သင်ကြားပေးကြတာ တွေ့ရပါတယ်။ ဥပမာ- အမေရိကန်နိုင်ငံမှာ စပိန်ဘာသာရပ် သင်ရသလိုမျိုး၊ ဥရောပနိုင်ငံတွေမှာ အင်္ဂလိပ်ဘာသာ၊ ပြင်သစ်ဘာသာ၊ ဒတ်ခ်ျဘာသာ၊ ဂျာမန်ဘာသာတွေ သင်ယူရသလိုမျိုး ဖြစ်ပါတယ်။

နောက်ထပ် ထင်ရှားတဲ့ ဥပမာကတော့ စင်္ကာပူနိုင်ငံဟာ လူမျိုးပေါင်းစုံ နေထိုင် အလုပ်လုပ်ရာ နိုင်ငံဖြစ်တဲ့ အတွက် စင်္ကာပူနိုင်ငံမှာ အခြေခံပညာရေးမှာ ဘာသာစကား ၃မျိုးကို မသင်မနေရ ဘာသာရပ်တွေအဖြစ် သင်ယူကြရပါတယ်။ အဓိကဘာသာစကားက အင်္ဂလိပ်ဘာသာစကားဖြစ်ပြီး မလေး၊ ဟင်ဒီ၊ အင်ဒိုနီိးရှား၊ မင်ဒရင်း နဲ့ ဖိလစ်ပိုင်ဘာသာ စကားတွေထဲက ရွေးချယ် သင်ယူရပါတယ်။ ဒါကြောင့် ကလေးတွေဟာ အနည်းဆုံး ဘာသာစကား၃မျိုးလောက် တတ်ပြီး အရွယ်ရောက်တဲ့အခါ အလုပ်လုပ်ရာမှာ ဘာသာစကား ကြောင့် အခက်အခဲကြုံရတာမျိုး နည်းပါးသွားပါမယ်။ ပြီးတော့ ဘာသာစကား ကျွမ်းဝင်မှုကြောင့် အချင်းချင်းပို ရင်းနှီးချစ်ခင်လာနိုင်ပြီး အလုပ်လုပ်ရမှာလည်း အောင်မြင်အောင် ပူးပေါင်းဆောင်၇ွက်တာမျိုး တွေလည်း ပိုပြီးလုပ်လာနိုင်မှာ ဖြစ်ပါတယ်။

အဲသလိုပဲ နိုင်ငံတွင်းမှာကို ဘာသာစကား၃၀၀ကျော်ပြောနေတဲ့ အိန္ဒိယနိုင်ငံမှာဆိုလည်း ကျောင်းပညာရေးထဲ မှာ ဒေသအလိုက် ပြည်နယ်အလိုက်၊ မိခင်ဘာသာစကား တမျိုးနဲ့အတူ နီးစပ်ရာဘာသာစကား အနည်းဆုံး ၂မျိုးကို သင်ယူကြရပါတယ်။ ပြီးတော့ ဒုတိယဘာသာစကားအဖြစ် အင်္ဂလိပ်စာကို နိုင်ငံတကာအဆင့်မီ သင်ယူကြရပါတယ်။ ဒါကြောင့် အချင်းချင်း ဆက်သွယ်ရေးလွယ်ကူမှုကြောင့် ကိုယ့်နိုင်ငံသားတွေအတွက် တန်းတူပညာရေးအဆင့်အတန်းကို အလွယ်တကူ တည်ဆောက် ပေးနိုင်တာ တွေ့ရပါတယ်။ ဒါဟာလည်း အမျိုးသားပညာရေးကို ဆောင်ရွက်နိုင်မှုပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာကတော့ တိုင်းရင်းသားလူမျိုး ၁၃၀ကျော် မှီတင်းနေထိုင်နေတယ်လို့ လက်ရှိအာဏာပိုင်တွေက ကြေငြာထားပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားတွေဟာ ခေတ်အဆက်ဆက် နိုင်ငံရဲ့ လမ်းပမ်း ဆက်သွယ်ရေး ခက်ခဲမှုကြောင့်ရော၊ တိုင်းရင်းသားတွေအပေါ် သူတို့မိခင်ဘာသာစကား သင်ကြားမှုကို ပိတ်ပင် ဟန့်တား ထားတဲ့အတွက်ရော၊ လူမျိုးတမျိုးနဲ့တမျိုး ဘာသာစကားဆက်စပ်မှု ဆက်သွယ်မှုတွေ မရှိကြတဲ့အတွက်ရော၊ ဓလေ့ထုံးစံတွေ ယဉ်ကျေးမှုတွေဟာ မှေးမှိန်လာရတဲ့အပြင် တိုင်းရင်းသား အချင်းချင်း ချစ်ကြည် ညီညွတ် ရေးကိုပါ ထိခိုက်စေလာတာကို တွေ့ရပါတယ်။ ဒါဟာ အမျိုးသားပညာရေး တည်ဆောက်တဲ့နေရာမှာ အဟန့်အတားပဲ ဖြစ်ပါတယ်။

တကယ်တော့ နိုင်ငံတနိုင်ငံမှာ အမျိုးသားပညာရေးကို တည်ဆောက်မယ်ဆိုရင် နိုင်ငံအုပ်ချုပ်သူ အစိုးရတွေနဲ့ အတူ အစိုးရမဟုတ်တဲ့ (NGO)ပညာရေးကူညီမှုအဖွဲ့တွေက ၀ိုင်းဝန်း ပံ့ပိုး ဆေင်၇ွက်ပေးကြရမှာ ဖြစ်တဲ့အပြင် နိုင်ငံတွင်းက လူမျိုးစုတွေရဲ့ ချစ်ခင်ရင်းနှီးစွာအတူတကွ ပူးပေါင်းနေထိုင်နိုင်ရေးအတွက် ကိုယ့် မိခင်ဘာသာ စကားနဲ့ နီးစပ်ရာတိုင်းရင်းသားတွေရဲ့ ဘာသာစကားတွေ ယဉ်ကျေးမှုတွေကို ပညာရေးထဲမှာ ထည့်သွင်း သင်ကြားပေးဖို့ လိုအပ်ပါတယ်။

မေငြိမ်း(၂၀၀၇)


Friday, November 23, 2007

Peace Education

ဒီနေ့ခေတ် ကမ္ဘာကြီးမှာ သိပ္ပံနဲ့နည်းပညာ ထွန်းကားလာတာနဲ့အမျှ အကောင်း ဘက်က ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့အတူ အဆိုးဘက်မှာလည်း တိုးတက်လာတာ တွေ ရှိပါတယ်။ အဆိုးဘက်ဆီ ဦးတည်တဲ့ တိုးတက်မှုမှာ အကြမ်းဘက်ဝါဒ ပါလာရင်တော့ ကမ္ဘာကြီးရဲ့ အနာဂတ်က စိုးရိမ်စရာဖြစ်ပါတယ်။ အဲဒါကြောင့် လည်း ပညာရေးပညာရှင်အများစုက ကလေးတွေရဲ့ ပညာရေးကို ငြိမ်းချမ်းရေးအတွက် ပညာရေး (Peace Education) ပုံစံကို ပြင်ဆင်လာ ကြတာ ဖြစ်ပါတယ်။

တကယ်တော့ ကလေးတွေဆိုတာက ကျောင်းတက်တဲ့အရွယ်မှာ သူတို့ဝန်းကျင်က မြင်မြင်သမျှကို လေ့လာ မှတ်ယူပါတယ်၊ အတုယူပြီး လိုက်လုပ်ကြပါတယ်။ ဒါကြောင့် ပညာသင်ယူတဲ့အရွယ်မှာ ကလေးတွေရဲ ပညာရေးထဲမှာ ကိုယ်ကျင့်တရားကောင်းအောင်၊ စိတ်နေသဘောထား ကောင်းမွန်အောင် လမ်းညွှန်နိုင်တဲ့ သင်ခန်းစာတွေ ထည့်သင်ပေးကြရတာ ဖြစ်ပါတယ်။ ဘီစီ-၃၈၄မှာပေါ်ထွက်ခဲ့တဲ့ ဂရိအတွေးအခေါ်ပညာရှင် ကြီး Aristotle ကလည်း ပညာရေးဆိုတာက လူသားတွေရဲ့ ကိုယ်ရည်ကိုယ်သွေးကို ပျိုးထောင်ပေးဖို့ တာဝန်ရှိတယ်လို့ ပြောခဲ့ဖူးပါတယ်။ အဲသလိုပဲ နိုဗယ်ဆုရှင် ဗြိတိသျှ အတွေးအေခ်ါပညာရှင် Bertrand Russell ကလည်း ပညာရေးဟာ ကမ္ဘာကို ဖွင့်လှစ်မယ့် သော့တချောင်း ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ဒါကြောင့်မို့ အနာဂတ်ကမ္ဘာမှာ တည်ငြိမ်အေးချမ်းနိုင်ဖို့အတွက် ကလေးတွေအတွက် ပညာရေးထဲမှာ လူသားအချင်းချင်း ချစ်ခင်ရင်းနှီးရေး၊ ကိုယ်ချင်းစာ သည်းခံတတ်လာစေရေးနဲ့ စွန့်လွှတ် အနစ်နာခံတတ်စေ ရေးကို ဦးတည်တဲ့ သင်ခန်းစာတွေ ထည့်ပေးထားရတာပဲ ဖြစ်ပါတယ်။ ကလေးတွေရဲ ပညာရေးထဲမှာ ငြိမ်းချမ်းရေးကို ဦးတည်တဲ့၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်တတ်စေရေးကို ဦးတည်တဲ့ သင်ခန်းစာတွေ ထည့်ပေးထားတာကြောင့် အရွယ်ရောက်လာတဲ့အခါ သူတို့တွေဟာ ပဋိပက္ခနည်းတဲ့၊ အေးချမ်း တည်ငြိမ်တဲ့ လူ့အသိုင်းဝိုင်းကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။

အိန္ဒိယက ပညာရေးပညှာင် Muttart ကတော့ ငြိမ်းချမ်းရေးအတွက် ပညာရေးပုံစံကို တည်ဆောက်မယ် ဆိုရင် စိတ်နှလုံးထဲမှာရှိနေတဲ့ ငြိမ်းချမ်းရေးကို အနှောက်အယှက်ဖြစ်စေနိုင်တဲ့ အတားအဆီးမှန်သမျှကို စွန့်လွှတ်ရမယ်၊ လူမျိုးရေး၊ ဘာသာရေးနဲ့ လိင်အဆင့်အတန်းခွဲတဲ့ သဘောထားတွေကိုလည်း စွန့်လွှတ်ရ မယ်လို့ ၁၉၈၇ခုနှစ်ကတည်းက အကြံပေးခဲ့ပါတယ်။ ဒါဟာ ငြိမ်းချမ်းရေးနဲ့ တရားမျှတရေးဆီ ဦးတည်တဲ့ ရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်။

သေသေချာချာ ပြင်ဆင် ပြုစု တည်ဆောက်ထားတဲ့ Peace Education ဟာ ကလေးတွေကို အုပ်စုအဖွဲ့နဲ့ အလုပ်လုပ်ကိုင်တတ်စေပါတယ် ရန်လိုစိတ်၊ ဒေါသစိတ်တွေ နည်းပါးစေပါတယ် ဒီမိုကရေစီနည်းကျကျ နေထိုင်တတ်စေပါတယ် အဲဒီအပြင် ဖက်ဒရယ်နည်းကျကျ လူမျိုးစုံ အတူယှဉ်တွဲနေထိုင်နည်းကိုပါ သိနားလည်လာနိုင်ပါတယ်။ အသွေးအရောင်အမျိုးမျိုး၊ ကွဲပြားတဲ့ လူတွေကို အဖွဲ့အစည်းတခုထဲမှာ မိသားစု ပုံစံနဲ့ အတူတူ နေထိုင်နည်းကိုလည်း တတ်မြောက်သွားစေပါတယ်။ ဒါဟာ အနာဂတ်ကမ္ဘာရဲ့ ငြိမ်းချမ်းရေးကို အများကြီး အထောက်အကူပြုနိုင်တဲ့ ပညာရေးပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ဒီမိုကရေစီစနစ်ကို အခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်မှာ ဖြစ်တဲ့အတွက် ပြည်ထောင်စုအတွင်းက တိုင်းရင်းသားတွေ အချင်းချင်း ညီညွတ်မှ ရင်းနှီးသွေးစည်းမှပဲ အပေါ်မှာပြောခဲ့တဲ့ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ အဲဒီအတွက် အဓိက လိုအပ်ချက်ကတော့ ဘာသာစကား ပြဿနာပါပဲ။ တိုင်းရင်းသားတွေဟာ ဘာသာစကားချင်း နီးစပ်ရင်းနှီးမှပဲ ယဉ်ကျေးမှုနီးစပ်ပြီးအထင်လွဲမှားနေမှုတွေ လျော့နည်းသွားမှာ ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာ အစိုးရ အဆက်ဆက် သွေးခွဲအုပ်ချုပ်တာကိုခံခဲ့ကြရတဲ့ ဗမာအပါအ၀င် တိုင်းရင်းသားတွေအားလုံး အမှန်တကယ် စည်းလုံး ညီညွတ်ဖို့ အတွက်ဆိုရင် ဘာသာစကားဖလှယ်ရေး၊ ယဉ်ကျေးမှုဖလှယ်ရေးတွေဟာ အဓိကကျတဲ့ ဖြေရှင်းရမယ့် ပညာရေးထဲက ကိစ္စတွေပဲ ဖြစ်ပါတယ်။

ဥပမာ- ကရင်ပြည်နယ်က ကျောင်းတွေမှာ မြန်မာစာကို သင်ရသလိုပဲ၊ မိခင်ဘာသာ စကားဖြစ်တဲ့ ကရင်စာ၊ ကရင်ဘာသာစကားနဲ့ ယဉ်ကျေးမှုအပြင်၊ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ မွန်ဘာသာစကား၊ မွန်စာ၊ မွန် ယဉ်ကျေးမှုတွေကိုပါ သင်ကြားရမှာ ဖြစ်ပါတယ်။ တကယ်တော့ ဖြစ်နိုင်ရင် ဒေသအလိုက် လိုအပ်ချက် အနေနဲ့ အနီးဆုံး အိမ်နီးချင်း နိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ အိန္ဒိယ၊ တရုတ်နိုင်ငံတွေရဲ ဘာသာစကားတွေကိုတောင် သင်ကြားသင့်တာပါ။ ဒါမှပဲ အချင်းချင်း ရင်းနှီးကျွမ်းဝင်မှု ပိုရလာနိုင်တဲ့အတွက် အကျိုးစီးပွား စပ်တူ လုပ်ငန်းတွေကို အလွယ်တကူ လုပ်ကိုင်လာနိုင်မှာ ဖြစ်သလိုပဲ တခြားသော မလိုလားအပ်တဲ့ ပြဿနာတွေကို ကာကွယ်ပြီးသားလည်း ဖြစ်သွားနိုင် ပါတယ်။ ဒီနေရာမှာ စင်္ကာပူနိုင်ငံဟာ အတုယူစရာဖြစ်ပါတယ်။

ဒါကလည်း Peace Education ပုံစံကို ဦးတည်တာဖြစ်သလို အနာဂတ်ကမ္ဘာကို ဖွင့်လှစ်မယ့် သော့တစ်ချောင်း ကို ဖန်တီးလိုက်တာလည်းပဲ ဖြစ်ပါတယ်

မေငြိမ်း
၂၀၀၇။

Wednesday, November 21, 2007

အမျိုးသားပညာရေးနဲ့ အစိုးရရဲ့တာဝန်

အမျိုးသားပညာရေးရဲ့ ဦးတည်ချက်က ကိုယ့်နိုင်ငံထဲမှာရှိတဲ့ လူမျိုးမရွေး ဘာသာမရွေး၊ ကိုယ်လက်အဂါင်္ အာရုံ တပါးပါးချို့တဲ့နေတဲ့ ကလေးတွေ အပါအ၀င် ကလေးတိုင်း ထိရောက်တဲ့ ပညာရေးကို သင်ယူနိုင်ဖို့အတွက် အစိုးရက ဦးစီးပြီး ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။

အမျိုးသားပညာရေးနဲ့ပတ်သက်ရင် အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီမှာ အခြေစိုက်တဲ့ National Education Association
ဆိုတဲ့ အဖွဲ့အစည်းကြီးက ထင်ရှားပါတယ်။ အမျိုးသားပညာရေးအတွက် ကူညီဆောင်ရွက်နေတဲ့ NEA လို့ အတိုကောက်ခေါ်နိုင်တဲ့ အဲဒီအဖွဲ့ကြီးဟာ ၁၈၅၀ခုနှစ်များ ကတည်း က အစပျိုး ဖွဲ့စည်း တည်ထောင်ခဲ့တာ ဖြစ်ပြီး ခုချိန်မှာတော့ အသင်းဝင် ပေါင်း ၃ဒဿမ ၂သန်း ရှိပါတယ်။ အဲဒီအဖွဲ့ကြီးထဲမှာ ကမ္ဘာတ၀ှမ်းက အမျိုးသားပညာရေး လှုပ်ရှားဆောင်ရွက်သူတွေက ဌာနခွဲတွေအနေနဲ့ ပူးပေါင်းပါဝင်ပြီး ပညာရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ လုပ်နေကြပါတယ်။ မူကြိုတန်းကနေစပြီး တက္ကသိုလ်ဘွဲ့ရတန်းတွေအထိ ပညာရေးအတွက် အထွေထွေလိုအပ်ချက်တွေကို ကူညီပံ့ပိုးပေးတဲ့ လူထု ပညာရေးကို ဆောင်ရွက်နေတာဖြစ်ပါတယ်။

အဲဒီအဖွဲ့အစည်းကြီးက ပညာရေးစီမံကိန်းရေးဆွဲတာကအစ၊ ဆရာဆရာမတွေကို လေ့ကျင့်သင်တန်းပေးတာ၊ သင်ရိုးရေးဆွဲတာ၊ ပညာရေးဆိုင်ရာ မွမ်းမံပြင်ဆင်မှုလုပ်တာတွေ၊ စီမံခန့်ခွဲရေးတွေလို ပညာရေးနဲ့ ပတ်သက် သမျှ လိုအပ်တာတွေကို နိုင်ငံတကာက ပညာရေးဆိုင်ရာ ပညာရှင်တွေနဲ့ တိုင်ပင်ညှိနှိုင်းပြီး ကူညီ ဆောင်ရွက် ပေးပါတယ်။ အဲလိုလုပ်ကိုင်ရာမှာ NEA ဟာ အစိုးရအဖွဲ့အစည်းတွေနဲ့ရော အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း NGO တွေကိုပါ လိုအပ်တဲ့ အကူအညီတွေပေးကြဖို့၊ စည်းရုံးလှုံ့ဆော်ပြီးတော့ ဆက်သွယ် ဆက်စပ်ပြီး လုပ်ဆောင် ကြပါတယ်၊။ အဲဒီမှာ အစိုးရကရော ပုဂ္ဂလိကလုပ်ငန်းရှင်တွေကပါ ငွေကြေးကစပြီး လိုအပ်တာတွေကို ၀ိုင်းဝန်း ကူညီ ပံ့ပိုးပေးကြပါတယ်။ ဒါကြောင့်လည်း NEA အဖွဲ့ကြီးဟာ ထိရောက် အောင်မြင်တဲ့ အမျိုးသားပညာရေးအတွက် ဆောင်ရွက်ချက်တွေ အများကြီး ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ NEA အဖွဲ့ကြီးဟာ အမျိုးသား ပညာရေးကို အလေးဂရုပြုလှတဲ့အတွက် National teachers day လို့ ဂုဏ်ပြု သတ်မှတ် ထားတဲ့ မေလ ၈ရက်နေ့မှာ အမျိုးသားပညာရေး ဆောင်ရွက်နေတဲ့ ဆရာဆရာမတွေကို ခမ်းခမ်းနားနား ဂုဏ်ပြုပွဲတွေ လုပ်ပြီး လက်ဆောင်ပစ္စည်းတွေ ပေးပါတယ်။

ပညာရေးမှာ အစိုးရရဲ့ ပံ့ပိုးကူညီမှုအများကြီးရတယ်လို့ဆိုနိုင်တဲ့ အမေရိကန်နိုင်ငံမှာတောင် အမျိုးသား ပညာရေးကို ပံ့ပိုးတဲ့ သီးခြား အဖွဲ့အစည်းတွေကို လိုအပ်နေတာ တွေ့နိုင်ပါတယ်။ ဒါဟာ အစိုးရက ဖြည့်ဆည်း မပေးနိုင်လို့ တာဝန်ဝင်ယူရတာမျိုးမဟုတ်ဘဲ ကိုယ့်နိုင်ငံတွေရဲ့ပညာရေးကို ပိုကောင်းသထက် ကောင်းလာ အောင် ၀ိုင်းကူကြတာမျိုးသာ ဖြစ်ပါတယ်။ တနည်းပြောရရင်တော့ အမျိုးသားပညာရေးအတွက် လူတိုင်းမှာ နိုင်ငံသားတိုင်းမှာ တာဝန်ရှိတယ်ဆိုတာကို သိသာ ထင်ရှားစေတဲ့ အချက်ပဲ ဖြစ်ပါတယ်။ အထူးသဖြင့်တော့ ‘၂၁ရာစုရဲ့ ကမ္ဘာလုံးဆိုင်ရာ ဖြစ်စဉ်မှာ ပညာရေးကသာ အဓိကသော့ချက်ဖြစ်တယ်’ လို့ ပညာရှင်တွေ အားလုံး က တညီတညွတ်တည်း သတ်မှတ်ဆုံးဖြတ်ထားတဲ့ ခုလိုအချိန်မျိုးမှာ အမျိုးသားပညာရေးဟာ ပြည်သူလူထု တရပ်လုံး ပါဝင်ဆောင်ရွက်ရမယ့် အရေးတကြီး လုပ်ငန်းကြီးဖြစ်ပါတယ်။

ကမ္ဘာ့ပညာရေးပညာရှင်တွေက
ခုနောက်ပိုင်းမှာ ပညာရေးဦးတည်ချက်အနေနဲ့ ကလေးတွေရဲ့ ပညာရေးထဲ မှာ ကလေးတွေကို သူတို့ရဲ့ နိုင်ငံသားဖြစ်မှုကို နားလည်အောင်၊ ပကတိ အမှန်တရား Universal truth ကို လက်ခံတတ်အောင်၊ သဘာဝ ပတ်ဝန်းကျင်ကို တန်ဖိုးထားတတ်အောင်၊ လူ့အခွင့်အရေးနဲ့ တရားမျှတမှုကို လေးစားတတ်အောင်၊ ရေရှည် တည်တံ့နိုင်တဲ့ ဖွံ့ဖြိုးတိုးတက်မှု (Sustainable Development)ကို နားလည်အောင် သင်ကြားပေးဖို့ ဆိုတာတွေကို ထည့်သွင်း စဉ်းစားလာပါတယ်။ အဲဒီအပြင်၊ စာသင်သားတွေ အနေနဲ့ လူမျိုးစုံဘာသာစုံ ချစ်ချစ်ခင်ခင်နဲ့ အတူတကွပူးပေါင်းယှဉ်တွဲ နေထိုင်နိုင်ရေးအတွက် ငြိမ်းချမ်းတဲ့ ပညာရေး (Peace Education)ဆီကိုလည်း ဦးတည်လာတာ တွေ့ရပါ တယ်။ ဒါဟာလည်း ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးအထိ ရည်ရွယ်တဲ့ အမျိုးသားပညာရေးပုံစံလို့ ဆိုနိုင်ပါတယ်။

တကယ်တော့ ကိုယ့်နိုင်ငံရဲ့ ပညာရေးတိုးတက်ဖွံ့ဖြိုးဖို့ အတွက်ဆိုရင် ၀ိုင်းဝန်းကူညီကြမယ့် အသင်းအဖွဲ့တွေကို အစိုးရကိုယ်တိုင်က လက်ခံပြီး အတူတကွ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်လှပါတယ်။

မေငြိမ်း
၂၀၀၇။


Friday, November 16, 2007

မြန်မာနိုင်ငံနဲ့ အမျိုးသားပညာရေး

အမျိုးသားပညာရေးဆိုတာဟာ အဓိကကတော့ ကိုယ့်နိုင်ငံရဲ့လိုအပ်ချက်တွေနဲ့ ကိုက်ညီပြီး ကမ္ဘာလုံးဆိုင်ရာ တိုးတက်မှုဖြစ်စဉ်တွေကိုလည်း အမီလိုက်နိုင်တဲ့ ပညာရေးမျိုးဖြစ်ဖို့အတွက် အစိုးရက ကူညီ ကိုင်တွယ် ပေးတာပါပဲ။ ဒီနေရာမှာ ကိုယ့်နိုင်ငံရဲ့ လိုအပ်ချက်ဆိုတာမှာ ဘာသာစကား၊ အနုပညာ နဲ့ ယဉ်ကျေးမှု အစဉ်အလာ၊ ဘာသာရေး ဓလေ့ထုံးစံတွေကို သေသေချာချာ သိဖို့၊ ထိန်းသိမ်းဖို့ဆိုတာတွေ ပါကောင်း ပါနိုင်ပါ တယ်။ အဲဒီ အပြင် ကိုယ့်နိုင်ငံရဲ့ ဦးတည်ရာလမ်းကြောင်းပေါ် မူတည်ပြီးတော့လည်း ကလေးတွေရဲ့ ပညာရေး ကို ခေတ်နဲ့ အမီ လိုက်နိုင်အောင် ရေးဆွဲ ဖန်တီးကြရပါတယ်။

အမျိုးသားပညာရေးနဲ့ပတ်သက်ရင် သီးခြား ထီးတည်းနေလေ့ရှိပြီးတော့ ပညာရေးမှာ ခိုင်မာတဲ့ အခြေခံမူရှိပြီး သားလည်းဖြစ်တဲ့ အင်္ဂလန်နိုင်ငံတောင်မှပဲ ၁၈၀၀ခုနှစ်နောက်ပိုင်း၊ ဥရောပဘက်ခြမ်းမှာ အမျိုးသားပညာရေး ကို ဦးတည်လုပ်လာတဲ့ အခါမှာတော့ သူလည်း လိုက်ပြီး ပြောင်းလဲပြုပြင်ရေး လုပ်ရပါတော့တယ်။ အင်္ဂလန် အစိုးရ ပါလီမာန်က ၁၈၅၆ခုနှစ်လောက်မှာ အခြေခံပညာရေးအဆင့်ကို ၀င်ပြီး ကူညီ ပံ့ပိုးပေးလာပါတယ်။ အထူးသဖြင့် ၁၈၈၉မှာ ပညာရေးအကြံပေး ဘုတ်အဖွဲ့ ဖွဲ့ပြီး အခြေခံအဆင့်မြင့်တန်းတွေနဲ့ စက်မှုလက်မှု ပညာရေးတွေအတွက် ရှေ့ဆောင်လမ်းညွှန်မှုတွေ လုပ်လာရာကနေ အမျိုးသားပညာရေးဘက်ကို တဖြည်းဖြည်း တည်ဆောက်လာတာပါ။ အင်္ဂလန်နိုင်ငံပညာရေးရဲ့ ဦးတည်ချက်ကတော့ အခြေခံလူထုကို ပညာချစ်တတ်လာအောင် ပညာရေးကို စိတ်ဝင်စားလာအောင် အစိုးရက ကူညီပေးပြီး၊ တက္ကသိုလ်အဆင့် ရောက်ရင်တော့ တဦးချင်းစီရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့် နဲ့ သင်ယူခွင့်ကို အပြည့်အ၀ ပေးထားပါတယ်။

အမေရိကန်နိုင်ငံမှာဆိုလည်း မူလတန်းအဆင့ှ်မှာကိုပဲ ကလေးတွေဟာ သူတို့နိုင်ငံနဲ့သက်ဆိုင်တဲ့ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးဆိုင်ရာတွေကို အကြမ်းဖျဉ်းကနေစပြီး သင်ကြရပါပြီ။ ပြီးတော့ အမေရိကန်နိုင်ငံဟာ ပြည်ထောင်စုနိုင်ငံဖြစ်တဲ့အတွက် အခြေခံပညာမှာ သက်ဆိုင်ရာဒေသအလိုက် ကိုယ့်ဒေသနဲ့ပတ်သက်တဲ့ အချက်အလက်တွေနဲ့ အားသာချက် အားနည်းချက်တွေကို ပထ၀ီဝင်နိုင်ငံရေးအနေနဲ့ သင်ကြရပါတယ်။ ကျောင်းသားနဲ့ဆရာ အပြန်အလှန် ဆွေးနွေးဝေဖန်ရင်းကနေ ကျောင်းသားတွေဟာ ကိုယ့်နိုင်ငံရဲ့ လိုအပ်ချက် တွေကို သုံးသပ်နိုင်တဲ့ အလေ့အကျင့်တွေ ရသွားကြပါတယ်။ ဒါဟာ၊ အနည်းဆုံးတော့ သူ့နိုင်ငံအတွက် နိုင်ငံသားကောင်း ဖြစ်လာအောင် ပျိုးထောင်ပေးနိုင်တဲ့ ပညာရေးပါပဲ။

စင်္ကာပူနိုင်ငံကတော့ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုကြောင့် ကျောင်းသားတွေဟာ ရုပ်ဝတ္ထုပိုင်းမှာ အားကောင်း လာတာကြောင့် စိတ်ပိုင်းနဲ့ ကိုယ်ကျင့်တရားစွမ်းရည်ပိုင်းတွေမှာ အားနည်းလာမှာစိုးတဲ့အတွက် အစိုးရက ၂၀၀၅ခုနှစ် နောက်ပိုင်းကစပြီး အခြေခံပညာရေး ထဲမှာ သိပ္ပံနည်းပညာနဲ့အတူ Moral Education အဖြစ် ကိုယ်ကျင့်တရားဆိုင်ရာနဲ့ ရသဆိုင်ရာတွေကို အားပေးသင်ကြားဖို့ မူ ချမှတ်လိုက်ပါတယ်။ တချိန်တည်းမှာပဲ စင်္ကာပူနိုင်ငံဟာ သူတို့တိုင်းပြည်ကို နည်းပညာတိုင်းပြည်အဖြစ် ထူထောင်နေတာမို့လို့ ကျောင်းပညာရေးမှာ နည်းပညာပိုင်းကိုလည်း အစွမ်းကုန် အားပေးနေတာ တွေ့ရပါတယ်။ ဥပမာအဖြစ် ပြောပြရရင် စင်္ကာပူနိုင်ငံမှာ မူလတန်း Grade-4 အဆင့်က ကလေးဟာ စက်ရုပ်ရဲ့ ဖွဲ့စည်းပုံအကြောင်းတွေ၊ Computer Programming တွေ သင်နေရပါပြီ။ ဒါဟာ သူ့နိုင်ငံရဲ့ လိုအပ်ချက်အရ တည်ဆောက်ထားတဲ့ အမျိုးသား ပညာရေးပါပဲ။

မြန်မာနိုင်ငံရဲ့ အခြေခံပညာရေးမှာကတော့ ပြဌာန်းထားတဲ့ ဘာသာရပ်တော်တော်များများဟာ ၁၉၆၄ခုနှစ် ကတည်းက အတည်ပြုပြဌာန်းခဲ့တဲ့ သင်ရိုးတွေ ခေါင်းစဉ်တွေသာ ဖြစ်နေဆဲပါ။ တချို့သင်ခန်းစာတွေဟာ ခေတ်နဲ့ မလျော်ညီတော့တဲ့အပြင် လက်တွေ့လည်း အသုံးချလို့မရတော့တဲ့ သင်ခန်းစာတွေပါ။ အဲဒီအပြင် ပြဌာန်းစာတွေကို ဆန်းသစ်အောင် ပြင်ဆင်မွမ်းမံတာမျိုး တိုးချဲ့သင်ကြားတာမျိုးလည်း မရှိသေးပါဘူး။ နိုင်ငံအာဏာပိုင်နဲ့ ပညာရေးဝန်ကြီးဌာနက အိုင်တီပညာရေးလို့ ကြွေးကြော်ထားပေမဲ့ လက်တွေ့မှာတော့ နိုင်ငံရဲ့လိုအပ်ချက်နဲ့ ကိုက်ညီပြီး အိုင်တီခေတ်နဲ့ သင့်တော်တဲ့ သင်ရိုးတွေ သင်ခန်းစာတွေ အသစ် တိုးချဲ့ ရေးဆွဲတာ ပြင်ဆင်ရေးဆွဲတာတွေ မတွေ့ရပါဘူး။ အာဏာပိုင် အစိုးရကလည်း နိုင်ငံရေးဆန်ဆန် ၀င်ရောက် စွက်ဖက်တာမျိုးသာရှိပြီး၊ ပံ့ပိုးကူညီတာမျိုး မရှိတာကြောင့် အမျိုးသားပညာရေးစနစ် တည်ဆောက် နေတယ် လို့ မပြောနိုင်ပါဘူး။

ဒါ့အပြင် သတင်းအချက်အလက်နဲ့ နည်းပညာခေတ်မှာ မြန်မာနိုင်ငံက ကျောင်းသားတွေဟာ တကယ်စစ်မှန်တဲ့ သိသင့်သိထိုက်တဲ့ ကမ္ဘာ့အရေးတွေကို သိခွင့်မရတဲ့အပြင် ကိုယ့်နိုင်ငံရဲ့၊ ကိုယ့်ပြည်နယ် ကိုယ့်ဒေသရဲ့ မျက်မှောက် လက်ရှိအနေအထားကိုတောင်မှ အမှန်အတိုင်း သိခွင့်မရကြပါဘူး။ ဒါကြောင့် မြန်မာနိုင်ငံက ကျောင်းသားတွေဟာ ဗဟုသုတအရာမှာ အလွန် အားနည်းနေကြရတာ ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာ့သမိုင်းဘာသာရပ် ကမ္ဘာ့သမိုင်းဘာသာရပ်တွေမှာ အာဏာပိုင်တို့အလိုကျ အလွန်ရှေးကျတဲ့ သမိုင်းတွေ ကိုသာ သင်ယူနေကြရပြီးတော့ မျက်မှောက်ခေတ်နဲ့ နှိုင်းယှဉ်ပြီး သုံးသပ် ဆွေးနွေးစဉ်းစားရတာမျိုးတွေ မလုပ်ရတာကြောင့်လည်း ကျောင်းသားအများစုဟာ ဆင်ခြင်တွေးခေါ် နိုင်စွမ်းမှာပါ အားနည်းလာကြရပါတယ်။

ပိုဆိုးတာကတော့ ခုချိန်ထိ မြန်မာနိုင်ငံပညာရေးထဲမှာ မျက်မှောက်အိုင်တီခေတ်နဲ့ ကိုက်ညီတဲ့ သင်ရိုးတွေ ပြဋ္ဌာန်းစာတွေ မရှိသေးတာပဲ ဖြစ်ပါတယ်။ အဲဒီလို ခေတ်ကို ကိုယ်စားပြုနိုင်တဲ့စာတွေ မသင်ရတဲ့အပြင် ဘာသာရေးနဲ့ ယဉ်ကျေးမှုပိုင်းကို သင်ပြန်တော့လည်း တကယ့်တကယ် သင်ကြားပေးနေတဲ့ ဆုံးမစာတွေ နီတိတွေဟာ ကလေးတွေ လူငယ်တွေကို ငြိမ်ဝပ်ပိပြားနေအောင်၊ အမိန့်နာခံတတ်အောင် ပုံသွင်းတဲ့ အဆိုအမိန့်တွေသာ ဖြစ်နေပါတယ်။

ထိုင်းနိုင်ငံနဲ့ပဲ နှိုင်းယှဉ် ဥပမာပေးရရင် ထိုင်းနိုင်ငံဟာ ကျောင်းပညာရေးထဲမှာ သူတို့ရဲ့ ဘာသာရေး၊ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာတွေနဲ့ ဘုရင်မင်းမြတ်နဲ့ သူ့မိသားစုတွေရဲ့ ကြီးကျယ်မြင့်မြတ်ပုံအကြောင်းတွေကို ထဲထဲဝင်ဝင် ထည့်သင်သလိုပဲ၊ ခေတ်မီ အိုင်တီနည်းပညာကိုလည်း တပါတည်း ပူးတွဲသင်ပေးနေတာမျိုး ရှိနေပါတယ်။ အဲဒီအပြင်၊ သူတို့နိုင်ငံရဲ့ စီးပွားရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေးပုံစံတွေကိုလည်း ထည့်သင်ပေးတာ တွေ့ရပါတယ်။ အစိုးရအနေနဲ့လည်း Office of National Education Commission လို့ ဌာနတခု သီးသန့်ထားပြီး အမျိုးသားပညာရေးကို ထိထိရောက်ရောက် ဆောင်ရွက်နေပါတယ်။

တကယ်တော့ အမျိုးသားပညာရေးကို တိုးတက်အောင် တည်ဆောက်နေတဲ့ နိုင်ငံတိုင်းဟာ စာသင်သားတွေကို အနည်းဆုံးတော့ ကိုယ့်နိုင်ငံ ကိုယ့်ဒေသအကြောင်း တိတိကျကျ သေသေချာချာ သိထားရအောင် ပညာရေး ထဲမှာ ထည့်သွင်း သင်ကြားကြတာချည်းပါပဲ။ ဒါမှပဲ ကလေးတွေ လူငယ်တွေအနေနဲ့ တချိန်မှာ တိုင်းပြည်ကို ထိန်းသိမ်း အုပ်ချုပ်တဲ့အခါ ကျွမ်းကျွမ်းကျင်ကျင် ပိုင်ပိုင်နိုင်နိုင် ကိုင်တွယ် အုပ်ချုပ်နိုင်မှာ ဖြစ်ပါတယ်။

မေငြိမ်း (၂၀၀၇)




Tuesday, November 6, 2007

အမျိုးသားပညာရေးစနစ်

မြန်မာနိုင်ငံရဲ အဘက်ဘက်က ဆုတ်ယုတ်နေရတဲ့ အခြေခံ အကြောင်းရင်း ဟာ အုပ်ချုပ်သူတွေ ကိုယ်တိုင်က စစ်မှန်တဲ့ ပညာရေး ရထားတာမျိုး မရှိတဲ့အပြင် တကယ့် ပညာရှင်၊ ပညာရှိတွေကိုလည်း နေရာပေး အသုံးချ ခြင်း မရှိလို့ပဲလို့ ပြောနိုင်ပါတယ်။ ဒါဟာ တနည်းအားဖြင့်တော့ အမျိုးသား ပညာရေးစနစ် (National Education System)မှာ အားနည်းနေတာပဲ ဖြစ်ပါတယ်။

အမျိုးသားပညာရေးစနစ်ဆိုတာက အုပ်ချုပ်တဲ့အစိုးရက ဦးဆောင်ပြီး ကိုယ့်နိုင်ငံသားတွေကို တတ်သင့် တတ်အပ်တဲ့ ပညာတွေ ဖြန့်ဖြူးပေးတဲ့ စနစ်ပါ။ နိုင်ငံတနိုင်ငံ ထူထောင်ရေးမှာ အမျိုးသားပညာရေးစနစ်က ဘယ်လောက် အရေးပါတယ်ဆိုတာကို ပြောရရင် ကမ္ဘာ့သမိုင်းမှာ အထင်အရှားရှိခဲ့တဲ့ ပရပ်ရှား ကျောင်းဆရာ တွေရဲ့ အောင်ပွဲလို့ ကျော်ကြားတဲ့ Victory of Prussians school masters ဆိုတဲ့ တိုက်ပွဲရလဒ်ကို သက်သေပြပြိး ပြောချင်ပါတယ်။ အဲဒီတိုက်ပွဲက ၁၈ရာစုအစောပိုင်းကာလမှာ ပရပ်ရှားက ပြင်သစ်ကို အနိုင်ရခဲ့တဲ့ တိုက်ပွဲပါ၊

တချိန်တုန်းက ပရပ်ရှားနိုင်ငံဆိုတာဟာ အခု ဂျာမနီနိုင်ငံပါပဲ။ အဲဒီတုန်းက ပရပ်ရှားနို်င်ငံကို ၁၇၁၃ခုနှစ်ကနေ ၁၇၄၀ခုနှစ်ထိ အုပ်စိုးခဲ့တဲ့ Fredrick William ဘုရင်ဟာ သူ့လက်ထက်မှာ စစ်တပ်အင်အား၊ စီးပွားရေး အင်အားတောင့်တင်းခိုင်မာအောင် လုပ်နိုင်ခဲ့ရုံသာမကဘဲ ၁၇၁၇ ခုနှစ်က စပြီးတော့ ပရပ်ရှားနိုင်ငံ ပညာရေးကို အမျိုးသား ပညာရေးအဖြစ် ထူထောင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ အချိန်မှာတုန်းကတော့ အားကောင်း တဲ့ ပညာရေး ဖြစ်မလာသေးပါဘူး။

ပြင်သစ်ဘုရင်နပိုလီယံလက်ထက် ၁၈၀၆ခုနှစ်မှာတော့ ပရပ်ရှားနဲ့ ပြင်သစ်တို့ စစ်ဖြစ်ပြီး ယေနားမြို့ (Jena) စစ်ပွဲမှာ ပရပ်ရှားတွေ စစ်ရှုံးပါတယ်။ အဲဒီစစ်ပွဲကို Disaster of Jena လို့ ပရပ်ရှားတွေက ခေါ်ကြပါတယ်။ အဲဒီစစ်ပွဲမှာ သူတို့ ဥာဏ်ပညာနည်းလို့ ရှုံးရတယ်လို့ ပရပ်ရှားတွေက ယူဆကြပါတယ်။ အဲဒီအခါ တနိုင်ငံလုံးအတိုင်းအတာနဲ့ ပညာတတ်ဖို့ လိုပြီလို့ ဆုံးဖြတ်ပြီး ပရပ်ရှားတွေဟာ အမျိုးသားပညာရေးကို အားသွန်ခွန်စိုက်တည်ဆောက်တော့တာပါပဲ။

အဲလိုနဲ့ နောက်ထပ် နှစ်ပေါင်း၆၄နှစ်အကြာ တတိယနပိုလီယံလက်ထက်မှာ ပြင်သစ်နဲ့ ပရပ်ရှားတို့ စစ်ပွဲ ထပ်ဖြစ်တဲ့အခါမှာတော့ ဆီဒန်းမြိုတိုက်ပွဲမှာ ပရပ်ရှားက အနိုင်ရသွားပါတော့တယ်။ ပြင်သစ်ရဲတတိယမြောက် နပိုလီယံဘုရင်က လက်နက်ချလိုက်ရပါတယ်။ အဲဒီ အောင်ပွဲကို Victory of Prussians school masters လို့ခေါ်တာပါ။ နောက်ပိုင်းမှာတော့ ပရပ်ရှားတွေက သူတို့ စစ်နိုင်ရတာ ပညာဥာဏ် ကြောင့်ပဲလို့ ပိုလက်ခံသွားပြီး ပညာရေးပြုပြင်တည်ဆောက်မှုတွေကို စဉ်ဆက်မပြတ် လုပ်တော့တာပါပဲ။ ပညာရေးရဲအရေးပါမှုကို ဂျာမန်လူမျိုးတွေက အဲဒီ ၁၉ရာစု အစောပိုင်းကာလကတည်းက သိခဲ့ပြီလို့ ဆိုရမှာပါ။ ဒါ့ကြောင့်ပဲ အမျိုးသားပညာရေးစနစ်ကို စခဲ့တာ ဂျာမနီနိုင်ငံလို့တောင် ဆိုနိုင်ပါတယ်။ ခုဆိုရင်တော့ ဂျာမနီနိုင်ငံဟာ ဥရောပမှာ ထိပ်တန်းရောက်တဲ့ နိုင်ငံအဖြစ် နေရာယူလာနိုင်တာ တွေ့နေပြီ ဖြစ်ပါ တယ်။

ဒီကနေ့ အောင်မြင်မှုအရာမှာ ထိပ်ပိုင်းကပဲ ရှိနေတဲ့ ဂျပန်နိုင်ငံဟာလည်း အမျိုးသားပညာရေးကို တည်ဆောက်ထားတဲ့ နိုင်ငံပဲ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲအမျိုးသားပညာရေးတည်ဆောက်ပုံကတော့ အစိုးရက ပညာရေးကို ဦးဆောင်တယ် ဆိုပေမဲ့ အစိုးရက ပညာရေးအတွက် အခြေခံမူဝါဒနဲ့ သင်ရိုးအညွှန်းဘောင် တွေလောက်ကိုပဲ သတ်မှတ်ပေးပါတယ်။ သင်ရိုးအသေးစိတ်နဲ့ သင်ကြားနည်း စနစ်ပိုင်းဆိုင်ရာတွေကိုတော့ သက်ဆိုင်ရာဒေသအလိုက် မြို့အလိုက် ကျောင်းအလိုက် ပညာရေးပညာရှင်တွေက သင့်တော်သလို ရေးဆွဲ ရပါတယ်။ အစိုးရက ပညာရေးစနစ်ကို ကူညီပံ့ပိုး ထိန်းသိမ်းပေးတဲ့ အနေအထားမှာပဲ နေပြီးတော့ ပညာရှင်တွေကိုသာ ဦးဆောင်လုပ်ပိုင်ခွင့်အပြည့် ပေးထားတဲ့ သဘောပါပဲ။

အဲဒီအခါမှာ ဒေသအလိုက် အခြေခံပညာကျောင်းတွေက ပြာန်းစာတွေကို သူ့ထက်ငါ ကောင်းသထက် ကောင်းအောင် အပြိုင်အဆိုင် ရေးဆွဲ သင်ကြားကြပါတယ်။ ဒါဟာ၊ ပညာရေးကို ကောင်းသထက် ကောင်းအောင် တွန်းအားပေးသလိုလည်း ဖြစ်တဲ့အတွက် ဂျပန်နိုင်ငံဟာ ပညာရေးအရာမှာ နောက်ကျ မကျန်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအပြင်၊ သင်ရိုးတွေမှာ ဒေသအလိုက် လိုအပ်ချက်(Local needs)တွေကို ထည့်သင်ခွင့် ရတာကြောင့်လည်း ကျောင်းသားတွေဟာ အခြေခံပညာရေးကတည်းက ကိုယ့်နိုင်ငံ ကိုယ့်ဒေသ ရဲ အားသာချက် အားနည်းချက်တွေကို သေသေချာချာ သိခွင့်ရသွားပြီး အထက်တန်း ပညာရေး ရောက်တဲ့ အခါ ကိုယ့်ဒေသအတွက် လိုအပ်တဲ့ ဘာသာရပ်တွေကို ရွေးချယ်သင်ကြားခွင့် ရသွားကြပါတယ်။ ဒါဟာ တိုင်းပြည်ပြုပြင် တည်ဆောက်ရေးအတွက် တကယ်လိုအပ်တဲ့ အရေးပါတဲ့ ကျောင်းပညာရေးပုံစံပါပဲ။ အမျိုးသားပညာရေးစနစ်ကောင်းတခုလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာကတော့ ပညာရေးကို အစိုးရကသာ လုံးဝ ချုပ်ကိုင်ထားပါတယ်။ အခြေခံပညာကနေ စပြီး တက္ကသိုလ်ပညာရေးအထိ အစိုးရရဲ ထိန်းချုပ်မှုအောက်မှာသာ ရှိနေပါတယ်။ ပညာရေးအာဏာပိုင် တွေမှာ ဘာလုပ်ပိုင်ခွင့်မှ မရှိတဲ့အပြင် ပြာန်းစာတွေထဲမှာ အစိုးရက ၀ါဒဖြန့်တဲ့ အကြောင်းအရာမှား တွေကို ထည့်သင်တာမျိုးဟာလည်း ပညာရေးစနစ်နဲ့ မသင့်တော်တဲ့ အချက်ဖြစ်ပါတယ်။ အဲဒီအပြင၊် ကိုယ့်နိုင်ငံရဲ အားနည်းချက် ချိုယွင်းချက်တွေကို သင်ခွင့်မရတဲ့အတွက်ကြောင့်လည်း နောင်အနာဂတ်မှာ တိုင်းပြည်ကို ထူထောင်ရမယ့် ကျောင်းသားတွေဟာ ကိုယ့်နိုင်ငံရဲ တကယ့်လိုအပ်ချက်တွေကို မသိတဲ့ သူတွေအဖြစ်နဲ့ ကြီးပြင်းသွားကြရပါတယ်။ ဒါဟာ အနာဂတ်နိုင်ငံ တည်ဆောက်ရေးအတွက်တော့ ပျော့ကွက် ဟာကွက်ကြီး တခုပဲ ဖြစ်ပါတယ်။

အခု ကမ္ဘာမှာ တိုးတက်နေတယ်ဆိုတဲ့ နိုင်ငံတိုင်းဟာ သူတို့နိုင်ငံအတွက် အမှန်တကယ်လိုအပ်တဲ့ သင့်လျော် ကောင်းမွန်တဲ့ ပညာရေးစနစ်ကို တည်ဆောက်ပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ ပညာတတ်အောင် ဆောင်ရွက် မှုတွေကြောင့်သာ ဖွံ့ဖြိုးတိုးတက်နေတာ ဖြစ်ပါတယ်။ ပညာဥာဏ်မြင့်မားတဲ့ အစိုးရနဲ့ ပညာကောင်းကို ရထားတဲ့ နိုင်ငံသားတွေကသာ ကိုယ့်နိုင်ငံကို အောင်မြင် တိုးတက်တဲ့ နိုင်ငံတနိုင်ငံအဖြစ် ရေရှည် တည်ဆောက်နိုင် ထိန်းသိမ်းနိုင်မှာလည်း ဖြစ်ပါတယ်။ ဒါကြောင့်ပဲ၊ ကမ္ဘာတ၀ှမ်းက တိုးတက်တဲ့ နိုင်ငံတွေဟာ ပညာရှင်တွေကို အလုအယက် မွေးမြူနေကြတာပါ။ တနေ့ထက်တနေ့၊ တိုးတက်သထက် တိုးတက်တဲ့ သင်ရိုးတွေ၊ သင်ကြားနည်းစနစ်တွေ သင်ထောက်ကူပစ္စည်းတွေ ပညာရှင် ဆရာ ဆရာမ တွေကို သုံးပြီး ခေတ်မီပညာရေးဖြစ်အောင် တည်ဆောက်ပေးနေကြတာ တွေ့ရပါတယ်။ ဒါဟာ၊ တနည်းအားဖြင့်တော့ ကိုယ့်နိုင်ငံကို ခိုင်မာတဲ့ နိုင်ငံတခုအဖြစ် ရေရှည် တည်တံ့နိုင်အောင် တည်ဆောက်နေတာလည်းပဲ ဖြစ်ပါတယ်

မေငြိမ်း(၂၀၀၇)