Thursday, September 13, 2007

တသက်တာ ပညာရေး

Informal Education ဟာ စာသင်သားတွေက ပတ်ဝန်းကျင်လောကတစ်ခုလုံးဆီကနေ အတတ်ပညာ အမျိုးမျိုးကို သင်ယူတာပဲဖြစ်တယ် လို့ ကမ္ဘာ့ပညာရှင်အများစုက ဆိုကြပါ တယ်။ ဒီတော့ Informal Education ဟာ ဘ၀တလျှောက်လုံး ယူလို့ရနိုင်သမျှ ဘယ်လိုအတတ်ပညာမျိုးကိုမဆို ကိုယ့်အားကိုယ်ကိုးပြီး သင်ယူသွား နိုင်တဲ့ နည်းပါပဲ။ ဒီနေရာမှာ ပတ်ဝန်းကျင် တလောကလုံးဟာ သင်ယူရမယ့် နယ်ပယ်ပါပဲ။ အဲဒီအခါမှာ ကလေး လူငယ် တွေနဲ့ အနီးစပ်ဆုံးဖြစ်ပြီး ကလေးတွေရဲ့ သင်ယူမှုကို ကူညီလမ်းညွှန် ပေးရမယ့် မိဘတွေက သိပ် အရေးပါ လာပါတယ်။ ဒါကြောင့်ပဲ "သားသမီးမကောင်း မိဘခေါင်း" တို့ "လက်ဦးဆရာ မည်ထိုက်စွာ ပုပ္ဖာစရိယ မိနဲ့ဖ" တို့လို ဆိုရိုးတွေ ရှိခဲ့တာပါပဲ။

အခုနောက်ပိုင်း ပညာခေတ်ထဲမှာ ပြောလာကြတဲ့ Education for all, All for Education ဆိုတာတွေက Informal Education ဆီကို ဦးတည်နေတဲ့ ရည်ရွယ်ချက်တွေပါပဲ။ ကလေးအားလုံး မသင်မနေရ ပညာရေး ကို ရနိုင်ဖို့ဆိုတာကနေစပြီး ကလေးတွေ လူငယ်တွေရဲ့ လေ့လာဆည်းပူးမှုကို မိဘတွေကပါ ပူးပေါင်းပါဝင်ပြီး လမ်းညွှန်အားပေးမှ ကမ္ဘာကို အမီလိုက်နိုင်မယ် ဆိုတဲ့သဘောပါပဲ။

မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ဟာ အာဏာပိုင်တွေရဲ့ အဘက်ဘက်က ဟန့်တား ပိတ်ပင် တာတွေ အကူအညီ မပေးတာတွေကြောင့် ၁၉၆၂ခုနှစ် နောက်ပိုင်းမှာစပြီး ဆုတ်ယုတ် ကျဆင်းလာခဲ့ပါတယ်။ ၁၉၈၈ နောက်ပိုင်း မှာတော့ ပြိုလဲလုလုအထိ ဖြစ်လာပါတယ်။ ဒါပေမဲ့ သက္ကရာဇ် ၂၀၀၀ နောက်ပိုင်းမှာတော့ ကမ္ဘာလုံးဆိုင်ရာ ပြောင်းလဲမှု (Globalization) ရဲ့ တွန်းအားကြောင့် မြန်မာနိုင်ငံမှာ အနှောက်အယှက် အဖျက်အဆီး အပိတ် အဆို့ အမျိုးမျိုးတွေကြားထဲကပဲ လူငယ်တချို့ဟာ ကျောင်းပြင်ပ ပညာရေး အကူအညီနဲ့ အများကြီး ထူးချွန် တိုးတက် လာခဲ့ကြပါတယ်။

လူငယ်တွေ တကယ်တိုးတက်ပြီး အမြင်ကျယ်လာရင် အဲဒီ ရေစီးကြောင်းဟာ ပိတ်ဆို့ တားဆီးလို့ မရနိုင်ပါဘူး။ ပွင့်ကို ထွက်ရပါတယ်။ ဒါကြောင့်ပဲ အခုဆိုရင် မြန်မာနိုင်ငံမှာ တော်တဲ့ လူငယ်တွေ အများကြီး ရှိနေတာကို ကမ္ဘာ က သိလာတဲ့အတွက် အခွင့်အရေးတွေ ပွင့်လာနေပါပြီ။

အရင်က လူချမ်းသာသားသမီးတွေမှ သင်နိုင်တဲ့ ပြည်ပ ပညာရေးကို အခုအချိန်မှာတော့ ပညာ တကယ် ထူးချွန် ပြီး နား မျက်စေ့ ဖွင့်ထားမယ်ဆိုရင် သာမန် လူလတ်တန်းစား သားသမီးတချို့လဲ သင်ယူခွင့် ရနိုင်ပါပြီ။ အာဏာ ပိုင် တွေဘက်က ပြည်သူလုထုအတွက် Internet သုံးစွဲခွင့်လို၊ ခေတ်ပေါ် နိုင်ငံတကာ စာအုပ်စာတမ်း လွတ်လပ်စွာ ဖတ်ခွင့်လို အခွင့်အရေးတွေကို ဘယ်လောက်ပဲ တံခါးပိတ် ကန့်သတ် ထားချင်ပေမဲ့ အာဏာပိုင် တွေအနေနဲ့က သူတို့ရဲ့ အရေးကိစ္စတွေ အတွက်လဲ ပြင်ပဆက်သွယ်ရေး တံခါးပေါက်တွေကို မဖြစ်မနေ ဖွင့်ရ သေးတာမို့လို့ သတိရှိတဲ့၊ အခွင့်အလမ်းကို အသုံးချတတ်တဲ့ လူတော်လေးတွေ အခွင့်အရေး ရနိုင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

တကယ်တော့ အစိုးရကျောင်းသင်ပညာရေး ဖြစ်တဲ့ Formal Education ကိုတောင် ကောင်းကောင်းမရနိုင်တဲ့ ဒီ မြန်မာနိုင်ငံထဲမှာ ပြည်ပ ပညာတော်သင်ဆုရအောင် ကြိုးစားခဲ့ကြတဲ့ လူလတ်တန်းစားကလေးတွေဟာ ကျောင်းပြင်ပ ပညာရေးတွေ အားကိုးနဲ့ ကြိုးစားခဲ့ကြရတာပါ။ စာကြည့်တိုက် အားကိုး၊ စာအုပ်စာပေ အားကိုး၊ အင်တာနက် အားကိုး နဲ့ ကျားကုတ် ကျားခဲ လေ့လာ အားထုတ် ခဲ့ကြတာပါ။ ဒီနေရာမှာ မိဘတွေရဲ့ သွန်သင် ညွှန်ပြမှုနဲ့ အားပေး မြေတောင်မြှောက် ပံ့ပိုးပေးမှုက သိပ်အရေးကြီးပါတယ်။


အခုခေတ် လူငယ်တွေဟာ ဆုတ်ယုတ်ကျဆင်းနေတဲ့ နိုင်ငံကို ပြုပြင်ပြောင်းလဲဖို့အတွက်၊ ပြီးတော့ အချိန်မီ ပြန် ထူထောင်နိုင်ဖို့အတွက်ဆိုရင် ပညာ တကယ်တတ်မှ ကမ္ဘာ့ အဆင့်မီမှ ရတော့မယ်ဆိုတာကို ကောင်းကောင်း သိနေကြပါပြီ။ အဲဒီအခါ Informal Education ဟာ သိပ်ကို အရေးပါလာပါပြီ။ အထူးသဖြင့် တက္ကသိုလ်က ကလေးတွေ အတွက် ကျောင်းတွေကို စာသင်နှစ်တွေ ချုံ့ပစ်ထားတဲ့အပြင် သင်ရိုးတွေလဲ လျှော့ပစ်တာ မို့ စာ တကယ် မတတ်ကြတော့ပါဘူး၊ ဒါကြောင့် ဘွဲ့ရပေမဲ့ အရည်အချင်းမမီ ဖြစ်နေကြရပါတယ်။ အဲဒီအခါမှာ အသုံးဝင် တဲ့၊ တန်ဖိုးရှိတဲ့ အဆင့်မီ ဘွဲ့ရ ပညာတတ် အစစ် ဖြစ်ဖို့အတွက် မိဘ နဲ့ သားသမီိး ညီညီညွတ်ညွတ် ပူးပေါင်းပြီး ကျောင်းပညာရေး နဲ့အတူ ကျောင်းပြင်ပပညာရေးကိုပါ အရယူကြရမှာဖြစ်ပါတယ်။

အခု ၂၀၀၄ခုနှစ် နောက်ပိုင်းမှာဆိုရင် လူထုအပေါ် စေတနာကြီးတဲ့ ဂုဏ်သိက္ခာရှိတဲ့ ဂျာနယ် မဂ္ဂဇင်းတချို့က လူငယ်တွေအတွက် ဗဟုသုတ တိုးစေတဲ့ အသိတရား ပေးနိုင်တဲ့ စာတွေ ပညာရေးသတင်း အချက်အလက် တွေ ကို အများကြီး ဖေါ်ပြပေးလာတာ တွေ့ရ ပါတယ်။ ပြုစုပျိုးထောင်တဲ့သူတွေ အများကြီး ရှိလာတဲ့ သဘော ပါပဲ။ တချိန်တည်းမှာပဲ စာဖတ်သင်းတွေ စာကြည့်တိုက်တွေ ပညာရေးဆိုင်ရာ စကားဝိုင်းကလေးတွေ တိုးပွား လာ ပါပြီ။ စာဖတ်ခန်းတွေ ဆိုက်ဘာကဖေးတွေထဲမှာ လူငယ်တွေ ရောက်လာ ပါပြီ။ အဲဒါဟာ Informal Education ရဲ့ အနှစ်သာရပါပဲ။ နည်းမှန်လမ်းမှန် ပညာရှာတာမျိုး ဖြစ်ဖို့တော့ လိုပါ တယ်။ ဒါပေမဲ့ ဘာပဲ ဖြစ်ဖြစ် ကျောင်းပြင်ပမှာ ပညာရှာတဲ့သူတွေ ပညာလိုလားသူတွေ လေ့လာ ဆည်းပူးတဲ့ သူတွေ များလာတာဟာ နိုင်ငံထူထောင်ရေးအတွက်တော့ သိပ်အားကောင်းတဲ့ မျှော်လင့်ချက် တစ်ခုပါပဲ။


၁၈၃၁ ခုနှစ်ကနေ ၁၈၈၁ ခုနှစ်အထိအမေရိကန်နိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ သမ္မတ James Garfield က
လွတ်လပ်မှုနဲ့ တရားမျှတမှုပြီးရင် အရေးကြီးဆုံးက ပြည်သူလူထုရဲ့ ပညာရေးပါပဲ… အဲဒါမှမရှိရင် လွတ်လပ်မှုကိုရော တရားမျှတမှုကိုရော တည်တံ့အောင် ထိန်းထားနိုင်မှာ မဟုတ်ဘူး…
လို့ ပြောခဲ့ပါတယ်၊ အဲဒါနဲ့ ဆက်စပ်ပြီး နိုင်ငံတနိုင်ငံမှာ လွတ်လပ်မှု တရားမျှတမှုတွေ မရှိတာဟာ တကယ့် ပညာတတ်တွေ နည်းပါးနေလို့ပဲလား ဆိုတာကို တွေးကြည့်စရာ ကောင်းလှပါတယ်။


ဘွဲ့တွေ နှစ်ခု သုံးခု ရကြပြီး အတတ်ပညာ ဘာသာရပ်ဆိုင်ရာ စာပေတွေထဲမှာပဲ နစ်မြုတ်နေတဲ့ ပညာရှင်တွေ တောင်မှပဲ အသိဥာဏ်ပညာနဲ့ ယှဉ်တဲ့ ဆင်ခြင်တုံတရား ရှိဖို့ အတွက်ဆိုရင် ကိုယ့်ကျင့်တရားဆိုင်ရာ… စိတ်အင်အား ဆိုင်ရာ ဘာသာရပ် တွေ စာပေတွေကို လေ့လာကြရပါတယ်။ ပြီးတော့ ပညာရှင်အချင်းချင်း ဆွေးနွေးပွဲတွေ စကားဝိုင်းတွေ လုပ်ပြီး အသိအမြင်တွေ လေ့လာ ဖလှယ်နေကြရပါတယ်။


အဲလို လေ့လာ ကြရ တာဟာလည်း Informal Education ပါပဲ ။ ဒါကြောင့် Informal Education ဟာ Lifelong learning လည်း ဖြစ်တာမို့ တဘ၀စာလုံးအတွက် လိုအပ်တဲ့ အသုံးဝင်တဲ့ ပညာရေးပဲ ဖြစ်ပါတယ်။

မေငြိမ်း၊ ၂၀၀၆။

No comments: