Thursday, September 13, 2007

ပညာရေးလိုအပ်ချက်

ကမ္ဘာတ၀ှမ်းမှာ ၂၁ရာစုထဲကို ၀င်တော့မယ် ဆိုကတည်းက ကလေးတွေ လူငယ် တွေအတွက် ပညာရေးနဲ့ ပတ်သက်ပြီး အဘက်ဘက်မှာတိုးတက်အောင် ပြင်ဆင်ကြ ကြိုးစား အားထုတ်ကြတဲ့အကြောင်းတွေကို ပြောခဲ့ပြီးပါပြီ။ မြန်မာနိုင်ငံမှာလည်း ပညာရေး အာဏာပိုင်တွေက ၂၁ရာစုမှာ ပညာရေးကို ကမ္ဘာ့အဆင့်မီ လုပ်မယ်လို့ ကြွေးကြော် ခဲ့ပါ တယ်။ ဗိုလ်ချုပ်ကြီးခင်ညွန့် လက်ထက် ၁၉၉၉ ကနေစပြီး ပညာရေးကဏ္ဍ အတွက် နှစ်ရှည်စီမံကိန်း ရေးဆွဲခဲ့ပါတယ်။


မြန်မာနိုင်ငံရဲ့ ထုံးစံအတိုင်း စာရွက်ပေါ်မှာတော့ အင်မတန် ကောင်းမွန်ပြည့်စုံတဲ့ အစီအစဉ်တွေပါပဲ။ ဒါပေမဲ့ တကယ့်တကယ်မှာတော့ စာမေးပွဲ အောင်ချက်နဲ့ ကျောင်း မှန်မှန် ဖွင့်နိုင်တဲ့ အနေအထားကလွဲပြီး ကလေးတွေ အမှန်တကယ် ပညာတတ်ရေး နဲ့ အသိဥာဏ် ဖွံ့ဖြိုးရေးကိုတော့ ခုချိန်ထိ အောင်မြင်အောင် မလုပ်နိုင်သေးပါဘူး။ တကယ်တော့ လက်ရှိ အာဏာပိုင်တွေ ရဲ့ စီမံကိန်းတွေက စာရွက်ပေါ်မှာ ချရေးပြ နိုင်ဖို့ အတွက်လောက်ပဲ အားထုတ်ထားတာလို့တောင် ပြောရမှာပါ။

ဒါကြောင့် မြန်မာနိုင်ငံရဲ့ ပညာရေးကဏ္ဍမှာ တကယ် လိုအပ်နေတဲ့ အရည်အသွေး ပြည့်မီတဲ့ ဆရာ ဆရာမ အင်အား၊ ကျောင်းအဂါင်္ရပ် နဲ့ ပြည့်စုံတဲ့ စာသင်ခန်း၊ အဆင့်အတန်းမီ သင်ထောက်ကူပစ္စည်းတွေနဲ့ ကလေးတွေ ရဲ့ ဥာဏ်ရည်တွေ ကိုယ်ရည် ကိုယ်သွေးတွေကို မြှင့်တင်ပေးနိုင်မယ့် သင်ကြားနည်း တွေမှာတော့ ခုလို နည်းပညာ ခေတ် အထိတောင် မပြည့်စုံကြသေးတာ တွေ့နေရပါတယ်။

န၀တ လက်ထက်က ချမှတ်ခဲ့တဲ့ အမျိုးသားပညာရည်မြင့်မားမှု နှစ်၃၀ စီမံကိန်း ထဲမှာတော့ အဓိက ရည်ရွယ် ချက် ၁၀ချက်ကို ရေးဆွဲထားတာ တွေ့ရပါတယ်။ အဲဒီမှာ

၁။ နိုင်ငံတော် ခေတ်မီ ဖွံ့ဖြိုးတိုးတက်စေမယ့် ပညာရေးစနစ် ရေးဆွဲရန်
၂။ လူတိုင်း အခြေခံပညာ တတ်မြောက်စေရန်
၃။ အခြေခံပညာရေး အဆင့်အတန်း တိုးမြှင့်စေရန်
၎။ အခြေခံပညာအဆင့်များတွင် အကြို အသက်မွေးဝမ်းကြောင်းပညာ နှင့်
အသက်မွေး ၀မ်းကြောင်းပညာတွေ သင်ကြား ပေးရန်
၅။ (အီလက်ထရွန်နစ်) E education - ပညာရေးစနစ်ကို ဦးတည်တဲ့ သင်ကြားရေး နှင့် ဆက်သွယ်ရေးနည်းပညာ အသုံးပြုမှု တိုးတက်စေရန်
၆။ ဘက်စုံ ဖွံ့ဖြိုးတဲ့ နိုင်ငံသားတွေ မွေးထုတ်ရန်
၇။ ပညာရေးဆိုင်ရာ စီမံအုပ်ချုပ်မှု အရည်အသွေး မြှင့်တင်ရန်
၈။ အခြေခံပညာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို လူမှုအဖွဲ့အစည်းနှင့်အတူ ဆောင်ရွက်သွားရန်
၉။ Informal Education (ဥပမာ ဘုန်းကြီးကျောင်းသင်ပညာရေး)တွေ ဖွံ့ဖြိုး တိုးတက် စေရန်
၁၀။ ပညာရေး သုတေသနပိုင်းမှာ တိုးတက်စေရန် ဆိုတာတွေ ပါပါတယ်။

အဲဒီ ရည်ရွယ်ချက် တွေဟာ အစိုးရရဲ့ မူဝါဒတွေကို ဖေါ်ဆောင်ဖို့ဆီကို ဦးတည်ပြီး ယျေဘုယျ လည်း ဆန်လှ ပါတယ်။ ပြီးတော့ လက်ရှိအစိုးရဟာ လက်တွေ့မှာလဲ နိုင်ငံတော်ရဲ့ အသုံးစရိတ်အဖြစ် ပညာရေးအတွက် လူတစ်ဦး အတွက် ၁ ဒဿမ ၁ ဒေါ်လာ သုံးပြီး စစ်တပ်အတွက် သုံးရာမှာတော့ စစ်သား တစ်ယောက်အတွက် ဒေါ်လာ၄၀၀သုံးတယ်လို့ သူတို့ရဲ့ နိုင်ငံတော်အသုံးစရိတ်နောက်ဆုံးထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ ဒါဟာ ပညာရေးအတွက် သူတို့ကြေငြာထားတဲ့ နှစ်ရှည်စီမံကိန်းကြီးကို အကောင်အထည် ဖေါ်ဖို့ဆိုရင် ဘယ်လိုမှ မဖြစ်နိုင်လောက်အောင် နည်းပါးလှတဲ့ အသုံးစရိတ်ပမာဏပါပဲ။

အဲဒီအပြင် စီမံကိန်းရဲ့ အသေးစိတ် အချက်အလက်တွေမှာလဲ ကလေးတွေ စာသင်သား တွေရဲ့ စိတ်ပိုင်း ရုပ်ပိုင်း ဆိုင်ရာ လိုအပ်ချက်တွေနဲ့ ဆရာ နဲ့ ကျောင်းသားအကြားက လိုအပ်ချက်တွေကို ဖြည့်ဆီးပေးမယ့် အစီအစဉ်မျိုး လုံးဝ မတွေ့ရပါဘူး။ တကယ်တော့ ဆရာ ဆရာမ နဲ့ တပည့်ကြားက အဆက်အစပ် ပေါင်းကူး တံတား ဟာ သင်ကြားနည်း ပညာပေါ်မှာ အများကြီး မူတည်နေတာပါ။

တကယ်တော့ ပညာရေးစနစ်ထဲမှာ သင်ကြားနည်းစနစ်ရဲ့ အခန်းကဏ္ဍဟာ သိပ်ကို အရေးပါတာဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဆရာဖြစ်သင်ကျောင်းတွေမှာ သင်ကြားနည်း ပညာ (Methodology) ကို ဘာသာရပ်တစ်ခု အနေနဲ့ ကို သင်ယူကြရပါတယ်။ ကမ္ဘာ တ၀ှမ်းလုံးမှာလဲ ပညာရေးနဲ့ ပတ်သက်ရင် သင်ကြားနည်း ကောင်းမွန် ထိရောက် ရေးကို ပညာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက အမြဲ အားထုတ် ကြံဆ နေတာပါ။ အထူးသဖြင့် တော့ စကင်ဒီနေး ဗီးယန်းနိုင်ငံတွေဟာ ပညာရေးအဆင့်အတန်း မြင့်တဲ့နေရာမှာ စံပြ အဖြစ် သတ်မှတ်လို့ ရတဲ့ နိုင်ငံတွေဖြစ်ပြီး သင်ရိုးနဲ့ သင်နည်းစနစ်တွေဟာ လေ့လာ နည်းနာယူစရာ ကောင်းလှပါ တယ်။ စာသင်သားတွေအဖို့ လွတ်လပ် စွာ ပညာသင်ယူခွင့် တနည်းအားဖြင့်တော့ လွတ်လပ်စွာ တွေးခေါ်ကြံဆ ခွင့်ရတဲ့ သင်ကြားနည်းပါပဲ။

ဖွံ့ဖြိုး တိုးတက်တဲ့ နိုင်ငံအတော်များများမှာတော့ အခြေခံသင်ကြားနည်းစနစ်တွေ တူနေတတ်ပါတယ်။ ဥပမာ ကလေးတွေကို သူ့ အသက်အရွယ်အလိုက် အတန်းစဉ် အလိုက် လက်တွေ့ သုတေသနစာတမ်း (Project paper)လေးတွေ လုပ်ခိုင်းတာမျိုးဟာ ကလေးရဲ့ ဥာဏ်ရည်နဲ့ စနစ်တကျ စီမံဆောင်ရွက်နိုင်စွမ်းကို ဖွံ့ဖြိုးအောင် လေ့ကျင့်ပေးတာပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ကလေးတွေဟာ တွေးတတ် ကြံဆတတ် လာပြီး စနစ်ဇယား ကို လည်း နားလည်လာပါတယ်။ ပြီးတော့ ကိုယ့်ရဲ့ တီထွင်နိုင်စွမ်း ဒါမှမဟုတ် ကိုယ့်ရဲ့ ဖန်တီး စီစဉ်နိုင်စွမ်းကို ပြန်မြင် ရတာမို့ ကလေးရဲ့ စိတ်ခွန်အားနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုစွမ်းရည်ကိုလည်း မြင့်မားလာစေနိုင်ပါတယ်။

ဒါဟာ ဆရာ ဆရာမ နဲ့ ကလေးတို့ရဲ့ အပြန်အလှန် ယုံကြည်နားလည်မှု နဲ့ ဆရာဆရာမက သင်ကြားရေးအပေါ် အာရုံစိုက်မှုဟာ သင်ကြားနည်းစနစ်ထဲမှာ သိပ် အရေးပါတယ် ဆိုတာကို သိသာစေတဲ့ အချက်ပဲ ဖြစ်ပါတယ်။

ကမ္ဘာ့နိုင်ငံတွေမှာ တူတာ နောက်တစ်ခုက ကလေးတွေကို တကယ့် လက်တွေ့ဘ၀ နဲ့ ရင်းနှီးကျွမ်းဝင်ပြီး ရင်ဆိုင်ဖြေရှင်းနိုင်အောင် လုပ်ပေးတဲ့ သင်ကြားနည်း မျိုးတွေကို သုံးတာဖြစ်တဲ့အတွက် ကျောင်းသင်ခန်းစာ တွေဟာ ကိုယ့်ပတ်ဝန်းကျင်က ကိုယ်နဲ့ ထိတွေ့ ရင်းနှီးပြီးသား အကြောင်းအရာတွေ ဖြစ်သွားပါတယ်။ ဒါကြောင့် ကလေးတွေအနေနဲ့ ခက်ခက်ခဲခဲ အလွတ်ကျက်နေ မှတ်နေစရာ မလိုတော့ပါဘူး။ အဲဒီအခါ တကယ့်အသိ တကယ့်အတတ် ကို ကလေးတွေဟာ အလွယ်တကူပဲ ရသွားကြ ပါတယ်။

အထူးသဖြင့် စကင်ဒီနေဗီးယန်း နိုင်ငံတွေမှာဆိုရင် ကျောင်းရက်ရှည် ပိတ်ရက်တိုင်းမှာ အပန်းဖြေ အပျော်ခရီး ထွက်တာကို မိဘများက ကလေးတွေအတွက် တနှစ်နဲ့ တနှစ် မတူအောင် သေသေချာချာ ဂရုစိုက်ပြီး စီစဉ်ပေး ရပါတယ်။ မိဘက ငွေကြေး မတတ်နိုင်ရင် အစိုးရက ငွေကြေး ကုန်ကျစရိတ်ကို အစအဆုံး တာဝန်ယူပါတယ်။

ဒါဟာ ကလေးတွေကို ဒေသန္တရ ဗဟုသုတ တိုးစေတဲ့အပြင် ခရီးစဉ်တလျှောက်က တွေ့ခဲ့သမျှ သဘာဝ ပတ်ဝန်းကျင် တွေ နိုင်ငံတွေ လူမျိုးတွေနဲ့ ယဉ်ကျေးမှုအကြောင်းတွေကို ကိုယ်တွေ့ သိခဲ့ရမှာမို့ ပထ၀ီဝင်လို သဘာဝသိပ္ပံလို လူမှုရေး လို ဘာသာရပ်မျိုးနဲ့ မနုဿဗေဒ ဘာသာရပ်တွေ သမိုင်းဘာသာရပ်တွေ သင်ကြား ရေးမှာ အများကြီး အထောက်အကူ ပြုနိုင်ပါတယ်။ တနည်းအားဖြင့်တော့ အဲဒီ ခရီးအစီအစဉ်ဟာ သင်ကြားရေး နည်းစနစ် တမျိုးပဲ ဖြစ်ပါတယ်။

တကယ်တော့ ကလေးတွေရဲ့ ဘက်စုံ ဖွံ့ဖြိုး တိုးတက်မှုဆိုတာ ကျောင်းပညာရေးနဲ့အတူ ဆရာမိဘတွေကပါ ပူးပေါင်း ကူညီ သင်ကြားပေးသွားကြရတာပါ။ အဓိကကတော့ အင်မတန်မှကို မြန်မြန်ဆန်ဆန်ကြီး တိုးတက် ပြောင်းလဲနေတဲ့ ကမ္ဘာကြီးထဲက နည်းပညာ တွေထဲ အမီလိုက်နိုင်ဖို့အတွက်ဆိုရင် ကလေးလူငယ်တွေဟာ တီထွင်ဖန်တီးနိုင်စွမ်းတွေ ရဲရင့်တဲ့အတွေးအခေါ်တွေ နဲ့ အရာရာကို ရင်ဆိုင်နိုင်စွမ်းတွေရှိဖို့လိုပါတယ်။ အဲဒီ အရည်အချင်းတွေ ပြည့်မီဖို့အတွက်လဲ ကလေးတွေကို ဆရာဆရာမနဲ့ မိဘတွေကပဲ ကူညီပံ့ပိုးပေးကြရမှာ ဖြစ်ပါတယ်။

မေငြိမ်း
(ဖေဖော်ဝါရီ၊၀၆)

No comments: