Thursday, December 27, 2007

ကလေးတွေအတွက် စာရိတ္တပညာ

မြန်မာနိုင်ငံရဲ ပညာရေးထဲမှာ အာဏာပိုင်တွေ ၀င်ရောက်စွက်ဖက်တဲ့အတွက် အမျိုးမျိုးသော ဆိုးကျိုးဆက် တွေ ရလာတာကို ဒီ အပတ်စဉ် ပညာရေးကဏ္ဍကနေ တော်တော်များများ ဆွေးနွေးခဲ့ပြီး ဖြစ်ပါတယ်။ စစ်အစိုးရဟာ နိုင်ငံတော်ကို အဘက်ဘက်မှာ နိုင်ငံတကာစံချိန်မီအောင် အချိန်တိုင်းမှာ လုပ်ဆောင် နေပါတယ်လို့ ကမ္ဘာသိအောင် ကြေညာထားပေမဲ့ လက်တွေ့မှာတော့ နိုင်ငံတနိုင်ငံအတွက် အရေးကြီးဆုံး ကဏ္ဍ တစ်ခုဖြစ်တဲ့ ပညာရေးကိုတော့ လုံးလုံး ပစ်ပယ် လျစ်လျူရှုထားတာကို တွေ့နေရပါတယ်။

ပညာရေးဟာ တနိုင်ငံလုံး ၀ိုင်းဝန်းပူးပေါင်းဆောင်ရွက်ရမယ့် တာဝန်တရပ် ဖြစ်တယ် ဆိုပေမဲ့ တကယ်တမ်း အဓိက ပံ့ပိုးပေးဖို့ တာဝန်ရှိတာကတော့ အာဏာပိုင် အစိုးရပဲ ဖြစ်ပါတယ်။ ဒါကြောင့် ပညာရေးကဏ္ဍ တိုးတက်ခြင်း ဆုတ်ယုတ်ခြင်းဟာ နိုင်ငံ အာဏာပိုင်တွေပေါ်မှာ လုံးလုံး တာဝန်ရှိပါတယ်။ ခုချိန် ကမ္ဘာ့ပညာခေတ်မှာ နိုင်ငံတကာက စံအဖြစ်ထားရှိတဲ့ ပညာရေးဦးတည်ချက်ဟာ ကလေးတိုင်း ပညာသင် ခွင့်ရရေးနဲ့ ကလေးအခွင့်အရေးတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာကတော့ ပညာရေးဝန်ကြီး ဒေါက်တာချမ်းငြိမ်း က အခု ၂၀၀၇ခုနှစ်ထဲမှာကို ပညာရေးကဏ္ဍ တိုးတက်အောင် ဒီမိုကရေစီနည်းကျကျနဲ့ အစွမ်းကုန် အကောင်အထည်ဖော် လုပ်ဆောင်နေကြောင်း အကြိမ်ကြိမ်ပြောနေတဲ့ကြားကပဲ မြန်မာနိုင်ငံရဲ ကျောင်းတက်ချိန်တွေမှာ ပညာသင်ခွင့် မရတဲ့ ကလေးတွေ အများကြီးကို လမ်းတွေပေါ်မှာ ဈေးဆိုင်တွေမှာ အမျိုးမျိုးသော အလုပ်ခွင်တွေမှာ တွေ့ရတာ ပိုများလာနေပါတယ်။ ဒါဟာ တကမ္ဘာလုံး အတိုင်းအတာနဲ့ ကြိုးစားဖော်ဆောင်နေတဲ့ လူတိုင်းအတွက် ပညာရေး (Education for all) ဆိုတဲ့ အခြေခံလိုအပ်ချက် ကိုတောင် ဆောင်ရွက် မပေးနိုင်သေးတာ ဖြစ်ပါတယ်။

အဲဒီအပြင် ကျောင်းခန်းထဲက ကလေးတွေမှာလည်း ကလေးတွေအနေနဲ့ ရသင့်ရထိုက်တဲ့ ကျောင်းပညာရေးနဲ့ သင်ခန်းစာတွေကို သင်ယူခွင့် မရပြန်ပါဘူး။ အာဏာပိုင်တွေဟာ ကလေးတွေရဲ ပညာရေးထဲ သူတို့ ၀ါဒဖြန့်ချင်တဲ့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ပြဿနာတွေကို ထည့်သွင်းသင်ကြားစေတာမျိုးတွေ လုပ်နေတာကို ဆွေးနွေးတင်ပြခဲ့ပြီးပါပြီ။ တကယ်တော့ ပညာရေးထဲမှာမှ အထူးသဖြင့် မူလတန်းပညာရေးဟာ အင်မတန် အရေးကြီးတာပါ။ ကလေးတွေရဲ ပညာရေးဘ၀အစဖြစ်တဲ့ မူလတန်းမှာ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအတွက် စံပြဖြစ်တဲ့ အသိပညာမျိုးတွေပေးဖို့ လိုတယ်ဆိုတာကို ပညာရေး စိတ်ပညာရှင်တွေ ပညာရေးပညာရှင်တွေ အားလုံးက တညီတညွတ်တည်း လက်ခံထားပါ တယ်။ ဒါကြောင့်ပဲ နိုင်ငံတကာက ကလေးတွေအတွက် မူလတန်းပညာရေးကတည်းက စပြီး လူမှုဆက်ဆံရေးနဲ့ စာရိတ္တပညာတွေကို ကျောင်းသင်ရိုးတွေထဲ သေသေချာချာ ထည့်သွင်း ပြဌာန်းထားတာ တွေ့ရပါတယ်။

အထူးသဖြင့်တော့ ကလေးတွေအတွက် အင်မတန်နုနယ်တဲ့ ပထမအရွယ်မှာ အဓိက သိနားလည်ဖို့ လိုအပ်တာက မေတ္တာတရားရဲသဘောသဘာဝနဲ့အတူ ပတ်ဝန်းကျင်အပေါ် အကောင်းမြင်စိတ်ဓါတ်နဲ့ အပြုသဘောဆောင်တဲ့ ကိုယ်နှုတ်အမူအယာတွေ ကိုယ်ကျင့်တရားတွေကို သိဖို့ မြင်ဖို့ နားလည်ဖို့ပဲ ဖြစ်ပါတယ်။ ဒါဟာ အနာဂတ်ကမ္ဘာ အတွက် ငြိမ်းချမ်းရေးဆီကို ဦးတည်တဲ့ ပညာရေးထဲက ရေသောက်မြစ်တခုလည်း ဖြစ်ပါတယ်။ ကမ္ဘာနိုင်ငံအတော်များများဟာ မူလတန်းပညာရေးကစပြီး ကလေးတွေဆီမှာ ‘စရိုက်အမူအယာကောင်းရှိအောင် တည်ဆောက်ပေးဖို့’၊ ‘မိသားစုစိတ်ဓါတ်ဆိုတာကို နားလည်အောင် သင်ကြားပေးဖို့’၊ ‘ကျောင်းဝန်းကျင်မှာ ပျော်ရွှင်ဖို့’၊ ‘လူမှုဆက်ဆံရေးမှာ အဆင်ပြေဖို့’၊ နိုင်ငံချစ်စိတ်နဲ့ သစ္စာရှိမှုတွေကို နားလည်ဖို့ ဆိုတဲ့ အချက်တွေကို ရည်မှန်းပြီး Character building, Bonding with family, Sense of belonging to school, Being part of society, National part and loyalty ဆိုတဲ့ ဦးတည်ချက်တွေကို အခြေခံပြီး စာရိတ္တပညာ (Moral Education) သင်ရိုးကို ရေးဆွဲကြတာ တွေ့ရပါတယ်။

အထူးသဖြင့်တော့ ပညာသင်စ မူလတန်းအရွယ်ကလေးများဟာ အနိာရုံဆန်တဲ့ အဖြစ်အပျက်တွေ၊ အဆိုးမြင်သဘောထားတွေနဲ့ မထိတွေ့သင့်ဘူးဆိုတဲ့ မူ ထားရှိတာပါပဲ။ အရှေတိုင်းရော အနောက်တိုင်းမှာပါ ယဉ်ကျေးမှုပုံစံတွေ ကွဲပြားပေမဲ့ ကလေးတွေရဲပညာရေးအတွက် ထားရှိတဲ့ ရည်ရွယ်ချက်တွေကတော့ အတူတူပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ အနီးဆုံးဖြစ်တဲ့ အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံနဲ့ စင်္ကာပူနိုင်ငံတွေဟာလည်း စာရိတ္တပညာ သင်ခန်းစာတွေကို ဒီ ရည်ရွယ်ချက်ဘောင်ထဲကပဲ ရေးဆွဲထားတာပါ။ ဒီနေရာမှာ တူညီတဲ့ သင်ရိုးအညွှန်းဘောင်ထဲကနေ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးနဲ့အလိုက် စာပေယဉ်ကျေးမှု အနုပညာတွေ၊ ရိုးရာဓလေ့ထုံးစံတွေ၊ မိသားစု စံတန်ဖိုးတွေကို သင်ပေးသလိုပဲ လူမျိုး၊ ဘာသာစကား၊ကိုးကွယ်ယုံကြည်မှု မတူသူတွေနဲ့ အဆင်ပြေပြေ လိုက်လျောညီထွေဖြစ်အောင် နေထိုင်ပုံတွေကိုလည်း သင်ပေးပါတယ်။ အဲလိုပဲ ကိုယ့်နိုင်ငံရဲ သမိုင်းကြောင်းတလျှောက်က လေးစားအတုယူဖွယ် ပုဂ္ဂိုလ်တွေရဲ့ အတ္ထုပ္ပတ္တိတွေကိုလည်း သင်ခန်းစာအဖြစ် ပြဌာန်းပြီး သင်ကြားပေးကြတာပါပဲ။

အဲလို သင်ကြားရာမှာလည်း သင်ခန်းစာတွေဟာ ကာတွန်းတွေ၊ ပန်းချီကားတွေ၊ ပုံပြင်တွေ၊ သီချင်းတွေအဖြစ်နဲ့ စိတ်ဝင်စားစရာဖြစ်အောင် စီစဉ်ဖန်တီးပေးထားတာမို့လို့ ကလေးတွေအတွက်ရော ဆရာဆရာမတွေအတွက် ပါ မပင်ပမ်းဘဲနဲ့ အလွယ်တကူ သင်ယူတတ်မြောက်ပြီးသား ဖြစ်သွားစေတာပါ။

တကယ်ကတော့ မြန်မာနိုင်ငံပညာရေးထဲမှာလည်း ကလေးတွေ စာသင်သားတွေကို စိတ်ပိုင်းဆိုင်ရာ စာရိတ္တပိုင်းဆိုင်ရာတွေမှာ ဖွံ့ဖြိုးအောင် လမ်းပြနိုင်တဲ့ ပုံပြင်တွေ၊ ယဉ်ကျေးမှုတွေ၊ သီချင်းကဗျာတွေက လူမျိုးစုတိုင်းမှာ အထင်ကရ ရှိနေပြီးသားပါ။ သူ့နယ်ပယ်ဒေသ လိုအပ်ချက်အလိုက် ကောက်ယူ ရွေးချယ် ပြာန်းရုံပါပဲ။ အဲဒီလိုပဲ မြန်မာနိုင်ငံမှာ လူမျိုးစုတွေအချင်းချင်း ချစ်ခင်ရင်းနှီးကျွမ်းဝင်အောင်လည်း ကျောင်း ပညာရေးထဲက တဆင့်ပဲ သင်ကြားပေးရမှာပါ။ အဲဒီလိုပဲ ကလေးတွေအတွက် အတုယူစရာကောင်းတဲ့ ရှေ့ဆောင်လမ်းပြ သူရဲကောင်းတွေလည်း လူမျိုးစုတိုင်းမှာ အထင်အရှား ရှိနေတာပါ။ ဒါတွေကို စံပြပုဂ္ဂိုလ်တွေအဖြစ် ဂုဏ်ပြုဖော်ထုတ်ပြီး ကလေးတွေအတွက် လမ်းညွှန်ပေးရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ အာဏာပိုင်တွေကတော့ မူလတန်းပညာရေးထဲမှာတောင် ကလေးတွေနဲ့ မသက်ဆိုင်တဲ့ နိုင်ငံရေးဝါဒတွေကို မှိုင်းတိုက် သွပ်သွင်းနေတဲ့အပြင် ကျောင်းတွေမှာ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း မသင်ရ၊ အာဇာနည်နေ့အကြောင်း အကျယ်တ၀င့် မရှင်းရ၊ နိုင်ငံ့သူရဲကောင်းတွေအကြောင်း မပြောပြရ၊ သမိုင်းဝင်အဖြစ်အပျက်များကို မပြောရဘူးလို့ ကန့်သတ်တားမြစ်ထားတာမျိုးတွေဟာ ကလေးတွေ ကျောင်းသားတွေကို ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွသော အာဇာနည်ကြီးများလို ပြည်သူလူထုကောင်းကျိုးကို လိုလားတဲ့၊ တိုင်းပြည်အပေါ် သစ္စာစောင့်သိတဲ့၊ ကိုယ်ကျိုးစွန့် အနစ်နာခံတဲ့ သတ္တိမျိုးတွေ ရှိမလာအောင် ပုံသွင်းယူနေတာနဲ့သာ တူနေပါတယ်။ ဒါဟာ ကလေးတွေရဲအနာဂတ်အတွက်တော့ အဆိပ်အတောက် ပညာရေးပဲ ဖြစ်ပါတယ်

မေငြိမ်း
၂၀၀၇။

Sunday, December 23, 2007

စစ်အစိုးရနဲ့ ပညာရေးအကျပ်အတည်း

မြန်မာနိုင်ငံဟာ ခေတ်အဆက်ဆက်မှာ နိုင်ငံရေးအခြေအနေ မတည်ငြိမ်မှုတွေကြောင့် ပညာရေး ကဏ္ဍမှာ သင်ရိုးညွှန်းတမ်းပုံစံ၊ သင်ကြားနည်းစနစ်တွေ တည်ငြိမ်မှု မရှိခဲ့သလို အာဏာပိုင်တွေက ကျောင်းသားတွေကို အစမ်းသပ်ခံလို သဘောထား ပြီး နိုင်ငံရေးအရ ပုံစံသွင်းတာမျိုးကို ခုချိန်ထိ တွေ့နေရဆဲပါ။

မြန်မာနိုင်ငံဟာ ၁၉၆၂ခုနှစ် ကနေ ၁၉၇၄အထိကို အကြွင်းမဲ့ စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်ခံခဲ့ရပြီးတော့ ၁၉၇၄ခုနှစ်ကနေ ၁၉၈၈ခုနှစ်ထိကိုတော့ အခြေခံဥပဒေနဲ့ ပြဌာန်း အတည်ပြုထားတဲ့ အာဏာရှင်စနစ် (Constitutional Dictatorship) နဲ့ အုပ်ချုပ်တာကို ခံခဲ့ရတာ ဖြစ်ပါတယ်။ ၁၉၆၂ မတ်လ၂ရက်မှာ ဗိုလ်ချုပ်နေ၀င်းက အာဏာသိမ်းပြီး တော်လှန်ရေးကောင်စီအနေနဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို ကြေငြာ ခဲ့ပြီးတဲ့နောက် ပညာရေး ပြုပြင်ပြောင်းလဲမှုတွေ စလုပ်လာခဲ့ပါတယ်။ အဲဒီအတွက် ၁၉၆၂ ဧပြီလ-၃၀ရက်နေ့ မှာပဲ ပညာရေး မူဝါဒအသစ်ကို ချမှတ်ရာမှာ
တော်လှန်ရေးကောင်စီသည် အသက်မွေးဝမ်းကြောင်းမှုနှင့် မကိုက်ညီသော လက်ရှိ ပညာရေး စနစ်ကို ပြုပြင်ပြောင်းလဲရမည်ဟု ယုံကြည်သည်။ တော်လှန်ရေးကောင်စီသည် ဆိုရှယ်လစ် စိတ်ဓါတ်ကို အခြေခံသည့် အသက်မွေးဝမ်းကြောင်းမှုနှင့် ကိုက်ညီသော ပညာရေးစနစ်တစ်ရပ်ကို ဖေါ်ဆောင်၍ သိပ္ပံပညာကို ဦးစားပေးမည်။

လို့ ဖော်ပြခဲ့ပါတယ်။

အဲဒီနောက်ကစပြီး တော်လှန်ရေးအစိုးရဟာ ကျောင်းပညာရေးထဲမှာ မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ်ဝါဒ ဆိုတာကို ရိုက်သွင်းလာခဲ့ပါတယ်။ အဲဒီ နောက်ပိုင်း ဘာသာရပ်တွေ သင်ရိုးတွေ အများစုဟာ ဗိုလ်ချုပ်နေ၀င်းအလိုကျ သင်ခန်းစာတွေကိုသာ ပြဌာန်းရပါတယ်။ အထူးသဖြင့် မြန်မာစာဘာသာရပ်၊ မြန်မာ့ပထ၀ီဝင်ဘာသာရပ် နဲ့ မြန်မာ့သမိုင်းဘာသာရပ်တွေမှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို အမွှန်းတင် တဲ့ အယူအဆတွေ၊ အချက်အလက်တွေကို ဖန်တီး ထည့်သွင်းလာပါတယ်။ အဲဒီအခါ ကျောင်းသားတွေဟာ ကျောင်းသင်ခန်းစာထဲကနေ ရရမယ့် အတုယူလိုက်နာ ကျင့်ကြံစရာတွေအနေနဲ့ အမိန့်နာခံတတ်အောင် ပုံသွင်းတဲ့ စာပေ အမျိုးအစားတွေကိုသာ သင်ယူနေခဲ့ကြရပါတယ်။

ကျောင်းသားတွေ လူငယ်တွေဟာ ပညာရေးထဲက သိသင့်သိထိုက်တဲ့ ကိုယ့်နိုင်ငံရဲ့ သမိုင်းကြောင်းတွေ မျက်မှောက်အခြေအနေ အချက်အလက်တွေကိုတောင်မှ အမှန်အတိုင်း သိခွင့်မရတာမို့ အဲဒီကာလတွေ အတွင်းက လူငယ်တွေဟာ အသိဥာဏ်ပညာ ဗဟုသုတ ချို့ချို့တဲ့တဲ့နဲ့ ကြီးပြင်းခဲ့ကြရပါတယ်။ အဲဒါဟာ အဲဒီ လူငယ်မျိုးဆက်သစ်တွေကို အားပြုပြီး တည်ဆောက်ရမယ့် နိုင်ငံတနိုင်ငံရဲ့ အနာဂတ်ကိုပါ ချို့တဲ့သွားစေတဲ့ အချက်ပါပဲ။ ဒါပေမဲ့ အဲဒီတုန်းက ကျောင်းဆရာ ဆရာမတွေရဲ့ တဦးချင်း တာဝန်ကျေမှု အပေါ်လိုက်ပြီး စာသင်သားတွေဟာ တကယ်သိသင့်သိထိုက်တဲ့ ကိုယ်ကျင့်တရားဆိုင်ရာ အကြောင်းအရာတွေနဲ့ သမိုင်း အချက်အလက် အမှန်တွေကို သိခွင့်ရနိုင်ခဲ့ကြတာမျိုးတော့ ရှိခဲ့ပါသေးတယ်။

ဒီကနေ့ ဇူလိုင်လ ၁၉ရက်နေ့ဟာ မြန်မာနိုင်ငံကို ကိုလိုနီနယ်ချဲ့လက်အောက်က လွတ်အောင် အသက်စွန့် ကြိုးပမ်းခဲ့ကြသူတွေဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွသော သူရဲကောင်းခေါင်းဆောင်ကြီးတွေ လုပ်ကြံခံခဲ့ ရတဲ့ အာဇာနည်နေ့ ဖြစ်ပါတယ်။ ၁၉၈၈ မတိုင်ခင်က ခုလို အာဇာနည်နေ့ကျရောက်တဲ့ ဇူလိုင်လ ရောက်ပြီ ဆိုရင် ကျောင်းတွေမှာ အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွေ ကဗျာပြိုင်ပွဲတွေ ပန်းချီပြိုင်ပွဲတွေ အာဇာနည်နေ့အကြောင်းနဲ့ အာဇာနည်ကြီးတွေ အကြောင်း ဟောပြောပွဲတွေ ကျင်းပ ပေးကြပါတယ်။

ပြီးတော့ စာသင်ခန်းတွေထဲမှာလည်း သင်ခန်းစာတွေနဲ့ ဆက်စပ်ပြီး ဆရာဆရာမတွေက အာဇာနည်ကြီး တွေရဲ့ လေးစားစရာ အတုယူစရာ ဂုဏ်ရည် တွေကို ကလေးတွေ လူငယ်တွေ သိအောင် ပြောပြကြတာ ကလည်း အစဉ်အလာတခုအဖြစ် ရှိခဲ့တာပါ။ အဲဒီအပြင် အာဇာနည်နေ့မှာဆိုရင် ဆရာဆရာမတွေက ဦးဆောင်ပြီးတော့ ကျောင်းသားတွေကို အာဇာနည်ဗိမာန်နဲ့ တာဝါလိမ်းလမ်း က ဗိုလ်ချုပ်နေထိုင်ခဲ့တဲ့ အိမ်ကို သွားပြီး စနစ်တကျ စီတန်း အလေးပြုဖို့ စီစဉ်ပေးတာတွေ ရှိပါတယ်။
အဲဒီလို အာဇာနည်နေ့ကို အထူးဂရုပြုပေးတဲ့ အကျိုးဆက်ကတော့ ကျောင်းသားတွေအတွက် အာဇာနည်သူရဲကောင်းတွေကို လေးစား ရကောင်းမှန်း သိလာစေပါတယ်။ ပြီးတော့ အဲဒီ အာဇာနည်ကြီးတွေလို ကိုယ်ကျင့်တရားကောင်းအောင် တိုင်းပြည်အကျိုး ဆောင်ရွက်ချင်လာအောင် အားထုတ်ချင်စိတ်တွေ ပေါ်ပေါက်လာစေနိုင်ပါတယ်။ ဒါဟာ ကိုယ့်နိုင်ငံရဲ့ အနာဂတ်အတွက် နိုင်ငံ့အကျိုးကို လိုလားတတ်မယ့် မျိုးဆက်သစ်တွေကို မွေးထုတ်ရာ လည်း ရောက်ပါတယ်။

၁၉၈၈ နောက်ပိုင်းမှာတော့ စစ်အစိုးရဟာ ပညာရေးကဏ္ဍထဲကို မဆလအစိုးရ လက်ထက်တုန်းကထက်ပိုပြီး ထဲထဲဝင်ဝင် စွက်ဖက်လာပါတယ်။ သူတို့ရဲ့ ၀ါဒဖြန့်စာတွေ သင်ကြားစေတာမျိုးအထိ ၀င်ရောက် ချယ်လှယ် တဲ့အပြင် သင်ကြားရေးပိုင်းမှာလည်း အခြေခံပညာကနေ တက္ကသိုလ်ပညာရေးနယ်ပယ်အထိ ကန့်သတ် တားမြစ်တာမျိုးတွေ လုပ်လာပါတယ်။ 'ဗိုလ်ချုပ်အောင်ဆန်းအကြောင်း မပြောရ'၊ 'သခင်ကိုယ်တော်မှိုင်း အကြောင်း မပြောရ'။ 'မင်းကျင့်တရားဆယ်ပါးအကြောင်း မသင်ရ' ဆိုတာမျိုးတွေကို အမိန့်ပေးလာပါတယ်။ ဘွဲ့ယူကျမ်းတွေ စာတမ်းတွေမှာ 'ဗိုလ်ချုပ်အကြောင်း၊ သခင်ကိုယ်တော်မှိုင်းအကြောင်း မရေးရ' ဆိုတာမျိုးတွေ လုပ်လာ ပါတယ်။ ၂၀၀၅ခုနှစ်မှာတော့ စာသင်ရင်းနဲ့ ဗိုလ်ချုပ်အကြောင်းပြောပြီး ကျောင်းသားတွေနဲ့အတူ ဗိုလ်ချုပ်ဓါတ်ပုံကို အလေးပြုခဲ့တဲ့ ကျူရှင်ဆရာ ဦးအောင်ဖေကို ဖမ်းပြီး ထောင်ချတဲ့အထိတောင် လုပ်လာ ပါတယ်။

စစ်အစိုးရရဲ့ အဲဒီလုပ်ရပ်တွေဟာ ကျောင်းသားတွေအတွက် အရေးပါလှတဲ့ ပညာရေးနယ်ပယ်ထဲက သမိုင်းဆိုင်ရာ အချက်အလက်တွေကို ကန့်သတ်တားမြစ်ရုံသာမက အဲဒီ အချက်အလက်တွေကို တာဝန်သိသိနဲ့ ပို့ချ သင်ကြားပေးတဲ့ ဆရာကိုပါ ပြင်းပြင်းထန်ထန် အရေးယူတာမျိုးလုပ်လာတာဟာ ပညာရေးလွတ်လပ်ခွင့်နဲ့ ပညာရှင်လွတ်လပ်ခွင့်တွေကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်လိုက်တာပဲ ဖြစ်ပါတယ်။ အဲသလို ပညာရေး လွတ်လပ်ခွင့်ကို ချိုးဖောက်နေတဲ့ အစိုးရတစ်ရပ်ရဲ့ လက်ထဲမှာ ဘယ်လိုမှ ဒီမိုကရေစီပညာရေးစနစ် မထွန်းကားနိုင်ဘူးဆိုတာကို မိဘပြည်သူများ ဆရာဆရာမများနဲ့ ကျောင်းသူကျောင်းသားများ သတိပြုမိ စေချင်ပါတယ်။

Tuesday, December 18, 2007

တောင်းယူရမယ့် အခွင့်အရေး

ပြီးခဲ့တဲ့ တပတ်မှာ ကျောင်းသားအခွင့်အရေး ဆုံးရှုံးမှုတွေကို တောင်းဆိုတာ ကြောင့် အာဏာပိုင်နဲ့ ကျောင်းသားတွေကြား ပဋိပက္ခဖြစ်ရတာတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ပညာရေးလောကမှာ အထင်အရှား ဖြစ်ပျက်ခဲ့တဲ့ ၇ဇူလိုင် အရေးအခင်းနဲ့ ကိုးရီးယားနိုင်ငံ မှာ ၁၉၈၀ တုန်းက ဖြစ်ပျက်ခဲ့တဲ့ အဓိကရုဏ်း ပြဿနာ တွေကို တင်ပြခဲ့ပါတယ်။ မြန်မာနိုင်ငံကတော့ အဲသည် ၁၉၆၂ ဇူလိုင်၇ရက်နေ့ကစပြီး ဒီနေ့ထက်ထိအောင် ကျောင်းသားဆိုင်ရာ အခွင့်အရေးတွေ မရသေးတဲ့အပြင် ပညာရှင်တွေအတွက်လည်း လွတ်လပ်ခွင့်တွေ ထိုက်တန်တဲ့ နေရာဌာနတွေ လုပ်ပိုင်ခွင့် တွေ မရသေးပါဘူး။

မြန်မာနိုင်ငံမှာ ထူးချွန်ထက်မြက်တဲ့သူတွေ ပညာတော်သင်ဆု ခံစားရတာမျိုးတွေ ရှိခဲ့ပေမဲ့ ပညာသင်ပြီးလို့ မြန်မာနိုင်ငံက မိခင်ဌာနကို ပြန်လာတဲ့အခါမှာတော့ အဲဒီပညာရှင်တွေဟာ သူတို့တတ်ကျွမ်းလာတဲ့ပညာကို သေသေချာချာ အသုံးချခွင့် ဖြန့်ဝေခွင့်မရတာတွေကို ကြုံကြရပါတယ်။ ပညာရှင်တွေ သင်ယူလေ့လာခဲ့တဲ့ ပညာတွေဟာ မြန်မာနိုင်ငံမှာ အသုံးချစရာနေရာမရှိဖြစ်နေသလို အဲဒီပညာတွေကို ဖြန့်ဝေဖို့အတွက် လိုအပ်သမျှတွေကိုလည်း အာဏာပိုင်တွေဘက်က ဖြည့်ဆီးပေးတာမျိုး မရှိပါဘူး။ ပညာရှင်တွေဟာ ချောင်ထိုးခံရသလို ဖြစ်နေရပါတယ်။ ဒါဟာ ပညာရှင် အများစုကြီး ပြည်ပနိုင်ငံတွေဆီ ထွက်လာကြခြင်းရဲ့ အကြောင်းတချက်ပဲ ဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံကတော့ ပညာရေးကို အသေအချာ ထူထောင်နေတာမို့ ၁၉၇၀ခုနှစ်တွေကတည်းက အမေရိကန်နိုင်ငံတ၀ှမ်းက ဟားဗတ်တက္ကသိုလ်၊ ကောနဲလ် တက္ကသိုလ်၊ ဘာကလေ တက္ကသိုလ်၊ ကိုလံဘီယာ တက္ကသိုလ်၊ အီလီနွိုက်တက္ကသိုလ်လို အောင်မြင်ကျော်ကြားတဲ့ တက္ကသိုလ်ကြီးတွေမှာ ပညာသင်ဖို့ ပညာတော်သင်တွေ ရာနဲ့ချီပြီး စေလွှတ်သင်ကြားစေခဲ့တာပါ။ ပညာတော်သင် အစီအစဉ် တသုတ် တသုတ်ကို လူ၃၀၀ကျော်အထိ စေလွှတ်တာပါ။ အဲလိုပဲ ကနေဒါနိုင်ငံ တရုတ်နိုင်ငံ နဲ့ ဂျပန်နိုင်ငံတွေကိုလည်း ပညာတော်သင်တွေ အမြောက်အများ စေလွှတ်ပါတယ်။ ပြီးတော့ နိုင်ငံတကာ ပညာရှင်တွေရဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာကြတဲ့ ဆွေးနွေးပွဲတွေ ဖိုရမ်တွေကိုလည်း တောင်ကိုရီးယားက ပညာရှင်တွေ ပါဝင်တက်ရောက် ဆွေးနွေးခွင့် ရကြပါတယ်။

အဲလို နိုင်ငံတကာနဲ့ ရင်ပေါင်တန်းဆွေးနွေးခွင့်တွေ ရတဲ့အတွက် နောက်ဆက်တွဲ အကျိုးကျေးဇူးကတော့ အဲဒီပညာရှင်တွေဟာ သူတို့ရလာတဲ့ အသိပညာ ဗဟုသုတတွေကို ကိုယ့်နိုင်ငံပညာရေးအတွက် ပြန်ပြီး ဖြန့်ဝေ အသုံးချနိုင်တာမို့ တောင်ကိုရီးယားနိုင်ငံဟာ အနှစ်နှစ်ဆယ်ကျော်အတွင်းမှာ စံမီသိပ္ပံနဲ့ နည်းပညာ ဆိုင်ရာ တီထွင်ထုတ်လုပ်မှုတွေနဲ့အတူ အဘက်ဘက်ကတိုးတက်နေတဲ့ စံမီနိုင်ငံအဖြစ်ကို ရောက်ရှိလာတာပဲ ဖြစ်ပါတယ်။ ကမ္ဘာ့ပညာခေတ်၊ နည်းပညာခေတ်မှာ တောင်ကိုရီးယားနိုင်ငံဟာ ပညာရေးနဲ့ သိပ္ပံနည်းပညာကို အားပြုပြီးတော့ ပညာရှင်တွေရဲ့ အကြံဥာဏ်တွေကိုအသုံးချပြီး နိုင်ငံကို ကြိုးပမ်းတည်ဆောက်နေတာမို့လို့ လည်း ပညာကို အခြေခံပြီး ဆင့်ပွားသွားတဲ့ စီးပွားရေး အဆင့်အတန်း လူမှုရေး အဆင့်အတန်းတွေမှာပါ တိုးတက်ဖွံ့ဖြိုးလာတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာကတော့ ရာထူးအနေအထား မြင့်တယ်လို့ ဆိုနိုင်တဲ့ ပါမောက္ခတွေတောင် အတော်များများက နိုင်ငံတကာ ပညာရပ်ဆိုင်ရာ ပညာတော်သင် အစီအစဉ် တွေ၊ နိုင်ငံတကာ အဆင့်မီ ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲတွေ မတက်ဖူးကြပါဘူး။ ပညာရေးဝန်ထမ်းတွေဟာ ကျောင်းတွေမှာ သင်ကြားရေးတွေ စာမေးပွဲလုပ်ငန်းစဉ်တွေနဲ့သာ အချိန်ကုန်ပင်ပမ်းနေကြရတာမို့ ကျောင်းအလိုက် ဌာနဆိုင်ရာအလိုက် စာတမ်းဖတ်ပွဲတွေတောင် ပုံမှန်မလုပ်နိုင်ကြပါဘူး။ အဲဒီအခါ နိုင်ငံတကာ အဆင့်ထိအောင် အမြင်ကျယ်ပြောတဲ့ အတွေ့အကြုံ ဗဟုသုတကိုလည်း စိတ်မ၀င်စားကြတော့ပါဘူး။ အဲဒီအခါ မြန်မာနိုင်ငံက ပညာရှင်တွေဟာ ကမ္ဘာ့အဆင့်မီ ပညာရှင်တွေရဲ့ တန်ဖိုးနဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကိုတောင် မတောင်းဆိုကြ တော့ပါဘူး။ အဲဒီအပြင် ကိုယ်ရသင့်တဲ့ အခွင့်အရေးကို တောင်းဆိုကြတဲ့ ကျောင်းသားတွေကိုတောင် အုပ်ချုပ်သူ အာဏာပိုင်တွေအလိုကျ ဟန့်တားတာတွေ၊ တင်းတင်းမာမာ ချုပ်ကိုင်တာတွေ အမျိုးမျိုး လုပ်လာပါတယ်။

ဒါပေမဲ့ ကျောင်းသားတွေ ရသင့်တဲ့ အခွင့်အရေးကျတော့ သာမန် အခွင့်အရေးလေးတွေလောက်ကိုတောင် ပညာရေးအာဏာပိုင်တွေဘက်က ဖြည့်ဆည်းပေးတာ၊ လိုက်လျောတာမျိုး မရှိပါဘူး။ ပိုဆိုးတာက ဆရာဆရာမကြီးတွေက နိုင်ငံအာဏာပိုင် မတရားအစိုးရအလိုကျ တသွေမတိမ်း လုပ်ပေးနေတဲ့ ပြဿနာပါပဲ။ ကိုယ့်ကျောင်းသား တွေအတွက် ကမ္ဘာ့အဆင့်မီ ပညာရေးကို ရအောင် ဆရာဆရာမတွေကတောင် ဦးဆောင် တောင်းယူ ဖန်တီးပေးသင့်တာပါ။ ခုကတော့ အခြေခံပညာရေးကနေစလို့ ပါရဂူတန်းတွေအထိ အရည်အချင်း မပြည့်မီဘဲ အတန်းတင်တာမျိုး ဘွဲ့ပေးတာမျိုးတွေ လုပ်ပေးနေတာဟာ သမိုင်းပါရဂူ ဆရာကြီး ဒေါက်တာသန်းထွန်းစကားနဲ့ပြောရရင် အဆိပ်ပင် ရေလောင်း နေတဲ့ ကိစ္စတွေပါပဲ။

နိုင်ငံတကာမှာကတော့ ပညာရေးပညာရှင်ဆိုတာဟာ ခေတ်မီနေတဲ့ ကမ္ဘာနဲ့ အညီ ရင်ပေါင်တန်းလိုက်နိုင်တဲ့၊ နိုင်ငံတကာအတွေ့အကြုံနဲ့ မစိမ်းတဲ့သူတွေပါ။ ပညာရှင်တွေဟာ ကိုယ့်နယ်ပယ် ကိုယ့်ပညာရပ်တွေမှာ လုပ်ပိုင်ခွင့် အပြည့်ရရသလို ကိုယ့်ကျောင်းသားရဲ့ ကံကြမ္မာကိုလည်း အပြည့်အ၀ ဖန်တီးပေးနိုင်ကြပါတယ်။ ပညာရှင် တွေအနေနဲ့ စာသင်ကြားရေးနဲ့ ပညာရပ်ဆိုင်ရာ သုတေသန လုပ်ငန်းတွေကို အခြေအနေ အချိန်ခါအရရော ငွေကြေးအရပါ တွဲဖက် လုပ်သွားနိုင်ပါတယ်။ ဒါကြောင့် ပညာရှင်တွေရဲ့ ပညာရပ်ပိုင်း ဆိုင်ရာကိုပါ အစဉ်အမြဲ တိုးတက်နေစေနိုင်ပါတယ်။ ဒါဟာ ပညာရှင်တွေ ရရမယ့် ပုံမှန် အခွင့်အရေးဖြစ်သလို ပညာရပ်တွေနဲ့ ပတ်သက်ဆက်နွယ် နေတဲ့ သူတိုင်း ရနိုင်တဲ့ ရရမယ့် အခွင့်အရေးလည်း ဖြစ်ပါတယ်။

နိုင်ငံတနိုင်ငံဟာ ပညာရှင်တွေ ကျောင်းသားတွေနဲ့ ဖွဲ့စည်းထားတဲ့ ပညာရေး စနစ်ကြီးထဲမှာမှ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေတယ်ဆိုရင်၊ အရည်အသွေးတွေကို အဖျက်ဆီးခံနေရတယ်ဆိုရင် အဲဒီနိုင်ငံရဲ့ အနာဂတ်ဟာ ဘယ်လိုမှ တိုးတက်ဖွံ့ဖြိုး မလာနိုင်တော့ပါဘူး။ ဒါကြောင့်ပဲ ခေတ်တခေတ်ကို ကောင်းအောင် ပြုပြင်ရမယ့်တာဝန်ရှိတဲ့ ပညာရှင်တွေ ကျောင်းသားတွေကသာ ခေတ်ရဲ့ အပြောင်းအလဲကို ဦးဆောင်ကြ ရတယ်ဆိုတာ တရုတ်နိုင်ငံ ကိုရီးယားနိုင်ငံတွေက အနီးဆုံး သက်သေတွေပါပဲ။ မြန်မာနိုင်ငံမှာလည်း ၇ဇူလိုင်က သက်သေပါပဲ။ ၈လေးလုံး အရေး တော်ပုံကြီးက သက်သေပါပဲ။ အနည်းဆုံးတော့ ပညာရှင်ဆရာ ဆရာမကြီးတွေ ကျောင်းသားကျောင်းသူတွေဟာ ကိုယ့်နိုင်ငံအနာဂတ်အတွက်လို့ မျှော်ရည်ပြီး မိမိတို့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို တောင်းဆို အရယူသင့်ပြီဖြစ်ပါတယ်။

မေငြိမ်း(၂၀၀၇)

Monday, December 10, 2007

ကျောင်းသားအခွင့်အရေးကိစ္စ

မြန်မာနိုင်ငံရဲ ပညာရေးကဏ္ဍအပါအ၀င် နေရာအတော်များများ ယိုယွင်းပျက်စီး လာနေရတဲ့ အကြောင်းရင်း တွေထဲမှာ အာဏာပိုင်တွေက အကျိုးအကြောင်း ခိုင်ခိုင်လုံလုံနဲ့ တောင်းဆိုတဲ့ လိုအပ်ချက်တွေကို လိုက်လျော မပေးဘဲ အင်အား သုံးဖြေရှင်းလိုက်တာတွေကလည်း ပြဿနာတစ်ခုပဲ ဖြစ်ပါတယ်။ တရုတ်ပြည်နဲ့ ရုရှနိုင်ငံ ကတော့ အာဏာရှင် နိုင်ငံဖြစ်ပေမဲ့ သူ့နိုင်ငံရဲ ပညာရေးကိုတော့ ခေတ်မီအောင် အစွမ်းကုန် လိုက်လျော ဖြည့်ဆီးတဲ့ နိုင်ငံတွေဖြစ်တယ်ဆိုတာကို ပြီးခဲ့တဲ့ အပတ်တွေက ပြောပြခဲ့ ပြီးဖြစ်ပါတယ်။

တကယ်တော့ မြန်မာနိုင်ငံမှာ အာဏာရှင်ဆန်ဆန် အုပ်ချုပ်ပြီး ပညာရှင်တွေကို နေရာ မပေးဘဲ ပညာရေးကို ဖိနှိပ်ထားတာဟာ ၁၉၆၂ ကတည်းကပါပဲ။ ၁၉၆၂ မတ်လ ၂ရက် နေ့မှာ ၀န်ကြီးချုပ် ဦးနုလက်ထဲက နိုင်ငံအာဏာကို ဗိုလ်ချုပ်နေ၀င်းက သိမ်းယူလိုက်ပြီး တဲ့နောက် ၁၉၆၂ ဇူလိုင်၎ရက်နေ့မှာ တက္ကသိုလ်အတွက် တင်းကျပ်တဲ့ ဥပဒေသစ်တွေ ထုတ်ပြန်ပါတယ်။ ကျောင်းအုပ်ချုပ်ရေးပိုင်းကို အစိုးရအနေနဲ့ ၀င်ရောက် စွက်ဖက်ပြီး ကျောင်းသားအခွင့်အရေးတွေကို ကန့်သတ် တားမြစ်တာတွေ လုပ်လာပါတယ်။ အဲဒီကမှတဆင့် ကျောင်းသားသမဂ္ဂကို ဖျက်သိမ်းဖို့ အမိန့်ထုတ်ရာကစပြီး ကျောင်းသားတွေက ကျောင်းသား အခွင့်အရေး တောင်းဆိုလာကြရတော့တာပါ၊ အဲသည်တုန်းက ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေဟာ လွတ်လပ်တဲ့ အမျိုးသားပညာရေးကို တောင်းဆို ခဲ့တာ ဖြစ်ပါ တယ်။

အဲဒီတောင်းဆိုမှုကို အဆင့်ဆင့် တားမြစ်ရာကနေ ၁၉၆၂ခုနှစ် ဇူလိုင်လ ၇ရက် နေ့မှာတော့ သမိုင်းဝင် သမဂ္ဂ အဆောက်အဦးကြီးကို အာဏာပိုင်တွေက ဖောက်ခွဲ ဖြိုချ လိုက်ပြီး ရသင့်ရထိုက်တဲ့ ပညာရေးဆိုင်ရာ အခွင့်အရေးတွေကို အေးချမ်းစွာ တောင်းဆိုကြတဲ့ ကျောင်းသားတွေကို သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ် ခဲ့ပါတယ်။ အဲဒီမှာ ကျောင်းသား၁၅ဦး သေဆုံးပြီး ၂၇ယောက်ဒဏ်ရာရတယ်လို့ အစိုးရ သတင်းစာက ဖော်ပြပေမဲ့ တကယ်တမ်းမှာ ကျောင်းသား ၂၀၀ကျော် သေဆုံးခဲ့ရပြီး ဒဏ်ရာရသူတွေ အယောက် ၄၀၀ကျော် ရှိပါတယ်။ ပျောက်နေတာက အယောက် ၄၀ကျော်ရှိပါတယ်။ အဖမ်းခံခဲ့ရတာက ၂၁ယောက် ရှိပါတယ်။ အဲဒီ နောက်ပိုင်းမှာတော့ ဗိုလ်ချုပ်နေ၀င်း အစိုးရဟာ ပညာရေးလောကကို တောက်လျှောက် ချုပ်ကိုင်လာတာ ၁၉၈၈ ထိပါပဲ။ ၁၉၈၈ မှာ ကျောင်းသား ပြဿနာကနေ စတင်ခဲ့တဲ့ တနိုင်ငံလုံး အုံကြွမှုဖြစ်တော့လည်း ထောင်ချီ သောင်းချီတဲ့ လူထုကြီးကို ပစ်ခတ် သတ်ဖြတ် ခဲ့တာပါပဲ။ အဲဒီ ၈၈ရဲနောက်ပိုင်း ကာလ တွေမှာတော့ နိုင်ငံအနေနဲ့ အဘက်ဘက်က ပိုပြီးတော့ ယိမ်းယိုင်လာခဲ့တာမှာ ပညာရေးကဏ္ဍရဲ့ ပျက်စီး ဆုတ်ယုတ်မှုကလည်း အထင်အရှားပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ တောင်ကိုရီးယားနိုင်ငံအကြောင်းကို ပြောပြချင်ပါတယ်။ တောင်ကိုရီးယား နိုင်ငံဟာလည်း ၁၉၄၅ မှာ ရင်ဆိုင်ခဲ့ရတဲ့ အမေရိကန်နိုင်ငံရဲ့သိမ်းပိုက်မှုကို ခံရတဲ့ နောက်ပိုင်းကစပြီး၊ ၁၉၅၀ကနေ ၁၉၅၃ထိ ဖြစ်ပွားခဲ့တဲ့ တောင်ပိုင်း မြောက်ပိုင်း ပြည်တွင်းစစ်ဒဏ်ကြောင့်ရော၊ အာဏာရှင်ပုံစံ အုပ်ချုပ်ရေးကြောင့်ရော ၁၉၈၀ခုနှစ် တွေအထိ ပညာရေးမှာ တည်ငြိမ်မှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ လွတ်လပ်မှု နဲ့ တန်းတူညီမျမှုတွေ မရှိခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။ ပညာရေးစရိတ် ကြီးမြင့်တာကြောင့် သာမန်လူတန်းစားတွေ ပညာမသင်နိုင်ပါဘူး။ ဒါကြောင့် သာမန်လူတန်းစားတွေဟာ အောက်ခြေဘ၀ကနေ မတက်နိုင်ကြဘဲ အထက်တန်းလွှာ လူတန်းစားကသာ ဓနရော ပညာကိုပါရတာမို့ အုပ်ချုပ်ရေးပိုင်းကိုလည်း အဲဒီ လူတန်းစားတွေကသာ အမြဲ ကြီးစိုးထားပါတယ်။

၁၉၈၀ခုနှစ် သမ္မတချန်ဒူးဝှမ် တက်လာပြီးနောက် မေလ ၁၇ရက်မှာတော့ ကုန်ဈေးနှုန်း ကြီးမြင့်မှု၊ လူတန်းစားကွာဟမှုနဲ့ ပညာရေးဆိုင်ရာ အကျပ်အတည်းတွေကြောင့် တောင်ကိုရီးယားနိုင်ငံ ဂွမ်ဂျူးမြို့မှာရှိတဲ့ ချိုနမ် အမျိုးသားတက္ကသိုလ်က ကျောင်းသား တွေက စပြီး အမျိုးသားပညာရေး ဒီမိုကရေစီပညာရေးကို တောင်းဆို ဆန္ဒပြခဲ့ကြ ပါတယ်။ အဲဒီ ဆန္ဒပြမှုကို တောင်ကိုရီးယား သမ္မတ ချန်ဒူးဝှမ်က စစ်တပ်ကို သုံးပြီး အကြမ်းဖက် နှိမ်နင်းတာကြောင့် ကျောင်းသားအများအပြား သေဆုံးဒဏ်ရာ ရခဲ့ပါတယ်။ အဲဒီအခါ ကျောင်းသားတွေဘက်ကို လူထု ၃ထောင်ကျော်ပါဝင် ပူးပေါင်းလာပြီး စစ်တပ်ကို ရရာ လက်နက်နဲ့ ပြန်ပြီးခုခံတဲ့အတွက် လူ နှစ်ရာကျော် သေဆုံးခဲ့ပါတယ်။ အဲဒီ နောက်ပိုင်း လူကိုးရာကျော်ကို ဖမ်းဆီင်္း ထောင်ချခဲ့ပါတယ်။

၁၉၈၈ နိုဝင်ဘာမှာတော့ အဲဒီ အပြစ်မဲ့သူတွေကို ဖမ်းဆီးသတ်ဖြတ်မှုတွေ နဲ့ တိုင်းပြည် ဘဏ္ဍာ အလွဲသုံးစားမှု တွေကြောင့် သမ္မတချန်ဒူးဝှမ်ကို ဖမ်းဆီးအရေးယူပြီး သေဒဏ် စီရင်ချက်ချ ခံခဲ့ရပါတယ်။ အဲဒီနောက်မှာ သမ္မတ ရိုတေ၀ူး အာဏာရပြီး စံမီ အမျိုးသား ပညာရေးကို စတင် ပြုပြင် တည်ဆောက် ခဲ့ပါတယ်။ အဲဒီနောက် ကင်မ်ရောင်ဆန်၊ ကင်ဒေးဂျုံကနေ အခု သမ္မတ ရိုမွန်ဟူး လက်ထက်ထိ ပညာရေးကို အားပေး တည်ဆောက် နေတာမို့ ခုချိန်မှာတော့ တောင်ကိုရီးယားဟာ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံကြီး တနိုင်ငံ ဖြစ်နေတာကို တွေ့နေရပြီ ဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံရဲ အဖြစ်အပျက်ဟာ မြန်မာနိုင်ငံအနေနဲ့ ဆင်ခြင်သုံးသပ်စရာပဲ ဖြစ်ပါတယ်။ နိုင်ငံ တနိုင်ငံရဲ အဆင့်အတန်းမြင့်မားဖို့အရေးဟာ အဲဒီနိုင်ငံရဲ ပညာရေး အဆင့်မြင့်မှုအပေါ် မူတည်တဲ့အပြင် အာဏာပိုင်အစိုးရရဲ အမြော်အမြင်ရှိမှုတွေ စေတနာထားမှုတွေပေါ်မှာ အများကြီး မူတည်တာပါ။ ၁၉၆၂ခုနှစ် ဇူလိုင်လ ၇ရက်နေ့ ကတည်းက ကျောင်းသားတွေရဲ သွေးမြေကျခံပြီး တောင်းဆိုခဲ့ရတဲ့ စံမီ အမျိုးသား ပညာရေးကို မရသေးတာဟာ ခုဆိုရင် ၄၅နှစ် တိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့် ဒါကို သတိတရနဲ့ ဦးဆောင်ပြုပြင်ပေးဖို့ဟာ နိုင်ငံအာဏာပိုင်တွေနဲ့ ပညာရေး အာဏာပိုင်တွေရဲအဓိက တာဝန်သာဖြစ်ပါတယ်။

မေငြိမ်း(၂၀၀၇။ဇူလိုင်)

Friday, December 7, 2007

မြန်မာနဲ့ ရုရှ

ပြီးခဲ့တဲ့ တပတ်မှာ နှိုင်းယှဉ် တင်ပြသွားခဲ့သလိုပဲ မြန်မာနိုင်ငံစစ်အစိုးရရဲ ပညာရေးအပေါ် ၀င်ပြီး စွက်ဖက် ချုပ်ကိုင်နေပုံက ကွန်မြူနစ်ခေတ် တရုတ်နိုင်ငံရဲ ပုံစံအတိုင်းပါပဲ။ လက်ရှိမှာလည်း တရုတ်အစိုးရဟာ ပညာရေးကဏ္ဍကို ခေတ်မီတိုးတက်အောင် အဘက်ဘက်က ပံ့ပိုးပေးနေပေမဲ့ တဘက်ကလည်း ပညာရေး စနစ်ထဲမှာ သင်ကြားမှု သင်ယူမှု နယ်ပယ်ထဲမှာ လွတ်လပ်မှုမရှိဘဲ တင်းတင်းကပ်ကပ် ကိုင်တွယ်ထားတာ၊ လာဘ်ပေးလာဘ်ယူ ရှိတာ၊ အစိုးရနဲ့ အဆင်ပြေရင် ပြေသလို အခွင့်အရေး ရတာ၊ အနောက်နိုင်ငံက ပညာရှင် တွေရဲ လာရောက်ပို့ချမှုတွေကိုတောင် ၀င်ရောက် စွက်ဖက် တားမြစ် ကန့်သတ်တာတွေ၊ ပြည်ပ ပညာတော်သင်တွေကို အမြောက်အများ ခွင့်ပြုထားပေမဲ့ သူတို့ နိုင်ငံရေးအာဏာနဲ့ ပတ်သက်ပြီး ဝေဖန် သုံးသပ်ထိပါး ရေးသားတာမျိုးကိုတော့ ချုပ်ချယ်ကန့်သတ်တာမျိုးတွေ ရှိနေတုန်းပါပဲ

ဒါပေမဲ့ မျက်မှောက်ခေတ် တရုတ်နိုင်ငံဟာ စာသင်ခန်းလိုအပ်ချက်တွေ၊ ဆရာ ဆရာမတွေအတွက် လိုအပ်ချက်တွေ၊ သင်ကြားနည်းပညာပိုင်းဆိုင်ရာတွေနဲ့ ကျောင်းလိုအပ်ချက်တွေကိုတော့ နိုင်ငံတကာ စံချိန်မီ အောင် ဖန်တီးပေးထားပါတယ်၊ ပညာရေး လိုအပ်ချက်တွေအတွက် ငွေကြေး အမြောက်အများ သုံးစွဲပါတယ်။ ဥက္ကဌကြီးမော်စီတုန်း လက်ထက်ကနဲ့ ကွာခြားတာကတော့ အရင်က ပညာရေးကို အစိုးရပိုင်းက တင်းတင်းမာမာ ပြတ်ပြတ်သားသား ၀င်ရာက်ကိုင်တွယ်ပေမဲ့ ခုချိန်မှာတော့ ပျော့ပျော့ပြောင်းပြောင်းနဲ့ မသိမသာ ကိုင်တွယ် ချုပ်ထိန်းရင်းကနေ စံမီပညာရေးကို ဖန်တီးပေး နေတာပါပဲ။ ဒါဟာ လက်ရှိမြန်မာနိုင်ငံရဲ အခြေနေထက် အဆများစွာသာတဲ့ တိုးတက်မှုပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ခုချိန်မှာ ရုရှနိုင်ငံကိုလည်း ပညာတော်သင်တွေ လွှတ်နေပါတယ်။ ရုရှနိုင်ငံဟာလည်း မြန်မာနိုင်ငံလောက်မဆိုးပေမဲ့ လူ့အခွင့်အရေးမှာ လွတ်လပ်ခွင့်တွေ ချုပ်ချယ်ကန့်သတ်တဲ့ နိုင်ငံပါပဲ။ ဒါပေမဲ့လည်း ပညာရေးကိုတော့ဖြင့် အစွမ်းကုန် အားပေးတာ တွေ့ရပါတယ်။ ရုရှအစိုးရဟာ ဆရာ ဆရာမ တွေကို သင်ရိုးလွတ်လပ်ခွင့် ပေးတာ ကနေစပြီး လွတ်လပ်စွာ သင်ကြားပို့ချခွင့် လွတ်လပ်စွာ ပြောဆိုခွင့်တွေ ပေးထားပါတယ်။ သက်ဆိုင်ရာ ပညာရေးအာဏာပိုင်က ပညာရေးဆိုင်ရာ ပညာရှင်တွေနဲ့ ညှိပြီး ပြဌာန်းရမယ့် ဘာသာရပ် သတ်မှတ်တဲ့ထိပဲ ပါဝင်ပတ်သက်ပါတယ်။ သင်ရိုးနဲ့ သင်ခန်းစာခေါင်းစဉ် ရွေးချယ် သတ်မှတ်တာ ကတော့ သင်ကြားမယ့် ဘာသာရပ်ဆရာကပဲ စိတ်ကြိုက် ရွေးချယ် သင်ကြားတာပါပဲ။ ဒါကြောင့် စာသင်ခန်းကို ဆရာနဲ့ ကျောင်းသားကသာ လုံးလုံးပိုင်ပါတယ်။

အဲဒီအပြင် ဆရာဆရာမတွေအတွက် လစာကို လုံလောက်အောင် ပေးထားတာကြောင့်လည်း အဂတိ လိုက်စားမှုနည်းပါးစေတဲ့အပြင် ဆရာဆရာမတွေရဲ ရပ်တည်မှုတန်ဖိုးကိုလည်း မြင့်မားစေပါတယ်။ ဆရာ ဆရာမတွေအနေနဲ့လည်း ဘ၀ရပ်တည်ရေး အတွက် ပူပန်စရာမရှိတာကြောင့် သင်ကြားရေးကို ဖိဖိစီးစီး အင်အားစိုက်ထုတ်နိုင်ပါတယ်။ ပြီးတော့ ဆရာဆရာမက သူ့စာသင်ခန်းမှာ လုပ်ပိုင်ခွင့်အပြည့်ရှိတာကြောင့် လည်း သူတို့ရဲ့ သင်ကြားရေးအပေါ် ယုံကြည်ချက်ရှိပြီး လုပ်ငန်းခွင်မှာ ပျော်ပါတယ်၊ စိတ်ပါဝင်စားပါတယ်

ရုရှနိုင်ငံဟာလည်း ကွန်မြူနစ်ဝါဒ လွှမ်းမိုးပြီး နိုင်ငံရေးကို ချုပ်ကိုင်တဲ့ နိုင်ငံဖြစ်ပေမဲ့ ပညာရေးကဏ္ဍကို သေသေချာချာ ပံ့ပိုးပေးပြီး သင်ကြားမှု သင်ယူမှုတွေမှာ လွတ်လပ်မှုရှိတာ တွေ့ရပါတယ်။ ဆရာ တပည့် အပြန်အလှန် ငြင်းခုန် ဆွေးနွေးခွင့် ရှိပါတယ်။ ပြီးတော့ ကျောင်းဝင်းတွေထဲမှာ လွတ်လွတ်လပ်လပ် နေထိုင် သွားလာခွင့်၊ ဆည်းပူးလေ့လာခွင့် တွေရှိပါတယ်။ စာကြည့်တိုက် ကောင်းကောင်းတွေ အများကြီး ရှိပါတယ်။ ကျောင်းသားတွေရဲ နေထိုင်ရေးကအစ အဆင့်အတန်းမြင့်မြင့် ဖန်တီးပေးထားပါတယ်။ ကျောင်းစရိတ် ကလည်း မများပါဘူး။

ပြီးတော့ ကျောင်းသားတွေ စိတ်ကြိုက် ၀ါသနာပါရာရွေးပြီး သင်ယူနိုင်တဲ့ ဘာသာရပ်အလိုက် Math Institute, Physics Institute, Chemistry Institute, Law Institute, Astrology Institute, Medical Institute တွေလို ဘာသာရပ်ဆိုင်ရာ Institute တွေ ရှိတာမို့ ကျောင်းသား ကျောင်းသူတွေဟာ ကိုယ်ကြိုက်တဲ့ ဘာသာရပ်ကို သေချာပေါက် ထွန်းပေါက်အောင် သင်ယူနိုင်ကြပါတယ်။ အဲဒီ ဘာသာရပ်အလိုက် Institute တွေဟာ တက္ကသိုလ်တွေထက် ပိုပြီးတောင် နာမည်ရပါတယ်။ အောင်မြင်ပါတယ်။

ရုရှနိုင်ငံမှာ အဲလို Institute ပေါင်း ၁၃၀၀ကျော် ရှိပါတယ်။ အဲဒီမှာ အစိုးရပိုင် Institute က ၆၈၅ခုဖြစ်ပြီး အစိုးရမဟုတ်တဲ့ NGO အဖွဲ့အစည်းတွေက ၆၁၉ခု ဖွင့်လှစ် ထားတာဖြစ်ပါတယ်။ ရုရှအစိုးရဟာ ပညာရေးမှာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကိုပါ ပူးပေါင်းပါဝင်ခွင့် ပေးထားတဲ့အတွက် အပြိုင်အဆိုင် ကြိုးစားကြတာမို့ ရုရှနိုင်ငံဟာ ပညာရှင် ရာနှုန်းပြည့် ထွက်တယ်လို့ အသိအမှတ်ပြုခံရတဲ့ နိုင်ငံ ဖြစ်ပါတယ်။

အဲဒါကြောင့်ပဲ ရုရှဟာ နိုင်ငံတကာအဆင့်မီ တကယ်ထူးချွန်တဲ့ ပညာရှင်တွေကို သူ့နိုင်ငံတွင်းမှာ မွေးထုတ်နိုင် နေတာ ဖြစ်ပါတယ်။ ပြီးတော့ အဲဒီထူးချွန်တဲ့ ပညာရှင်တွေဟာလည်း သူတို့ပညာနဲ့ ကောင်းကောင်း ရပ်တည် နိုင်ပြီး အဲဒီ ပညာကို အသုံးချခွင့်လည်း ကောင်းကောင်း ရကြပါတယ်။ ဒါဟာ ကိုယ့်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကို အင်မတန် အားပေးတဲ့ အခြေနေတခုပဲ ဖြစ်ပါတယ်။ ခုချိန်မှာ ရုရှနိုင်ငံနဲ့ နီးစပ်နေတဲ့ မြန်မာနိုင်ငံအစိုးရအနေနဲ့ ဒါကို အတုယူသင့်ပါတယ်၊

မြန်မာနိုင်ငံအနေနဲ့လည်း ခုချိန်မှာ အစိုးရအစီအစဉ်အနေနဲ့ ရုရှနိုင်ငံအပါအ၀င် ပြည်ပကို ပညာတော်သင်တွေ စေလွှတ်နေပါတယ်၊ ဒါပေမဲ့ အများစုကတော့ စစ်အစိုးရနဲ့ ပတ်သက် ဆက်နွယ်နေသူတွေ ဖြစ်ပါတယ်။ သူတို့ဟာ အစိုးရရဲ အုပ်ချုပ်ရေး ယန္တယား ခိုင်မာ တောင့်တင်းဖို့အတွက် ရည်စူးတဲ့ ပညာရပ်တွေကို သင်ယူနေကြတာ ဖြစ်ပြီးတော့ စစ်အစိုးရရဲ အာဏာတည်မြဲရေးအတွက်သာ ပြန်အလုပ်အကျွေး ပြုကြတာ များပါတယ်။ တကယ်ကတော့ တိုင်းတပါးက ဖွံ့ဖြိုးတိုးတက်မှုတွေကို နည်းနာယူခဲ့တဲ့ သူတို့ဟာ ပညာခေတ် ထဲမှာ အများကြီး နောက်ကျကျန်နေခဲ့တဲ့ မြန်မာနိုင်ငံရဲ ပညာရေးကို ကူညီ တည်ဆောက် ပေးသင့်တာပါ။ ပြီးတော့ မြန်မာနိုင်ငံရဲ အာဏာပိုင်တွေအနေနဲ့လည်း ပညာတော်သင်တွေ စေလွှတ်ရာမှာ ကိုယ့်နိုင်ငံအတွက် တကယ်လိုအပ်နေတဲ့ ဖွံ့ဖြိုး တိုးတက်ရေးကို ဦးတည်တဲ့ ပညာရပ်တွေကို သင်ကြားဖို့နဲ့ ထူးချွန်သူမှန်သမျှကို စေလွှတ်မှသာ တရားမျှတမှာ ဖြစ်ပါတယ်။ ဒါမှပဲ တကယ့် ဒီမိုကရေစီပညာရေးလို့ ဆိုနိုင်မှာလည်း ဖြစ်ပါတယ်ရှင်

မေငြိမ်း(၂၀၀၇)

Wednesday, December 5, 2007

စစ်အစိုးရရဲ့ ပညာရှင်နှိပ်ကွပ်မှု

မြန်မာနိုင်ငံမှာက လက်ရှိအခြေနေထိ အဘက်ဘက်က လွတ်လပ်ခွင့်တွေ အများကြီး ဆုံးရှုံးနေကြရပါတယ်။ အထူးသဖြင့်တော့ ပညာရှေသွားစနစ်လွှမ်းမိုးနေတဲ့ မျက်မှောက် ခေတ်မှာ နိုင်ငံတနိုင်ငံဟာ ပညာရေးမှာ စဉ်းစားတွေးခေါ်မှု၊ လေ့လာသင်ကြားမှုတွေ လွတ်လပ်မှပဲ ဆင်ခြင်တုံတရားနဲ့ ဥာဏ်ပညာက ဦးဆောင်တဲ့ နိုင်ငံသားတွေကိုသုံးပြီး တကယ်တမ်း ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံပညာရေးစနစ်ထဲမှာ ပညာရေးလွတ်လပ်ခွင့်ကို နိုင်ငံအာဏာပိုင်တွေက ထိန်းချုပ်ထားတာမျိုး ကတော့ ၁၉၄၉ကနေ ၁၉၇၆ထိ တရုတ်နိုင်ငံမှာ သြဇာကြီးမားခဲ့တဲ့ ကွန်မြူနစ်ပါတီဥက္ကဌ မော်စီတုန်း လက်ထက်တုန်းက အုပ်ချုပ်ပုံနဲ့ တူနေတာ တွေ့ရပါတယ်။ တရုတ်နိုင်ငံမှာက ၁၉၄၉နောက်ပိုင်းကာလမှာ ပညာရေးစနစ်နဲ့ ပညာရှင်တွေကို အလွန်အမင်း ချုပ်ကိုင်ခဲ့ပါတယ်။ ကျောင်းပညာရေးထဲမှာ ကွန်မြူနစ်စနစ် ကို သင်ကြား ပို့ချစေပြီးတော့ ပညာရှင်တွေဟာလည်း အစိုးရကို ဝေဖန်ခွင့် လုံးဝ မရှိပါဘူး။ အဲဒီအပြင် ပညာရေးမှာ အနောက်တိုင်းက စီးဆင်းလာတဲ့ အတွေးအခေါ်တွေ ပညာရပ်တွေကို လုံးဝမသင်ရလို့ တားမြစ်ပါတယ်။ အစိုးရက ထုတ်ပြန်ထားတဲ့ အမိန့်ကို ချိုးဖောက်ခဲ့ရင် အနည်းဆုံး ရဲဘက်စခန်းတွေ ပို့ပစ်ရာကနေ၊ အများဆုံး သေဒဏ်ပေးတဲ့အထိ စီရင် ပစ်တာပါ။

၁၉၆၀နောက်ပိုင်းနှစ်တွေမှာတော့ တိုးတက်တဲ့အမြင်ရှိတဲ့ ပညာရှင်တွေနဲ့ ကျောင်းသား တွေ ပူးပေါင်းမိပြီး ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးနဲ့ ပညာရေး လွတ်လပ်ခွင့်အတွက် တော်လှန်ရေးဆန်ဆန် လုပ်လာကြ ပါတယ်။ ဒါကြောင့် ၁၉၆၀ကနေ ၁၉၇၀နောက်ပိုင်း ကာလတွေဟာ တရုတ်နိုင်ငံရဲ 'ယဉ်ကျေးမှု တော်လှန်ရေး' ကာလပဲ ဖြစ်ပါ တယ်။

တရုတ်နိုင်ငံဟာ ၁၉၈၀နောက်ပိုင်းမှာတော့ တိန်ရှောင်ဖိန်ဦးဆောင်တဲ့ အစိုးရက အုပ်ချုပ်ရေးပိုင်းကို အာဏာရှင်ဆန်ဆန် ချုပ်ကိုင်ထားပေမဲ့ ပညာရေးဆိုင်ရာမှာတော့ တဖြည်းဖြည်းနဲ့ ပြုပြင်ပြောင်းလဲမှုတွေ မသိမသာ လုပ်လာပါတယ်။ ဒါပေမဲ့ ၁၉၈၉ တီအန်မင်ရင်ပြင်မှာ ကျောင်းသားတွေက ဒီမိုကရေစီ တောင်းတဲ့အခါကျတော့ ပစ်ခတ် နှိမ်နင်းပါသေးတယ်။ အဲလို အာဏာကို ချုပ်ကိုင်ထားပေမဲ့ တရုတ်အစိုးရဟာ သူ့နိုင်ငံ အမြန်ဆုံး တိုးတက်ဖို့အတွက် ပညာရေးကသာ ဦးဆောင်ရမယ်လို့တော့ သိတဲ့အတွက် ပညာရေးစနစ် ကို အထိုက်အလျောက် လွတ်လပ်ခွင့်ပေးလာတာ တွေ့ရပါတယ်။ အရင်က ပိတ်ပင်ထားခဲ့တဲ့ အနောက်တိုင်းက နည်းပညာတွေနဲ့ အတွေးအခေါ်တချိုကို လက်ခံလာသလို အနောက်တိုင်းက ပညာရှင်တွေကို ခေါ်ယူပြီး ပညာရေးထဲမှာ ခန့်ထား အသုံးချတာမျိုးတွေနဲ့ ပညာတော်တဲ့ ကျောင်းသားတွေကို နိုင်ငံခြားပညာတော်သင် စေလွှတ်တာတွေ လုပ်လာပါတယ်။

ဒါကြောင့် လက်ရှိ မျက်မှောက်ကာလမှာတော့ တရုတ်ပြည်က ကျောင်းသားတွေဟာ နိုင်ငံတကာကို လက်လှမ်း မီနိုင်တဲ့ စံမီပညာရေးနဲ့ အလှမ်းမဝေးဘူးလို့ ဆိုနိုင်ပါတယ်။ နိုင်ငံရေးအနေနဲ့ အစိုးရရဲ အုပ်ချုပ်ရေးကို ပွင့်ပွင့်လင်းလင်း ဝေဖန်ခွင့်မျိုး မရှိသေးပေမဲ့၊ ပညာရေးထဲမှာတော့ လွတ်လပ်မှု အတော်ရှိလာပြီလို့ ဆိုနိုင် ပါတယ်။ ခုဆိုရင် လက်ရှိ အမေရိကန်နိုင်ငံရောက် ပညာတော်သင် နိုင်ငံခြားသား ကျောင်းသားတွေထဲမှာ တရုတ်နိုင်ငံက လာတက်တဲ့ ကျောင်းသားက အများဆုံးလို့ ဆိုပါတယ်။ အဲဒီအပြင် စာသင်ခန်းမှာလည်း ခေတ်မီသင်ကြားနည်းစနစ်တွေသုံးဖို့ ဆရာဆရာမတွေကို သေချာ လေ့ကျင့်ပေးပါတယ်။ ဒါကြောင့် နှစ်၂၀ အတွင်းမှာပဲ တရုတ်နိုင်ငံဟာ ပညာရေးတိုးတက်တာကြောင့် ဘက်ပေါင်းစုံမှာပါ လိုက်ပြီး တိုးတက်လာတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာကတော့ ပညာရေးသင်ရိုးတွေကို ချုပ်ကိုင်ရုံသာမက ပညာရှင် ဆရာဆရာမတွေရဲ သင်ကြား ရေးကိုပါ အာဏာနဲ့ တင်းတင်းကျပ်ကျပ် ချုပ်ချယ်ကန့်သတ် ထားတာပါ။ သင်ခန်းစာနဲ့ဆက်နွယ်ပြီး သိသင့် သိထိုက်တာတွေကိုတောင် မပြောရဘူးလို့ တရားဝင် တားမြစ်တာပါ။ ဒါကြောင့်ပဲ တွံတေးမြို့က ကျူရှင်ဆရာ ဦးအောင်ဖေဟာ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ဟောပြောမှုနဲ့ ဖမ်းပြီး ထောင်ချခံထားရတာ ဒီနေ့ထက်ထိ ပါပဲ။ အဲဒီလိုပဲ ၂၀၀၀ခုနှစ်တုန်းကလည်း ရန်ကုန်ကွန်ပျူတာတက္ကသိုလ် မြန်မာစာဌာနက ဆရာဦးဌေးဝင်းဟာ စာသင်ခန်းမှာ သင်ခန်းစာနဲ့ ဆက်နွယ်ပြီး သင်ရာမှာ အစိုးရကို ထိပါးပုတ်ခတ်တယ်ဆိုပြီးတော့ အဖမ်းဆီးခံရပြီး ထောင် ၇နှစ် ကျခဲ့ရပါတယ်။

အဲဒါနဲ့ ပတ်သက်လို့ ဆရာဦးဌေးဝင်းက

ကျနော်က အထွေထွေမြန်မာစာကို သင်ရင်းနဲ့ ဗဟုသုတအနေနဲ့ အဲဒီနှစ်မှာ ထောင်စုနှစ်အတွင်း အတော်ဆုံး လူရွေးတယ်ဆိုတဲ့ တိုင်းမဂ္ဂဇင်းက သတင်းလေးကို ပြောပြရင်း မြန်မာပြည်မှာ အတော်ဆုံးပုဂ္ဂိုလ်ရွေးရင် ဆရာကတော့ ဦးဥတ္တမကိုရွေးမယ်၊ ဗိုလ်ချုပ်အောင်ဆန်းကို ရွေးမယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးမယ်လို့ ကျောင်းသားတွေကို ပြောပါတယ်၊ တကယ်လို့ အဆိုးဆုံးကို ရွေးမယ် ဆိုရင်တော့ မြန်မာနိုင်ငံကို အဆင်းရဲဆုံးနိုင်ငံဖြစ်အောင်လုပ်ခဲ့တဲ့ ဦးနေ၀င်း ပေါ့ကွာ..လို့ ပြောလိုက်တယ်။ ဘာလို့ ဒီလိုပြောရလဲဆိုတော့ အဲဒီတုန်းက ကျောင်းတွေမှာက လွတ်လပ်စွာတွေးတောခွင့်၊ လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာ ရေးသားခွင့်တွေမရှိတော့ ကလေးတွေက ဘာမှမသိ နားမလည်ဖြစ်နေတာ။ ဒါကြောင့် ကျနော်တို့ ဆရာဆရာမတွေမှာ သမိုင်းအမှန်တွေကို သိအောင်ပြောပြဖို့ တာဝန်ရှိတယ်လို့ ကျနော်ယုံကြည် လို့ ပြောရတာပဲ”..
လို့ ပြောပြပါတယ်။

မြန်မာနိုင်ငံမှာ ခုလို ပညာသင်ကြားရေးဆိုင်ရာ လွတ်လပ်ခွင့်တွေ ဆုံးရှုံးနေသရွေ့တော့ ကျောင်းသားတွေရဲ့ အသိပညာတွေ အပိတ်အဆို့ခံနေရဦးမှာပဲ ဖြစ်ပါတယ်။ အဲဒီလို အသိပညာတွေ ဆုံးရှုံးနေတဲ့ နိုင်ငံဟာ ဘယ်လိုနည်းနဲ့မှ ဒီမိုကရေစီနိုင်ငံအဖြစ် ပုံပေါ်လာနိုင်ဦးမှာ မဟုတ်ပါဘူး။

မေငြိမ်း(၂၀၀၇)

Saturday, December 1, 2007

စစ်အစိုးရနဲ့ ပညာရေးလွတ်လပ်ခွင့်

ပညာရေးအဆင့်အတန်း အမှန်တကယ် မြင့်မားဖို့ဆိုရင် ဘယ်နိုင်ငံမှာမဆို ပညာရေးစနစ်ဟာ အဖွဲ့အစည်းတွေ အယူဝါဒတွေရဲ့အောက်မှာမရှိရဘဲ လွတ်လပ်စွာ ဖြစ်တည် နေရမယ်လို့ နိုင်ငံတကာပညာရေးပညာရှင်တွေက သဘောတူ ဆုံးဖြတ်ထားပါတယ်။ လွတ်လပ်တဲ့ ပညာရေး ဆိုတာမှာလည်း ကျောင်းပညာရေးဟာ ကျောင်းသားမိဘတွေနဲ့ ကျောင်းသူကျောင်းသားတွေ စိတ်ကြိုက်ရွေးချယ်သင်ကြားခွင့် ရှိရပါတယ်။ အဲဒီအပြင် လိုအပ်တဲ့ သတ်မှတ်ထားတဲ့ အချက်အလက်နဲ့ပြည့်စုံရင် ဘယ်သူမဆို ကျောင်း တည်ထောင်ခွင့်လည်း ရှိပါတယ်။ ဒါကြောင့် ပညာရေးလွတ်လပ်ခွင့်ရှိတဲ့ နိုင်ငံတွေမှာ ကျောင်းတွေ အပြိုင်အဆိုင် တည်ထောင်ရာ ကနေ ပညာရေးအဆင့်အတန်းတွေ စနစ်တွေကိုလည်း ကောင်းသထက်ကောင်းအောင် အပြိုင်အဆိုင် အားထုတ်လာကြတာ ဖြစ်ပါ တယ်။

မြန်မာနိုင်ငံကတော့ ၁၉၆၄ခုနှစ်ကစပြီး ပုဂ္ဂလိကကျောင်းတွေကို ပြည်သူပိုင်သိမ်းပါတယ်။ အဲဒီအချိန်ကစပြီး ခုချိန်ထိ မြန်မာနိုင်ငံမှာ ကိုယ်ပိုင်ကျောင်းပညာရေး မရှိတော့ပါဘူး။ အဲဒီအပြင် ကိုယ်နေတဲ့ မြိုနယ်ကို ကျော်ပြီး ကျောင်းထားခွင့်မရှိဘူးလို့ သတ်မှတ်ထားပါတယ်။ ကျောင်းရွေးထားချင်ရင် လာဘ်ထိုးရပါတယ်။ အစိုးရကျောင်းတွေဟာလည်း အာဏာပိုင်တွေရဲ ထိန်းချုပ်မှုအောက်မှာ ရှိနေတာမို့ လွတ်လပ်တဲ့ ပညာရေး အခြေနေမျိုး မရှိပါဘူး။ အဲဒီလို ကျောင်းရွေးချယ်ခွင့်မှာ မလွတ်လပ်ရုံမက ကျောင်းသင်ရိုး ပြဌာန်းစာ တွေမှာလည်း လွတ်လပ်ခွင့် လုံးဝ မရှိတာတွေ့ရပါတယ်။

သင်ရိုးလွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ ပြောရရင် တနိုင်ငံလုံးရဲ သင်ရိုးတွေဟာ အတန်းအလိုက် အတူတူပဲ ဖြစ်တဲ့အပြင်၊ ဒေသအလိုက် လိုအပ်သလို ဖြည့်စွက် သင်ကြားတဲ့ သင်ရိုးဆိုတာမျိုးလည်း မရှိပါဘူး။ ဒါကြောင့် တကျောင်းနဲ့တကျောင်း သူ့ထက်ငါ ကောင်းအောင် အပြိုင်အဆိုင် သင်ကြားကြတာမျိုးလည်း မရှိတော့ပါဘူး။ ပိုဆိုးတာ ကတော့ ပြီးခဲ့တဲ့တပတ်က တင်ပြခဲ့သလိုပဲ အုပ်ချုပ်သူအာဏာပိုင်တွေက သင်ရိုး သတ်မှတ်ချက် အထိ ၀င်ရောက်စွက်ဖက်နေတာမျိုးပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ စစ်အစိုးရဟာ ကျောင်းပညာရေးမှာ အခြေခံကျောင်းတွေကစပြီး ပါရဂူတန်းတွေထိအောင် သင်ရိုးရေးဆွဲရာတွေမှာ ၀င်ရောက်စွက်ဖက်တာ ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာ့နိုင်ငံရေးအခြေအနေနဲ့ ပတ်သက်လေ့ရှိတဲ့ မြန်မာစာဘာသာရပ်နဲ့ လူမှုရေး ဘာသာရပ်တွေမှာ ဖြစ်ပါတယ်။ ဥပမာ- မြန်မာစာ ဘာသာရပ်မှာ ဗမာလူမျိုးတွေရဲ့ စာပေယဉ်ကျေးမှုအနုပညာ ဓလေ့ထုံးစံတွေကိုသာ အခြေခံမူလတန်းကနေ အထက်တန်းရောက်တဲ့အထိ တောက်လျှောက် အလေးပေးသင်သွားပြီး တခြားလူမျိုးစုတွေရဲ့ ဘာသာစကား ယဉ်ကျေးမှုအနုပညာဓလေ့ထုံးစံတွေကိုတော့ သင်ရိုးမှာ မထည့်ပါဘူး။

အဲဒီလိုပဲ သမိုင်းဆိုင်ရာသင်ရိုးတွေမှာလည်း လက်တွေ့လောကမှာ အသုံးချမရတဲ့ သမိုင်းကြောင်းတချိုနဲ့ မြန်မာဘုရင်အဆက်ဆက် နယ်ပယ်ချဲ့ထွင်ရင်း ဖြစ်ကြတဲ့ စစ်ပွဲတွေကိုသာ အသားပေး ပြဌာန်းတာ တွေ့ရ ပါတယ်။ လူမျိုးရေး ဘာသာရေး အာဃာတ လွှမ်းမိုးပြီး နိုင်ငံရေးအရ သူတို့လိုအပ်သလို ၀ါဒဖြန့်တဲ့ ရှုထောင့်တွေဘက်က နေ လိုရာဆွဲရေးသားတဲ့ သင်ခန်းစာမျိုးတွေ ဖြစ်ပါတယ်။ ဥပမာပြောရရင် ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံရဲ့ ပြဿနာကို သီးခြားပြဌာန်းစာအုပ်အဖြစ် သတ်မှတ်ထားတာမျိုးပါ၊ ဒါဟာ စာသင်သားတွေကို နိုင်ငံရေးမှိုင်းတိုက်တာပဲ ဖြစ်ပါတယ်။ သမိုင်းကြောင်းထဲက သင်ခန်းစာ ယူစရာ အမှားတွေကို ဝေဖန်ပိုင်းခြား တတ်အောင်၊ ဆင်ခြင်သုံးသပ်တတ်အောင် သင်ကြားပေးတာမျိုး လုံးဝမရှိပါဘူး။

ဒီလိုပဲ ပထ၀ီဝင်ဘာသာရပ်မှာဆိုလည်း ၁၉၆၄တုန်းက အတည်ပြုခဲ့တဲ့ မြန်မာနိုင်ငံရဲပထ၀ီဝင်အနေအထားနဲ့ သဘာဝပတ်ဝန်းကျင် အနေအထားတွေကိုပဲ တိုးချဲ့ခြင်း၊ ထုတ်ပယ်ခြင်း၊ ပြင်ဆင်ဖြည့်စွက်ခြင်းမရှိဘဲ သင်နေ ကြရဆဲပါ။ သဘာဝသိပ္ပံဘာသာရပ်မှာလည်း ကလေးတွေဟာ သာမန် သဘာဝပေါက်ပင် ရေမြေ တောတောင် တွေ အကြောင်းလောက်ကိုပဲ ရိုးရိုးစင်းစင်း သင်နေကြရတာပါ။ သင်ရိုးတွေ သင်ခန်းစာတွေဟာ ခေတ်နောက် ကျနေပြီဖြစ်တဲ့အပြင် တချို့အချက်အလက်တွေကလည်း မျက်မှောက် မြန်မာနိုင်ငံရဲ လက်ရှိ အနေအထားနဲ့ လွဲချော်နေပြီဖြစ်ပါတယ်။

ကမ္ဘာ့နိုင်ငံအများစုကတော့ လက်တွေ့ကာလမှာ အသုံးချလို့ရတဲ့ အသုံးဝင်တဲ့ အကြောင်းအရာတွေကိုသာ ကျောင်းပညာရေးထဲမှာ ပြဌာန်းတာ တွေ့ရပါတယ်။ ဥပမာ- ကမ္ဘာကြီးပူနွေးလာတဲ့ပြဿနာကို ရင်ဆိုင် လာနေရတဲ့အတွက် ပတ်ဝန်းကျင် ထိန်းသိမ်း ရေးတွေနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကို Environmental studiesအနေနဲ့ ပြဌာန်းသင်ကြားပေးတာမျိုးပါ၊ အထူးသဖြင့် သဘာဝရင်းမြစ် ပေါကြွယ်ဝတဲ့ မြန်မာပြည်က လူငယ်ကျောင်းသားတွေမှာ သဘာဝစွမ်းအင်အရင်းအမြစ်တွေကို ထိန်းသိမ်းတတ်ဖို့ အတွက် အသိပညာဗဟုသုတတွေ အလွန် လိုအပ်ပါတယ်။

ဒါပေမဲ့ လက်တွေ့အခြေနေမှာတော့ မြန်မာနိုင်ငံကကျောင်းသားတွေဟာ သူတို့ သိသင့်သိထိုက်တဲ့ ကိုယ့် နိုင်ငံတွင်းဆိုင်ရာ ဗဟုသုတ အချက်အလက်တွေကိုတောင် အမှန်အတိုင်း သိခွင့်မရဘဲရှိနေပြီး လက်တွေ့ ကမ္ဘာနဲ့ တော်တော် အလှမ်းဝေးနေကြရပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံဟာ ပညာရေး လွတ်လပ်ခွင့် မရှိတဲ့ အပြင် စံမီပညာရေးနဲ့ အလှမ်းဝေးနေသေးတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

ကမ္ဘာမှာက ပညာရေးကို ခေတ်နဲ့မီအောင် ပြုပြင်မွမ်းမံပြီး အားသွန်လိုက်နေချိန်မှာ မြန်မာနိုင်ငံကတော့ ကျောင်းသူကျောင်းသားတွေကို ခေတ်နောက်ကျသထက် နောက်ကျအောင် ဆွဲချနေတယ်လို့ ဆိုရမှာပါ၊ ဒီမိုကရေစီနိုင်ငံတွေက ကိုယ့်နိုင်ငံသားတွေ ဒီမိုကရေစီသဘောတရားနဲ့ အခြေခံလူ့အခွင့် အရေးတွေကို ငယ်စဉ်ကတည်းကသိမှ အောင်မြင်တဲ့ ဒီမိုကရေစီ နိုင်ငံဖြစ်လာမယ်လို့ သဘောပိုက်ပြီး ကျောင်းပညာရေး ထဲမှာ ဒီမိုကရေစီသဘောတရားနဲ့ အခြေခံ လူ့အခွင့်အရေးတွေကို သေချာထည့်သင်တာပါ။

မြန်မာနိုင်ငံမှာကတော့ စာသင်ခန်းမှာ ဒီမိုကရေစီ၊ လူ့အခွင့်အရေးဆိုတဲ့ စကားလုံးတွေကိုတောင် ထည့်ပြော လို့ မရတဲ့အပြင် ခေတ်နဲ့ မဆီလျော်တော့တဲ့သင်ရိုးတွေကိုလည်း ဖြုတ်ခွင့် ဖြည့်စွက်ခွင့် ပြုပြင်ခွင့်မရှိပါဘူး။ ဒါဟာ မြန်မာနိုင်ငံပြည်သူလူထုကို ကိုယ့် အခွင့်အရေးကိုမှ မသိတဲ့အခြေနေမျိုးဖြစ်အောင် လုပ်ထားတာပဲ ဖြစ်ပါတယ်။ ဒါဟာ တနည်းအားဖြင့်တော့ ပညာရေးလွတ်လပ်ခွင့်ကို ရိုက်ချိုးပြီး ကျောင်းသားလူငယ်တွေကို အစိုးရရဲအမိန့်အားလုံးကို လုံးလုံးမဝေဖန် မသုံးသပ်ဘဲ တသွေမတိမ်း နာခံတတ်ကျင့် ရှိလာအောင် မွေးမြူနေတာပဲဖြစ်ပါတယ်။

မေငြိမ်း (၂၀၀၇)