Thursday, September 13, 2007

အားလုံးအတွက် ပညာရေး

၁၉၄၈ခုနှစ် ဒီဇင်ဘာလ ၁၀ရက်နေ့မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံကနေပြီး အတည်ပြု ပြဌာန်းခဲ့တဲ့ လူ့အခွင့်အရေး ကြေငြာစာတမ်း (Universal Declaration of Human Rights) ရဲ့ အပိုဒ်၂၆ မှာ လူတိုင်း ပညာသင်ကြားပိုင်ခွင့်ကို အတိအလင်း ထည့်ပြီး ပြဌာန်းထားပါတယ်။ ၁၉၉၄ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ စပိန် နိုင်ငံ ဆလာမန်ကာမြို့ အပြည်ပြည်ဆိုင်ရာ ပညာရေးဆွေးနွေးပွဲ (Salamanca Education Forum) က ထုတ်ပြန် ကြေငြာချက် ထဲမှာလည်း “ပညာရေးဆိုင်ရာ အကူအညီ လိုအပ်သူများ” (Special Education Needs) သည် ပုံမှန်ကျောင်းများတွင် တက်ရောက် သင်ကြားနိုင်ခွင့်ရှိသည်။ စာသင်သား ဗဟိုပြု ပညာရေးအစီအစဉ် (Student centered teaching) ဖြင့် ဤကျောင်းသားများ၏ လိုအပ်ချက်များ ကို ဖြည့်ဆည်း ပေးရမည် လို့ အချက် တချက်အနေနဲ့ အတိအလင်း ပါပါတယ်။


ကမ္ဘာ့နိုင်ငံတော်တော်များများဟာ ကလေးတွေရဲ့ ပညာရေးနဲ့ ပတ်သက်ရင် ကလေးသူငယ်များ အခွင့်အရေး ဆိုင်ရာ သဘောတူစာချုပ်(Convention of the Rights of the child – CRC) ပါ အချက် အလက် တွေ ကို လိုက်နာကြတာ တွေ့ရပါတယ်။ ကလေးတွေအတွက် အခမဲ့ ပညာသင်ခွင့် သတ်မှတ်ပေးထား တဲ့အပြင် ကလေး အားလုံး ကျောင်းနေနိုင်အောင် မိဘကို အထောက်အပံ့ ပေးထားတာမျိုးတွေလည်း တွေ့ရပါတယ်။ အထူးသဖြင့်တော့ အကြောင်းအမျိုးမျိုးကြောင့် ပုံမှန်မဟုတ်ဘဲ ကိုယ်အင်္ဂါ အစိတ်အပိုင်း ချို့ယွင်းနေတဲ့ ဒါမှ မဟုတ် စိတ်ပိုင်းဆိုင်ရာ ချို့တဲ့နေတဲ့ ကလေးတွေအတွက် Special Education ဆိုပြီး ပညာ သင်ယူနိုင် ရေး စီစဉ်ပေးတာပါပဲ။ နိုင်ငံတကာမှာတော့ အဲဒီလို ကလေးတိုင်းအတွက် ပညာရေး (Inclusive Education) အစီအစဉ်ကို ၁၉၈၀နောက်ပိုင်းမှာ တဟုန်ထိုး ဆောင်ရွက် လာခဲ့ပါတယ်။

ကလေးတိုင်းဆိုတာဟာ ဆွံ့အ နားမကြား၊ မျက်မမြင် ကနေ စလို့ အာရုံကြောချို့တဲ့နေတဲ့ ကလေးတွေ၊ ခြေ လက် စသဖြင့် မသန်စွမ်းတဲ့ ကလေးတွေ Dawn Syndrome လို့ခေါ်တဲ့ မွန်ဂိုရုပ် လက္ခဏာဆန်တဲ့ မွေးရာပါ အာရုံကြောနဲ့ ဥာဏ်ရည် အားနည်းတဲ့ ကလေးတွေကိုပါ ပညာသင်ယူနိုင်အောင် စီစဉ်ပေးထားတာပါ။ အဲဒီ ကလေးတွေရဲ့ လက္ခဏာအခြေအနေတွေကို လိုက်ပြီး သင်ရိုး အဆင့်အတန်းတွေ အဆင့်ဆင့် ခွဲထားတဲ့ ကျောင်း တွေ၊ အတန်းတွေမှာ ပညာသင်နိုင်ပါတယ်။ ပြီးတော့ ကျောင်းတွေမှာ သက်ဆိုင်ရာ ကျွမ်းကျင်တဲ့ ဆရာတွေနဲ့ ကြပ်မတ် ကွပ်ကဲပေးပါတယ်။ ပြီးတော့ စိတ်ပိုင်းဆိုင်ရာနဲ့ ကိုယ်ခန္ဓာ ကျန်းမာရေးတွေကိုပါ ပုံမှန် ဆေးကုသ ခံ နိုင်ဖို့လည်း စီစဉ်ပေးထားပါတယ်။ အဲဒီ Special Education ဟာလဲ အခမဲ့ပဲ ဖြစ်ပါတယ်။ ဆေးဝါး၊ နေ့လယ် စာ၊ ကျောင်းဝတ်စုံ၊ စာရေးကိရိယာ နဲ့ ဖယ်ရီကား အကြိုအပို့ အားလုံး အခမဲ့ ပေးပါတယ်။

သိပ်ပြီး အခြေအနေမဆိုးတဲ့ ကလေးတွေကတော့ မိဘ ဆရာနဲ့ သက်ဆိုင်ရာ ဆရာဝန်တို့ ညှိနှိုင်းဆုံးဖြတ်ပြီး ပုံမှန်ကျောင်းတွေမှာ ပုံမှန်ကလေးများနဲ့ ရောပြီး Inclusive Education အဖြစ် ပညာသင်ယူနိုင်ပါတယ်။ အထူးသဖြင့် အာရုံကြောချို့တဲ့ တဲ့ ကလေးတွေနဲ့ Dawn အုပ်စုဝင် ရောဂါရှင် ကလေးတွေဟာ သူတို့ရဲ့ ဥာဏ်ရည် အဆင့်ကို လိုက်ပြီး အတန်းတွေ ရနိုင်ပါတယ်။ မြန်မာနိုင်ငံနဲ့ အနီးဆုံး ထိုင်းနိုင်ငံမှာလဲ Special Education စီစဉ်ပေးထားနိုင်တာ တွေ့ရပါတယ်။ ကျောင်းမှာ အဲဒီလို ကလေးတွေကို စောင့်ရှောက်ဖို့အတွက် အထူး ဆရာ ဆရာမလည်း ထားပေးတာမို့ ကလေးဟာ သိသိသာသာပဲ ဥာဏ်ရည် တက်လာနိုင်ပြီး ပုံမှန် ကလေးတွေ အနေနဲ့လဲ ချို့တဲ့ကလေးကို မြင်နေကျ ဖြစ်သွားတဲ့အတွက် ခွဲခြားဆက်ဆံတာမျိုး မလုပ်ကြ တော့ ပါဘူး။ ပြီးတော့ မိဘတွေရဲ့ စောင့်ရှောက် ပံ့ပိုးနိုင်မှုအပေါ် မူတည်ပြီး သူတို့ လက်ခံနိုင်စွမ်း ရှိသလောက် အတိုင်း အတာအထိ ပညာသင်ယူခွင့်လည်း ရကြပါတယ်။ အသက်မွေးဝမ်းကျောင်း ဘာသာရပ် တွေတင် မကဘဲ တက္ကသိုလ် အဆင့်ထိအောင် Special Education အစီအစဉ် ရှိပါတယ်။

အာရှနိုင်ငံ အတော်များများရဲ့ ရုပ်မြင်သံကြား သတင်းအစီအစဉ်နဲ့ အရေးကြီးတဲ့ အစီအစဉ်တွေမှာဆိုရင် ဆွံ့ အ နားမကြား သူတွေ သုံးတဲ့ လက်အမူအယာသင်္ကေတ (Sign Language) နဲ့ သတင်းကြေညာပေးတဲ့ အစီအစဉ် မျိုးတောင် ထည့်သွင်း ပေးထားတာပါ။ အဲဒီအခါ အာရုံကြော အားနည်းချို့တဲ့ပေမဲ့ လူ့ဘ၀ထဲမှာ သူများနဲ့ တန်းတူ ကျင်လည်ခွင့်ရကြတဲ့အတွက် သိပ်ကြီးမားတဲ့ လူ့အခွင့်အရေး ဆုံးရှုံးမှုမျိုး မခံစားရတော့တာကို တွေ့ရ ပါတယ်။

မြန်မာနိုင်ငံမှာတော့ ပုံမှန်ကလေးတွေတောင် ၃၉ရာခိုင်နှုန်းလောက်က ကျောင်းမနေကြရတာမို့လို့ ဆွံ့ အ နားမကြား ကနေစပြီး အာရုံကြောချို့ယွင်းတဲ့ ကလေးတွေ၊ ဒုက္ခိတကလေးတွေ ဆိုရင်တော့ အခွင့်အရေးတွေ ပိုဆုံးရှုံးပြီး ဘ၀တွေလည်း အများကြီး ဆုံးရှုံးနေကြရပါတယ်။ မိဘတွေ အနေနဲ့ အဲလို ကလေးမျိုးမွေးလာခဲ့ရင် တစ်ဘ၀စာလုံး ဒုက္ခရောက်ရပြီလို့ကို မှတ်ယူကြရပါတယ်။ မသန်မစွမ်း ကလေးများအတွက် ကျောင်းတွေ အပြည့်အစုံ စီစဉ်ပေးတာမျိုး မရှိပါဘူး။ မြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့မှာ တောင်မှပဲ အရင်က မေရီချက်ပ်မင်းလို့ လူသိများတဲ့ ဒဂုံမြို့နယ်က ဆွံ့ အ နားမကြားကျောင်း တစ်ကျောင်းနဲ့ ကြည့်မြင်တိုင်မြို့နယ်က မျက်မမြင် ကျောင်းတစ်ကျောင်း ဒါပဲ ရှိတာပါ။ အဲဒီမှာလည်း ငွေကြေးတတ်နိုင်တဲ့ မိဘတွေကသာ မသန်မစွမ်း ကလေးတွေအတွက် ပညာရေးကို စီစဉ်ပေးနိုင်ကြ ပါတယ်။ နယ်မြို့တွေက မသန်မစွမ်း ကလေးတွေဆိုရင်တော့ ဒီအတိုင်း အိမ်မှာ အချိန်ကုန်ရင်း မိသားစုဝင်တွေရဲ့ ၀န်ထုပ်ဝန်ပိုးတွေ အဖြစ်နဲ့ နေသွားကြရတာပါ။

ဒါကြောင့် မြန်မာနိုင်ငံမှာ မသန်မစွမ်း ကလေးတွေ ရဲ့ ဘ၀ဟာ လူ့အခွင့်အရေးတွေ အများကြီး ဆုံးရှုံး နေကြ ရ တယ်လို့ ဆိုရမှာပါ။ တခါတလေမှာ မိသားစုကရော ပတ်ဝန်းကျင်ကပါ ကျဉ်ထား ပစ်ပယ် ထားတာကိုလည်း ခံနေကြရပါတယ်။ မသန်မစွမ်း ကလေးဟာ မိန်းကလေးဖြစ်ခဲ့ရင်တော့ မိန်းကလေး သဘာဝအရ အရွယ် ရောက်ချိန်မှာ လိင်ပိုင်း ဆိုင်ရာ အကျူးကျော် ခံရတဲ့ ပြဿနာမျိုးတွေကို အမြဲတမ်း လိုလို ရင်ဆိုင်ရပြီး တခါတလေမှာ သားမွေးလိုက်ရတဲ့ အခြေနေအထိ ရောက်သွားရတာတွေတောင် အများကြီး ရှိပါတယ်။

စင်္ကာပူနိုင်ငံမှာတော့ သူ့နိုင်ငံ အရွယ်အစားနဲ့ မမျှအောင်ဘဲ အစိုးရက တည်ထောင်ပေးထားတဲ့ မသန်မစွမ်း ကျောင်း ၂၁ကျောင်း ရှိပါတယ်။ အဲဒီကျောင်းတွေမှာ ဆရာ၊ မိဘနဲ့ သက်ဆိုင်ရာ ဆရာဝန်တို့၊ ဆေးပညာရှင်တို့ သုံးပွင့်ဆိုင် ညှိနှိုင်းပြီး ကလေးရဲ့ ကျန်းမာရေးနဲ့ ဥာဏ်ရည် အဆင့်အလိုက် လူမှုဆက်ဆံရေး နယ်ပယ်ကနေ စပြီး အသက်မွေးဝမ်းကျောင်းပညာအထိ သင်ယူသွားနိုင်ပါတယ်။ အဲဒီ ကလေးတွေဟာ လေ့လာရေးခရီးတွေ လူမှုရေးခရီးတွေပါ သွားကြရတာမို့ သူတို့ဟာ စိတ်ဓါတ်ဖွံ့ဖြိုးပြီး ပျော်ရွှင်တဲ့ လူသားတွေအနေနဲ့ ကြီးပြင်းကြရ ပါတယ်။ သင်ကြားရေးအစီအစဉ်တွေကလဲ စာတွေ့နဲ့ လက်တွေ့ကို စနစ်တကျ ပေါင်းစပ်ထားတဲ့အပြင် အားကစား ဘာသာရပ်ကိုလဲ သင်ယူကြရပါတယ်။ မသန်မစွမ်းကလေးတွေကို ပညာရေးတင်မက အသက်မွေး ၀မ်းကျောင်း အလုပ်လုပ်နိုင်တဲ့အထိပါ ဖန်တီးပေးတဲ့ အထူးပညာရေးပဲ ဖြစ်ပါတယ်။ Special Education ဟာ နိုင်ငံတကာမှာ နည်းစနစ်ချင်း သိပ်မကွာလှဘဲ အစိုးရက အများကြီး ပံ့ပိုးပေး ထားတာမှာလဲ အတူတူပါပဲ။

တကယ်တော့ ကလေးတိုင်းအတွက် ပညာရေး (Inclusive Education) ဟာ လူသား အချင်းချင်း ခွဲခြား ဆက်ဆံတဲ့ အမြင်သဘောထားတွေကို ကင်းစင်အောင် တိုက်ဖျက်ဖို့ ငြိမ်းချမ်းသာယာတဲ့ လူမှုဆက်ဆံရေး ဖြစ်ထွန်းဖို့နဲ့ လူသားတိုင်းရဲ့ စွမ်းဆောင်နိုင်ရည် မြင့်မားစေဖို့ဆိုတဲ့ Salamanca Forum က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ပါ ရည်ရွယ်ချက်တွေနဲ့ စီစဉ်လှုပ်ရှားကြတာပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာကတော့ ကလေးတွေရဲ့ ပညာရေး၊ အထူးသဖြင့် မသန်မစွမ်း ကလေးတွေရဲ့ ပညာရေးနဲ့ ပတ်သက်ရင် အစိုးရအဆက်ဆက်က ပံ့ပိုးကူညီမှု မရှိခဲ့တာမို့ မိဘများနဲ့ ဆရာများက တတ်နိုင်သလောက် စီစဉ် ပေးမှပဲ မျိုးဆက်သစ်တွေနဲ့ လူ့ဘောင်ဘ၀ တိုးတက်ရေးအတွက် ကြိုးပမ်းပေးရာ ရောက်မှာ ဖြစ်ပါတယ်။

ဇန်န၀ါရီလ၊၂၀၀၆။

No comments:

Building Knowledge Economies စာတမ်း(၅)

ကမ္ဘာ့ဘဏ် ဖွံ့ဖြိုးတိုးတက်မှု လေ့လာရေးအဖွဲ့ရဲ့ ၂၀၀၇ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ စာတမ်းပါ Building Knowledge Economies ပညာရေးဆိုင်ရာ အကြံပြုချက် မ...