Thursday, September 13, 2007

မူလတန်း နှင့် ကလေး၏ ဖွံ့ဖြိုးခွင့်

ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံကြီးတွေမှာ ပညာရေးနဲ့အတူ ကလေးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးတွေကို အားစိုက်ခွန်စိုက် လုပ်နေကြပါ တယ်။ နိုင်ငံတကာ ကလေးအခွင့်အရေး စာချုပ် (Convention on the Rights of the Child - CRC) ထဲမှာ Development Rights ဆိုပြီး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အခွင့်အရေးများ ဆိုတာ ပါပါတယ်။ ကလေးတွေအနေနဲ့ သူတို့ စွမ်းရည် ရှိသမျှ ဖွံ့ဖြိုးတိုးတက်ပိုင်ခွင့် ဖြစ်ပါတယ်။ ဥပမာ… ပညာသင်ကြားခွင့်၊ အားကစား နှင့် အပန်းဖြေ အနားယူခွင့်၊ လွတ်လပ်စွာတွေးခေါ်ခွင့် နဲ့ ကိုးကွယ်ယုံကြည်ခွင့်တွေပဲ လို့ ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံက မူလတန်းပညာရေးမှာ သူငယ်တန်းကနေ နှစ်တန်းထိကို မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ နဲ့ သဘာဝသိပ္ပံဘာသာတွေ သင်ပါတယ်။ (၃)တန်းနဲ့ (၄)တန်းရောက်မှ သမိုင်းနဲ့ ပထ၀ီဝင် တိုးလာပါတယ်။ ကလေးဘ၀မှာ တကယ်လိုအပ်တဲ့ လောကနီတိ၊ မေတ္တာတရား၊ ကိုယ်ကျင့်တရား နဲ့ ပတ်သက်တာတွေ မပါပါဘူး။ ကလေးတွေရဲ့ စာသင်ချိန် အချိန်ဇယားမှာ ဖွံ့ဖြိုးရေးအချိန် ဆိုတာ ပါပေမယ့် အဲဒီ အချိန်မှာ ကလေးတွေက အတန်းပိုင်ဆရာမရဲ့ အလိုကျ လိုက်ပြီးတော့ အပြန်အလှန် ပုံပြောတာတို့၊ အရုပ်ရေးတာတို့ လုပ်နိုင်ပါတယ်၊ သင်ရိုး သေသေချာချာ သတ်မှတ်ပေးထားတာမျိုး မရှိပါဘူး။ ဒါပေမယ့် ဆရာဆရာမတွေရဲ့ စိတ်မရှည်နိုင်မှုကြောင့် စာရေးခုံပေါ် တံတောင်ဆစ်ကွေး မှောက်အိပ်ပြီး သက်သောင့်သက်သာမရှိဘဲ ငြိမ်ငြိမ်လေး အိပ်နေကြ ရတာပဲ များပါတယ်။

မြန်မာနိုင်ငံမှာ ကလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်ခွင့်နဲ့ ပတ်သက်ရင် ပိုဆိုးတာ ကတော့ ဗမာ မဟုတ်တဲ့ တခြား တိုင်းရင်းသားကလေးတွေအတွက် မိခင်ဘာသာစကား သင်ကြားခွင့် မရှိတာပါပဲ။ အဲဒါဟာ ကလေးတွေရဲ့ အသိဥာဏ်ပညာ ဖွံ့ဖြိုးတိုးတက်မှု ကိုလည်း နှောင့်နှေးစေပါတယ်။ ဗမာစကား၊ ဗမာပတ်ဝန်းကျင်နဲ့ ဝေးပြီး ဗမာစာနဲ့လဲ အလွယ်တကူ မနီးစပ်နိုင်တဲ့ တိုင်းရင်းသား ကလေးတွေ ခမျာ စာမလိုက်နိုင်တဲ့ ပြဿနာနဲ့ ရင်ဆိုင်ကြရပါတယ်။ တိုင်းရင်းသားကလေးတွေဟာ ကျောင်းမှာ မြန်မာစာ သင်ချိန်က လွဲလို့ တခြား အချိန်တွေမှာ သူတို့ရဲ့ မိခင်ဘာသာစကားကိုပဲ သုံးကြတာပါ။ ဒီတော့ မြန်မာစာလည်း မတတ်၊ မြန်မာလို သင်ရတဲ့ အတွက် မူရင်းဘာသာရပ်ကိုလည်း မတတ်တော့ဘဲ တကယ့်ကို စာမတတ်တဲ့ ကလေးတွေသာ တိုးပွားလာတာပါပဲ။

ထိုင်းနိုင်ငံရဲ့ မူလတန်းသင်ရိုးမှာတော့ သူငယ်တန်းလေးကစပြီး အင်္ဂလိပ်စာ၊ သင်္ချာ၊ မိခင်ဘာသာစကား၊ သဘာဝသိပ္ပံ နဲ့ အတူ ဂီတ၊ သီချင်း၊ ကဗျာ၊ လက်မှုအနုပညာ၊ ရိုးရာယဉ်ကျေးမှုတွေ သင်ပါတယ်။ အဲဒီ သင်ရိုးတွေကိုပဲ အတန်း အဆင့် အလိုက် နည်းနည်းစီ တိုးမြှင့်ပြီး သင်သွားပါတယ်။ အင်္ဂလိပ်စာက လွဲပြီး ကျန်တဲ့ ဘာသာရပ် အားလုံးကို မိခင်ဘာသာစကားနဲ့ပဲ သင်ပါတယ်။ ဒါကြောင့် ကလေးတွေဟာ သူတို့ သင်ပြီးသမျှ သင်ခန်းစာတွေကို ပိုင်ပိုင်နိုင်နိုင် နားလည်ကြ၊ သိကြ တတ်ကြတဲ့အတွက် ဘက်စုံ ဖွံ့ဖြိုး တိုးတက်ခွင့် ရကြတယ်လို့ ဆိုနိုင်ပါတယ်။

စင်္ကာပူမှာကျတော့ မူလတန်းသင်ရိုးမှာ သင်္ချာ၊ အနုပညာ၊ လက်မှုပညာ၊ ဂီတ၊ ကာယပညာ၊ လူမှုရေးဘာသာတွေအပြင် Civics and Moral ဆိုတဲ့ လောကနီတိ နဲ့ ကိုယ်ကျင့်တရားဘာသာရပ်ကို ပြဌာန်းထားပါတယ်။ အဲဒီဘာသာရပ်ရဲ့ အောက်မှာ Humanaty နဲ့ Aesthetics ဆိုပြီး လူမှုဘာသာရပ်နဲ့ ရသပညာကို သင်ပါတယ်။ အဲဒီ သင်ရိုးတွေဟာ ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ စာရိတ္တဖွံ့ဖြိုးရေး ကို ဦးတည်တဲ့ သင်ခန်းစာတွေပါ။Grade 3, 4 ကို ရောက်ရင်တော့ သိပ္ပံတစ်ဘာသာ တိုး သင်ပါတယ်။ အဲဒီမှာ ကွန်ပျူတာဘာသာကိုထည့်သင်ပါတယ်။ စင်္ကာပူမှာက နိုင်ငံတကာအဆင့်မီစနစ်အတိုင်း စာသင်ခန်း တစ်ခန်း ကို ကျောင်းသား အယောက်သုံးဆယ်ပဲ ထားတာမို့လို့ ကလေးတိုင်း ကွန်ပျူတာ ကိုင်နိုင်ပြီး ဆရာဆရာမကလဲ ကလေးတစ်ယောက်ဆီ ရဲ့ အရည်အသွေး ဖွံ့ဖြိုးမှုကို သေချာ အကဲခတ် နိုင်ပါတယ်။

မြန်မာနိုင်ငံမှာတော့ ပညာရေးစနစ်အတွက် စံပြထားတဲ့ ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်းမှာတောင် မှပဲ စာသင်ခန်းတစ်ခန်းမှာ အနည်းဆုံး ကျောင်းသား ဦးရေ အယောက်၈၀ ထားပါတယ်။ စာသင်ခန်းကလည်း ခပ်ကျဉ်းကျဉ်းမို့ ကလေး တွေဟာ ကျပ်ကျပ်တည်းတည်းနေရပြီး တစ်ယောက်နဲ့ တစ်ယောက်ကလည်း နီးကပ်လွန်းတာမို့ စာသင်ယူရာမှာ အာရုံဝင်စားမှု နည်းသွားစေပါတယ်၊ ဒါကြောင့် တစ်ယောက်ချင်းရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်းထိခိုက် စေပါတယ်။ မြန်မာကလေးတွေခမျာ စာအုပ်စာတမ်း ကစပြီး သင်ကြားရေး အထောက်အကူပြု ပစ္စည်းတွေ မစုံမလင်နဲ့ပဲ ဘွဲ့တွေရတဲ့အထိ ယိုင်နဲ့နဲ့ သွားကြရရှာတာပါ။

ဂျပန်နိုင်ငံကျတော့ ကျောင်းတွေမှာ ကလေးတွေကို နေ့လယ်စာ ကျွေးတာကို တောင် အာဟာရတန်ဖိုး တွက်ပြီး ကျွေးပါတယ်။ ကျောင်းပညာရေးထဲမှာ အားကစားကို မသင်မနေရ ဘာသာရပ် တစ်ခုအဖြစ် ထည့်ထားပြီး ရေကူးသင်တဲ့ ဘာသာရပ်တောင် ရှိပါတယ်။ မြန်မာနိုင်ငံမှာကတော့ ကျောင်းတွေ တော်တော် များများက နေရာကျယ်ကျယ် မရှိတာကြောင့် ကလေးတွေရဲ့ ကိုယ်ကာယ ကျန်းမာ ဖွံ့ဖြိုးရေးအတွက် ပြေးလွှား ကစားစရာ နေရာလဲ မရှိပါဘူး။ပြီးတော့ နေရာကျယ်ကျယ်မလိုတဲ့ ကာယလှုပ်ရှားမှုမျိုးတွေ လုပ်ပေးတာမျိုးလည်း မရှိပါဘူး။ တကယ်တော့ ကလေးတွေရဲ့ ကိုယ်စိတ်နှစ်ပါး ကျန်းမာဖို့အတွက် ဆိုရင် ကျောင်းတွေမှာ ကျောင်းသင်ခန်းစာ တွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ကစားခွင့်ရရေးနဲ့ အစားအသောက်အနေအထိုင်ကို စနစ်တကျ ပြုစု စောင့်ရှောက် ပေးတာဟာလည်း ကလေးတွေအတွက် အခြေခံပညာရေး မှာ အရေးပါတဲ့ လိုအပ်ချက်တွေဖြစ်ပါတယ်။

ကလေးတွေရဲ့ ဖွံ့ဖြိုးခွင့်နဲ့ပတ်သက်ရင် ဂျပန်နိုင်ငံရဲ့ နောက်ထပ် အားကျစရာကောင်းတဲ့ နောက် အချက် တစ်ချက်ကတော့ ကလေးစာပေ ထွန်းကားတာပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံက ကလေးတွေမှာတော့ ပညာရေးစနစ်ရဲ့ အထွေထွေ အားနည်းမှုတွေ ကြောင့် ဖွံ့ဖြိုးတိုးတက်ခွင့် မရရုံသာမကဘဲ စိတ်ပိုင်းစာရိတ္တပိုင်းတွေမှာပါ ယိုယွင်း ပျက်စီး လာနေပါတယ်။ ကလေးစာပေဟာ ကလေးတွေ ရဲ့ ဥာဏ်ရည်နဲ့ စာရိတ္တဖွံ့ဖြိုးရေးအတွက် အလွန်လိုအပ်တဲ့ သင်ထောက်ကူပစ္စည်း တမျိုးလည်း ဖြစ်ပါတယ်။ ဒါကြောင့် ကလေးစာပေထွန်းကားရေးနဲ့အတူ ကလေးတွေ စာဖတ်ကျင့်ရလာအောင် လေ့ကျင့်ပေးခြင်း ဟာ လည်း ခုချိန်မှာ ကလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်ခွင့်ကို တတ်နိုင်သလောက် တနည်းတဖုံ ဖန်တီးပေးရာ ရောက်တယ်ဆိုတာကို ဆွေးနွေးတင်ပြ လိုက်ပါတယ်။

မေငြိမ်း(၂၈၊၁၂၊၀၅)

2 comments:

han moe said...

ကလေးတွေရဲ့ အားလပ်ချိန်တွေဟာ ကျူရှင်ချိန် ဂိုက်တက်ရတဲ့ အချိန်တွေကတွေက ဖဲ့ယူသွားတဲ့ အတွက် လွတ်လပ်ပျော်ရွင်ချိန်တွေ နည်းလာခြင်းဟာလည်း ကလေးတွေရဲ့ ကိုယ်ရည်ကိုယ်သွေး ကျဆင်းစေတဲ့ အဓိကအချက်ပါပဲ မူလတန်းအဆင့်မှာ စာပြီးစာ လုပ်နေရတဲ့ မြို့ပေါ်က ကလေးတွေရဲ့ ဘ၀ဟာ စိတ်ကျဉ်းကြပ်မှု အပြည့်နဲ့ ရှိနေပြီး တောကကလေးတွေကတော့ ဆရာဆရာမမပြည့်စုံတာ သင်ထောက်ကူပစ္စည်းမရှိတာနဲ့ ဆင်းရဲ့ချို့တဲ့တဲ့ မိဘာတွေရဲ့ လုပ်ငန်းခွင်တွေမှာ ၀င်ရောက်ကူညီလုပ်ကိုင်ရင်း ကလေးဘ၀ရဲ့ လွပ်လတ်ခွင့်တွေ ဆုံးရှုံးရတာကြောင့် စီတ်ဖိစီးမှုတွေ ခံစားနေကြရတာကို မိဘအများစုရော ပညာရေးပိုင်းက တာဝန်၇ှိသူတွေ ပါ သတိလက်လွတ်နေခဲ့ကြတဲ့ ဆယ်စုနှစ်နှစ်ခုလောက်မှာပဲ ကျွန်တော်တို့မျိုးဆက်တွေရဲ့ စာရိတ္တပိုင်း ကိုယ်ရည် ကိုယ်သွေးပိုင်း နဲ့ ညဏ်ရည်ဖွိ့ဖြိုးမှုပိုင်းတွေ ယိုယွင်းခဲ့ပါပြီ ကျွန်တော်တို့ ဘယ်လိုပြင်ဆင်ရမလဲ ဆိုတာ ပညာရှင်တွေရဲ့ အကြံပြုချက်တွေ လိုအပ်လာသလို တဖက်ကလည်း အရည်အချင်းပြည့်ဝတဲ့ ဆရာတွေကို နိုင်ငံတကာကပညာရှင်တွေ အကူအညီနဲ့ မွေးထုတ်ရပါလိမ့်မယ် အဲဒီနေရာမှာ ပညာရေးလောကရဲ့ အဂတိလိုက်စား မှုတွေကိုလည်း ထိထိရောက်ရောက်နှိမ်နှင်းရပါမယ် .......

han moe said...
This comment has been removed by the author.