Thursday, September 13, 2007

စာမေးပွဲစနစ်

မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်မှာ အတန်းတင် အတန်းကျ စာမေးပွဲစနစ်ကို ပြန်သုံးမယ် ဆိုတာနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ပြီးပါပြီ။ တကယ်တော့ စာမေးပွဲစနစ်ကိုပဲ စနစ်ကျတဲ့ ပုံစံနဲ့ ကျင့်သုံးမယ်ဆိုရင်တော့ ဒါဟာ ကလေး များ အတွက် အဆိပ်အတောက် မဖြစ်နိုင် ပါဘူး။ စာမေးပွဲစနစ်ကို ကျင့်သုံးပြီး ပညာတတ်တွေ အောင်အောင် မြင်မြင် မွေးထုတ်နိုင် နေတဲ့ အင်္ဂလန်နိုင်ငံဟာ ထင်ရှားတဲ့ သက်သေပါပဲ။ အင်္ဂလန်နိုင်ငံမှာ ကျင့်သုံးတဲ့ စာမေးပွဲ စနစ် က အတန်းတင် အတန်းချ စနစ် မဟုတ်ပါဘူး။ ကလေးတွေရဲ့ အရည်အချင်းတွေကို ခန့်မှန်းပြီး တပြေးညီ ဖြစ်အောင် ညှိတာမျိုးပဲ ဖြစ်ပါတယ်၊


တကယ်တော့ စာမေးပွဲဆိုတာဟာ ကလေးတွေအနေနဲ့ စာတွေကို ပညာတွေကို ဘယ်လောက် မှတ်မိလဲ… ဘယ်လောက် အလွတ်ပြောနိုင်လဲဆိုတာကို စစ်ဆေးတာမျိုး မဖြစ်ရပါဘူး။ ကလေးတွေအနေနဲ့ စာကို ဘယ်လောက် နားလည်လဲ.. ဘယ်လောက် ပြန်ပြီး အသုံးချနိုင်လဲ.. ဘယ်လို ပြန်ပြီး အသုံးချနိုင်သလဲ ဆိုတာ ကိုသာ စစ်ဆေးကြည့်တဲ့ သဘောပါ။ ပြီးတော့ ရေးဖြေစာမေးပွဲနဲ့အတူ ကလေးတွေဟာ နှုတ်ဖြေလည်း ဖြေကြ ရပါတယ်။ အဲဒီမှာ ကလေးတွေရဲ့ လူမှုဆက်ဆံရေးတွေ ကိုယ်ရည်ကိုယ်သွေးတွေကိုပါ အကဲခတ် စစ်ဆေးပါ တယ်။ အဲဒီအပြင် အတန်းထဲမှာ Assignment ရေးတာမျိုးကို တစ်ယောက်ချင်းရော အဖွဲ့နဲ့ရော လုပ်ကြရတာ မျိုးလည်း ပါပါတယ်။အဲဒီ Assignment ဟာ စာမေးပွဲ တစ်စိတ်တပိုင်းပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ အဲဒီ လို စာမေးပွဲပုံစံကို ဘွဲ့လွန်တန်းများမှာပဲ တွေ့ရပါတယ်။

မြန်မာနိုင်ငံရဲ့ စာမေးပွဲစနစ်ကတော့ တစ်နှစ်လုံး သင်ခဲ့တဲ့ စာတွေကို လစဉ် စာမေးပွဲတွေ ဖြေရသလို နှစ်အဆုံး မှာလည်း အတန်းတင်စာမေးပွဲဆိုပြီး ဖြေရပါတယ်။ မေးခွန်းပေါ်မှာပဲ အမှတ် ၁၀၀ ဖိုး အပြည့် ဖြေရတာပါ။ ပြီးတော့ လစဉ်ဖြေခဲ့တဲ့ ရလဒ်တွေကိုလည်း အတန်းတင်စာမေးပွဲကြီးမှာ တရားဝင် ထည့်စဉ်းစားပေး တာမျိုး မရှိပါဘူး။ ကလေးရဲ့ အတန်း တွင်း ပူးပေါင်း ပါဝင်မှုတွေ လူမှုဆက်ဆံရေးတွေ စိတ်နေသဘောထားတွေကို သင်ကြား ပေးတဲ့၊ အသိအမှတ်ပြုတဲ့ ထည့်သွင်း စဉ်းစား ပေးမှုမျိုးလည်း မပါပါဘူး။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ စာမေးပွဲစနစ်ကတော့ ကလေးဘ၀အတွက် အမှန်တကယ်လိုအပ်တဲ့ စိတ်ပိုင်းဆိုင်ရာ ပညာရေး (Moral Education) နဲ့ ပတ်သက်လို့ လုံးဝ ထည့်မစဉ်းစားတဲ့ စနစ်ပဲ ဖြစ်ပါတယ်။

၁၉ရာစု ဗြိတိသျှ နိုင်ငံရေးခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Benjamin Disraeli (1801-1900) က “ Upon the education of the people of this country the fate of this country depends” “နိုင်ငံတနိုင်ငံရဲ့ ကံကြမ္မာ ဟာ အဲဒီနိုင်ငံက ပြည်သူတွေရဲ့ ပညာရေးအပေါ်မှာ မူတည်တယ်” လို့ ပြောခဲ့တာကို ကြည့်ရင် ကလေးတွေ လူငယ်တွေရဲ့ ပညာရေးဟာ တန်ဖိုးရှိတဲ့ ပညာရေးဖြစ်ဖို့ ဘယ်လောက် လိုအပ်တယ်ဆိုတာ ပေါ်လွင်စေလှပါတယ်။

တန်ဖိုးရှိတဲ့ ပညာရေး ဆိုတာနဲ့ ပတ်သက်လို့တော့ အမေရိကန် ပညာရေးသုတေသီ Nicholas Murray Butler ( ၁၈၆၂-၁၉၄၇ ) က ပြောခဲ့ဖူးပါတယ်။ သူက
- မိခင်ဘာသာစကားကို ပိုင်ပိုင်နိုင်နိုင်တတ်စေတဲ့ပညာရေး၊

- ယဉ်ကျေးသိမ်မွေ့တဲ့အမူအယာ အလေ့အကျင့်ရှိလာစေတဲ့ ပညာရေး၊

- ရသခံစားမှုကို နားလည်စေတဲ့ ပညာရေး၊

- စဉ်းစားဆင်ခြင်နိုင်စွမ်းရှိသွားစေတဲ့ ပညာရေး နဲ့

- အမှုကိစ္စတွေကို အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်စေတဲ့ပညာရေး

မျိုးတွေကမှ တန်ဖိုးရှိတယ်လို့ ဆိုခဲ့ပါတယ်။

ဒါမှပဲ အဲဒီတန်ဖိုးရှိတဲ့ ပညာရေးနဲ့ မွေးထုတ်လိုက်တဲ့ လူငယ်များကသာ တိုင်းပြည် အတွက် တန်ဖိုးရှိတဲ့ ကံကြမ္မာ တွေကို ဖန်တီးပေးနိုင်မှာပါ။ အဲဒီလို ကလေးရဲ့ ပညာဥာဏ်ရည်နဲ့အတူ ကိုယ်ရည်ကိုယ်သွေးကိုပါ ပျိုးထောင် ပေး နိုင်ဖို့ ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ မှတ်ဥာဏ်တစ်ခုတည်းသက်သက်ကိုသာ အားပေးတဲ့ မူလလက်ဟောင်း စာမေးပွဲ စနစ်ဟာ လွဲမှားတဲ့ စနစ်သာ ဖြစ်ပါတယ်။


အဲလိုစနစ်နဲ့ ကြီးပြင်းရတဲ့ ကလေးတွေ လူငယ်တွေဟာ မှတ်ဥာဏ်ကိုသာ အားကိုးကျင့် ရှိသွားတဲ့အတွက် ဆင်ခြင်ဥာဏ်ကို အသုံးမချတတ်တော့တဲ့အထိ ဖြစ်သွားကြပါတယ်။ အဲဒီအခါ သာမန် ပညာတတ် တစ်ယောက် ရဲ့ သာမန်အသိကို မကျော်လွန်နိုင်ဘဲ ဖြစ်သွားပါတယ်။ စိတ်ပညာရှင် Howard Gardner ရဲ့ အဆိုအရတော့ တကယ့် ပညာတတ်တစ်ယောက်ဟာ သာမန် လူတစ်ယောက်ရဲ့ သာမန်အသိ (Common Sense) ကိုတော့ ကျော်လွန်ရမယ်လို့ ဆိုပါတယ်။ တနည်းအားဖြင့်တော့ အသိရော အလိမ္မာပါ ပြည့်စုံမှ ပညာတတ်လို့ ပြောတာ ပါပဲ။ ဒါကြောင့်ပဲ ဘွဲ့ထူး ဂုဏ်ထူး မရဖူးပေမဲ့ လေ့လာအားထုတ်မှုနဲ့ တီထွင် ဖန်တီး နိုင်စွမ်းတွေ ကိုယ်ကျင့်တရား တွေ ကောင်းတာကြောင့် ပညာရှင်လို့ သတ်မှတ်ရသူတွေ ကမ္ဘာ့သမိုင်း မြန်မာ့သမိုင်းမှာ အများကြီး ရှိခဲ့တာပါပဲ။

“An educated person is one who has learned how to learn” ဆိုတဲ့ အနက်ဖွင့်ဆိုချက် အတိုင်းပါပဲ၊ ပညာတတ်ဆိုတာဟာ ပညာ ဘယ်လို သင်ယူရမလဲ ဆိုတာကို သင်ယူ တတ်မြောက် ပြီးတဲ့သူပါပဲ။ ဒါကြောင့် ပညာရေးဟာ ကိုယ် လေ့လာ တတ်မြောက် ထားသမျှကို နေရာတကျ ဝေဖန်ပိုင်းခြားပြီး အသုံးချ တတ် အောင် တတ်မြောက်ဖို့ပဲ လိုတာမို့လို့ ကလေးတွေအတွက် လွဲမှားတဲ့ ယှဉ်ပြိုင်စိတ်နဲ့ အကြောက်တရားကို ဖြစ်စေတဲ့ မြန်မာနိုင်ငံရဲ့ စာမေးပွဲပုံစံဟာ ပြုပြင် ပြောင်းလဲသင့်တဲ့ စနစ်ပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ အနီးဆုံး ထိုင်းနိုင်ငံမှာတော့ စဉ်ဆက်မပြတ် အကဲခတ် အတန်းတင်စနစ် (Caps) ကိုသုံးပြီး အောင်မြင် တဲ့ ပညာရေးကို တည်ဆောက်နိုင်နေတာ တွေ့ရပါတယ်။ ကလေးတွေဟာ အလယ်တန်းဆင့် ရောက်တဲ့အထိ ကျောင်းစာနဲ့ အိမ်စာကို မျှမျှတတ ပေါ့ပေါ့ပါးပါး လုပ်ကြရပြီး အတန်းတက် သွားကြပါတယ်။ ကျောင်း မှာ စာသင်ခန်း အတွင်းကနေ စလို့ ကျောင်းဝင်း သန့်ရှင်းရေးအထိ တပျော်တပါး လုပ်ရင်း လူမှု ဆက်ဆံ ရေး နဲ့ ပူးပေါင်း လုပ်ဆောင်တတ်မှုတွေကို တတ်မြောက်သွားကြပါတယ်။ ပန်းချီချိန်မှာ ရောင်စုံလေး တွေ သုံးပြီး ပုံလှလှလေးတွေ ဆွဲရင်း ဂီတချိန်မှာ သီချင်းဆိုရင်း ကရင်း အနုပညာကို ခံစားတတ်သွားကြပါတယ်။ ကာယချိန်မှာ အားကစားလုပ်ရင်း ကျန်းမာရေးနဲ့ ပျော်ရွှင်မှုကို ဆက်စပ် နားလည်သွားကြပါတယ်။ ဒီလိုနဲ့ပဲ ကလေးတွေဟာ သူတို့ဘာသာတောင် သတိမထားမိလိုက်ဘဲနဲ့ တကယ် ပညာတတ် သွားကြတာပါပဲ။ ဆရာ ဆရာမတွေနဲ့ တရင်းတနှီး ထိတွေ့နေရင်းကပဲ သူတို့ အမှတ်တွေ ရသွားကြတာပါပဲ။ စာမေးပွဲကြီးရယ်လို့ မရှိဘဲ ကလေးရဲ့ ဥာဏ်ရည်အလိုက် ထူးချွန်ဆုတွေ ဘာတွေလဲ ရသွားကြတာပါပဲ။


ဒါကြောင့်ပဲ ကလေးတွေအတွက် တကယ်တန်ဖိုးရှိတဲ့ ပညာတတ်ဖြစ်အောင် ပျိုးထောင်ရာမှာ စာမေးပွဲဟာ အဓိက မကျလှဘဲ ကလေးရဲ့ အရည်အသွေးကို စနစ်တကျ ပျိုးထောင်ပြီး အကဲဖြတ်နိုင်ဖို့ကသာ အဓိက ကျ တယ် လို့ ပြောရတာဖြစ်ပါတယ်။ တကယ်လို့ စာမေးပွဲစနစ်ဆိုရင်လဲ ကလေးရဲ့ ပညာတတ်မြောက်မှုကို အမှန် တကယ် သိနိုင်ဖို့နဲ့ ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကိုပါ အကဲခတ်နိုင်တဲ့ စာမေးပွဲစနစ်မျိုးသာ ဖြစ်သင့် ပါ တယ်။

မေငြိမ်း (၁၃၊၆၊၀၆)

No comments:

Building Knowledge Economies စာတမ်း(၅)

ကမ္ဘာ့ဘဏ် ဖွံ့ဖြိုးတိုးတက်မှု လေ့လာရေးအဖွဲ့ရဲ့ ၂၀၀၇ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ စာတမ်းပါ Building Knowledge Economies ပညာရေးဆိုင်ရာ အကြံပြုချက် မ...