Wednesday, February 6, 2008

တူညီဝတ်စုံ

မြန်မာနိုင်ငံရဲ့ တက္ကသိုလ်ပညာရေး အရည်အသွေး ကျဆင်းလာရတဲ့ အကြောင်းရင်းတွေထဲမှာ ကျောင်းသား တွေကို ကျောင်းစည်းကမ်းတွေ အမျိုးမျိုးထုတ်ပြီး တင်းတင်းကျပ်ကျပ် ကိုင်တွယ်လာတာကြောင့် ကျောင်းသားတွေအနေနဲ့ ကျောင်းနေမပျော်လို့ စာမတော်ကြရခြင်းကလည်း အကြောင်းတရပ်ပဲ ဖြစ်ပါတယ်။

၂၀၀၆-၂၀၀၇ ပညာသင် နှစ်ကစပြီး တက္ကသိုလ်တွေမှာ တူညီဝတ်စုံ ယူနီဖောင်း ၀တ်ရမယ်လို့ သတ်မှတ်လိုက် ပါတယ်။ ကျောင်းသား အများစုက အဲဒီ သတ်မှတ်ချက်ကို အလွယ်တကူ နာခံချင်စိတ် မရှိခဲ့ကြပါဘူး။ အာဏာပိုင်တွေဘက်ကတော့ စည်းကမ်းပိုရှိဖို့ ရည်ရွယ်တာလို့ အကြောင်းပြခဲ့ပါတယ်။ ဒါပေမဲ့ “စစ်အစိုးရရဲ့ လက်အောက် မှာ ကျောင်းပညာရေး လောကကိုတောင် စစ်တပ်ဆန်ဆန် ယူနီဖောင်း သတ်မှတ်တာပဲ၊ အမိန့်သုံးတာပဲ” လို့ ပြောကြပါတယ်။

တကယ်တော့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကလည်း တက္ကသိုလ်တွေမှာ တူညီဝတ်စုံ ၀တ်သင့်တယ်လို့ အားပေးခဲ့ဖူးပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဦးသန့် နဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ အပြန်အလှန်ဆောင်းပါး ရေးခဲ့ကြဖူးပါတယ်။ ဦးသန့်က တက္ကသိုလ် ကျောင်းသား ဆိုတာဟာ အရွယ်ရောက်ပြီးသားမို့ ဒီလိုနေရာမှာ လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိသင့်တာကြောင့် တူညီဝတ်စုံ မ၀တ်သင့်ဘူးလို့ ဆွေးနွေးတာပါ။ ဗိုလ်ချုပ်အောင်ဆန်းကတော့ ကျောင်းသားတွေ ဂုဏ်တုဂုဏ်ပြိုင် မရှိဘဲ အားလုံး တပြေးညီ စိတ်မျိုးရှိအောင်၊ စည်းလုံးညီညွတ်မှု ရှိအောင်၊ ပကာသန မရှိအောင် ဆိုတဲ့သဘောနဲ့ တူညီ ၀တ်စုံ ၀တ်သင့်တယ်လို့ ဆွေးနွေးတာပါ။ ဒီနေရာမှာ အယူအဆ နှစ်မျိုးစလုံးကတော့ စေတနာ ပါတဲ့ အယူအဆတွေပါပဲ။ ဒါပေမဲ့ စည်းကမ်းဟာ အမိန့်ဆန် မနေဖို့တော့ လိုပါတယ်။ ဒီကနေ့ မြန်မာနိုင်ငံမှာ ဖြစ်နေရတဲ့ ပြဿနာတွေက အာဏာပိုင်တွေရဲ့ အမိန့်ဆန်တဲ့ စည်းမျဉ်းစည်းကမ်းတွေကြောင့်ပဲ ဖြစ်ပါတယ်။

တကယ်ကတော့ တက္ကသိုလ်ဆိုတာဟာ ကိုယ်ပိုင် ရွေးချယ်ခွင့်၊ ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးခွင့်တွေကို သေသေချာချာ ခွင့်ပြု ပျိုးထောင်ပေးရမယ့် နေရာပါ။ ဒီနေရာမှာ မြန်မာနိုင်ငံက ကျောင်းသားတွေဟာ လိုအပ်နေတဲ့ ကျောင်းသား အခွင့်အရေးတွေ ကိုလည်း မခံစားကြရဘဲ ချုပ်ချယ်ဟန့်တားမှုတွေကိုသာ ခံယူနေကြရတာပါ။ ဒါကြောင့် ကျောင်းသားတွေရဲ့ ပညာအရည်အချင်းနဲ့ စာရိတ္တပိုင်းကို ပြောပ လောက် အောင် မထိခိုက်စေနိုင်တဲ့အပြင် ပြောပလောက်တဲ့ တိုးတက်မှုမျိုးလည်း မဖြစ်စေနိုင်တဲ့ စည်းကမ်းချက်မျိုး တွေကို အမိန့်ဆန်ဆန် သတ်မှတ်ဖို့ မသင့်ဘူးလို့ ကျောင်းသား အများစုကတော့ လက်ခံထားကြပါတယ်။ တက္ကသိုလ် ပညာရေးထဲမှာ စာသင်သား တွေအနေနဲ့ ကမ္ဘာကို ရင်ပေါင်တန်းနိုင်တဲ့ တန်ဖိုးရှိတဲ့ ပညာကောင်းတွေ သင်ယူခွင့် ရဖို့ကသာ အရေးအကြီးဆုံး ဆိုတာကိုပဲ ကျောင်းသားတိုင်းက ခြွင်းချက်မရှိ သဘောတူ လက်ခံ ထားကြပါတယ်။

ခုချိန်မှာ တူညီဝတ်စုံ သတ်မှတ်ရတာဟာ ကျောင်းတွေမှာ တပြေးညီ စည်းလုံး ညီညွတ်မှု ရှိစေဖို့လို့ အာဏာပိုင်တွေဘက်က ပြောပေမဲ့လည်း ဒါဟာ ခိုင်မာတဲ့ အကြောင်းပြချက် လို့တော့ မဆိုနိုင်ပါဘူး။ တကယ်တော့ စည်းလုံး ညီညွတ်တဲ့ စိတ်ဓါတ်မျိုးရှိဖို့ဟာ အခြေခံပညာရေးအဆင့်မှာကတည်းက ကျောင်းပညာရေးထဲမှာ ကျောင်းသားတွေ အနေနဲ့ စစ်မှန်တဲ့ ပညာရေးလွတ်လပ်ခွင့်နဲ့ အတူတကွနေထိုင် ပညာသင်ခွင့် ရဖို့သာ လိုတာပါ။ အထူးသဖြင့် ကျောင်းသားတွေ အတူတကွ ပူးပေါင်း လုပ်ဆောင်ရတဲ့ ကျောင်းတွင်း လှုပ်ရှားမှု (Activities) တွေနဲ့သာ အဓိက သက်ဆိုင်တာပါ။ မြန်မာနိုင်ငံမှာက အခြေခံပညာမှာရော တက္ကသိုလ်မှာပါ ကျောင်းသူ ကျောင်းသားတွေ အတူတကွ ယှဉ်တွဲ ပူးပေါင်း လုပ်ဆောင်ရတဲ့ လှုပ်ရှားမှုမျိုး မရှိပါဘူး၊ ပူးပေါင်း လုပ်ဆောင်မှုမျိုးကိုလည်း ခွင့်မပြုပါဘူး။

အဲဒီအပြင် တူညီဝတ်စုံ ၀တ်ရမယ်ဆိုတဲ့ စည်းကမ်းချက်ဟာ ပညာရည်တိုးတက်မှုနဲ့လည်း လုံးလုံး မသက်ဆိုင်တာကြောင့်မို့လို့ ကျောင်းသားတွေကတော့ သူတို့ကို သက်သက် ချုပ်ချယ်ကန့်သတ်ထားတဲ့ အမိန့် တခုလိုသာ ယူဆကြပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ ပညာရေးအာဏာပိုင်တွေဟာ ကျောင်းသားတွေ အပေါ်မှာ ကျောင်းခေါ်ချိန်ကို တင်းတင်းကျပ်ကျပ် ချုပ်ကိုင်သလိုပဲ တူညီဝတ်စုံဝတ်ရမယ် ဆိုတဲ့ အမိန့်ကိုလည်း အာဏာစက် တခုလို ကိုင်တွယ်ထားတာကြောင့်သာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ ယှဉ်ရင် ပညာရေးအရာမှာ ကမ္ဘာ့အဆင့်မီ ဖြစ်နေတဲ့ ထိုင်းနိုင်ငံရဲ့ တက္ကသိုလ်တွေမှာလည်း တက္ကသိုလ်ကျောင်းသားတွေဟာ တူညီဝတ်စုံ ယူနီဖောင်း ၀တ်ကြရပါတယ်။ ဒါပေမဲ့ ကျောင်းသားအခွင့်အရေးနဲ့ ပညာရေးလွတ်လပ်ခွင့် အပြည့်ရနေတဲ့ ကျောင်းသားတွေအတွက်တော့ ကျောင်းဝတ်စုံ (Uniform) ၀တ်ရခြင်းက စိတ် အနှောက်အယှက် မဖြစ်စေတော့ပါဘူး။ အဲဒီ စည်းကမ်း သတ်မှတ် ချက် ကို လိုက်နာဖို့လည်း ၀န်မလေးတော့ပါဘူး။ ကျောင်းဝတ်စုံ မ၀တ်ခဲ့ရင် တချို့ ဆရာတွေက စာသင်ခန်းထဲ ပေးမ၀င်တဲ့အတွက် ကျောင်းသားတွေဟာ သူတို့အတွက် အဖိုးတန်တဲ့ စာသင်ချိန်တွေကို လက်လွတ်မခံနိုင်တာမို့ ယူနီဖောင်းကို ဂရုစိုက်ဝတ်ကြ ရပါတယ်။ ပြီးတော့ ကျောင်းဝတ်စုံနဲ့ မဟုတ်ရင် စာကြည့်တိုက်ဝင်ခွင့်၊ ကွန်ပျူတာခန်းတွေလည်း ၀င်ခွင့်မရပါဘူး။

ဒါပေမဲ့ ထိုင်းနိုင်ငံမှာတော့ ကျောင်းသားတွေဟာ နှစ်ပေါင်းများစွာကတည်းက အစဉ်အလာ ရှိပြီးသား ဖြစ်တဲ့အတွက် တူညီဝတ်စုံ ၀တ်ရတာကို ဘာမှ ထူးထူးခြားခြား မခံစားရဘူးလို့ ပြောကြပါတယ်။ ကျောင်းသူတွေကတော့ တူညီဝတ်စုံ ၀တ်ရတာကြောင့် အ၀တ်အစားအတွက် အချိန်ပို မကုန်တော့ဘူး၊ အလုပ်မရှုပ်တော့တာမို့ ပိုကောင်းတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာကတော့ တူညီဝတ်စုံဟာ ကျောင်းသား တွေကို ကန့်သတ်ချုပ်နှောင်တဲ့ အမိန့်လို ဖြစ်နေပါတယ်။ ကျောင်းသားတွေအတွက် အဓိကလိုအပ်တဲ့ အဆင့်မြင့်ပညာရေး၊ အဆင့်မီ ပညာရေးကိုတော့ ဖြည့်ဆီး ဖန်တီး မပေးနိုင်ဘဲနဲ့ နေရာတိုင်းမှာ ချုပ်ချယ် ကန့်သတ် ထားတာသာ ရှိတာမို့ ကျောင်းသားတွေဟာ တူညီဝတ်စုံ သတ်မှတ်ချက်ကိုလည်း ချုပ်ချယ်မှု တခုလိုပဲ လက်ခံထားကြတာဖြစ်ပါတယ်။

ခု မြန်မာနိုင်ငံမှာက ကျောင်းဝတ်စုံ မ၀တ်ရင် ကျောင်းဝင်းထဲမ၀င်ရဘူး ဆိုတာအပြင် ကျောင်းအလိုက် ၀တ်စုံ အရောင်ကို ခွဲခြားသတ်မှတ်ထားပြီးတော့ တကျောင်းနဲ့ တကျောင်း လုံးဝ ကူးသန်း သွားလာ မလုပ်ရ ဆိုတာမျိုးအထိပါ ပိတ်ပင် တားဆီးထားပါတယ်။ အဲဒီ တားမြစ်ချက်ကို ချိုးဖောက်ရင် ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ပါ ကြေငြာထားတာမျိုးဟာ ဘယ်နိုင်ငံရဲ့ ဘယ်တက္ကသိုလ်မှာမှ မရှိတဲ့ စည်းကမ်း ဥပဒေမျိုးပါ။ အထူးသဖြင့် ကွန်ပျူတာ တက္ကသိုလ်နဲ့ နည်းပညာတက္ကသိုလ်လို လူနည်းစုသာရှိတဲ့ ကျောင်းတွေမှာဆိုရင် ကျောင်းသား ကျောင်းသူတွေကို လွန်လွန်ကဲကဲ တင်းတင်းမာမာ စည်းကမ်း ကိုင်တွယ်နေတာ တွေ့နေရ ပါတယ်။

ရန်ကုန် ရွာသာကြီးမှာရှိတဲ့ ကွန်ပျူတာတက္ကသိုလ်မှာဆိုရင် ကျောင်းအုပ်ဆရာမကြီးက တူညီဝတ်စုံကိစ္စကို အလွန်ကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်တယ်လို့ ဆိုပါတယ်။ ဖျားနာနေတဲ့ကြားက ကျောင်းခေါ်ချိန် မပြည့်မှာကြောက်လို့ အနွေးထည်ဝတ်ပြီး ကျောင်းလာတက်တဲ့ ကျောင်းသူတွေကိုတောင် ယူနီဖောင်းအပေါ်မှာ အနွေးထည် ထပ်ဝတ်ဖို့ ခွင့်မပြုတဲ့အတွက် ဒုက္ခရောက်ကြရတယ်လို့ ဆိုပါတယ်၊ တကြိမ်မှာဆိုရင် အနွေးထည် ၀တ်ထားတဲ့ ကျောင်းသူတယောက်ကို အနွေးထည်ကို သိမ်းယူသွားပြီးတော့ ပြန်မပေးတာမျိုးတောင် ရှိတယ်လို့ အဲဒီ ကွန်ပျူတာ တက္ကသိုလ်က ကျောင်းသူ တယောက်က ပြောပြပါတယ်။ ဒါဟာ ကျောင်းစည်းကမ်း အရ အရေးယူတာမျိုးနဲ့ မတူတဲ့အပြင် မိဘနဲ့ တဂိုဏ်းတည်း နေရာမှာရှိတဲ့ ဆရာ တယောက်အနေနဲ့ ကိုယ့် တပည့်တွေအပေါ် မလုပ်သင့်တဲ့ အလုပ်မျိုးပါ။ တကယ်တော့ ထိုင်းနိုင်ငံက တက္ကသိုလ်တွေမှာဆိုရင် စာသင်ခန်း စာကြည့်တိုက် နဲ့ ကွန်ပျူတာခန်းတွေ အားလုံး လေအေးပေးစက် သုံးတာမို့လို့ ကျောင်းသူတွေ ကျောင်းသားတွေဟာ အားလုံးလိုလို အနွေးထည်လို အပေါ်အင်္ကျီတွေ ၀တ်ကြရတာပါပဲ။ ဒါပေမဲ့ ခုန ကွန်ပျူတာ တက္ကသိုလ်မှာလို ပြဿနာ အလုပ်ခံရတာမျိုး မရှိပါဘူး။

တက္ကသိုလ်ကျောင်းသားတွေအတွက် တူညီဝတ်စုံ ၀တ်ခြင်း မ၀တ်ခြင်းက ပြဿနာမဟုတ်ပါဘူး။ တက္ကသိုလ် ကျောင်းသားတွေကို ဘက်ပေါင်းစုံကနေ ချုပ်ချယ်ကန့်သတ် ပိတ်ပင်တားဆီးပြီး ပညာရေးလိုအပ်ချက်တွေကို ကျတော့ အဓိက ပြဿနာတွေ ဖြစ်လာတာပါ။ ဒါကို စစ်အစိုးရက နားလည်နိုင်မှု မရှိတောင်မှပဲ ပညာရေး အာဏာပိုင်ဖြစ်တဲ့ ဆရာ ဆရာမတွေက ကိုယ် ထိတွေ့ကိုင်တွယ်နေရတဲ့ ကျောင်းသားတွေရဲ့ ပြဿနာ တွေအပေါ် နားလည် ငဲ့ညှာစွာနဲ့ ကူညီဖြေရှင်းပေးရမှာဖြစ်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ ပညာရေး ဆောင်ပုဒ်တခု ဖြစ်တဲ့ “မိဘဆရာ ပူးပေါင်း ကလေးပညာကောင်း” ဆိုတာနဲ့ တသဘောတည်းပါပဲ။ ဒါကြောင့် ဆရာဆရာမတွေ အနေနဲ့ ကျောင်းသားကျောင်းသူတွေအပေါ် စေတနာထားပြီး ကူညီဆောင်ရွက်ပေးသင့်တယ် လို့ ဆွေးနွေး တင်ပြလိုက်ရပါတယ်။

မေငြိမ်း
၁၈၊၉၊၀၇။

2 comments:

Andy Myint said...

ကျွန်တော်က ကွန်ပြူတာ တက္ကသိုလ်မှာ တက်ဖူးပြီး Uniform ၀တ်တဲ့ အချိန်မမီလိုက်ပေမယ့် ကျောင်းအကြောင်းကို အမြဲ နားစွင့်နေလို့ ဒီကိစ္စကို ကြားလိုက်ပါတယ်။ စကြားကြားချင်းတုန်းကတော့ တော်တော်လေး ကသိကအောက် နိုင်တယ်လို့ ခံစားလိုက်ရတယ်။ နောက်ပြီး Uniform လို့ ဆိုလာရင် ကျွန်တော့် မျက်စိထဲမှာ ကွန်မြူနစ်နိုင်ငံတွေ ဆိုရှယ်လစ်နိုင်ငံတွေမှာ အကုန်အကျလည်း သက်သာအောင် စိတ်ဓါတ်ရေးရာလည်း ရိုက်သွင်းပြီး ဖြစ်အောင် ၀တ်ခိုင်းတဲ့ မွဲပြာပြာ အ၀တ်အစားတွေပဲ ပြေးမြင်တာလည်း ပါပါတယ်။ အခုလို ဆရာမတို့က ပြောလိုက်တော့လည်း ကျွန်တော့်မှာ ၀တ်ချင်စိတ်တောင် ပေါက်သွားတယ်။ ဒီလို လူငယ်တွေကို ပြေရာပြေကြောင်းပြောပြီး စည်းရုံးတတ်တဲ့ လူတွေသာ နေရာမှန် လူမှန်မှာ ရှိရင် တိုင်းပြည် တိုးတက်တာ ကြာပြီ။ (နေရာမှန်မှာ လူမှန်ဆိုတာ ဒီလိုပြောရ ဆိုရမှ နေရာမှာ လူမဆန်တဲ့လူတွေ ရောက်နေတယ် ပြောတာ)

မေငြိမ်း said...

ကိုအင်ဒီရေ..
ဆွေးနွေးတာ ကျေးဇူးတင်ပါတယ်..ပညာရေးကို ရေးစရာတွေများတာမို့ ထောင့်စုံအောင်ကြိုးစားရေးနေတာပါပဲ...။ လိုတာတွေ့ရင် အကြံပေးပါဦးး။