Tuesday, January 29, 2008

ကျောင်းသားအခွင့်အရေးဆိုတာ

လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ပညာရေးနဲ့ပတ်သက်တဲ့ အမြင်ကို "ကျောင်းသားဝတ္တရား" ဆိုတဲ့ခေါင်းစဉ်နဲ့ ဆောင်းပါးတပုဒ် ရေးခဲ့ဖူးပါတယ်။ အဲဒီဆောင်းပါးကို ဗိုလ်ချုပ်အောင်ဆန်းဟာ ကျောင်းသား သမဂ္ဂဥက္ကဌ လုပ်နေတဲ့ အသက် ၂၀ကျော် အရွယ်လောက်မှာတုန်းကတည်းက ရေးခဲ့တာ ဖြစ်ပေမဲ့ ခုလက်ရှိ မျက်မှောက်ခေတ်နဲ့ လာပြီး ကိုက်ညီ နေတာကို တွေ့ရပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းက အဲဒီဆောင်းပါးမှာ

အမြင်ကျယ်ကျယ် ကြည့်လေ့ရှိသော သူတို့သည် ကျောင်းသား ဆိုသည်မှာ အတန်းစာကျက်၍ စာမေးပွဲအောင်ရုံမျှဟူသော အများအယူအဆ၏ တိမ်ခြင်း၏အဖြစ်ကို သိရှိကြလေပြီ။ ထိုအယူအဆကား ခေတ်အောက် ကျသည့် အယူမျှသာ ဖြစ်ပေသည်
လို့ ရေးခဲ့ပါတယ်။ အဲဒါဟာ ကျောင်းသားတွေရဲ ပညာတတ်မြောက်မှုကို စာမေးပွဲတခုတည်းနဲ့ ဆုံးဖြတ်ခြင်းက မမှန်ကန်ဘူး ဆိုတာကို ဝေဖန်ထားတာပါပဲ။

ဒါဖြင့် ပညာတတ်မြောက်မှုကို ဘာနဲ့ တိုင်းတာအဖြေရှာသလဲဆိုတာကိုလည်း ဗိုလ်ချုပ်အောင်ဆန်းက အဲဒီဆောင်းပါးမှာ ထည့်ပြောထားပါတယ်။

ပညာရေးကို ကျွမ်းကျင်သော ကမ္ဘာ့ပညာရှိတို့သည် လောကရေး ဓမ္မရေးပြဿနာအရပ်ရပ်တို့ကို စိစစ် ဝေန် ဖြေရှင်းတတ်သောပညာ နှင့် စာအုပ်ပေစာကို အံ၍ရသော အမှတ်သညာ နှစ်ရပ် ကို ခွဲခြား၍ ထားလေသည်
လို့ ဗိုလ်ချုပ်က ပညာသိနဲ့ သညာသိကို ခွဲပြခဲ့ပါတယ်။ သညာသိဆိုတာက အလွတ်ကျက်မှတ်ပြီး သိထားတဲ့ သာမန် ဥာဏ်ရည်ပါ။ ပညာသိဆိုတာကတော့ ဆင်ခြင်သုံးသပ်ဝေဖန်နိုင်စွမ်းရှိတဲ့ ထိုးထွင်း ဥာဏ်ရည်ပါပဲ။ တနည်းအားဖြင့်တော့ ဒါဟာ စာသင်သားတွေကို ဝေဖန် သုံးသပ် တတ်အောင် စဉ်းစား ဆင်ခြင် ချင့်ချိန်တတ်အောင် စာသင်ခန်းကနေ ပညာရေးကနေ လေ့ကျင့် သင်ကြား ပေးသင့်တယ်လို့ ဆိုလိုတာပါပဲ။

တနည်းအားဖြင့်တော့ ဒါဟာ ကျောင်းသားတွေကို လွတ်လပ်စွာ တွေးတော ကြံစည် ပြောဆိုခွင့်၊ ဝေဖန် သုံးသပ် ဆွေးနွေးခွင့် ပေးဖို့ လိုအပ်တယ်ဆိုတဲ့ သဘောပါပဲ။ အဲဒါဟာ ဒီမိုကရေစီစနစ်ရဲ အခြေခံ လူ့အခွင့်အရေးတွေ ဖြစ်သလို ဒီမိုကရေစီပညာရေး စနစ် ထဲက ကျောင်းသားတွေနဲ့ သက်ဆိုင်တဲ့ အခြေခံ ကျောင်းသား အခွင့်အရေးလည်း ဖြစ်ပါတယ်။ ကိုယ့်နိုင်ငံကို ဒီမိုကရေစီနိုင်ငံကောင်း အဖြစ် တည်တံ့အောင် ထိန်းနိုင်ဖို့ အတွက် လူငယ် ကျောင်းသားတွေကို ဒီမိုကရေစီစနစ်နဲ့ ယဉ်ပါးအောင် စာသင်ခန်းထဲမှာ လေ့ကျင့် ပျိုးထောင် ပေးတာပဲ ဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းကတော့

ယနေ့ဖြစ်သော ကျောင်းသားများသည် နက်ဖြန် ပြည်ကြီးသားများ ဖြစ်ကြ၏ဟု ဆိုရိုးစကား ရှိ၏၊ သို့ဖြစ်ရာ ပြည်ကြီးသားတို့၏ အင်္ဂါ လက္ခဏာနှင့် ညီအောင် အုပ်ချုပ်နည်း၊ မိမိအခွင့်အရေးအတွက် တိုက်ခိုက်နည်း၊ စကားပြောနည်း၊ စည်းကမ်းသေ၀ပ်နည်း၊ ကိုယ်လက်ကျန်းမာရေး စသဖြင့် နည်းမျိုးစုံအောင် အသင်းအပင်းများ ရဲတပ်များ ကစားနည်းများကို ထွင်ကြရလေ၏
လို့ ကျောင်းသားတိုင်း ရသင့်တဲ့ အခြေခံ အခွင့်အရေးနဲ့ လုပ်သင့်လုပ်ထိုက်တာတွေကို ညွှန်ပြခဲ့ပါသေးတယ်။

ဗိုလ်ချုပ်အောင်ဆန်းရဲ ရှင်းလင်း ဖော်ပြထားချက်အရဆိုရင် ပြည်ကြီးသားဆိုတာက တရားမျှတတဲ့ ဥပဒေ စည်းမျဉ်း စည်းကမ်းကို လိုက်နာပြီး လွတ်လပ် ငြိမ်းချမ်းစွာ နေထိုင်တတ်သူတွေပါပဲ။ တနည်းအားဖြင့်တော့ ဒီမိုကရေစီနည်း ကျကျ စည်းကမ်းရှိရှိ နေသူတွေပဲ ဖြစ်ပါတယ်။

တကယ်လည်း တိုးတက်တဲ့ အမြင်ရှိကြတဲ့ ကမ္ဘာ့နိုင်ငံအများစုမှာတော့ ကျောင်းသားတွေဟာ အခြေခံပညာ ကျောင်းတွေကအစ တက္ကသိုလ်တွေအထိ အဲဒီ အခြေခံ လူ့အခွင့်အရေး ကျေင်းသားအခွင့်အရေးတွေကို အပြည့်အ၀ ရနေကြတာပါ။ ကျောင်းတွေမှာ ကျောင်းသားသမဂ္ဂတွေ ဖွဲ့စည်းတာ၊ အချင်းချင်း Debate လို့ခေါ်တဲ့ အပြန်အလှန် ငြင်းခုန် ဆွေးနွေးပွဲတွေ၊ ကျဘမ်း စကား ပြောပွဲတွေ၊ နံရံကပ် စာစောင်တွေကို အပြိုင်အဆိုင် ပျော်ပျော်ရွှင်ရွှင် လုပ်နေကြတာပါ။ ဒါဟာ ကျောင်းသားတွေရဲ အသိဥာဏ်ပညာ ပွင့်လင်းမှုကို အားပေးတဲ့ လှုပ်ရှားမှုတွေပဲ ဖြစ်ပါတယ်။ အဲဒီအခါ ကျောင်းသားတွေဟာ ကျောင်းဝန်းကျင်မှာ ကျေနပ် ပျော်ရွှင် ကြတာကြောင့်မို့လို့ ပြဿနာ ထွေထွေထူးထူးလည်း မရှိတော့ပါဘူး။

မြန်မာနိုင်ငံမှာကတော့ ကျောင်းဆိုတာဟာ ကျောင်းသားတွေကို စာသင်ခန်းထဲမှာ အချိန်ပြည့် ပိတ်လှောင် ထားပြီး ဆရာ ဆရာမ အဆင့်ဆင့်က အထပ်ထပ် ထိန်းချုပ်ထားတဲ့ စနစ်ထဲမှာ ရှိနေတဲ့ နေရာတခု ပါပဲ။ ကျောင်းချိန်အတွင်း ဘယ်လို အဖွဲ့အစည်း အသင်းအပင်းမှ ဖွဲ့ခွင့်မရှိတဲ့အပြင်၊ လူ၅ယောက်ထက် ပို စုဝေးခွင့်မရှိ၊ စကားစုဝေး ပြောပွဲ မရှိရ၊ ဘယ်လို စာစောင်စာအုပ်မှလည်း ရေးခွင့် ဖြန့်ချိခွင့် မရှိ၊ ကျောင်းသားတွေရဲ့ လိုအပ်ချက်တွေကိုလည်း တောင်းဆိုတင်ပြခွင့် မရှိပါဘူး။ ပိုဆိုးတာကတော့ ကျောင်းသားအရေးကို စုပေါင်းဆွေးနွေး ဖြေရှင်းပေးနိုင်တဲ့၊ စည်းကမ်းတကျ တင်ပြ တောင်းဆိုပေးနိုင်တဲ့ ကျောင်းသားအဖွဲ့အစည်း သမဂ္ဂလည်း မရှိတာမို့၊ ကျောင်းသားတွေဟာ အခြေခံကျောင်းသား အခွင့်အရေးတွေ အားလုံးကို ဆုံးရှုံးနေကြရတာပဲ ဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းကတော့

လူတိုင်းလူတိုင်း တဦးနှင့်တဦး အပေါင်းအသင်း သမဂ္ဂ ရှိမှသာ အမျိုးမျိုးသော အယူအဆ အမှတ်အသားတို့ကို တွေ့မြင်သိရှိရ၍ ပိုမို အမြင် ကျယ်လာနိုင်လေသည်။ သို့ အမြင်ကျယ်မှ တဦးကိုတဦး အနာခံတတ်ခြင်း၊ စောင်မကူညီတတ်ခြင်း၊ အပြောအဆို အနေအထိုင် ပြုပြင် လာခြင်း၊ စသဖြင့် လောက တွင် လူ လုပ်တတ်သည့် အရည်အချင်းများရနိုင်လေသည်
လို့ ဆိုပါတယ်။

အဲဒီအပြင် နောင်ခေတ် ဗမာပြည်ကို ဖန်တီးမည့် ကျောင်းသားများသည် ယခု လူများကဲ့သို့ မညီမညွတ် မလုပ်တတ် မကိုင်တတ် မဖြစ်ရလေအောင် ကျွန်ုပ်တို့သည် ယခုအခါ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂအသင်းကြီးကို အထင် အရှား တည်ထောင်ထား၏၊ ထိုအသင်းကို ၀င်ရောက်အားပေးရန်မှာ ကျောင်းသားတိုင်း တိုင်းပြည်ချစ်စိတ်ရှိသူတိုင်းတို့၏ တာဝန်ဝတ္တရားပင် တည်း
လို့လည်း ဗိုလ်ချုပ်က စေတနာထားပြီး တိုက်တွန်းခဲ့တာ တွေ့ရပါတယ်။

တကယ်တော့ ဒီမိုကရေစီပညာရေးထဲမှာ ကျောင်းသားတွေအတွက် အသိဥာဏ်ပညာ တိုးတက်ဖွံ့ဖြိုးဖို့နဲ့ နိုင်ငံကြီးသားပီသတဲ့ လူမှုဆက်ဆံရေးတွေကို တတ်မြောက်နိုင်ဖို့ ဆိုတာတွေကိုသာမက ငြိမ်းချမ်းစွာ ပညာသင်ယူနိုင်ရေးကိုပါ ဦးတည် စဉ်းစားရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီမိုကရေစီပညာရေး တည်ဆောက် နေပါတယ် ဆိုတဲ့ မြန်မာနိုင်ငံရဲ ပညာရေး အာဏာပိုင်တွေအနေနဲ့ ကျောင်းပညာရေးထဲမှာ ကျောင်းသား သမဂ္ဂ ဖွဲ့စည်းခွင့်ကိုပါ ထည့်သွင်းစဉ်းစားရတော့မှာ ဖြစ်ပါတယ်။

မေငြိမ်း
(
စက်တင်ဘာ ၁၀ ၊၀၇)

No comments: