Thursday, January 3, 2008

နိုင်ငံတကာ အဆင့်မီ သင်ရိုးဖြစ်ဖို့

မြန်မာနိုင်ငံရဲ့ လက်ရှိ ပညာရေးဝန်ကြီး ဒေါက်တာချမ်းငြိမ်းက ပြီးခဲ့တဲ့ ဇူလိုင်လ ၉ရက် နေ့မှာ ပြုလုပ်သွားတဲ့ ပညာရေး ကော်မီတီ ရဲ့ ၁/၂၀၀၇ အစည်းအဝေးမှာ လာမယ့် ၂၀၀၈-၂၀၀၉ ပညာသင်နှစ်က စပြီး အခြေခံပညာ အထက်တန်း အဆင့်၊ ကိုးတန်း ဆယ်တန်းတွေရဲ့သင်ရိုးမာတိကာတွေကို နိုင်ငံတကာအဆင့်မီ ဖြစ်အောင် ပြုပြင် ရေးဆွဲမယ်လို့ ပြောသွားပါတယ်။ ဒေါက်တာချမ်းငြိမ်းဟာ ရန်ကုန်စက်မှုတက္ကသိုလ်က ပညာရှင် ပါမောက္ခဟောင်းတစ်ယောက် ဖြစ်တာမို့ ပညာရေးကဏ္ဍကို တိုးတက်အောင် ကြိုးစားဆောင်ရွက်နိုင် ပါတယ်။

တကယ်တော့ မြန်မာနိုင်ငံဟာ ပညာရေးရဲ့ အတန်းအဆင့်တွေကို သတ်မှတ်တာကိုက ပြဿနာ၇ှိနေတာပါ။ ပြဿနာက အတန်းအဆင့် သတ်မှတ်ပုံတွေက တခြားနိုင်ငံတွေနဲ့ မတူဘဲ သတ်မှတ်ထားတာပါပဲ။ မြန်မာနိုင်ငံက အခြေခံပညာမူလတန်းအဆင့်ကို ၄နှစ် သတ်မှတ်ပြီး အလယ်တန်းဆင့်ကို ၄နှစ် သတ်မှတ်တာ ကြောင့် အထက်တန်းအဆင့်ဟာ ၉တန်း ၁၀တန်း ဖြစ်သွားရတာပါ။ ။ ဒီတော့ မြန်မာနိုင်ငံမှာ အခြေခံပညာ အထက်တန်း စာမေးပွဲဖြေတဲ့ ကျောင်းသားဟာ ပြဌာန်းတဲ့ သင်ရိုးတွေ အဆင့်အတန်း မနိမ့်ပေမဲ့ နှစ်ပိုင်းခြား သတ်မှတ်မှု ပြဿနာကြောင့် တက္ကသိုလ်ဝင်တန်းဖြေဆိုချိန်မှာ အသက် ၁၆နှစ်ပဲ ရှိနေသေးတာမို့ ပြည်ပမှာ ပညာဆက်သင်တဲ့အခါ ဟိုမမီ ဒီမမီနဲ့ အဆင်မပြေဖြစ်ကြရပါတယ်။ ဒါကြောင့် ခု သင်ရိုးမာတိကာ ပြောင်းမယ် ဆိုတဲ့ အပေါ်မှာ စဉ်းစားစရာတွေ ဖြေရှင်းရမယ့် အခက်အခဲတွေ အများကြီး ရှိနေပါတယ်။

ကမ္ဘာ့နိုင်ငံ အများစုကတော့ အခြေခံပညာ ပထမအဆင့် (Primary) ဆိုတဲ့ မူလတန်းအဆင့်ကို ၆နှစ် သတ်မှတ်ပြီး ဒုတိယအဆင့်(Secondary) ဆိုတဲ့ အလယ်တန်းအဆင့်ကို ၄နှစ် သတ်မှတ် ပါတယ်၊။ ဒါကြောင့် နောက်ဆုံး အခြေခံပညာရဲ့ အထက်တန်း(High School) အဆင့်ကတော့ ၂နှစ် ဖြစ်သွားပါတယ်။ ဒီတော့ အခြေခံပညာ အထက်တန်း အဆင့် ၁၁တန်း စတက်တဲ့အချိန်မှာ ကျောင်းသားက အသက် ၁၆နှစ်ဖြစ်နေပါပြီ။ ဒါကြောင့် တက္ကသိုလ်ဝင် အခြေခံပညာအထက်တန်း ၁၂တန်း စာမေးပွဲဖြေချိန်ဆို ကျောင်းသားက အသက် ၁၈နှစ် ဖြစ်နေရပါတယ်။ အဲဒါက ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတကာရဲ့ စံလည်းဖြစ်ပါတယ်။

ပြီးတော့ နိုင်ငံအများစုရဲ့ အထက်တန်းပညာရေးက အနည်းဆုံး လက်တွေ့ အသက်မွေးဝမ်း ကျောင်းလုပ်နိုင်တဲ့ ပညာရေးမျိုးကို ပေးနိုင်ပြီးတော့ တခြားဖွံ့ဖြိုး တိုးတက်တဲ့ ထိပ်တန်း နိုင်ငံတွေရဲ့ အဆင့်မြင့်ပညာရေးတွေကို အလွယ်တကူ ဆက်သင်ကြားနိုင်တဲ့ အရည်အသွေးနဲ့ အဆင့်အတန်း သတ်မှတ်ချက်ကိုလည်း ရရှိသွားစေတဲ့ ပညာရေးမျိုး ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းလို့ ဆိုနိုင်တဲ့ ဘင်္ဂလားဒေ့ရှ် ပါကစ္စတန် သီရိလင်္ကာ နဲ့ စင်္ကာပူနိုင်ငံတွေမှာ အထက်တန်းအဆင့် ကျောင်းသားကျောင်းသူတွေဟာ GCE O'level (General Certificate of Educaton) ကို ၀င်ဖြေနိုင်လောက်တဲ့ အရည်အချင်းနဲ့ စံသတ်မှတ်ချက် ရနိုင်ပါတယ်။ အနည်းဆုံး အသက်မွေးဝမ်းကျောင်း တက္ကသိုလ်တခုခု တက်နိုင်တဲ့ အဆင့်တခုကို ရနိုင်ပါတယ်။ အဲဒီအပြင် အထက်တန်းအဆင့်ပြီးချိန်မှာ ကျောင်းသားရဲ့ အရည်အချင်းကိုလိုက်ပီး A' level(Advanced level) ကိုပါ ၀င်ဖြေနိုင်တာမို့ နိုင်ငံတကာအဆင့်မီ တက္ကသိုလ် ကောင်းကောင်းထိကို တက်ခွင့်ရနိုင်ကြပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိ ပြဌာန်းထားတဲ့ သင်ရိုးမာတိကာတွေကလည်း တကယ်တော့ အဆင့်မနိမ့်လှပါဘူး။ ပြဿနာရှိတာကတော့ အခြေခံပညာအထက်တန်း သင်ရိုးတွေထဲမှာ ၀ိဇ္ဇာသီးသန့်ဘာသာတွဲတွေ လုပ်လိုက် တာက ဆိုးနေတာပါ။ ၀ိဇ္ဇာသီးသန့်ဘာသာတွဲ ယူကြတဲ့ ကလေးတွေဟာ အထက်တန်းစာမေးပွဲ အောင်သွားတဲ့ နောက်မှာ ပြည်တွင်းက သာမန်ဘွဲ့တခုကိုသာ ယူနိုင်ကြပြီးတော့ ပြည်ပမှာ ပညာဆက်သင်ဖို့ အခွင့်အရေး မှာလည်း မလွယ်ကူကြရတဲ့ ပြဿနာကို ရင်ဆိုင်ကြရပါတယ်။ အနည်းဆုံး နိုင်ငံတကာအဆင့်မီ သက်မွေးဝမ်းကျောင်းပညာ တခုခုကို သင်နိုင်ဖို့အတွက် လိုအပ်တဲ့ GCE O'level အဆင့် စာမေးပွဲကိုတောင် ၀င်ဖြေဖို့ မလွယ်တဲ့ ပြဿနာ ရှိပါ တယ်။

အဲဒီအပြင် ကျောင်းပညာရေးထဲမှာ သင်ကြားရေးအဆင့်မမီမှု၊ သင်ထောက်ကူပစ္စည်း မပြည့်စုံမှုတွေကြောင့် မြန်မာပြည်က အထက်တန်းပညာရေးအဆင့်အနေနဲ့ တနေ့ ထက် တနေ့ နိမ့်ကျ လာနေတာကလည်း ခုချိန်မှာ ပြဿနာတခု ဖြစ်နေပါတယ်။ ဒါနဲ့ ပတ်သက်လို့ စင်္ကာပူနိုင်ငံမှာ ပိုလီတက်ကနစ် သက်မွေးအတတ်ပညာသင် ကျောင်း တက်နေတဲ့ ကျောင်းသားတစ်ယောက်က ပြောပြပါတယ်။

'Polytechnic မှာ ၂၀၀၅ခုနှစ်မတိုင်ခင်က မြန်မာနိုင်ငံက အထက်တန်း စာမေးပွဲအောင်ပြီးသား ကျောင်းသား အနေနဲ့ GCE O'level အဆင့်ကို မီပေမဲ့ ၂၀၀၅ခုနှစ် နောက်ပိုင်းမှာတော့ ကလေးတွေဟာ N'level ဆိုတဲ့ သာမန်အဆင့်(Normal Level)စာမေးပွဲကိုတောင် မနည်း ဖြေဆိုကြရပါတယ်။ ဒါကြောင့် ပိုလီတက်ကနစ်လို ကျောင်းမျိုးကိုတောင် ၀င်ခွင့်မရဘဲ ITE လို့ ခေါ်တဲ့ Institute of Technical Education လို သာမန်စက်မှုကျောင်း အဆင့်လောက်ကိုသာ မီကြတာ များလာတယ်'
လို့ ပြောပြပါတယ်။ အဲဒီအခါ ကျောင်းပြီးလို့ အလုပ်ရတဲ့နေရာမှာလည်း ပြီးတဲ့ ကျောင်းအဆင့်အတန်းနဲ့ ပညာ အဆင့်အတန်းကြောင့် လစာကောင်းတဲ့ အလုပ်ရနိုင်ချေ နည်းသွားတယ် လို့ သူက ဆက်ပြောပြပါတယ်။


မြန်မာနိုင်ငံရဲ့ အခြေခံပညာအထက်တန်းဆင့် ပညာရေးကို တကယ်တမ်း နိုင်ငံတကာ အဆင့်မီအောင် ပြုပြင်မယ်ဆိုရင်တော့ အခြေခံပညာ မူလတန်း အလယ်တန်းတွေက စပြီး လိုက်ဖက်ညီမယ့် ပညာရေးပုံစံကို တည်ဆောက်ထားသင့်တာပါ။ တကယ်လို့ အထက်တန်းအဆင့်ကိုပဲ ကွက်ပြီး နိုင်ငံတကာအဆင့်မီ ပြုပြင်မယ်ဆိုရင်တော့ အဆင်သင့်မဖြစ်ဘဲ တွန်းတင်ခံရတာမျိုးမို့လို့ အခြေခံမခိုင်ခဲ့တဲ့အတွက် ကျောင်းသား တွေသာ အခက်အခဲအများကြီး ရင်ဆိုင်ကြရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာက ၁၉၆၂ကတည်းက ပညာရေးကို ခိုင်မာအောင် ကြိုတင်ပြင်ဆင်တာမျိုးမရှိဘဲ စိတ်ကူးတည့် သလို စမ်းသပ်ခဲ့တာကို ကျောင်းသားတွေ တောက်လျှောက်ခံလာခဲ့ကြရတာပါ။ အဲဒီ အကျိုးဆက်တွေကြောင့် လည်း တချိန်က နိုင်ငံတကာမှာ ပညာရေး အဆင့်အတန်းအရ ထိပ်တန်းရောက်ခဲ့တဲ့ မြန်မာနိုင်ငံဟာ ခုချိန်မှာတော့ အဆင့်အတန်းမပြည့်မီဘူးလို့ သတ်မှတ်ခံနေရတယ်လို့ ပြောနိုင်ပါတယ်။

တကယ်တော့ မြန်မာနိုင်ငံရဲ့ အထက်တန်းပညာရေးထဲက သင်ရိုးမာတိကာကို မဖြစ်မနေ ပြောင်းမယ်ဆိုရင် လည်း အနည်းဆုံးတော့ ကျောင်းသားတွေရဲ့ အနာဂတ်အတွက် ခိုင်မာတဲ့.. အာမခံမှုပေးနိုင်တဲ့... အသက်မွေးဝမ်းကျောင်းပညာရပ်မျိုး ဖြစ်စေပြီး တကယ်လို့ ပြည်ပတက္ကသိုလ်တွေကို ဆက်တက်မယ်ဆိုရင် လည်း လွယ်လင့်တကူ ဆက်တက်နိုင်လောက်တဲ့ အဆင့်မီပညာရေးမျိုးဖြစ်အောင် ပေးနိုင်တဲ့ သင်ရိုးမာတိကာ မျိုးကိုသာ ပြုပြင်ရေးဆွဲသင့်ပါတယ်။

မေငြိမ်း (၂၀၀၇)




3 comments:

Unknown said...

Burmese educational authorities always talk about new syllabus. Right approach is more important, I think. With tips and cheats on exams, no syllabus can help. “Education is useless” ideology is the worst poison for our country’s future. Authorities should focus on “how to get trust in education back from people” first. Though syllabuses are good themselves, our education system does not work in reality like Socialism is good in theory but not work. Our country urgently needs the ways to working education system. Those so called authorities are smart enough to know what is right, I believe but the question is “do they really want to do right?” The truth is they are doing what they are told. We all know that sadly heart broken truth.
I am really proud of you for working on this block. Thank you .

မေငြိမ်း said...

ကိုပေတိုးရေ.. အာဏာရှင်ကတော့ သူတို့လုပ်ချင်ရာကို လုပ်တာပါပြ။ ဒါပေမဲ့ ကျမတို့ ပြည်သူလူထုက တခါတလေမှာ ကိုယ့်အခွင့်အရေး ဆိုတာကိုတောင် မသိတဲ့အတွက် ခံနေကြတာတွေလည်း ရှိပါတယ်။ ကျမကတော့ လူထု အဲဒီသိသင့်တယ်ထင်တာတွေနဲ့ အစိုးရဘက်က ဘယ်လောက်မှားနေတယ်ဆိုတာတွေကို သိအောင် ပြောပြပေးနေတယ် လို့ပဲ သဘောထားပါတယ်။ comment အတွက် ကျေးဇူးတင်ပါ တယ်။

Unknown said...

အန်တီပြောတာ မြန်မာပြည် ပညာရေးအဆင့်က သိပ်မနှိပ်ဘူးလို့ ပြောတယ်။ ဒါပေမယ့် ကျမလေ့လာသိရှိရသလောက်ကတော့ မြန်မာပြည်ပညာရေးက ဒီဘက်က နိုင်ငံတွေနဲ့စာရင်သိပ်ပြီးနှိပ်ပါတယ်။ ကျမက မြန်မာပြည်မှာ ၁၀ တန်းအထိပညာသင်ခဲ့ရပါတယ်။ အခုကျမ ရောက်နေတဲ့ နိုင်ငံမှာလည်း ၁၂ တန်းအောင်တဲ့အဆင့်ထိ ကျမတက်ခဲ့ပါတယ်။ မြန်မာပြည်က ၁၀ တန်းနဲ့ ဒီက ၁၂ တန်းဘာမှမဆိုင်ပါဘူး။ မြန်မာပြည်မှာတုန်းက ကျမမှတ်မိသလောက် ကျမတို့ဟာ ဖတ်စာအုပ်ထဲက ဆရာ၊ ဆရာမ မျဉ်းတားပေးတာကိုပဲ နုတ်တိုက်အာဂုံဆောင်ပြီး ကျက်မှတ်လာခဲ့ရပါတယ်။ ၈ တန်းနဲ့ ၉ တန်းက မြန်မာလိုကနေ အင်္ဂလိပ်လိုကို ပြောင်းသွားတော့ ၉ တန်းတက်တဲ့ကျောင်းသားတွေအတွက် တော်တော်ကို အင်္ဂလိပ်စာ အခက်အခဲနဲ့ ကြုံတွေ့ရတယ်။ ဘာကြောင့်လဲဆိုတော့ ၈ တန်းအောင်လာတဲ့ ကျောင်းသားတယောက်ရဲ့ အင်္ဂလိပ်စာအဆင့်အတန်းက ၉ တန်းမှာသင်ရတဲ့ တခြား ဘာသာရပ်တွေက အင်္ဂလိပ်စာကို ဖတ်နိုင်တဲ့ အဆင့်မှာ မရှိပါဘူး။ အဲဒီတော့ ကျောင်းသားတွေက အဓိပ္ပါယ်နားမလည်ပဲ ဒီမေးခွန်းမေးရင် ဒီအဖြေ ဖြေရမယ်ဆိုတာ သိရင်ပြီးရော ဆိုပြီး စာကို နှုတ်တိုက် အာဂုံဆေင်ပြီး ကျက်ကြတယ်။ ၈ တန်းအထိကတော့ ဗမာလိုကျက်ရတော့ ကိုယ့်ဘာသာစကားမို့ နားလည်သေးတယ်။ ၉ တန်းနဲ့ ၁၀ တန်းမှာ ကျက်သာကျက်ကြပြီး ဘာမှနားမလည်ပဲ စာမေးပွဲအောင်သွားတဲ့သူတွေ တော်တော်များပါတယ်။ ဒီဘက်နိုင်ငံတွေမှာတော့ ဖတ်စာအုပ်ကို Reference အဖြစ်ပဲ ကျမတို့ သုံးရပြီး စာပေးပွဲအပြင် ကိုယ့်ဖါသာကိုယ် Research တွေလုပ်ပြီး စာတမ်းတွေပြုစုရတော့ တကယ့်လက်တွေ့ဘ၀မှာ ကိုယ်သင်တဲ့ စာတွေကို ဘယ်လိုအသုံးချနေတယ်ဆိုတာ သိရပြီး လက်တွေ့နဲ့စာတွေ ပေါင်းစပ်စေတယ်။ မြန်မာပြည်မှာ သင်ရိုးညွန်းတမ်း ဘယ်လိုပဲပြောင်းပြောင်း ဖတ်စာအုပ်ထဲကအတိုင်း အာဂုံဆောင်ပြီး စာမေးပွဲဖြေရတဲ့ စနစ်ကြီးကို မပြောင်းရင် ကျောင်းသားတွေ တိုးတက်မှုမရှိနိုင်ဘူးလို့ ကျမမြင်ပါတယ်။

Building Knowledge Economies စာတမ်း(၅)

ကမ္ဘာ့ဘဏ် ဖွံ့ဖြိုးတိုးတက်မှု လေ့လာရေးအဖွဲ့ရဲ့ ၂၀၀၇ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ စာတမ်းပါ Building Knowledge Economies ပညာရေးဆိုင်ရာ အကြံပြုချက် မ...