Tuesday, January 29, 2008

တက္ကသိုလ်နဲ့ အုပ်ချုပ်ရေးပြဿနာ

မြန်မာနိုင်ငံရဲ ပညာရေး ဆုတ်ယုတ်ကျဆင်းရတာမှာ ပညာရေးအာဏာပိုင်တွေနဲ့ ဆရာ ဆရာမတွေမှာလည်း တာဝန်မကင်းဘူးဆိုတာကို ငြင်းလို့ မရနိုင်တာ အမှန်ပါပဲ။ ဒီနေရာမှာ အကြောင်းရင်းတွေကတော့ နိုင်ငံ အာဏာပိုင်တွေရဲ လွဲချော်တဲ့ အမိန့် အာဏာတွေကို မဆန့်ကျင်ရဲတာက တကြောင်း၊ လစာမလုံလောက်မှုနဲ့ စားဝတ်နေရေး ကျပ်တည်းမှု တွေကြောင့် မိမိတို့ရဲ့ အလုပ်တာဝန်အပေါ် အာရုံမစိုက်နိုင်မှုကလည်း တကြောင်းဖြစ်ပါ တယ်။ ဒါ့ထက် ပိုဆိုးတာကတော့ အကြီးအကဲနေရာမှာ တာဝန်ယူရတဲ့ ပညာရေး အာဏာပိုင်တွေရဲ့ တင်းကျပ်ပြီး လွဲမှားနေတဲ့ အမိန့်တွေနဲ့ မတရားသဖြင့် အဂတိ လိုက်စားမှုတွေကြောင့်ပဲ ဖြစ်ပါတယ်။

တကယ်တော့ ဆရာဆိုတာဟာ မိဘလိုပဲ ကျောင်းသားတွေရဲ ကောင်းရကောင်းကြောင်းကို စီစဉ် ဖန်တီး လမ်းညွှန်ပေးရမှာပါ။ ဒါပေမဲ့ စစ်အာဏာရှင် စနစ် အုပ်ချုပ်မှု အောက်မှာ ပညာရေးထဲက ပညာရေးအာဏာပိုင် ဆရာကြီး ဆရာမကြီးတွေကပါ ပညာရေး လောကကို စစ်တပ်ဆန်ဆန် အမိန့်ပေးပြီး တင်းတင်းမာမာ အုပ်ချုပ်လာတာကို စိတ်မကောင်းစရာကောင်းလောက်အောင် တွေ့လာရပါတယ်။ သက်သေသာဓက အထောက်အထားနဲ့တကွ တင်ပြရင်ကို အဖြစ်အပျက်တွေ အများကြီး ပြနိုင်ပါတယ်။

တကယ်တော့ မြန်မာတနိုင်ငံလုံးက ကျောင်းအများစုဟာ အဲလို အာဏာရှင်တွေလက်အောက်မှာ နေနေကြရတယ်ဆိုတာ အားလုံးအသိပါပဲ။ အများအားဖြင့်ကတော့ တက္ကသိုလ်တွေမှာ ဖြစ်ပါတယ်။ ကျောင်းအုပ်တချို နဲ့ ပါမောက္ခချုပ်တချိုဟာ စစ် အစိုးရနည်းတူပဲ အမိန့်အာဏာကို တွင်တွင်သုံးတဲ့အပြင် အဂတိလိုက်စားမှုကိုလည်း ပြောင်ကျကျ လုပ်လာကြပါတယ်။ ဒီအထဲမှာ လက်အောက်ငယ်သား ဆရာ ဆရာမ တွေနဲ့ ကျောင်းသူ ကျောင်းသားတွေအပေါ် စာနာငဲ့ညှာမှု လုံးဝမရှိတဲ့ လုပ်ရပ်တွေကတော့ အဆိုးဆုံးပဲ ဖြစ်ပါတယ်။

တကယ်တော့ ကမ္ဘာ့အဆင့်မီ တက္ကသိုလ်ပညာရေးဟာ အသက် ၁၈နှစ်ပြည့်ပြီးသူတွေ တက်ရောက်ကြတာ ဖြစ်ပါတယ်။ အသက် ၁၈နှစ်ဆိုတာဟာ နိုင်ငံတကာစံအရ အရွယ်ပြီး ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် ရှိပြီလို့ သတ်မှတ်တဲ့ အသက်အရွယ် ဖြစ်ပါတယ်။ ဒါကြောင့် တက္ကသိုလ်တက်သူတွေဟာ ကျောင်းက ချမှတ်တဲ့ စည်းကမ်းတွေကို စနစ်တကျ လိုက်နာတယ်ဆိုရင် ကျန်တဲ့ လူငယ်ဘ၀ သဘာဝထဲမှာ လွတ်လပ်ပျော်ရွှင်စွာ ပညာသင်နိုင်တဲ့ ကျောင်းသားအခွင့်အရေး အပြည့် ရရပါမယ်။ တက္ကသိုလ်ကျောင်းသား တွေရဲ အခွင့်အရေးတွေဖြစ်တဲ့ လွတ်လပ်စွာ ပညာသင်ယူခွင့်၊ လွတ်လပ်စွာ ပြောဆိုဆွေးနွေးခွင့်၊ လွတ်လပ်စွာ တီထွင် ဖန်တီးခွင့်၊ လွတ်လပ်စွာ ရေးသား ထုတ်ဝေခွင့်၊ လွတ်လပ်စွာ ဝေဖန်သုံးသပ်ခွင့်၊ လွတ်လပ်စွာ စုရုံး ဟောပြောခွင့်၊ လွတ်လပ်စွာ တောင်းဆိုပိုင်ခွင့်တွေ အပြည့်အ၀ ရှိရပါမယ်။

အနီးဆုံး ထိုင်းနိုင်ငံနဲ့ ဥပမာပေးရရင် ခုအချိန်မှာ ထိုင်းနိုင်ငံက တက္ကသိုလ်တွေမှာ ကျောင်းသားတွေဟာ အဲဒီ ကျောင်းသားအခွင့်အရေးတွေကို အပြည့်နီးပါးရကြပါတယ်။ စည်းမျဉ်းခံဘုရင်စနစ်ဖြစ်တဲ့အတွက် ဘုရင်မိသားစု ကို ဝေဖန်ရင်တော့ အပြစ်ပေးနိုင်တယ်ဆိုပေမဲ့ တိုင်းပြည်က အေးချမ်းသာယာပြည့်စုံနေတာမို့ ပြဿနာဖြစ် တာမျိုး နည်းပါးပါတယ်။ ကျောင်းသားအများစုဟာ ကျောင်းမှာ ပျော်ကြပါတယ်။ တက္ကသိုလ်တွေမှာဆိုရင် လွတ်လပ်ခွင့် အပြည့်အ၀ရှိတဲ့ အနုပညာသရုပ်ဖော်ပြပွဲ (Performance Show) တွေ အပတ်စဉ်လိုလို လုပ်ကြတာတောင် တွေ့ရပါ တယ်။

တကယ်တော့ အဲလို ကျောင်းသားအခွင့်အရေးကို ခံစားခွင့်ရတာဟာ ဒီမိုကရေစီပညာရေးပါပဲ။ မြန်မာနိုင်ငံ ကတော့ ဒီမိုကရေစီပညာရေးကို တည်ဆောက်နေပါတယ်လို့ ပညာရေး အာဏာပိုင်များက ပြောထားပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ ကျောင်းတွေမှာ အထွေထွေ လိုအပ်ချက်တွေ၊ ပြဿနာတွေ ပိုများလာခဲ့ပြီး လွတ်လပ်စွာ စာရေးသား ဖြန့်ဝေခွင့် တားမြစ်ပိတ်ပင်တာတွေ၊ လူစုလူဝေးမလုပ်ရ ဆိုတာတွေနဲ့အတူ ကျောင်းသားတွေကို တင်းတင်းကျပ်ကျပ် ချုပ်ထိန်းကိုင်တွယ်တာမျိုးတွေတောင် ပိုလုပ် လာခဲ့ပါတယ်။

၂၀၀၀ပြည့်နှစ် နောက်ပိုင်းမှာဆိုရင် တက္ကသိုလ်တွေမှာ ကျောင်းသားတွေကို ကျောင်းခေါ်ချိန်ယူတဲ့ စနစ်ကို တင်းတင်းမာမာ လုပ်လာပါတယ်။ ဆရာတယောက်က အနည်းဆုံး ကျောင်းသား ၃၀လောက်ကို တာဝန်ယူထိန်းရတဲ့ Guardianship တာဝန်ခံ အုပ်ထိန်းသူ စနစ်နဲ့ ကျောင်းသားတွေက သူတို့ ကျောင်းတက်ကြောင်းကို သူတို့ရဲ ဆိုင်ရာ တာဝန်ခံ အုပ်ထိန်းသူ ဆရာ ဆရာမတွေဆီမှာ နေ့တိုင်း Attendance လက်မှတ်သွား ထိုးရပါတယ်။ အဲဒီ ဆရာဆရာမတွေက အဲဒီ လက်မှတ်တွေကို သူတို့ရဲ အထက်က အတန်းချုပ်ဆီကို ဆက်တင်ပေးရပါတယ်။ အဲဒီ ကျောင်းခေါ်ချိန်နဲ့ အပတ်စဉ် Tutorial စာစဉ် ဖြေတဲ့ ရမှတ်ကို တွက်ပြီး ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်း ကို သတ်မှတ်ပါတယ်။ ၇၅ရာခိုင်နှုန်း မပြည့်ရင် စာမေးပွဲ မဖြေရပါဘူး၊

တကယ်တော့ အဲဒီ ချုပ်ကိုင်မှုဟာ ကျောင်းသားတွေကို ကျောင်းတက်မှန်အောင် ရည်ရွယ်တာဆိုရင်တော့ မထိရောက်ဘူးလို့ ဆိုရပါမယ်။ အထူးသဖြင့် တက္ကသိုလ်ကြီး တွေမှာဆိုရင် ထိရောက်မှု မရှိပါဘူး။ ဆရာရော ကျောင်းသားပါ ကျောင်းမပျက်အောင် လုပ်တာဖြစ်ပေမဲ့ ကျောင်းသားနဲ့ အုပ်ထိန်းသူ ဆရာညှိပြီး တစ်ပတ်လုံးစာ လက်မှတ် ကို တရက်တည်းမှာ အပြီး ထိုးပြီး တင်လိုက်ရင် ရတာပါပဲ။ အထက်က ဆရာကြီး ဆရာမကြီးတွေကလည်း အလုပ်တာဝန် ဖိစီးတာကြောင့်မို့ အသေးစိတ် လိုက်မကြည့်နိုင်ပါဘူး။ နောက်တကြောင်းကတော့ တချို့သော အုပ်ချုပ်သူ လူကြီးပိုင်းတွေက ကျောင်းသားတွေကိုရော တာဝန်ခံဆရာ တွေကိုပါ ငဲ့ညှာတာကြောင့် အသေအချာ မစစ်ဆေးတာလည်း ရှိပါတယ်။

ငဲ့ညှာရတဲ့ အကြောင်းတွေကလည်း ရှိပါတယ်။ ၂၀၀၀ခုနှစ် မတိုင်မီကတည်းက တက္ကသိုလ် တော်တော် များများကို မြိုစွန်မြိုဖျားတွေရောက်အောင် ရွှေလိုက်တဲ့အတွက် လမ်းခရီးမှာ အချိန် ပိုကြန့်ကြာတာကြောင့် ရော၊ ကျောင်းလာဖို့ ကားစင်းရေ နည်းပါးတာကြောင့်ရော၊ ငွေကြေး အကျပ်အတည်း ပြဿနာတွေ တစတစ ကြီးထွား လာတာကြောင့်ရော၊ ကျောင်းမှာ ထိရောက်တဲ့ သင်ကြားရေးအပါအ၀င် ပညာရေးဆိုင်ရာ လိုအပ်ချက်တွေကို ဖြည့်ဆီးမပေးနိုင်တာတွေကြောင့်ရော ဆရာတွေရော ကျောင်းသားတွေ ပါ အခက်အခဲတွေ ကြုံရတာကြောင့်ပဲ ပညာရေး မိသားစုဝင် အချင်းချင်း ငဲ့ညှာခဲ့ကြတာပါ။ ဒါကြောင့်ပဲ ကျောင်းသားတွေဟာ ကျောင်းပညာရေးရဲလိုအပ်ချက်တွေအပေါ် ကျေနပ်မှု မရှိခဲ့ပေမဲ့ အဲလို ငဲ့ညှာမှုမျိုးတွေ ရှိနေသေးတဲ့အတွက် ပြဿနာတစုံတရာ မဖြစ်ဘဲ အေးအေး ချမ်းချမ်း ပညာသင်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့ အခုလတ်တလောမှာတော့ မန္တလေးက တအုံ ကွန်ပျူတာ တက္ကသိုလ်မှာ ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်း မပြည့်လို့ ဆိုပြီး ကျောင်းသား ၂၀၀ကျော်ကို စက်တင်ဘာ၃ရက်နေ့မှာ ပြုလုပ်မယ့် အတန်းတင်စာမေးပွဲကို ဖြေခွင့်မပေးကြောင်း ကြေငြာခဲ့တဲ့အတွက် ကျောင်းသားတွေ မကျေနပ်တဲ့ ပြဿနာဖြစ်ခဲ့ပါတယ်။ မန္တလေးမြို့နဲ့ တအုံတက္ကသိုလ် က ၂၅မိုင်တောင် ဝေးတဲ့အပြင် ဖယ်ရီကား မလုံလောက်မှု၊ ကားခ ဈေးမြင့်မှုတွေ ကြောင့် ကျောင်းသားတွေမှာ အများကြီး အခက်အခဲ ကြုံကြရပါတယ်။ အခုလက်ရှိ လောင်စာဆီဈေး နှစ်ဆ မြင့်တက်သွားပြီးနောက်ပိုင်းမှာတော့ အခြေအနေ တွေ ပိုဆိုးသွားတာမို့ ကျောင်းသားတွေလည်း ပိုပြီး အခက်အခဲတွေ ကြုံလာရပါတယ်။ ဒါကြောင့် အဲဒီ အခက်အခဲပြဿနာဟာ ကျောင်းသားတွေရဲ ပေါ့လျော့မှုတခုတည်း ကြောင့် ဖြစ်ရတာ မဟုတ်ပါဘူး။

အဲဒီ အခက်အခဲတွေကြောင့်လည်း တအုံကွန်ပျူတာတက္ကသိုလ်မှာ ခုလို ပြဿနာတွေ ကြုံကြရတာပါပဲ။ ပိုဆိုးတာကတော့ ကျောင်းမရောက်တာချင်း အတူတူမှာ ဆရာတွေဆီကို လာဘ်ထိုးသူတွေက စာမေးပွဲဖြေခွင့် ရပြီး လာဘ်မထိုးနိုင်တဲ့ ကျောင်းသားတွေက တော့ စာမေးပွဲ ဖြေခွင့် မရတာပါပဲ။ ဒါနဲ့ ပတ်သက်ပြီး ကျောင်းသားတွေက အသနားခံ ဖို့ ကြိုးစားပေမဲ့ ကျောင်းအုပ်ကြီး ဦးသန်းနိုင်စိုးကတော့ လုံးဝ ဖြေဆိုခွင့် မပေးခဲ့ပါဘူး။ တကယ်တော့ ကျောင်းသားတယောက်ရဲ ပညာတတ်မြောက်မှုကို စာမေးပွဲနဲ့ ဆုံးဖြတ်တာက မှန်ကန်တဲ့ စနစ် မဟုတ်ပါဘူး။ ဒီကြားထဲ ကျောင်းသားတွေရဲ ပညာ သင်နှစ် တနှစ်တာဘ၀ကို ကျောင်းအရောက်နောက်ကျတဲ့ မိနစ်ပိုင်းလေးအတွက် ပျက်ကွက်တယ်လို့ သတ်မှတ်ပြီး တနေ့စာလုံးအတွက် ကျောင်းခေါ်ချိန် မပေးတာမျိုးကလည်း ကျောင်းစည်းကမ်း ဥပဒေအနေနဲ့ မလျော်ညီပါဘူး။ မှန်ကန်တဲ့ ဆုံးဖြတ်ချက်မျိုးလည်း မဟုတ်ပါဘူး။ ကျောင်းသားတွေအတွက် အင်မတန်မှကို နစ်နာလှ ပါတယ်။

တကယ်တော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ အခက်အခဲ အကျပ်အတည်း ကြုံနေရချိန်မျိုးမှာ ကျောင်းသား တွေကို ပညာအရည်အချင်းကြောင့် မဟုတ်ပါဘဲနဲ့ တနှစ်တာလုံး အတွက် စာမေးပွဲဖြေခွင့် မပေးတာဟာ အကောင်းဆုံး ဖြေရှင်းပေးတာမျိုး မဟုတ်ပါဘူး။ အဲဒီအပြင် နိုင်ငံရဲ လူ့စွမ်းအား အရင်းအမြစ်တွေကို ကန့်သတ် တားမြစ် ဖြိုဖျက်နေတာနဲ့ အတူတူပဲ ဖြစ်ပါတယ်။ အခုကြုံနေရတဲ့ တအုံကွန်ပျူတဆာကောလိပ်က ကျောင်းသား တွေရဲ့ အချိန်တွေထဲက တနှစ်လုံးလုံး နစ်နာသွားရတဲ့ ကိစ္စမှာဆိုရင် အဓိက တာဝန်ရှိသူကတော့ သက်ဆိုင်ရာ ပညာရေးအာဏာပိုင်ဖြစ်တဲ့ ကျောင်းအုပ်ဆရာကြီး ဦးသန်းနိုင်စိုးသာ ဖြစ်ပါတယ်။

၂၀၀၇၊ သြဂုတ်လ။

No comments: