Tuesday, January 22, 2008

စစ်ပညာရေးစနစ်သို့

အခြေခံပညာအထက်တန်းကျောင်းတွေမှာ တက္ကသိုလ်က ဘာသာရပ်ဆိုင်ရာပါရဂူတွေကိုသာ ကျောင်းအုပ် အဖြစ် ရွေးချယ်ခန့်အပ်တော့မယ် ဆိုတာနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ အပတ်တွေမှာ ဆွေးနွေးခဲ့ပါ တယ်။ အဲဒီမှာ အချက်အလက်တိုင်းဟာ ဘာသာရပ်ဆိုင်ရာ ပါရဂူတွေကို အခြေခံပညာကျောင်းအုပ်အဖြစ် ခန့်အပ်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အခက်အခဲတွေ ပြဿနာတွေ အားနည်းချက်တွေကိုပဲ ပြောခဲ့ပါ တယ်။

တကယ်လည်း ပါရဂူတွေ ကျောင်းအုပ်ဖြစ်တဲ့အတွက် ပညာရေးကဏ္ဍအနေနဲ့ အားသာချက်ဆိုတာမျိုး မရှိသလောက်ပါပဲ။ ကျောင်းအုပ်လုပ်သူတွေရဲ့ ဂုဏ်ပုဒ်အဖြစ် ဒေါက်တာဘယ်သူလို့ တတ်နိုင်ပြီး သူရဲ သက်ဆိုင်ရာ ဘာသာရပ်မှာဝင်ပြီး အနည်းအကျဉ်း အကြံပေးနိုင်မယ်။ ဒီတော့ ဒါမျိုးဟာ အခြေခံပညာ ကျောင်းတကျောင်းရဲ့ ကျောင်းအုပ်ဖြစ်ဖို့အတွက် အဓိကကျကျ လိုအပ်တဲ့ အရည်အသွေးမျိုးလည်း မဟုတ်ပါဘူး၊

တကယ်တော့ ဘာသာရပ်ဆိုင်ရာ ပါရဂူတွေအတွက် အခြေခံပညာရေးနယ်ပယ်ဟာ လုပ်ငန်းခွင် အသစ်သာ ဖြစ်ပါတယ်။ ဒါကို အခြေခံပညာကျောင်းရဲ့ အုပ်ချုပ်ပုံနဲ့ တက္ကသိုလ် အဆင့်အုပ်ချုပ်ပုံမတူတဲ့အကြောင်းမှာ တင်ပြဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်။ ခုဆိုရင် ရန်ကုန်မြိုလယ်ခေါင်က နာမည်ကြီး အထက်တန်းကျောင်း နှစ်ကျောင်းမှာဆိုရင် ကျောင်းအုပ်အသစ်အဖြစ် ဦးဦးဖျားဖျား ခန့်အပ်ခံရပြီး ရောက်လာတဲ့ ပါရဂူနှစ်ယောက် အနေနဲ့ရော၊ အုပ်ချုပ်ခံ ၀ါရင့် ဆရာကြီးဆရာမကြီးတွေအနေနဲ့ရော လုပ်ငန်းခွင်မှာ အဆင်မပြေမှု၊ နှောင့်နှေးကြန့်ကြာမှု၊ စိတ်အနှာက်အယှက်ဖြစ်ရမှုတွေနဲ့ ရင်ဆိုင်နေကြရပါ တယ်။ အဲဒီအပြင် အပြန်အလှန် လေးစားယုံကြည်မှု၊ အားကိုးမှု၊ အတူတကွ ပူးပေါင်း လုပ်ဆောင်မှုတွေနဲ့ ဖွဲ့စည်းရတဲ့ အခြေခံပညာကျောင်းရဲ သဘာဝထဲမှာ အခြေခံပညာ ကျောင်းရဲ သဘောသဘာဝနဲ့ ပတ်သက်ပြီး သေသေချာချာ နားမလည်တဲ့အပြင် အတွေ့အကြုံလုပ်သက်အားဖြင့်ရော အသက်အားဖြင့်ရော ငယ်ရွယ်ကြတာ မို့လို့ ကျောင်းအုပ်အသစ်တွေဟာ ခုချိန်မှာ သူတို့ရဲလုပ်ငန်းခွင်အသစ်မှာ အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်နေ ကြရပါတယ်။ ဒါတောင် ပညာရေးလောကထဲက ၀န်ထမ်းအချင်းချင်းကိစ္စပဲ ရှိပါသေးတယ်။ လုပ်ငန်းပိုင်းဆိုင်ရာ အခက်အခဲတွေ မပါသေးပါဘူး။၊

နောင်သိပ်မကြာခင် ကာလမှာဆိုရင်တော့ အထက်တန်းကျောင်းတွေရဲ ကျောင်းအုပ်ကြီးတွေအဖြစ် ပါရဂူ တွေကသာ နေရာယူလာတော့မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တပတ်မှာ တင်ပြခဲ့သလိုပဲ မြန်မာတနိုင်ငံလုံး အတိုင်းအတာနဲ့ အထက်တန်းကျောင်းပေါင်း နှစ်ထောင် နီးပါးမှာ တပြေးညီဖြစ်ဖို့ ပါရဂူဘွဲ့ရ နှစ်ထောင်နီးပါး လိုလာမှာပါ။ အဲဒီအခါ လက်ရှိ ပါရဂူ အရေအတွက်နဲ့ လိုအပ်တဲ့ ကျောင်းအုပ်နေရာတွေအတွက် ဖြည့်ဆည်း ဖို့ကတော့ စစ်တက္ကသိုလ်ထွက် ပါရဂူများရှိနေကြပါတယ်။ ကွန်ပျူတာသိပ္ပံအထူးပြု အပါအ၀င် ၀ိဇာသိပ္ပံ အထူးပြုဘာသာရပ်တွေနဲ့ ကျောင်းပြီးထားတဲ့ စစ်တပ်အရာရှိတွေထဲက ရာဂဏန်းနီးပါးလောက်က ခုချိန်မှာ ပါရဂူဘွဲ့ယူတန်းတွေ တက်နေကြပါပြီ။ နောင် သိပ်မကြာခင်အချိန်မှာ လိုအပ်လာမယ့် အထက်တန်း ကျောင်းအုပ် ရာထူးနေရာတွေမှာ သူတို့ကို ခန့်အပ်နိုင်ပါတယ်။ အဲဒီ အခြေအနေအရ မြန်မာနိုင်ငံရဲပညာရေးထဲမှာ အရေးကြီးဆုံးဖြစ်တဲ့ အခြေခံပညာရေးနယ်ပယ်မှာ စစ်တက္ကသိုလ်ထွက် ပါရဂူများက ၀င်ရောက် လွှမ်းမိုး ချုပ်ကိုင်ခွင့်ရလာနိုင်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာကတော့ စစ်တပ်ရဲ အကြီးအကဲတွေဟာ အခွင့်ထူးခံ လူတန်းစားတစ်ရပ်အဖြစ် ကြီးစိုးလာခဲ့တာ နှစ်၅၀နီးပါးရှိခဲ့ပါပြီ။ စစ်တပ်ရဲ့ ထုံးစံအတိုင်း အုပ်ချုပ်ရေးပုံစံ ဟာ အမိန့်နာခံရေးကသာ အဓိက ဖြစ်ပါတယ်။ စစ်တပ်ရဲ လက်သုံးစကားဖြစ်တဲ့ ရေဗူးပေါက်တာ မလိုချင်ဘူး.. ရေပါတာသာလိုချင်တယ်ဆိုတဲ့ အမိန့်မျိုးကို ၂၀၀၀ ခုနှစ် နောက်ပိုင်းမှာဆိုရင် ပညာရေးလောကထဲက ပါမောက္ခချုပ်တွေ ပါမောက္ခတွေကတောင် လက်စွဲ သုံးလာကြတာတွေ့ရပါတယ်။ ဒါဟာ စစ်တပ်ရဲ့ စရိုက် လက္ခဏာ လွှမ်းမိုးခံလာရ တာပဲ ဖြစ်ပါတယ်။ အဲဒီ အကျိုးဆက်တွေကြောင့်ပဲ စာမေးပွဲအောင်စာရင်းမှာ အောင်ချက်ကောင်းတယ်ဆိုတဲ့ အရေအတွက်ကိုပဲ လိုချင်တယ်အရည်အချင်း မပြည့်ဘူးဆိုတာကို မသိချင်ဘူး ဆိုတဲ့ အခြေအနေမျိုး ရောက်လာတာပါ။

တကယ်တော့ စာသင်ကျောင်းဆိုတာဟာ အမိန့်နဲ့ တည်ဆောက်ရတဲ့နေရာ မဟုတ်ပါဘူး။ စစ်သင်တန်း ကျောင်းမှာလို အမိန့်နာခံတတ်ဖို့ကိုသာ ဦးတည်တဲ့ ပညာရေးမျိုးလည်း မဟုတ်ပါဘူး။ ပညာရေးရဲ့ အဓိက လိုအပ်ချက်ကိုက ကျောင်းနေပျော်ပြီး စာတော်ကြဖို့သာ ဖြစ်ပါတယ်။ အထူးသဖြင့် ဒီမိုကရေစီပညာရေး မှာဆိုရင် ဆရာဆိုတာဟာ ကျောင်းသားတွေ၊ ကလေးတွေရဲ စာသင်ခန်းထဲက ပညာရေးဆိုင်ရာ လိုအပ်ချက် တွေကို ဖြည့်ဆည်းပေးဖို့၊ ဖြေရှင်းပေးဖို့ဆိုတဲ့ အနေအထားနဲ့ ရှိနေကြရတာပါ။ အဲဒီသဘောကို ဒီမိုကရေစီပညာရေးအကြောင်း စာအုပ်ရေးခဲ့တဲ့ အမေရိကန်ဒဿနပညာရှင် John Dewey ပြောခဲ့တဲ့ ပညာရေးဟာ သင်ကြားခြင်းမဟုတ်၊ ကလေးဘာသာ သင်ယူတတ်အောင် လေ့ကျင့်ပေးခြင်းသာ ဖြစ်တယ် ဆိုတာမှာ တွေ့နိုင်ပါတယ်။

အဲသလိုပဲ ပညာရေးအယူအဆနဲ့ ပတ်သက်ရင် လက်ဦးဆရာတစ်ယောက်ဖြစ်တဲ့ ဂရိအတွေးအခေါ်ပညာရှင် Aristotle ကလည်း ဘီစီ ၃၈၄ တုန်းမှာကတည်းက ပညာရေး ဟာ လူသားတွေရဲ ကိုယ်ရည်ကိုယ်သွေးကို ပျိုးထောင်ပေးဖို့ တာဝန်ရှိတယ် ဆိုတာကို ပြောခဲ့ပါတယ်။ ဒါကြောင့် ဆရာဆရာမတွေရဲတာဝန်ဟာ ကလေးတွေကို စာသင်သား တွေကို သူတို့ရဲ့ ပင်ကိုအရည်အသွေးတွေ ပွင့်လန်းကြီးထွားလာအောင် ကူညီ ပံ့ပိုး ပျိုးထောင် ပေးရမှာသာ ဖြစ်ပါတယ်။ အမိန့်ပေး ပုံသွင်းဖို့ မဟုတ်ပါဘူး။ ဒါမှပဲ ကလေးတွေဟာ လွတ်လပ်စွာ ဝေဖန်ပိုင်းခြားနိုင်တဲ့၊ လွတ်လပ်စွာ တွေးတော ကြံစည်တတ်တဲ့၊ လွတ်လပ်စွာ တီထွင်ဖန်တီးနိုင်တဲ့၊ ရှေဆောင် လမ်းညွှန်နိုင်တဲ့ စွမ်းရည်ရှိသူတွေအဖြစ် ကြီးပြင်းလာမှာ ဖြစ်ပါတယ်။ ဒါမှပဲ အဲဒီစာသင်သားတွေ ဦးဆောင် မယ့် အနာဂတ်ကလည်း ဖွံ့ဖြိုးတိုးတက်တဲ့ အနာဂတ်ဖြစ်လာမှာပါ။

တကယ်တော့ မြန်မာနိုင်ငံပညာရေးရဲ ကြီးမားတဲ့ အကျပ်အတည်း ပြဿနာတွေထဲမှာ စစ်တပ်အစိုးရတွေရဲ ကြီးစိုးချယ်လှယ်ခံရမှုက အဓိကကျတဲ့ အကြောင်းရင်းတခုပါပဲ။ ၁၉၆၂နောက်ပိုင်း ဗိုလ်ချုပ်နေ၀င်းအစိုးရ လက်ထက်ကတည်းက တပါတီစနစ်အောက်မှာ မြန်မာနိုင်ငံရဲ ပညာရေး၊ ဘာသာရေး၊ စာပေ ယဉ်ကျေးမှု အနုပညာတွေဟာ စစ်အုပ်ချုပ်ရေးဆန်ဆန် အမိန့်နဲ့ အုပ်ချုပ် စီမံ ခံခဲ့ရတာပါ။ ဒါကြောင့်ပဲ စာသင်ခန်းတွေထဲ မှာတောင် ဆရာကို တုံ့ပြန် မဆွေးနွေးရတဲ့ Teacher centered teaching ကသာ တောက်လျှောက် လွှမ်းမိုးခဲ့တာ ဒီကနေ့အထိပါပဲ။

၁၉၉၀ နောက်ပိုင်း အာဏာသိမ်းစစ်အစိုးရ လက်အောက်မှာတော့ နိုင်ငံရေးပြဿနာတွေရဲ ရိုက်ခတ်မှုကြောင့် ကျောင်းပညာရေးဟာ အမိန့်နာခံတတ်ဖို့ကိုသာ ဦးတည်တဲ့ အခြေနေကို လုံးလုံး ရောက်လာခဲ့တာ တွေ့ရပါတယ်။ စစ်အစိုးရရဲ စစ်တပ်ဆန်ဆန် အမိန့်ပေးအုပ်ချုပ်မှုကို ပညာရေး အာဏာပိုင်တွေ ကိုယ်တိုင်က လိုက်နာလက်ခံလာ ပါတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ ပညာရေးအဆင့်အတန်း နိမ့်ပါးကျဆင်းလာရတဲ့ အရင်းခံအကြောင်းတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။ အခုဆိုရင်တော့ နိုင်ငံတနိုင်ငံအတွက် အရေးကြီးဆုံး ရင်းနှီးမြှုပ်နှံမှုဖြစ်တဲ့ ပညာရေးနယ်ပယ်ထဲကို စစ်တက္ကသိုလ်တွေကနေ စနစ်တကျ မွေးမြူ ပုံသွင်း လေ့ကျင့်ပေးထားတဲ့၊ ပညာရှင်ဆိုသူ ပါရဂူတွေက ၀င်ရောက် ချုပ်ကိုင် ချယ်လှယ်လာမယ့် အခြေနေမျိုးကို တွေ့နေရပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၉ရက်နေ့က စင်္ကာပူနိုင်ငံရဲ့ ၄၂နှစ်မြောက် အမျိုးသားနေ့မှာ ၀န်ကြီးချုပ် လီရှန်လုံး (Lee Hsien Loong ) က ပညာရေးနဲ့ ပတ်သက်ပြီး ပြောသွားရာမှာ ကျောင်းတွေမှာ သင်ယူခြင်းကို ပိုတိုးမြှင့်ပါ.. သင်ကြားခြင်းကို လျှော့ချပစ်ပါ.. Learn.. more, teach... less လို့ ပြောသွားတာဟာ စိတ်ဝင်စားစရာပါပဲ။ လောလောဆယ်မှာ ပညာရေးအရ ကမ္ဘာ့အဆင့်မီလို့ ဆိုနိုင်တဲ့ မြန်မာနိုင်ငံက လူငယ်တွေ အမြောက်အများ သွားရောက်ပညာသင်နေကြတဲ့ ကျွန်းနိုင်ငံလေးရဲ့ ပညာရေးဦးတည်ချက်ကလည်း ကျောင်းသားတွေရဲလွတ်လပ်စွာ သင်ယူနိုင်ခွင့်ကိုသာ အားပေးဖို့ ပြောနေတာပါပဲ။ ဒါဟာ မြန်မာနိုင်ငံက အာဏာပိုင်များအနေနဲ့ သတိပြုဆင်ခြင်စရာကောင်းတဲ့ အချက်ပဲ ဖြစ်ပါတယ်။

မေငြိမ်း(၂၀၀၇၊ သြဂုတ်)

No comments: