Friday, April 3, 2009

Building Knowledge Economies စာတမ်း(၅)


ကမ္ဘာ့ဘဏ် ဖွံ့ဖြိုးတိုးတက်မှု လေ့လာရေးအဖွဲ့ရဲ့ ၂၀၀၇ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ စာတမ်းပါ Building Knowledge Economies ပညာရေးဆိုင်ရာ အကြံပြုချက် မူဝါဒတွေကို မူလတန်းပညာရေးအတွက်… အလယ်တန်းနဲ့ အထက်တန်းပညာရေးအတွက်… တက္ကသိုလ်ကောလိပ်အဆင့် ပညာရေးအတွက် စသဖြင့် တကဏ္ဍစီကို အသေးစိတ် ဆွေးနွေးတင်ပြနေခဲ့တာ ခုတပတ်မှာတော့ နောက်ဆုံးကဏ္ဍအဖြစ် စဉ်ဆက်မပြတ် ပညာရေးနဲ့ ပတ်သက်တဲ့ အကြံပြုချက် မူဝါဒတွေကို ပြောပြပါ့မယ်၊

စဉ်ဆက်မပြတ်ပညာရေးအတွက် ပထမဆုံးအကြံပြုထားတာကတော့ စာတတ်မြောက်မှုနှုန်း မြင့်မားလာရေး အတွက် ဆောင်ရွက်ရမယ်ဆိုတာ ဖြစ်ပါတယ်၊ ဒါကတော့ ပညာကို တသက်တာလုံး စဉ်ဆက်မပြတ် သင်ယူ သွားနိုင်ဖို့ဆိုရင် နိုင်ငံသားတွေဟာ စာတတ် မြောက်ပြီးသားဖြစ်ဖို့ တနည်းအားဖြင့် အခြေခံပညာရေးကို ရထား ပြီးသား ဖြစ်ဖို့တော့ လိုပါတယ်၊ ဒါမှပဲ အကြောင်းကြောင်းကြောင့် ကျောင်းပညာရေးကို မယူနိုင်တဲ့ မရနိုင်တဲ့ သူတွေဟာ ပြင်ပကနေ ကိုယ့်ဘာသာ စာဖတ်လေ့လာပြီး ပညာကို စဉ်ဆက်မပြတ် သင်ယူသွားနိုင်မှာ ဖြစ်ပါ တယ်၊

ဒါကြောင့်ပဲ နိုင်ငံသားတိုင်း စာတတ်မြောက်ဖို့ တနည်းအားဖြင့် စာတတ်မြောက်မှုနှုန်း မြင့်မားလာစေဖို့အတွက် အစိုးရတွေက Education for All ဆိုတဲ့ ရည်မှန်းချက်နဲ့ အခြေခံပညာအဆင့်ကို အခမဲ့ပညာရေးအဖြစ် သတ်မှတ်ပေးထားကြတာပါ၊ ဒါမှပဲ မိဘတွေအနေနဲ့ ကလေးပညာရေးအတွက် စရိတ်စကကို သိပ် မပူပင် ရတော့တာ မို့လို့ ကလေးတိုင်း စာသင်ခန်းထဲ ရောက်လာနိုင်တာကြောင့် စာတတ်မြောက်မှုနှုန်း မြင့်မားလာမှာ ဖြစ်ပါတယ်၊ ဒါ့အပြင် ဖွံ့ဖြိုးဆဲနိုင်ငံတွေက အစိုးရတွေအနေနဲ့ ကိုယ့်နိုင်ငံက စာမတတ်သူတွေကိုလည်း အရေး အဖတ် အတွက် စတဲ့ အခြေခံကျတဲ့ ပညာရေးမျိုးကို သင်ကြားပေးနိုင်ဖို့ စီမံချက်တွေ ချမှတ်ပြီး စနစ်တကျ ဆောင်ရွက်ဖို့ လိုပါတယ်၊ ဒါမှပဲ နိုင်ငံဖွံ့ဖြိုးရေးအတွက် လိုအပ်နေတဲ့ အသိပညာရှင်တွေ အတတ်ပညာရှင်တွေ အမြောက်အများ ရရှိလာမှာ ဖြစ်ပါတယ်၊ ဒါကြောင့် စာတတ်မြောက်မှုနှုန်း မြင့်မားလာရေးအတွက် ဆောင်ရွက်ရ မယ်ဆိုတဲ့ မူဝါဒဟာ မြန်မာနိုင်ငံအတွက် အဓိက လိုအပ်ချက်ပဲ ဖြစ်တယ်လို့ ဆိုရမှာပါ၊

Building Knowledge Economies စာတမ်းရဲ့ စဉ်ဆက်မပြတ်ပညာရေးနဲ့ ပတ်သက်တဲ့ ဒုတိယ အကြံပြုချက်ကတော့ Economy အရ လိုအပ်တဲ့ အရည်အချင်း တွေ ပြည့်မီအောင် သင်ကြားပေးနိုင်မယ့် သင်တန်းတွေ ဖွင့်ပေးရမယ် ဆိုတာဖြစ်ပါတယ်၊ ဒါကလည်း ဖွံ့ဖြိုးဆဲနိုင်ငံတွေအနေနဲ့ Economy အရ လူ့အဖွဲ့အစည်းတခု စနစ်တကျ ဖန်တီးဖို့အတွက် လိုအပ်တဲ့ အရည်အချင်းတွေကို ကျောင်းပညာရေးထဲမှာ သင်ရိုးအဖြစ် ထည့်သွင်းပြီး သင်ကြားလေ့ကျင့်ပေးသလိုပဲ တချိန်တည်းမှာ ကျောင်းပြင်ပ Informal Education အနေနဲ့ လေ့လာသင်ယူနေသူတွေအတွက်လည်း Economy နဲ့ ပတ်သက်တဲ့ အသိပညာတွေကို သင်ကြား ပေးနိုင်မယ့် အလုပ်ရုံဆွေးနွေးပွဲ Workshop တွေ။ သင်တန်းတွေ ဖွင့်ပေးဖို့ပါ၊ ဒါကလည်း နိုင်ငံတနိုင်ငံရဲဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးမှာ အဓိကကျတဲ့ လိုအပ်ချက်တရပ်ပဲ ဖြစ်ပါတယ်၊

နောက်ထပ်အကြံပြုချက်တချက်ဖြစ်တဲ့ အရည်အချင်းမြှင့်တင်ရေးသင်တန်းတွေ ဖွင့်ပေးရမယ် ဆိုတာ ကတော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အစိုးရတွေနဲ့အတူ ကုလသမဂ္ဂအပါအ၀င် အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်း (NGOs)တွေ ပူးပေါင်းဆောင်ရွက်နေကြတဲ့ မူဝါဒပဲ ဖြစ်ပါတယ်၊ အဓိကကတော့ လူ့အဖွဲ့အစည်းထဲမှာ တိုးတက် တဲ့ အပြောင်းအလဲ ဖြစ်ဖို့အတွက် နိုင်ငံသားတွေမှာ ရှိဖို့ လိုအပ်တဲ့ ကိုယ်ရည်ကိုယ်သွေးတွေ… ဥပမာပြောပြရရင် လူသားချင်း ကူညီပံ့ပိုးမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့ ပတ်သက်တဲ့ သင်တန်းမျိုးတွေ။ ဆွေးနွေးပွဲတွေ၊ ပြီးတော့ လူမှုအဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကူညီပံ့ပိုးမှုတွေပေးဖို့ သိသင့်တဲ့ အချက်အလက်တွေ ဥပမာ… ပညာရေး ကျန်းမာရေးနဲ့ သဘာ၀၀န်းကျင် ထိန်းသိမ်းရေးတွေနဲ့ သိပြံပညာဆိုင်ရာဗဟုသုတတွေကို ဖြန့်ဝေပေးနိုင်ဖို့အတွက် workshop တွေ သင်တန်းတွေ လုပ်ကြဖို့ပါ၊ အဲဒီအခါ အဲဒီသင်တန်းတွေ ဆွေးနွေးပွဲ တွေမှာ ပါဝင်တက်ရောက်တဲ့သူတွေ အချင်းချင်း ၀ိုင်းဝန်း ဆွေးနွေး အဖြေရှာကြရင်းနဲ့ အရည်အချင်းတွေ မြင့်တက်စေလာမှာ ဖြစ်ပါတယ်၊

နိုင်ငံတကာမှာကတော့ စဉ်ဆက်မပြတ် ပညာသင်ချင်တဲ့ ကိုယ့်နိုင်ငံသားတွေအတွက်ရော ကျောင်းသား လူငယ် တွေအတွက်ရော အလွယ်တကူ ပညာရှာလို့ရအောင် အင်တာနက်ကို လွယ်လွယ်ကူကူ သုံးနိုင်အောင် စီစဉ်ပေးထားတဲ့အတွက် ebook, audio book တွေ ရှာဖွေ လေ့လာဖတ်ရှုနိုင်တာမျိုး။ လိုအပ်တဲ့ စာအုပ် စာတမ်းတွေကို ပြည်ပကနေ တင်သွင်းပြီး ပြန် ဖြန့်ပေးတာမျိုး။ ပညာရပ်ဆိုင်ရာ စီဒီတွေ ထုတ်ဝေခွင့် ပေးထားတာမျိုးနဲ့ ပညာရေးဆိုင်ရာအသိအမြင်တွေရအောင် အများကြီး လမ်းဖွင့်ပေးထားတာ တွေ့ရပါတယ်၊ တကယ်တော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေအနေနဲ့ ကမ္ဘာနဲ့အညီ အချိန်မီ လိုက်နိုင်ဖို့ ဆိုရင် အဲလို ပညာရေးလွတ်လပ်ခွင့် နည်းပညာ လွတ်လပ်ခွင့်တွေ ရှိဖို့ လိုပါတယ်၊ အထူးသဖြင့် မြန်မာနိုင်ငံလို အဘက်ဘက်က နိမ့်ကျယိုယွင်းနေတဲ့ တိုင်းပြည်မှာဆိုရင် စဉ်ဆက်မပြတ် ပညာရေးအဖြစ် Informal ပညာရေးကို သေသေချာချာ လမ်းဖွင့် အကောင်အထည် ဖော်ပေးရမှာ ဖြစ်ပါတယ်၊

ဒါပေမဲ့ လက်ရှိအနေအထားမှာတော့ မြန်မာနိုင်ငံမှာ စစ်အစိုးရက အိုင်တီနည်းပညာနဲဏ္ဍ ဗဟုသုတရှာဖွေ ပညာ ဆည်းပူးနေတဲ့ လူငယ်တွေကို အမျိုးမျိုး ပိတ်ဆို့ တားမြစ်နေရုံ သာမကဘဲ ခြိမ်းခြောက် ပြစ်ဒဏ်ပေးတာတွေပါ လုပ်နေတာပါ၊ ဒါကြောင့်ပဲ ပညာတတ်လူငယ် အိုင်တီနည်းပညာရှင် ဘလော့ဂါ နေဘုန်းလတ်ကို အပြစ် တစုံတရာ မရှိပါဘဲနဲ့ အီလက်ထရွန်းနစ်ဥပဒေဆိုတာနဲ့ နှစ်ရှည် ထောင်ချ အပြစ်ပေးခဲ့တာပါ၊ ဒါဟာ အိုင်တီ နည်းပညာကို သုံးပြီး ဘ၀အောင်မြင်ရေးအတွက် ကြိုးစားနေတဲ့ လူငယ်ထု တစ်ရပ်လုံးရဲ့ လက်တွေ့ဘ၀နဲ့ အနာဂတ်တွေကို ထောင်ချလိုက်တာနဲ့ အတူတူပဲ ဖြစ်ပါတယ်၊ အဲဒီအပြင် ဒါဟာ ဒီကနေ့ လူငယ်ထုရဲ့ ကိုယ်စွမ်း ဥာဏ်စွမ်းနဲ့ တည်ဆောက်မယ့် ခေတ်မီ မြန်မာနိုင်ငံကြီးဖြစ်လာမယ့် အနာဂတ်ကို တားမြစ်ဖျက်ဆီး လိုက်တာ နဲ့လည်း အတူတူပဲ ဖြစ်ပါတယ်၊

တကယ်တော့ ပြည်သူလူထုအနေနဲ့ စဉ်ဆက်မပြတ်ပညာရေး ရဖို့အတွက်ဆိုရင် အာဏာရှင်အစိုးရတွေက ဘယ်လိုပဲ ပိတ်ပင်တားဆီးပေမဲ့ ကိုယ့်ဘာသာ နည်းလမ်း ရှာဖွေပြီး လေ့လာသင်ယူလို့တော့ ရနိုင်ပါတယ်၊ ရနိုင်သလောက် စာအုပ်စာတမ်းတွေ ရှာဖွေ ဖတ်တာမျိုး။ အနည်းဆုံး ပြည်ပ လှိုင်းတို ရေဒီယိုတွေကနေ ထုတ်လွှင့်ပေးနေတဲ့ အသံလွှင့်အစီအစဉ်တွေကို မပြတ် နားထောင်ပြီး အင်္ဂလိပ်စာ အင်္ဂလိပ်စကားကအစ သတင်းအချက်အလက်တွေ အထွေထွေ ဗဟုသုတတွေအထိ လေ့လာ ရယူနိုင်ပါတယ်၊ အဲဒီအတွက် မီဒီယာတွေဘက်ကလည်း လူငယ်တွေ ပြည်သူတွေအတွက် လိုအပ်မယ့် အသိပညာပေးအစီအစဉ်တွေကို စီစဉ် ထုတ်လွှင့်နေကြပါတယ်။၊ ဒါကြောင့် စဉ်ဆက်မပြတ် ပညာရေးမျိုး ရယူသင်ကြားနိုင်ဖို့ အတွက် အစိုးရတွေမှာ အဓိက တာဝန်ရှိတယ်ဆိုပေမဲ့ မြန်မာနိုင်ငံလို အာဏာရှင်အစိုးရမျိုးရဲ့ လက်အောက်မှာတော့ ပြည်သူလူထု အနေနဲ့ ကိုယ့်အားကိုယ့်ကိုးစနစ်နဲ့ စဉ်ဆက်မပြတ်ပညာရေးကို ကြိုးစားရယူသင့်တယ်လို့ အကြံပြု တင်ပြလိုက် ရပါတယ်၊


5 comments:

prosaiccollector said...

အခုလို မျှဝေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ရှင့်

Anonymous said...

I absolutely respect and appreciate your point on each and every object.edit pdf for mac

Anonymous said...

Your site is very informative and your articles are wonderful.
filipino filipina

Unknown said...

Your articles are purely enough for me.
ppi claims credit cards

Anonymous said...

You make sense out of the most complex topics.
ppi claims calculator

Building Knowledge Economies စာတမ်း(၅)

ကမ္ဘာ့ဘဏ် ဖွံ့ဖြိုးတိုးတက်မှု လေ့လာရေးအဖွဲ့ရဲ့ ၂၀၀၇ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ စာတမ်းပါ Building Knowledge Economies ပညာရေးဆိုင်ရာ အကြံပြုချက် မ...