Friday, April 3, 2009

Building Knowledge Economies စာတမ်း(၃)


ပြီးခဲ့တဲ့ နှစ်ပတ်မှာတုန်းက ကမ္ဘာ့ဘဏ်ဖွံ့ဖြိုးတိုးတက်မှုလေ့လာရေးအဖွဲ့ရဲ့ ၂ဝဝ၇ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ Building Knowledge Economies စာတမ်းပါ ပညာရေးဆိုင်ရာ အကြံပြုချက် မူဝါဒတွေထဲက မူလတန်းအဆင့် ကျောင်းပညာရေးမှာ ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်တွေ ကို အသေးစိတ် ဆွေးနွေးခဲ့ပါတယ်။ ဒီတပတ်မှာတော့ အလယ်တန်း နဲ့ အထက်တန်း ပညာရေးတွေအတွက် စဉ်းစားချမှတ်သင့်တဲ့ အခြေခံမူ တွေကို ဆက်ပြီး ဆွေးနွေးသွားပါ့မယ်။

Building Knowledge Economies စာတမ်းအရ
အလယ်တန်းနဲ့အထက်တန်းပညာရေးတွေမှာ
- အလယ်တန်းပညာရေးအတွက် ကျောင်းအပ်နှုန်း တိုးမြင့်လာအောင် ဆောင်ရွက်ရမယ်
- အထက်တန်းပညာရေးပုံစံကို တက္ကသိုလ်ကောလိပ်ပညာရေးအတွက် ရည်ရွယ်ပြင်ဆင် ပေးရုံသာမကဘဲ လုပ်ငန်းခွင်မှာပါ အဆင်ပြေသင့်လျော်နိုင်မယ့် ပညာရေးအစီအစဉ်တွေ ဖန်တီးပေးရမယ် … ဆိုတဲ့ မူဝါဒတွေကို တွေ့ရပါတယ်။

အဲဒီမှာ အလယ်တန်းပညာရေးအတွက် ကျောင်းအပ်နှုန်း တိုးမြင့်လာအောင် ဆောင်ရွက်ရမယ် ဆိုတဲ့ မူဝါဒကို မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့ ချိန်ထိုးပြီး စဉ်းစားကြည့်မယ်ဆိုရင် လက်ရှိ မြန်မာနိုင်ငံမှာက အခြေခံပညာရေးအဆင့် ၅နှစ်တာကာလထဲမှာတင် ကျောင်းစရိတ်နဲ့ မိသားစု စားဝတ်နေရေးပြဿနာတွေ ကြောင့် ကလေးတွေ ကျောင်းထွက်နှုန်း များနေပါတယ်။ ဒါကြောင့် အလယ်တန်းအဆင့် ရောက်တဲ့ အခါမှာတော့ မူလတန်းတုန်းက ကျောင်းဝင်နှုန်းနဲ့ အလယ်တန်းကျောင်းဝင်နှုန်းက အများကြီး လျော့ကျသွားတာ ကို နှစ်တိုင်း တွေ့နေကြရပါ တယ်။

ကမBာ့ကုလသမဂ္ဂကလေးများရံပုံငွေအဖွဲ့ UNICEF ရဲ့ ၂ဝဝ၈ခုနှစ် ဇန်နဝါရီလ ၂၂ရက်နေ့မှာ မြန်မာနိုင်ငံ အခြေခံပညာရေးအခြေအနေအတွက် ထုတ်ပြန်ခဲ့တဲ့ စာရင်းဇယားအရ ၂ဝဝ၆ ခုနှစ်မှာ ကောက်ယူခဲ့တဲ့ စာရင်းအရ မူလတန်းတက်ရောက်တဲ့ ကလေးအရေအတွက်က ယောက်ျားလေး ၈၃ ရာခိုင်နှုန်း မိန်းကလေး ၈၄ ရာခိုင်နှုန်းရှိပြီးတော့ အလယ်တန်း အဆင့်ကို ဆက်တက်နိုင်တဲ့ အရေအတွက်ကတော့ ယောက်ျားလေးက ၅၁ရာခိုင်နှုန်းပဲ ရှိပြီး မိန်းကလေး က ၄၈ရာခိုင်နှုန်းသာ ရှိတော့တာကို တွေ့ရပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ ကလေးတွေရဲ့ ကျောင်းထွက်နှုန်း မြင့်မားနေတယ်လို့ ဆိုနိုင်ပါတယ်။ ဒါဟာ နိုင်ငံတနိုင်ငံရဲ့ ဖွံ့ဖြိုး တိုးတက်ရေး အတွက် လိုအပ်လှတဲ့ ပညာတတ်လူငယ်တွေကို ဆုံးရှုံးနေရတာပဲ ဖြစ်ပါ တယ်။

ဒါကြောင့် အလယ်တန်းပညာရေးအတွက် ကျောင်းအပ်နှုန်း တိုးမြင့်လာအောင် ဆောင်ရွက်ရမယ် ဆိုတဲ့ Building Knowledge Economies စာတမ်းက အကြံပြုထားတဲ့ အခြေခံမူဟာ မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ အချက်ဖြစ်တယ်ဆိုတာကို မီးမောင်းထိုးပြနေပါတယ်။ အဲဒီအပြင် မိန်းကလေး ၄၈ရာခိုင်နှုန်းသာ အလယ်တန်း ပညာရေးကို ဆက်သင်နိုင်တော့တာဟာလည်း ပြီးခဲ့တဲ့ တပတ်မှာ တင်ပြခဲ့တဲ့ အမျိုးသမီးငယ်တွေရဲ့ ပညာရေးနဲ့ အလုပ်အကိုင်ရရှိရေး အခွင့်အလမ်းတွေ တိုးတက်လာအောင် ဖန်တီးပေးရမယ်..ဆိုတဲ့ အခြေခံမူကို လိုအပ်နေ တဲ့ သဘောပဲဖြစ်ပါတယ်။

နောက်တချက်ကတော့ အထက်တန်းပညာရေးပုံစံကို တက္ကသိုလ်ကောလိပ်ပညာရေးအတွက် ရည်ရွယ်ပြင်ဆင် ပေးရုံသာမကဘဲ လုပ်ငန်းခွင်မှာပါ အဆင်ပြေသင့်လျော်နိုင်မယ့် ပညာရေးအစီအစဉ်တွေ ဖန်တီးပေးရမယ်.. ဆိုတဲ့ မူဝါဒ ပါ။ အဲဒီနေရာမှာလည်း မြန်မာနိုင်ငံရဲ့ အထက်တန်းပညာရေးကို သုံးသပ်စဉ်းစားဖို့ လိုလာပါတယ်။ စစ်အစိုးရက မြန်မာနိုင်ငံရဲ့ အခြေခံအထက်တန်းပညာရေးကို ၂ဝဝ၈-၂ဝဝ၉ ပညာသင်နှစ်ကစလို့ GCE O'level (General Certificate of Education Ordinary level) အဆင့်မီအောင် ပြဌာန်းသင်ကြားမယ်လို့ ကြေငြာခဲ့ပါတယ်။ ကျောင်းသားတွေ အနေနွဲ့ဃန ဥဒူနလနူ အဆင့်မီ ပညာရေးမျိုးကို တကယ်ရပြီး အခြေခံပညာ အထက်တန်းကို အောင်မြင်ခဲ့တယ်ဆိုရင်တော့ နိုင်ငံတကာပညာရေးကို ဆက်ပြီး အလွယ်တကူ ချိတ်ဆက်တက်ရောက်နိုင်မှာဖြစ်သလို ပညာရေးအရ ရှေ့မဆက်နိုင်ရင်တောင်မှပဲ ကိုယ့်နိုင်ငံမှာ သက်မွေး ဝမ်းကျောင်း အလုပ်ခွင်ဝင်နိုင်ဖို့အတွက် သင့်တော်တဲ့ အရည်အချင်းသတ်မှတ်ချက်ကို ရသွားနိုင်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ နည်းမီအတုယူနေတယ်လို့ ဆိုနိုင်တဲ့ စင်္ကာပူနိုင်ငံရဲ့ အထက်တန်း ပညာရေးမှာတော့ GCE O’Level အဆင့်မီဖို့အတွက် အဓိက ဘာသာရပ်တွေဖြစ်တဲ့ အင်္ဂလိပ်စာ၊ သချာင်္၊ သိပ္ပံဘာသာတွဲ၊ ဝိဇ္ဇာဘာသာတွဲတွေနဲ့အတူ မိခင်ဘာသာစကားနဲ့ နိုင်ငံခြားဘာသာစကားတမျိုးကို သင်ရိုးအဖြစ် ပြဋ္ဌာန်းထား ပါတယ်။ အဲသလိုပဲ မြန်မာနိုင်ငံရဲ့ အနီးဆုံးအိမ်နီးချင်းဖြစ်တဲ့ ထိုင်းနိုင်ငံမှာလည်း အထက်တန်းပညာရေးမှာ GCE O’Level အဆင့်မီဖို့အတွက် စင်္ကာပူနိုင်ငံနဲ့ အလားတူ ဘာသာရပ်တွေကိုပဲ ပြဌာန်းထားတာ တွေ့ရပါတယ်၊ ထိုင်းနိုင်ငံမှာက အနုပညာနဲ့ ဂီတဘာသာရပ် တမျိုးတော့ စင်္ကာပူနိုင်ငံထက် ပိုတာ တွေ့ရပါ တယ်။

တကယ်တော့ အထက်တန်းပညာသင်အဆင့် ကျောင်းသားလူငယ်တွေအနေနဲ့ ကမ္ဘာ့ပညာရေးစနစ်နဲ့ ကိုက်ညီ အဆင့်မီပြီး တန်းတူအခွင့်အရေးရှိတဲ့ ပညာရေးမျိုးကို ရဖို့ကသာ အဓိက လိုအပ်ချက်ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ကိုယ့်နိုင်ငံ တိုးတက်ဖွံ့ဖြိုးရေးအတွက် ဦးစားပေး ထူထောင်နေတဲ့ နိုင်ငံအများစုက တိုးတက်ဖွံ့ဖြိုးပြီး နိုင်ငံကြီး တွေရဲ့ ပညာရေးစနစ်တွေကို အတုယူ နည်းမှီပြီး ကြိုးစားတည်ဆောက်နေကြပါတယ်။ ဒါမှလည်း ကျောင်းသား လူငယ်တွေအနေနဲ့ မိမိတို့နိုင်ငံမှာ မရှိသေးတဲ့ အဆင့်မြင့်ပညာရေးမျိုးကို ပြည်ပနိုင်ငံကြီးတွေမှာ လွယ်လင့် တကူ ချိတ်ဆက်ပြီး တန်းတူ ပညာသင်ယူနိုင်ကြမှာ ဖြစ်ပါတယ်။

အဲဒီအပြင် GCE O’Level အဆင့်မီအဖြစ် ပြဌာန်းထားတဲ့ အခြေခံသင်ရိုးတွေဟာလည်း ကိုယ့်နိုင်ငံနဲ့ လိုက်လျောညီထွေရှိတဲ့ ဘာသာရပ်မျိုးတွေကို ရွေးချယ်ပြဌာန်း ထားတာ ဖြစ်တဲ့အတွက် အထက်တန်းပညာရေး အောင်မြင်ပြီးတဲ့နောက် တက္ကသိုလ် ပညာရေးအထိ ဆက်ပြီး မတက်နိုင်ရင်တောင်မှဘဲ လက်တွေ့ သက်မွေး ဝမ်းကျောင်းအလုပ်တွေ လုပ်ကိုင်နိုင် လောက်တဲ့ အာမခံချက်မျိုးကို ရသွားနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိ မြန်မာနိုင်ငံ အခြေအနေနဲ့ဆိုရင်တော့ ကျောင်းသားတွေအတွက် အဲဒီ GCE O’Level အဆင့်မီ ပညာရေးကို ကျောင်းတွင်းပညာရေးထဲကနေ ထိထိရောက်ရောက် ပေးနိုင်ဖို့နဲ့ အရေအတွက်ထက် အရည်အချင်း အရည်အသွေးတွေကို ပိုပြီး မြှင့်တင်ပေး နိုင်ဖို့တွေ လိုအပ်နေပါတယ်။

ဒါကြောင့် ကမ္ဘာ့ဘဏ်ဖွံ့ဖြိုးတိုးတက်မှုလေ့လာရေးအဖွဲ့ရဲ့ ပညာရေးအခြေခံမူတချက်ဖြစ်တဲ့ အထက်တန်း ပညာရေး ပုံစံကို တက္ကသိုလ်ကောလိပ်ပညာရေးအတွက် ရည်ရွယ်ပြင်ဆင် ပေးရုံသာမကဘဲ လုပ်ငန်းခွင်မှာပါ အဆင်ပြေသင့်လျော်မယ့် ပညာရေးအစီအစဉ်တွေ ဖန်တီးပေးရမယ် ဆိုတာဟာ မြန်မာနိုင်ငံရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ထည့်သွင်း စဉ်းစားရမယ့် မူဝါဒတစ်ရပ်ပဲ ဖြစ်တယ်ဆိုတာကို ဆွေးနွေးတင်ပြ လိုက်ရပါတယ်။


No comments: