Friday, March 20, 2009

ဖြုတ်ခံရတဲ့ မောင်စွမ်းရည် ရဲ့ ကဗျာ ပြဋ္ဌာန်းစာ


ဒီတပတ်မှာတော့ အခြေခံပညာအထက်တန်း သင်ရိုးထဲကနေ စစ်အစိုးရက ဖြုတ်လိုက်တဲ့ ကဗျာဆရာ မောင်စွမ်းရည် ရဲ့ ဘ၀နှင့်အလှ ကဗျာနဲ့ ပတ်သက်ပြီး ပြောပြချင်ပါတယ်၊ စာသင်ခန်းထဲမှာ ဘ၀နှင့်အလှ ကဗျာ ကို သင်တော့မယ်ဆိုရင် စာဆိုကဗျာရှင် ဖြစ်တဲ့ ဆရာမောင်စွမ်းရည်အကြောင်းကို ကျောင်းသားတွေ သိအောင် ပြောပြရတော့မှာ ဖြစ်ပါတယ်၊

ဆရာမောင်စွမ်းရည်ဟာ မြန်မာနိုင်ငံမှာ အထက်တန်းပြကျောင်းဆရာတဦးဖြစ်ခဲ့တဲ့အပြင် မြန်မာစာသင်ရိုး အဖွဲ့ အတွင်းရေးမှုးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်၊ အဲဒီအပြင် ဆရာမောင်စွမ်းရည်ဟာ စာပေနယ် မှာ ဝေဖန်စာတွေ ကဗျာတွေနဲ့ ထင်ရှားခဲ့ပြီး စာပေဆိုင်ရာ အဖွဲ့အစည်းတွေမှာ ပါဝင်ဆောင်ရွက်ခဲ့တဲ့ စာပေ ပညာရှင်လည်း ဖြစ်ပါတယ်၊ ခုချိန်မှာတော့ ပြည်ပမှာနေထိုင်ပြီးတော့ စစ်အစိုးရကို ဝေဖန်သုံးသပ်တဲ့ စာတွေ... ကဗျာတွေ ရေးပြီး ဆန့်ကျင်တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးစာဆို ဖြစ်နေပါတယ်၊ ဒီအချက်ဟာ စစ်အစိုးရက ကျောင်းသားတွေကို မသိစေချင်တဲ့ အချက်ပါပဲ၊ အဲဒီအခါ စာဆိုရဲ့ အမည်နာမနဲ့ သမိုင်းကြောင်းကို ဖျောက်ဖျက်ဖို့ အတွက် ဆရာ့ရဲ့ကဗျာကို ကျောင်းသင်ရိုးထဲကနေ ဖြုတ်ပယ်ပစ် လိုက်တာလို့ ယူဆရပါတယ်၊ တကယ်တော့ ကဗျာတပုဒ်အနေနဲ့က နိုင်ငံရေးကဲတဲ့ အမျိုးအစားမဟုတ်ဘဲ ကျောင်းသားလူငယ်တွေကို လောကအပေါ် ဘ၀အပေါ် အကောင်းမြင်တတ်အောင် ရည်ရွယ်ဆုံးမတဲ့ အကြောင်းအရာသာ ဖြစ်တာကို တွေ့ရပါတယ်။

အဲဒီ ဘ၀နှင့်အလှ ကဗျာကို လေ့လာကြည့်မယ်ဆိုရင် ကဗျာအစ မှာကို ဆရာမောင်စွမ်းရည်က
မြင်မြင်သမျှ ဤလောက၀ယ်။ အလှတို့ဖြင့် ပြည့်ဘိ၏…
လို့ အကောင်းမြင်ဝါဒနဲ့ အစချီထားတာ တွေ့ရပါတယ်၊ ဒါကို စာသင်ခန်းမှာ သင်မယ်ဆိုရင် ဆရာတွေဟာ ဒီ ကဗျာရဲ့ ရည်ရွယ်ချက်အနေနဲ့ လောကအပေါ် အပြစ်အမြင်နဲ့သာ ကြည့်တတ်တဲ့ အသက်အပိုင်းအခြားဖြစ်တဲ့ ဆယ်ကျော်သက်အရွယ် ကျောင်းသားလူငယ်တွေအတွက် နာယကျင့်ကြံစရာအယူအဆဖြစ်တယ်လို့ ပြောပြနိုင် ပါတယ်၊

အဲဒီအပြင် ကဗျာရဲ့ ဒုတိယပိုဒ်မှာ
မြင်မြင်သမျှဤ လောက၀ယ်
အလှတို့ဖြင့် ခြယ်သဖြင့်လည်း
မြင်ခွင့်ရှိမှ မြင်စွမ်းရသည်
အလှဟူငြား မြင်သည်ထားဦး
ခံစားသိတတ် ခံယူတတ်မှ
ကျိုးမြတ်ပီတိ ရင်ဝယ်ငြိ၏၊
လို့ တွေ့ရပါတယ်၊ အဲဒီအပိုဒ်မှာတော့ လောက၀န်းကျင်က စိတ်အလှ ရုပ်အလှ သဘာ၀၀န်းကျင်အလှတွေကို မြင်တွေ့နိုင်ခွင့်ရဖို့ လိုအပ်ပြီး မြင်တွေ့ရသည့်တိုင်အောင်လည်း အလှကို ခံစားတတ် ခံယူတတ်မှ ပီတိချမ်းသာကို ခံစားရနိုင်တဲ့အကြောင်း ဆရာမောင်စွမ်းရည်က ရေးဖွဲ့ထားပါတယ်၊ အဲဒီအပိုဒ်မှာလည်း စာသင်သားတွေအနေနဲ့ အလှကို မြင်တွေ့ခွင့်ဆိုတာနဲ့ ပတ်သက်ပြီး ကျောင်းသားအခွင့်အရေးတွေ လူ့အခွင့်အရေးတွေအထိ ချဲ့ထွင် မြင်တွေးတတ်လာအောင် ဆရာက လမ်းညွှန် သင်ပေးနိုင်ပါတယ်၊ အထူးသဖြင့် မြန်မာနိုင်ငံလို လူငယ်တွေရဲ့ အခွင့်အလမ်းတွေကို နည်းမျိုးစုံနဲ့ ပိတ်ဆို့ခံနေရတဲ့ နိုင်ငံမျိုးမှာ အလှတရားနဲ့တူတဲ့ အမှန်တရားတွေကို မြင်တွေ့ နိုင်ခွင့်ရဖို့ လိုတယ်ဆိုတဲ့အထိရောက်အောင် ဆန့်ထွက်တွေးတောနိုင်တဲ့ ကဗျာ ဖြစ်ပါတယ်၊

တကယ်တော့ အလှတရားဆိုတာဟာ အမှန်တရားကြီးစိုးတဲ့ မေတ္တာကရုဏာကြီးစိုးတဲ့ ငြိမ်းချမ်းတဲ့ နေရာဒေသမှာသာ ရှိနိုင်ပါတယ်၊ အဲဒီအပြင် လူ့ဘ၀ဆိုတာကလည်း အင်မတန်ကို ရခဲလှတဲ့အပြင် နေရတဲ့ အချိန်တာဟာလည်း တိုတောင်းလှပါတယ်၊ အဲလို အချိန်တိုလေးသာဖြစ်တဲ့ လူ့ဘ၀ထဲမှာ အလှတရားကို မြင်အောင်ကြည့်ပြီး အလှတရားကို မြတ်နိုးခုံမင်မှလည်း အဲဒီအလှတရားကို ထိန်းသိမ်းတတ်မှာဖြစ်ပါတယ်၊ ဒါမှပဲ ဘ၀ကလည်း ငြိမ်းချမ်းရာရမှာဖြစ်ပါတယ်၊ ဒါပေမဲ့ အလှတရားကို မသိနားမလည်ဘဲ ရှာဖွေဖို့လည်း မကြိုးစားခဲ့ဘူးဆိုရင်တော့ ဘ၀ဟာ ပျော်မွေ့စရာမဟုတ်တဲ့အပြင် တန်ဖိုးမရှိဘဲ လူဖြစ်ရှုံးရမှာ ဖြစ်ပါတယ် ဆိုတာကိုလည်း
သြော်… လူ့ဘုံလောကာ ရခဲစွာကို
ရလှာခဏ တဘဝဝယ်
အလှမမြင် လှမမင်ဘဲ
မြင်ရန်မဖွေ ဖွေရန်မသိ
ငါဖြစ်ဘိမူ ငါ့ဘဝ
ထိုခဏသည် မည်မျှရှုံးလိုက်လေမည်နည်း၊…
လို့ ဆရာမောင်စွမ်းရည်က ထောက်ပြဖွဲ့ဆိုခဲ့ပါသေးတယ်၊

ဒီနေရာမှာလည်း စာသင်သားအရွယ် လူငယ်တွေအနေနဲ့ လောကကို အလှဆင်ရမယ့် မျိုးဆက်သစ်တွေပီပီ စိတ်အလှ ရုပ်အလှတွေနဲ့ ပြည့်စုံဖို့ လိုအပ်ကြောင်း။ စိတ်အလှဆိုတာဟာ လောကအကျိုး သယ်ပိုးလိုတဲ့ စိတ်ထားမျိုးဖြစ်ပြီး ရုပ်အလှဆိုတာကတော့ လောကကောင်းကျိုးချမ်းသာကို လိုလားစိတ်ကြောင့် ကြည်လင် ပြုံးရွှင်နေတတ်တဲ့ ရုပ် သွင်ပြင် အလှမျိုး ဖြစ်ကြောင်းတွေအထိ ကျောင်းသားတွေ မြင်တတ် တွေးတတ်လာ အောင် ပြောပြနိုင်ပါတယ်၊ ရုပ်အလှ စိတ်အလှပြည့်စုံမှပဲ လောကကိုပါ လှအောင် ငြိမ်းချမ်းသာယာအောင် ဖန်တီး တည်ဆောက်တတ်မှာ ဖြစ်တယ်ဆိုတာကိုပါ လူငယ်တွေ လက်ခံလာအောင် ဒီ ဘ၀နဲ့အလှ ကဗျာ ကနေ တဆင့် ပြောပြနိုင်ပါတယ်၊

ဒီကနေ့ ကမ္ဘာ့နိုင်ငံအတော်များများဟာ ငြိမ်းချမ်းရေးကို ဦးတည်တဲ့ Peace Education ကို စနစ်တကျ ချဉ်းကပ်နေကြပါတယ်၊ စင်္ကာပူနိုင်ငံလို စက်မှုနဲ့နည်းပညာကို အထူးတိုက်တွန်းအားပေးတဲ့ နိုင်ငံမှာတောင် ကျောင်းသားလူငယ်တွေ နည်းပညာနဲ့ ရုပ်ဝတ္ထုပိုင်းဆိုင်ရာတွေမှာ အားသန်လာပြီး ကိုယ့်ကျင့်တရားနဲ့ စိတ်ပိုင်း ဆိုင်ရာ ခံစားမှုတွေမှာ အားနည်းလာကြတဲ့အတွက် စာရိတ္တပညာနဲ့ပတ်သက်တဲ့ သင်ခန်းစာတွေ ဖြည့်စွက်သင်ဖို့ လိုအပ်တယ်ဆိုတဲ့ ၀န်ကြီးချုပ်ရဲ့ အကြံပြုချက်အရ ၂၀၀၅ခုနှစ်ကစပြီး ကျောင်းစာသင်ရိုးတွေမှာ Moral Education ကို ဘာသာရပ်အနေနဲ့ သေသေချာချာပြဌာန်းလာတာ တွေ့ရပါတယ်၊

တကယ်တော့ နည်းပညာနဲ့ ရုပ်ဝတ္ထုတွေ တရှိန်ထိုး တိုးတက်လာနေတဲ့ ဒီနေ့ကမ္ဘာမှာ လူငယ်တွေအတွက် သိပ္ပံနည်းပညာနဲ့အတူ စာရိတ္တပိုင်းနဲ့ စိတ်နှလုံးနူးညံ့သိမ်မွေ့မှုတွေ ရှိဖို့လည်း လိုအပ်လှပါတယ်၊ ဒါမှပဲ တိုးတက်လာတဲ့ ခေတ်ကို အဆိုးဘက်ကို ဦးမတည်စေဘဲ ငြိမ်းချမ်းသာယာလှပတဲ့ခေတ်ဖြစ်အောင် ဖန်တီးတည်ဆောက်သူတွေ ရှိလာမှာဖြစ်ပါတယ်၊ အဲဒီအတွက် ကျောင်းစာသင်ခန်းတွေနဲ့ ထိရောက်တဲ့ သင်ရိုးတွေ လိုအပ်ပါတယ်၊ ဒါကြောင့်ပဲ အကြမ်းဖက်ရက်စက်မှုတွေ လက်နက်ဆန်းတွေ အလုအယက် ပေါ်ထွက်နေတဲ့ ကမ္ဘာမှာ ငြိမ်းချမ်းရေးအတွက်ပညာရေး ဏနခေန နိကခအေငသည ကို အကောင်အထည် ဖော်နေကြတာပဲ ဖြစ်ပါတယ်၊

အခု ဆွေးနွေးတင်ပြသွားတဲ့ ဆရာမောင်စွမ်းရည်ရဲ့ ဘ၀နဲ့အလှ ကဗျာဟာ ဒီကနေ့ခေတ်အတွက် တကယ့် လိုအပ်ချက်ဖြစ်တဲ့အပြင် စာသင်သားအရွယ်လူငယ်တွေကို လမ်းညွှန်ပဲ့ပြင်ပေးနိုင်တဲ့ စာရိတ္တ ပညာပေး ကဗျာ တပုဒ်လို့ ပြောရမှာ ဖြစ်ပါတယ်၊ Moral Education အနေနဲ့ သီးခြားမရှိသေးတဲ့ မြန်မာနိုင်ငံ ပညာရေး ထဲမှာတော့ ဆရာမောင်စွမ်းရည်ရဲ့ ဘ၀နဲ့အလှ ကဗျာဟာ သင်ကြားသင့်တဲ့ သင်ခန်းစာကောင်း တပုဒ်ပဲ ဖြစ်ပါတယ်။


No comments:

Building Knowledge Economies စာတမ်း(၅)

ကမ္ဘာ့ဘဏ် ဖွံ့ဖြိုးတိုးတက်မှု လေ့လာရေးအဖွဲ့ရဲ့ ၂၀၀၇ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ စာတမ်းပါ Building Knowledge Economies ပညာရေးဆိုင်ရာ အကြံပြုချက် မ...