Saturday, March 14, 2009

အခြေခံပညာအထက်တန်း မြန်မာစာသင်ရိုးအပြောင်းအလဲ(၃)


ပြီးခဲ့တဲ့တပတ်မှာတုန်းက ဆရာကြီးသခင်ကိုယ်တော်မှိုင်းဟာ မျိုးဆက်သစ်လူငယ်လေးတွေ သိသင့်သိထိုက်တဲ့ အတုယူရမယ့် ပုဂ္ဂိုလ်ကြီးဖြစ်တဲ့အပြင် ဆရာကြီးရဲ့စာတွေဟာ လူငယ် တွေအတွက် အထွေထွေဗဟုသုတနဲ့ စိတ်ခွန်အားတွေ ဖြန့်ဝေပေးနိုင်တယ်ဆိုတဲ့ အကြောင်းတွေကို အကျဉ်းပြောပြခဲ့ပြီးပါပြီ၊ ဒီတပတ်မှာတော့ အခြေခံပညာအထက်တန်း ရဲ့ မြန်မာစာသင်ရိုးထဲကနေ စစ်အစိုးရက ဖြုတ်ပယ်ပစ်လိုက်တဲ့ စာပေပါရဂူ အလကာင်္ကျော်စွာ သခင်ကိုယ်တော်မှိုင်းရဲ့ သပြေနုချိန် လေးချိုးကြီးကဗျာနဲ့ ပတ်သက်ပြီး ဆွေးနွေး ပြောပြချင် ပါတယ်၊

ဆရာကြီး သခင်ကိုယ်တော်မှိုင်းနဲ့ ပတ်သက်ပြီး ဆရာဇော်ဂျီက ရသစာပေနိဒါန်း စာအုပ်မှာ
မြန်မာနိုင်ငံ လွတ်လပ်ရေးကို ဗိုလ်ချုပ်အောင်ဆန်းသည် လောလောဆယ်အားဖြင့် ယူပေးခဲ့သည်မှာ မှန်၏။ သို့ရာတွင် တိုင်းပြည်၏ ဆန္ဒအင်အားကို သခင်ကိုယ်တော်မှိုင်းက စည်းရုံးပေးနိုင် သောကြောင့် ဖြစ်သည်ဟု ယူဆပါသတည်း။
လို့တောင် ဖော်ပြခဲ့ပါတယ်၊ တကယ်ပဲ ဆရာကြီး သခင်ကိုယ်တော်မှိုင်းဟာ မြန်မာပြည်လူထုကို လွတ်လပ်ရေးရဲ့ တန်ဖိုး အနှစ်သာရတွေကို သိပြီး လွတ်လပ်ချင်တဲ့ သခင်စိတ်မျိုး ဖြစ်ပေါ်လာအောင် သူ့ရဲ့ စာပေနဲ့ နှိုးဆော်ခဲ့တာကို လွတ်လပ်ရေး ကြိုးပမ်းမှုကာလ မြန်မာ့သမိုင်းတလျှောက်မှာ တွေ့နိုင်ပါတယ်၊ ဒါကြောင့်ပဲ ဆရာဇော်ဂျီက ဆရာကြီးသခင်ကိုယ်တော်မှိုင်းနဲ့ ပတ်သက်ပြီး ဆရာကြီးကို လူပုဂ္ဂိုလ်တဦးအဖြစ်ဖြင့် သီလ သမာဓိ ပညာနှင့် ပြည့်စုံ၍ ပြည်သူလူထုအပေါ်၌ မေတ္တာအထားဆုံးဖြစ်သော ပုဂ္ဂိုလ်ဟှူုလည်းကောင်း စာရေးဆရာ တဦးအဖြစ်ဖြင့် မြန်မာနိုင်ငံ လွတ်လပ်ရေး ရရာရကြောင်းအတွက် ကျေးဇူးအပြုဆုံးစာဆို ဟှူုလည်းကောင်း တန်ဖိုးထားချင်ပါသည်။ ကျနော်တို့ခေတ့်သာမက နောင်လာမည့် ခေတ်အဆက်ဆက်၌လည်း ထိုသို့ပင် တန်ဖိုးထားကြလိမ့်မည်ဟု ဆိုရဲပါသည်… လို့ ယုံယုံကြည်ကြည်နဲဏ္ဍ ဂုဏ်ပြု ဖော်ပြခဲ့တာပါ၊

အဲသလို ဂုဏ်ပြုခံစာဆိုကြီးရဲ့ သိသင့်သိထိုက်တဲ့စာပေတွေကို စစ်အစိုးရက ဖြုတ်ပယ်ပစ်နေတာဟာ မြန်မာနိုင်ငံရဲ့ အရေးပါတဲ့ နိုင်ငံရေးသမိုင်း စာပေသမိုင်းနဲ့ ဂုဏ်ယူစရာ အထင်ကရ ပုဂ္ဂိုလ်ကြီးတွေကို ဖြုတ်ပယ် ပစ်နေတာနဲ့ အတူတူပဲ ဖြစ်ပါတယ်၊ ခု အထက်တန်း ပင်ရင်းမြန်မာကဗျာ လက်ရွေးစဉ်ထဲက ဖြုတ်ပယ် ပစ်လိုက်တဲ့ သခင် ကိုယ်တော်မှိုင်းရဲ့ သပြေနုချိန်ကဗျာဟာ လွတ်လပ်ရေးတိုက်ပွဲဝင်ကာလမှာ ကျောင်းသား တွေဘက်က ကြိုးစားအားထုတ်မှုနဲ့ ပြည်သူလူထုဘက်က အားပေးပံ့ပိုးဖို့ လိုတဲ့အကြောင်းတွေကို လေးချိုးကြီး ပုံစံနဲ့ ရေးဖွဲ့ထားတာဖြစ်ပါတယ်၊ ဒါကြောင့် မြန်မာနိုင်ငံမှာ လွတ်လပ်ခွင့်မှန်သမျှ ဆုံးရှုံးနေရတဲ့ စစ်ကျွန်ဘ၀ အောက်က လွတ်မြောက် ရေးအတွက် ကြိုးစားရမယ့် ခုလိုအချိန်မျိုးမှာ ကျောင်းသားလူငယ်တွေ သိသင့်သိထိုက် တဲ့ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတခုကို ရေးဖွဲ့ထားတာဖြစ်တဲ့ သပြေနုချိန်ကဗျာဟာ သင်ကြားသင့်တဲ့ ကဗျာ တပုဒ်ပဲ ဖြစ်ပါတယ်၊

၁၈၈၅ခုနှစ် ဒီဇင်ဘာက စလို့ ဗြိတိသျှကိုလိုနီဖြစ်ခဲ့ရတဲ့ မြန်မာပြည်မှာ လွတ်လပ်ရေး အတွက် ကြိုးပမ်းလှုပ်ရှားမှုတွေ နေရာအနှံ့မှာ နည်းအမျိုးမျိုးနဲ့ ရှိနေချိန်မှာ လွတ်လပ်ရေးအတွက် အရေးဆိုဖို့ မြန်မာလူထုရဲ့ ကိုယ်စားလှယ် အမျိုးသားခေါင်းဆောင် တွေအဖြစ် ဦးဘဖေ။ ဦးပု။ ဦးထွန်းရှိန်တို့ ၃ဦးကို ၁၉၁၉ခုနှစ်မှာ အင်္ဂလန်နိုင်ငံသွားဖို့ စေလွှတ်ခဲ့ပါတယ်၊ သပြေနုချိန်လေးချိုးကြီးဟာ အဲဒီ ဖေ-ပု-ရှိန် တို့ရဲ့ လွတ်လပ်ရေး အရေးဆိုပွဲကို တမျိုးသားလုံးက တညီတညွတ်တည်း ထောက်ခံကြဖို့။ လောကုတ္တရာရေး လုပ်နေသူတွေပါမကျန် ၀ိုင်းဝန်းအုံကြွပြီး ထောက်ခံအားပေးကြဖို့လိုတဲ့အကြောင်းနဲ့ ဆုတောင်းမေတ္တာပို့ကြဖို့ လိုကြောင်းတွေကို လှုံ့ဆော်တိုက်တွန်းတဲ့အနေနဲ့ ရေးဖွဲ့ထားတာ ဖြစ်ပါတယ်၊ တနည်းအားဖြင့်တော့ ပြည်သူ လူထုတရပ်လုံး ညီညွတ်အောင် စည်းရုံးတဲ့ သဘောပဲ ဖြစ်ပါတယ်၊

တကယ်တော့ သပြေနုချိန်လေးချိုးကြီးကို စာသင်ခန်းမှာ သင်မယ်ဆိုရင် ဆရာတွေအနေနဲ့ အဲဒီကာလက လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာ ပါဝင်လာတဲ့ ကျောင်းသားတွေနဲ့ နိုင်ငံရေး ခေါင်းဆောင်တွေရဲ့ ဆက်စပ်လုပ်ဆောင်မှု အခန်းကဏ္ဍကို အကျဉ်းလောက် ပြောပြနိုင် ပါတယ်၊ မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် ခေတ်အဆက်ဆက် ကျောင်းသားတွေရဲ့ နိုင်ငံရေးတာဝန်ကျေမှု။ ဇာတိမာန်စိတ်နဲ့အတူ နိုင်ငံလွတ်လပ်ရေး အပေါ် အသိတရားရှိရှိနဲ့ တာဝန်ယူမှုတွေကို ပြောပြနိုင်ပါမယ်၊ ဒါဟာ မျိုးဆက်သစ်တွေကို ရှိသင့်တဲ့ နိုင်ငံရေး အသိတရား သွင်းပေးတာပါပဲ၊ ဒါမှပဲ ကိုယ့်နိုင်ငံအရေးကို သေသေချာချာနားလည်ပြီး လွတ်မြောက်ရာလမ်း။ တိုးတက်ရာလမ်းကို ဘယ်လို ရှာကြံ လုပ်ဆောင်ကြရမယ်ဆိုတဲ့ စိတ်ကူးစိတ်သမ်းတွေ အကြံဥာဏ်တွေ ပေါ်ပေါက်စေမှာ ဖြစ်ပါတယ်၊ အဲဒီအပြင် မြန်မာ့ ထုံးတမ်းစဉ်လာ ဘာသာရေးဆိုင်ရာ ယုံကြည်မှုတွေနဲ့ ရိုးရာဓလေ့ကိုပါ သပြေနုချိန်ကဗျာ ကနေတဆင့် သိသွားမှာဖြစ်ပါတယ်၊

ဥပမာအနေနဲ့ပြောပြရရင်
သြော်… ပြေအမှုပေမို့
ငွေခရုငယ်နဲ့
ဇေယျတုပါကွယ့်
သပြေနုချိန် တင်ရန်ပန်းတွေကလည်း များလိုက်ပါဘိသနဲ့
ဆိုတဲ့အဖွဲ့ထဲမှာတင်… ငွေခရု ဆိုတာက ဗမာ့ထုံးစံအရ မင်္ဂလာရှိတဲ့ အခမ်းအနားတွေမှာ ခရုသင်းမှုတ်တဲ့ အောင်မြင်ခြင်းနိမိတ်ဖြစ်ပြီး။ ပါဠိစကားလုံးဖြစ်တဲ့ ဇေယျတုဆိုတာကလည်း အောင်မြင်ခြင်းဆိုတဲ့ အဓိပ္ပါယ် ဖြစ်သလို သပြေပန်းဟာလည်း မြန်မာလူမျိုးတွေရဲ့ အောင်မြင်ခြင်းနိမိတ်ကို ဖော်ဆောင်တဲ့ ပန်းဖြစ်ပါတယ်၊ ဒါကြောင့် အဲဒီကဗျာလေးတပိုဒ် မှာကို မြန်မာမှုဆိုင်ရာတွေကို စာသင်သားတွေ သိခွင့်ရသွားပါတယ်၊ ဒါဟာပဲ ကဗျာ ကောင်းတပုဒ်ရဲ့ တန်ဖိုးဖြစ်တယ် ဆိုတာကိုပါ လူငယ်တွေသိအောင် ပြောပြနိုင်ပါတယ်၊

အဲဒီလိုပဲ သပြေနုချိန် ကဗျာထဲမှာ....
အကောင်းတမင် မှန်းမှန်းပြီး ဒေါင်းအဆင်ဆန်းတွေနဲ့ ပုဝါအလံထူ… ဆိုတဲ့အဖွဲ့
ဒေါင်းအိုးဝေတွန်သံသာမှဖြင့်… ဆိုတဲ့အဖွဲ့
ဒေါင်းခွပ်မည် ထင်ရည်မှန်းကြပေတော့… ဆိုတဲ့အဖွဲ့
နေစောင်းလျှင် ရွှေဒေါင်းသူရိန်မြူးပါလို့… ဆိုတဲ့အဖွဲ့
ဒေါင်းပရိတ်တော်ကြောင့် ကောင်းဟိတ်ဇေယျာသော… ဆိုတဲ့အဖွဲ့တွေဟာ မြန်မာ့ သမိုင်းစဉ်ထဲက ဒေါင်းနဲ့ပတ်သက်ပြီး ယုံကြည်ထားကြတဲ့ အတိတ် နိမိတ် ဗုဒ္ဓဘာသာ အစဉ်အလာတွေအကြောင်းကိုပါ ပြောပြလို့ရတဲ့ အဖွဲ့တွေဖြစ်ပါတယ်၊ ဒါကြောင့်ပဲ သပြေနုချိန် လေးချိုးကြီး တပုဒ်တည်းမှာတောင်မှပဲ မျိုးဆက်သစ် ကျောင်းသားလူငယ်တွေ အတွက် ဗဟုသုတရစရာတွေ အများကြီး ရှိနေတယ်လို့ ပြောရတာဖြစ်ပါတယ်၊

ဗြိတိသျှစာရေးဆရာကြီး Bertrand Russel ရဲ့ အဆိုအရတော့ ကလေးတွေကို ကျင့်ဝတ်ပိုင်းဆိုင်ရာ ပညာပေးရာမှာ အမြော်အမြင်ကြီးပြီး ရိုးသားဖြောင့်မှန်တဲ့ သူတွေ ဖြစ်လာအောင်... အကြောက်တရားကင်းမဲ့သူ တွေ ဖြစ်လာအောင်... အရည်အသွေးကောင်း တွေ ရှိလာအောင်... အတွေးအခေါ်ကောင်းတွေ ရှိလာအောင်။ သည်းခံစိတ်ရှိပြီး ယဉ်ကျေး သိမ်မွေ့တဲ့သူတွေ ဖြစ်လာအောင်... နိုင်ငံကြီးသားပီသအောင် ပြုစု ပျိုးထောင် ပေးရမယ်လို့ ဆိုပါတယ်၊ အဲဒီလို ပြည့်စုံတဲ့ကလေးတွေဖြစ်လာဖို့ မြန်မာနိုင်ငံက ကျောင်းသားလူငယ်တွေ အတွက်တော့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ဘ၀နဲ့ စာပေလက်ရာတွေဟာ လေ့လာသင်ယူရမယ့် သင်ခန်းစာတွေပဲ ဖြစ်ပါတယ်၊

စာရေးဆရာ ကဗျာဆရာကြီး ဒဂုန်တာရာက ဆရာကြီးသခင်ကိုယ်တော်မှိုင်းနဲ့ ပတ်သက်ပြီး 'မဟာသခင် ကိုယ်တော်မှိုင်း' ဆိုတဲ့ ပူဇော်ကဗျာတပုဒ် ရေးခဲ့တာရှိပါတယ်၊ အဲဒီကဗျာထဲမှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ဂုဏ်ရည်ကို ဆရာကြီး ဒဂုန်တာရာက
သမိုင်းဗေဒ
အတိတ်မသိလျှင်။ ဘာမျှမသိ
မှိုင်းမသိလျှင် လွတ်လပ်ရေးမသိ
မှိုင်းမသိလျှင် ညီညွတ်ရေး မသိ
မှိုင်းမသိလျှင် ငြိမ်းချမ်းရေးမသိ
အတိတ်မသိလျှင် ဘာမျှမသိ
ယနေ့မသိလျှင် အနာဂတ်မသိ
မသိ မသိ မသိ၊
မှိုင်းဒဿန
အမှောင်ရှိမှ အလင်းသိမည်
ရန်သူမရှိ မိတ်ဆွေသာရှိ
မုန်းသူမရှိ ချစ်သူသာရှိ
ရန်သူသဟာကို မိတ်ဆွေဖြစ်လာရေး
မဟာမှိုင်းအား ငါလဋင်ဂုဏ်ပြုလိုက်ပါ၏...
လို့ ရေးဖွဲ့ခဲ့ပါတယ်၊ ဒါဟာ သခင် ကိုယ်တော်မှိုင်းဆိုတဲ့ စာဆိုကြီးနဲ့ သူ့ရဲ့ စာပေတွေဟာ မျိုးဆက်သစ် လူငယ် တွေ သိသင့်တဲ့ အတုယူစံထားထိုက်တဲ့ သင်ယူသင့်တဲ့ အယူအဆတွေ လမ်းစဉ်တွေပဲဖြစ်တယ်ဆိုတာကို ပေါ်လွင် ထင်ရှားအောင် မီးမောင်းထိုးပြနေတာပဲ ဖြစ်ပါတယ်…။

၂၈၊၀၇။၀၈၊

No comments:

Building Knowledge Economies စာတမ်း(၅)

ကမ္ဘာ့ဘဏ် ဖွံ့ဖြိုးတိုးတက်မှု လေ့လာရေးအဖွဲ့ရဲ့ ၂၀၀၇ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ စာတမ်းပါ Building Knowledge Economies ပညာရေးဆိုင်ရာ အကြံပြုချက် မ...