Friday, March 6, 2009

နာဂစ်အလွန် ပညာရေးပြဿနာ


မြန်မာနိုင်ငံမှာ သဘာဝမုန်တိုင်းဘေးဒဏ်ကို ရင်ဆိုင်ခဲ့ရတဲ့အတွက် စိတ်သောကရောက် နေရတဲ့ ပြည်သူလူထု ရော… မုန်တိုင်းကလွတ်ပေမဲ့ မတရားဆနခြံယူပွဲကြောင့် စိတ်ဒုက္ခ ရောက်ခဲ့ရတဲ့ ပြည်သူတွေရော… ဆက်ပြီးရင်ဆိုင်ရမှာကတော့ ပုံစံအမျိုးမျိုးနဲ့ ကျရောက်လာ မယ့် ဘေးအန္တရာယ်တွေကို ဘယ်လို ရင်ဆိုင်ဖြေရှင်းကြမလဲဆိုတဲ့ ပြဿနာပါပဲ၊ ဒီနေရာမှာ ကျမနဲ့သက်ဆိုင်တဲ့ ပညာရေးကဏ္ဍကို ပြောမယ်ဆိုရင် မြန်မာနိုင်ငံက ပြည်သူလူထုဟာ အရင်ကတည်းက စားဝတ်နေရေးကျပ်တည်းမှုကြောင့် ကလေးတွေရဲ့ ပညာရေးကို နောက်ပို့ထားရတာပါ၊ ခုတော့ မုန်တိုင်းက ၀င်မွှေလိုက်တဲ့ ဒေသတွေမှာ ဒုက္ခသည်တွေ တောင်ပုံယာပုံဖြစ်သွားတာမို့ အဲဒီက ကလေးတွေရဲ့ ပညာရေးကတော့ တော်တော်ကို အခြေနေ ဆိုးသွားဖို့ ရှိနေပါတယ်။

နေဖို့ စားဖို့တောင် မရှိတော့တဲ့အခါ ပညာရေးရဲ့ အခန်းကဏ္ဍက နောက်ရောက်သွားတာ အဆန်းတော့ မဟုတ်ပါဘူး၊ အဲဒီမုန်တိုင်းဘေးသင့်ဒေသတွေမှာ ရောက်နေတဲ့ ကုလသမဂလူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေးရုံး UNOCHA ရဲ့ မေလ၁၃ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအရ မူလတန်းကျောင်း ၂၄၀၀လောက် ပျက်စီးသွားခဲ့ပြီး ကလေးပေါင်း ၃သိန်း၆သောင်းလောက် ပညာရေးထိခိုက်မယ်လို့ ခန့်မှန်း ထားပါတယ်၊ တကယ်လည်း အဲဒီမုန်တိုင်းသင့်ဒေသတွေမှာ လာမယ့် ၂၀၀၈-၂၀၀၉ပညာသင်နှစ် ကျောင်း ဖွင့်ချိန်အမီ ကျောင်းတွေ အမြန်ဆုံး ပြန်တည်ထောင်နိုင်ဖို့ဆိုတာ မလွယ်ပါဘူး၊ အဲဒီကျောင်းတွေနဲ့အတူ ဆရာဆရာမတွေဟာလည်း သေကြေ ပျောက်ဆုံးသွားကြတာ ရှိသလို အဲဒီဆရာဆရာမတွေရဲ့ မိသားစုဝင်တွေပါ မုန်တိုင်းဘေးထိခဲ့တယ်ဆိုရင် အဲဒီ ဆရာဆရာမတွေရဲ့ ဘ၀တွေကို ပြန်လည်ထူထောင် ဖို့လည်း အချိန်ယူရဦးမှာဖြစ်ပါတယ်၊ ဒါမှမဟုတ်ရင်လည်း သေချာလေ့ကျင့်ထားတဲ့ လုပ်အားပေး ဆရာ ဆရာမ တွေကို အသုံးပြုနိုင်မှပဲ ကျောင်းတွေ ပြန်ဖွင့်နိုင်မှာ ဖြစ်ပါတယ်။

UNICEF အဖွဲ့ကြီးရဲ့ ဒေသဆိုင်ရာ ပညာရေးအကြံပေး Cliff Meyers ကတော့ ကလေးတွေဟာ သိပ်ကြီးမားတဲ့ စိုးရိမ်ထိတ်လန့်မှုနဲ့ ပူဆွေးသောကတွေကို ရင်ဆိုင်ခဲ့ကြ ရတာမို့လို့ စိတ်ဒဏ်ရာတွေ ရနေကြပါတယ်။ ကလေးတွေကို နဂို အခြေအနေ ရောက်အောင် သေချာ ပြုစုဖေးမဖို့အတွက် ကျောင်းတွေက လုပ်ပေးနိုင်တာမို့ ကျောင်းတွေ အမြန်ဆုံး ပြန်ဖွင့်နိုင်အောင် ကူညီဖို့ အမှန်တကယ် လိုအပ်တယ်.. လို့ ပြောပါတယ်၊ အဲသလိုပဲ ဘန်ကောက်မှာ ရုံးထိုင်တဲ့ UNICEF က Richard Bridle ကလည်း ကလေးတွေအတွက် ပုံမှန်ကလေးဘ၀ ကို ပြန်ရပြီး ကြီးပြင်းသွားစေဖို့အတွက် ကျောင်းတွေကသာ အကောင်းဆုံး နေရာဖြစ်ပါတယ်လို့ ပြောပါတယ်။၊

တကယ်တော့ မုန်တိုင်းသင့်ကလေးတွေရဲ့ ဘ၀တွေပြန်လည်ထူထောင်ရေးအတွက် အပူတပြင်းလိုအပ်နေတဲ့ အဆင့်မီကျောင်းမျိုးတွေ အမြန်ဆုံးပြန်ထူထောင်ဖိုဏ္ဍဆိုတာ မြန်မာနိုင်ငံလို ပြည်သူလူထုက ဆင်းရဲပြီး အုပ်ချုပ်သူအစိုးရက ပညာရေးကို ဂျီဒီပီရဲ့ ၁ရာခိုင်နှုန်းသာသုံးတဲ့ တိုင်းပြည်မျိုးမှာတော့ မဖြစ်နိုင်လှပါဘူး၊ အထူးသဖြင့် သဘာဝ ဘေးဒဏ်ထိသူတွေရဲ့ အသက်ရှင်ရပ်တည်ရေးအတွက် အရေးတကြီးလိုအပ်တဲ့ အစားအသောက် ဆေးဝါး အမိုးအကာ စတာတွေကိုတောင် ခုထိ လူထုလက်ထဲရောက် အောင် မပေးတဲ့ အစိုးရမျိုးရဲ့ လက်ထဲမှာမို့ ပိုပြီးတော့တောင် မဖြစ်နိုင်ပါသေးတယ်၊ သူတို့ရဲ့ ထုံးစံအတိုင်း ကမ္ဘာကို လိမ်ညာဖို့ မဖြစ်ဖြစ်အောင် ကျောင်းတွေ ဖွင့်တယ်ဆိုရင်လည်း အဲဒီကျောင်းတွေဟာ ကျောင်းအဂါင်္ရပ်နဲ့ လုံးလုံး မညီတဲ့ ကျောင်းတွေသာ ဖြစ်မှာပါ။

မြန်မာပြည်အတွင်းမှာ ကလေးပညာရေး။ ကျန်းမာရေးတွေအတွက် နဂိုတည်းက ၀င်ပြီးကူ လက်စရှိတဲ့ Save the Children နဲ့ UNICEFတို့ကတော့ မုန်တိုင်းသင့်ကလေးတွေရဲ့ ပညာရေးအတွက် အတတ်နိုင်ဆုံးကူမယ်လို့ ပြောပါတယ်၊ ဒါပေမဲ့ စစ်အစိုးရရဲ့ တားဆီးပိတ်ပင်မှု၊ ကန့်သတ်မှုတွေနဲ့ ကြားဖြတ်အလွဲသုံးစားလုပ်မှု တွေရဲ့အောက်မှာ ဘယ်လောက် ထိရောက်အောင် ကူနိုင်မလဲဆိုတာကတော့ ခုချိန်မှာ ကြီးမားတဲ့ စိန်ခေါ်ချက် တရပ်ပဲ ဖြစ်ပါတယ်။

အဲဒီအပြင် UNICEF ရဲ့ အကြီးအကဲတစ်ယောက်ဖြစ်တဲ့ Anne-Claire Dufay ကလည်း ကလေးတွေသာ လုံခြုံစိတ်ချရတဲ့ နေစရာအိပ်စရာ မရနိုင်ဘူးဆိုရင် မိဘမဲ့ကလေးတွေ ဆင်းရဲငတ်မွတ်နေတဲ့ ကလေးတွေ အတွက် မုန်တိုင်းဘေးဒဏ်ရဲ့ နောက်ဆက်တွဲပြဿနာ တွေ ဖြစ်တဲ့ လူကုန်ကူးခံရနိုင်တဲ့ ပြဿနာ။ အဓမ္မ လုပ်အားပေး စေခိုင်းခံရမယ့် ပြဿနာနဲ့ လိင်ပိုင်းဆိုင်ရာနှောက်ယှက်အဖျက်ဆီးခံရတတ်တဲ့ ပြဿနာတွေလည်း ရှိနေပါသေးတယ်လို့ သတိပေးထားပါတယ်၊ အထူးသဖြင့် မြန်မာနိုင်ငံမှာကတော့ ယောကျာ်းလေးတွေဟာ စစ်သားစုဆောင်းရေးက အဓမ္မခေါ်ဆောင်တာမျိုးကိုလည်း ခံရနိုင်ပါသေးတယ်၊ တကယ်လို့ ကလေးတွေကိုသာ စနစ်တကျရှိတဲ့ စာသင်ခန်းတွေထဲ အမြန်ဆုံး ပို့နိုင်မယ်ဆိုရင်တော့ ကလေးတွေဆီမှာ ချင့်ချိန်နိုင်စွမ်းအားတွေ။ စဉ်းစားခုခံနိုင်စွမ်းတွေ ရှိလာအောင် လေ့ကျင့် ပေးနိုင်မှာဖြစ်ပါတယ်။

ကလေးတွေကို စာသင်ခန်းတွေထဲ ပြန်ပို့တဲ့အခါမှာ ကလေးတွေဟာ ကဗျာတွေ သီချင်းတွေ ဆိုရင်း.. ပန်းချီတွေ ဆွဲရင်း.. သူငယ်ချင်းတွေနဲ့ အတူတူကစားရင်း။ စိတ်ဝင်စားစရာ သင်ခန်းစာတွေ လေ့လာသင်ယူရင်းနဲ့ သူတို့ရဲ့ စိတ်ဆင်းရဲစရာကောင်းလှတဲ့ မုန်တိုင်း ကာလကို မေ့မေ့ပျောက်ပျောက်ဖြစ်သွားအောင် ဖန်တီးပေးနိုင်ဖို့ လိုပါတယ်၊ အဲဒီအတွက် စနစ်တကျ လေ့ကျင့်ထားပြီး အတွေ့အကြုံရှိတဲ့ စေတနာရှိတဲ့ ဆရာဆရာမတွေနဲ့အတူ သင်ကြားမှုအထောက်အကူပစ္စည်းတွေ လိုအပ်ပါတယ်၊ ၂၀၀၄ခုနှစ် ဒီဇင်ဘာ၂၆ရက်တုန်းက ဆူနာမီငလျင် ဘေးကြောင့် ရွာပေါင်း ၄၇ရွာ ပျက်စီးခဲ့ပြီးတော့ လူခြောက်ထောင်ကျော် သေဆုံးခဲ့တဲ့ ထိုင်းနိုင်ငံ တောင်ပိုင်းမှာဆိုရင် နိုင်ငံတကာက လုပ်အားပေး Volunteer ဆရာဆရာမတွေ ရောက်လာပြီး စာသင်ခန်း တွေမှာ ကူခဲ့ကြတာ ခုချိန်ထိအောင်ပါပဲ၊ အဲဒီအတွက် ထိုင်းအစိုးရဘက်ကလည်း အများကြီး လမ်းဖွင့်ထားပြီး လိုအပ်တာတွေ ကူညီပေးပါတယ်။

နိုင်ငံတနိုင်ငံရဲ့ ပြန်လည်ထူထောင်ရေးမှာ နိုင်ငံတကာအကူအညီနဲ့ အစိုးရရဲ့ အတူတကွ ပံ့ပိုးကူညီပေးမှုက သိပ် အရေးပါပါတယ်၊ ပြင်ပက ကျွမ်းကျင်တဲ့ အကူအညီတွေကို ကိုယ့်နိုင်ငံရဲ့ အနေအထားနဲ့ လိုအပ်ချက် တွေကို သိတဲ့ အစိုးရတရပ်က ၀ိုင်းဝန်း ဖြည့်စွက်ပေးရမှာ ဖြစ်ပါတယ်၊ ဒီနေရာမှာ ပြည်သူလူထုရဲ့ စားဝတ်နေရေး နဲ့ ကျန်းမာရေး လိုအပ်ချက်တွေအပြင် ပညာရေးလိုအပ်ချက်ကိုပါ တပြိုင်တည်း ကိုင်တွယ် ထူထောင်ရမှာပါ၊ ဒါမှပဲ နိုင်ငံအတွက် လိုအပ်တဲ့ လူ့စွမ်းအားရင်းမြစ်တွေကို တပါတည်း ပြုစု မွေးမြူရာရောက်မှာ ဖြစ်ပါတယ်၊ ဒါမှပဲ သဘာဝဘေးဒဏ်ကြောင့် နာလန်ထူဖို့မလွယ်တဲ့ ဒေသတခုရဲ့ အနာဂတ်မှာ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးတွေနဲ့ လူတန်းစေ့ဘ၀တွေအဖြစ် သေသေချာချာ ပြန်ပြီး ထူထောင်နိုင်မှာဖြစ်ပါတယ်။

လောလောဆယ်မှာတော့ မြန်မာနိုင်ငံမှာ စစ်အစိုးရက စီးပွားရေးလုပ်ငန်းရှင်တွေကို ပျက်စီးသွားတဲ့ ကျောင်းတွေပြင်ဆောက်ရမယ်လို့ အမိန့်ပေးထားပါတယ်၊ တကယ်တော့ ခုချိန်မှာ အဲဒီလုပ်ငန်းရှင်တွေကိုယ်တိုင် မုန်တိုင်းနောက်ဆက်တွဲဒုက္ခအမျိုးမျိုးကို ရင်ဆိုင် နေကြရတာပါ၊ ဒီတော့ သူတို့အနေနဲ့ ဘယ်လောက်များများ စိုက်ထုတ်လုပ်ပေးနိုင်မှာပါလဲ…. ကျောင်းတကျောင်း မဆိုထားနဲ့၊ စာသင်ခန်းတခန်းပီသဖို့ ဘယ်လောက် လုပ်နိုင်မှာပါလဲ… ပြီးတော့ လိုအပ်တဲ့ ကျွမ်းကျင်ဝန်ထမ်းတွေကိုရော ဘယ်လို ဖြည့်ဆည်းမှာပါလဲ… ဒါဟာလည်း မုန်တိုင်းသင့်ဒေသတွေ ပြန်လည်ထူထောင်ရေးမှာ အဓိကကျတဲ့ ပြဿနာတရပ်ဖြစ်တယ်ဆိုတာကို ဆွေးနွေး တင်ပြလိုက်ရပါတယ်။
(၁၉၊၅၊၀၈)

No comments: