Saturday, March 14, 2009

အခြေခံပညာအထက်တန်း မြန်မာစာသင်ရိုးအပြောင်းအလဲ(၂)


စစ်အစိုးရက အခြေခံပညာအထက်တန်းသင်ရိုးကို GCE O level မီအောင် ပြုပြင် ပြောင်းလဲမယ်လို့ အကြောင်း ပြပြီး ကျောင်းသားလူငယ်တွေအတွက် မြန်မာစာသင်ရိုးထဲက ဇာတိမာန်ရှိဖို့။ နိုင်ငံချစ်စိတ်ရှိဖို့နဲ့ စိတ်ဓာတ် ကြံ့ခိုင်ရေးတွေအတွက် လိုအပ်လှတဲ့ စာကောင်းပေကောင်းတွေကို ဖြုတ်ပစ်နေတဲ့အကြောင်းကိုပဲ ဆက်ပြီး ဆွေးနွေးသွား ပါမယ်၊

တကယ်ကတော့ စစ်အစိုးရဟာ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးတိုက်ပွဲသမိုင်းနဲ့ နိုင်ငံရေးသမိုင်းကြောင်းတွေမှာ အစဉ်အလာကြီးမားခဲ့တဲ့ ကျေးဇူးရှင် ငြိမ်းချမ်းရေးဗိသုကာ ဆရာကြီးသခင်ကိုယ်တော်မှိုင်း။.. လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းတို့နဲ့အတူ မတရားအစိုးရကို ဆန့်ကျင်တဲ့ စာရေးဆရာကြီး မောင်စွမ်းရည်တို့ကို တဖြည်းဖြည်းနဲ့ ပျောက်ပျက်သွားအောင် ဖျောက်ဖျက်ချင်တာပဲ ဖြစ်ပါတယ်၊ ဒါဟာ အဲဒီ ပုဂ္ဂိုလ်ကြီးတွေရဲ့ စာပေလက်ရာ အဆိုအမိန့်တွေကို ဖျောက်ဖျက်ခြင်းအားဖြင့် နောင်တချိန်မှာ အမည်နာမ တွေပါ မှေးမှိန် ပျောက်ကွယ်သွားအောင် ရည်ရွယ်တာလို့ ယူဆရပါတယ်၊ ဘာကြောင့်လဲ ဆိုတော့ မြန်မာစာဘာသာရပ်ရဲ့ သဘောသဘာဝအရ စာပေလက်ရာ သင်ခန်းစာတခုကို သင်တယ်ဆိုရင် အဲဒီစာပေကို ရေးသားပြုစုတဲ့ စာရေးဆရာရဲ့ အတ္ထုပတ္တိနောက်ခံကို ဆရာက ကျောင်းသားတွေ သိအောင် သေသေချာချာ ပြောပြရပါတယ်၊ ဒါမှပဲ စာရေးဆရာရဲ့ ဘ၀နဲ့ သူကျင်လည်ဖြတ်သန်းရာ ခေတ်အပေါ် အခြေခံပြီး ပေါ်ထွက်လာတဲ့ စာပေလက်ရာကို နားလည် ခံစားပြီး အကဲဖြတ် သုံးသပ်နိုင်မှာ ဖြစ်လို့ပါပဲ၊ ဒါမှပဲ စာရေးဆရာပေးလိုတဲ့ ရည်ရွယ်ချက် အောင်မြင်ပြီး စာဖတ်သူ ကျောင်းသားတွေအတွက် အကျိုးရှိမှာ ဖြစ်ပါတယ်၊

စစ်အစိုးရက ၂၀၀၈-၂၀၀၉ ပညာသင်နှစ်ကစပြီး အခြေခံပညာအထက်တန်းရဲ့ မြန်မာစကားပြေ သင်ရိုးထဲက ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲဏ္ဍ လူကြီးနဲ့ လူငယ်ဆိုတဲ့ စကားပြေ ကောက်နုတ်ချက်ကို ဖြုတ်ပယ်ပစ် လိုက်ပါတယ်၊ လူကြီးနဲ့လူငယ်စကားပြေဟာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ မှာတော်ပုံဆိုတဲ့ ရာဇ၀င်သမိုင်း နောက်ခံ ၀တ္ထုကြီးထဲက စာသင်သားအရွယ် လူငယ်တွေ သိသင့်သိထိုက်တယ်လို့ ယူဆရတဲ့ အခန်းတခုကို ရွေးထုတ်ပြီး ကောက်နုတ် ပြဌာန်းထားတာ ဖြစ်ပါတယ်၊

ဆရာကြီးသခင်ကိုယ်တော်မှိုင်းဟာ ၁၈၇၆ခုနှစ်မတ်လ၂၃ရက်နေ့မှာ မွေးဖွားခဲ့ပြီး အသက် ၉နှစ်ကျော်အရွယ် ဘုန်းကြီးကျောင်း စာသင်သား ဘ၀မှာ သီပေါဘုရင်ပါတော်မူတဲ့ မြင်ကွင်းကို မြင်တွေ့လိုက်ရဖူးသူဖြစ်ပါတယ်၊ အဲဒီမြင်ကွင်းကို မြင်လိုက်ချိန်ကစပြီး နိုင်ငံချစ်စိတ် မျိုးချစ်စိတ် ပြင်းပျခဲ့တဲ့ သခင်ကိုယ်တော်မှိုင်းဟာ အသက်၂၂နှစ်အရွယ် ၁၈၉၈ ခုနှစ်ကစပြီး နယ်ချဲ့ဆန့်ကျင်ရေး။ အမျိုးသားလွတ်မြောက်ရေး။ နိုင်ငံ လွတ်လပ်ရေးနဲ့ ငြိမ်းချမ်းရေးကို ဦးတည်တဲ့ စာပေတွေ တစိုက်မတ်မတ် ရေးခဲ့တာပါ၊ ၁၉၂၀ တက္ကသိုလ် ကျောင်းသားသပိတ်ကစပြီး အမျိုးသားကောလိပ်ကျောင်းရဲ့ မြန်မာစာနဲ့ ရာဇ၀င်ပါမောက္ခ ဆရာဘ၀မှာ ကျောင်းသားတွေနဲ့အတူ မားမားမတ်မတ်ရပ်ပြီး နယ်ချဲ့ကို ဆန့်ကျင်ခဲ့တဲ့ သူလည်း ဖြစ်ပါတယ်၊ ဆရာကြီးဟာ ဆရာစံ ဦးဆောင်တဲ့ တောင်သူလယ်သမား အရေးတော်ပုံအပါအ၀င် ၁၃၀၀ပြည့် အရေးတော်ပုံကြီးကိုလည်း အတိအလင်း အားပေး ထောက်ခံခဲ့ပါတယ်၊ ဒါတွေကြောင့်ပဲ ဗြိတိသျှအစိုးရက ဖမ်းဝရမ်းထုတ်တာတောင် ခံခဲ့ရဖူးပါတယ်၊ ဆရာကြီးဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးရတဲ့အထိ ကလောင်ကိုင်ပြီး တိုက်ပွဲဝင်ခဲ့သလို လွတ်လပ်ရေးရပြီးနောက်မှာလည်း ပြည်တွင်းငြိမ်းချမ်းရေး အတွက် ပံ့ပိုးခဲ့တဲ့ ပုဂ္ဂိုလ်ကြီး ဖြစ်ပါတယ်၊

အဲဒီအပြင် ငြိမ်းချမ်းရေးကို တစိုက်မတ်မတ် အားပေးတဲ့ ပုဂ္ဂိုလ်ကြီးဖြစ်တဲ့အတွက် ၁၉၅၂ခုနှစ်မေလမှာ ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂယက် (ဗမာနိုင်ငံ)ရဲ့ ဥက္ကဌအဖြစ် တင်မြှောက် ခံရပြီး ၁၉၅၄ခုနှစ်မှာတော့ ငြိမ်းချမ်းရေး စတာလင် ဆုရှင်အဖြစ် ရွေးချယ်ခံ ရပါတယ်၊ အဲဒီအပြင် ၁၉၆၀ခုနှစ်မှာလည်း အရှေ့ဂျာမဏီနိုင်ငံ ဟမ်းဘတ် တက္ကသိုလ်က ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို ရရှိခဲ့ပါတယ်၊ ဒါဟာ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဟာ မြန်မာနိုင်ငံမှာသာမက ကမ္ဘာကပါ အသိအမှတ်ပြုရတဲ့ ငြိမ်းချမ်းရေးခေါင်းဆောင် စာဆိုကြီး ဖြစ်တယ်ဆိုတာကို သက်သေပြနေတာပဲဖြစ်ပါတယ်၊ ငြိမ်းချမ်းရေးအတွက် ကမ္ဘာလှည့်ခဲ့တဲ့ စာဆိုကြီးလည်းဖြစ်ပါတယ်၊ အဲဒီအပြင် ဆရာကြီးဟာ မြန်မာစာပေကို အကြောင်းပြုပြီး အလင်္ကာကျော်စွာဘွဲ့ အပ်နှင်းခံရတဲ့ ပုဂ္ဂိုလ်ကြီးလည်း ဖြစ်ပါသေးတယ်၊ တိုက်တိုက်ဆိုင်ဆိုင် အခု ၂၀၀၈ခုနှစ် ဇူလိုင်လ၂၃ရက်နေ့ဟာ ဆရာကြီး ကွယ်လွန်တာ ၄၄နှစ်ပြည့် ဖြစ်ပါတယ်၊

အဲဒီလို လေးစားဂုဏ်ယူထိုက်တဲ့ စာဆိုကြီးဖြစ်တဲ့အပြင် ဆရာကြီးရဲ့စာပေတွေဟာ လူငယ်စာသင်သားတွေ သိသင့်သိထိုက်တဲ့ ဗဟုသုတတွေ။ ကျင့်ဝတ်တွေ။ နိုင်ငံရေး အသိအမြင်တွေ ပါဝင်နေတာမို့လို့ အခြေခံပညာ အထက်တန်းသင်ရိုးထဲမှာ ဆရာကြီးရဲ့ စာပေလက်ရာတွေထဲက လူကြီးနဲ့လူငယ် စကားပြေ ကောက်နုတ်ချက်နဲ့ သပြေနုချိန် ကဗျာတွေကို ရွေးချယ် ပြဌာန်းခဲ့တာ ဖြစ်ပါတယ်၊ ဒါကို ခု စစ်အစိုးရက ဖြုတ်ပယ်ပစ် လိုက်ပါပြီ၊ အဲဒီ ဖြုတ်ပယ်ခံရတဲ့ ဆရာကြီးရဲ့စာပေတွေကို မျိုးဆက်သစ်လူငယ်တွေ သိသင့်သိထိုက် တာမို့ လက်ဆင့်ကမ်းတဲ့ အနေနဲ့ ဆွေးနွေးပြောပြသွားချင်ပါတယ်၊

လူကြီးနဲ့လူငယ် စကားပြေ ကောက်နုတ်ချက်မှာ ခေတ်အဆက်ဆက် လူကြီးတွေနဲ့ လူငယ်တွေကြားမှာ အခြေအနေ အချိန်အခါ အလိုက် အသက်အရွယ် အတွေ့အကြုံတွေ အရ။ အတွေးအမြင် အယူအဆဆိုင်ရာ ကွာဟချက်တွေ ရှိနေတတ်တာကို ထောက်ပြပြီး အဲဒီကွာဟချက် တွေကို လူကြီးတွေရော လူငယ်တွေပါ နားလည်မှုရှိရှိနဲ့ ညှိနှိုင်းဖြေရှင်း သွားဖို့လိုကြောင်း။ လူကြီးလူငယ်တွေအချင်းချင်း တဦးနဲ့တဦး အပြန်အလှန် လေးစားမှုရှိရှိ နဲ့ ပြ၏နာကိစ္စ အ၀၀ကို ပူးပေါင်းလက်တွဲ ဖြေရှင်း သွားသင့်ကြောင်းတွေကို အခိုင်းအနှိုင်းတွေ ဥပမာ သာဓကတွေနဲ့ ရေးပြထားတာ တွေ့ရပါတယ်၊ ဒီအပြင် လူကြီးတွေမှာ ရှိတတ်တဲ့ ကောင်းကွက်ဆိုးကွက်။ လူငယ်တွေမှာ ရှိတတ်တဲ့ ကောင်းကွက်ဆိုးကွက်တွေကို ထောက်ပြရင်း ယဉ်ကျေးမှုဆိုင်ရာကိစ္စတွေ။ မြန်မာဘုရင် လက်ထက်တုန်းက လူငယ်တွေကို နိုင်ငံခြားပညာတော်သင်စေလွှတ်တဲ့အကြောင်းလို ဗဟုသုတ ရစေတဲ့ အချက်မျိုးတွေကို စေတနာပါပါနဲ့ ထည့်သွင်း ရေးသား ထားတာဟာလည်း မှတ်သားနာယူစရာ ကောင်းလှပါတယ်၊ ဒါကြောင့် အဲဒီစကားပြေပါ အကြောင်းအရာဟာ ဘယ်လိုခေတ်မျိုးမှာမဆို လူငယ်တွေ အတွက် အသုံးဝင်လှတဲ့ သိသင့်သိထိုက်တဲ့ အချက်အလက်တွေပဲ ဖြစ်ပါတယ်၊ အထူးသဖြင့် ခုလို နိုင်ငံ အေးချမ်း သာယာရေးကို တည်ဆောက်နေတယ်ဆိုတဲ့ အချိန်ကာလမျိုးမှာ လူငယ်တွေကို ကျောင်းပညာရေးကနေတဆင့် အသိပေးသင့်တဲ့ အကြားအမြင် ဗဟုသုတတွေလည်း ဖြစ်ပါတယ်၊

နိုင်ငံအပေါ်စေတနာထားတဲ့ အစိုးရတစ်ရပ်အနေနဲ့ဆိုရင် ခုလို မြန်မာနိုင်ငံရဲ့ လူငယ်တွေကြားမှာ ယဉ်ကျေးမှု တွေ ပျက်စီးစပြုနေပြီး။ လူကြီးတွေကြားမှာလည်း ကိုယ်ကျင့်တရားနဲ့ စာရိတ္တပိုင်းအရ ယိုယွင်းပျက်စီးသူတွေ များလာနေတဲ့ အချိန်မှာ လူငယ်တွေကို လမ်းမှန်ရောက်အောင် တည့်မတ်ပေးနိုင်တဲ့ စာပေတွေနဲ့ လေးစားထိုက်တဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မွန်တွေကို သိအောင်။ စီစဉ်သင်ကြားပေးဖို့ လိုပါတယ်၊ အခု မြန်မာနိုင်ငံရဲ့ စစ်အစိုးရကတော့ လူငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာတန်ဖိုးကို မြင့်မားစေနိုင်တဲ့ စာပေမျိုးတွေနဲ့ မျိုးချစ် စာဆိုကြီးတွေရဲ့ အကြောင်းကိုတောင် သိခွင့် ဖတ်ရှုခွင့်မရအောင် တားမြစ်ဖျောက်ဖျက်နေတာဟာ ကျောင်းသား လူငယ် ကလေးတွေအပေါ် စေတနာမထား တဲ့ သက်သေပြယုဂ်ပဲ ဖြစ်ပါတယ်။


No comments:

Building Knowledge Economies စာတမ်း(၅)

ကမ္ဘာ့ဘဏ် ဖွံ့ဖြိုးတိုးတက်မှု လေ့လာရေးအဖွဲ့ရဲ့ ၂၀၀၇ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ စာတမ်းပါ Building Knowledge Economies ပညာရေးဆိုင်ရာ အကြံပြုချက် မ...