Saturday, March 14, 2009

အခြေခံပညာအထက်တန်း မြန်မာစာသင်ရိုးအပြောင်းအလဲ


စစ်အစိုးရဟာ မြန်မာနိုင်ငံကို လက်နက်ကိုင်ပြီး အာဏာာရှင်လို အုပ်ချုပ်ဖို့ ပြင်ဆင်ရာမှာ ပညာရေးစနစ်ကို သူတို့အလိုကျ ပုံသွင်းတဲ့ စီမံကိန်းကလည်း အပါအ၀င်ပဲ ဖြစ်တယ်ဆိုတာကို ကျမ အထောက်အထားတွေနဲ့တကွ အများကြီး ပြောခဲ့ပြီးဖြစ်ပါတယ်၊ ခုလည်း ကျောင်းသားလူငယ်တွေကို လူမှုရေး နိုင်ငံရေးဆိုင်ရာ အသိပညာ ဗဟုသုတ ပေးနိုင်တဲ့အပြင် မတရားမှုဆိုတာကို မီးမောင်းထိုးပြနိုင်တဲ့ သင်ခန်းစာတွေကို အခြေခံပညာ အထက်တန်း သင်ရိုးထဲကနေ ထုတ်ပယ်ပစ်လိုက်တဲ့အကြောင်းတွေကို ဆွေးနွေးသွားပါ့မယ်၊

၂၀၀၈-၂၀၀၉ ပညာသင်နှစ်မှာ အခြေခံပညာအထက်တန်းရဲ့ သင်ရိုးကို နိုင်ငံတကာ အဆင့်မီ GCE O Level နဲ့အညီ ပြုပြင်လိုက်တယ်လို့ စစ်အစိုးရက ကြေငြာပါတယ်၊ ဒီနေရာမှာ မြန်မာနိုင်ငံရဲ့ ၁၉၆၂နောက်ပိုင်းကစပြီး မတည်ငြိမ်ခဲ့တဲ့ ပညာရေးစနစ်နဲ့ လွဲမှားတဲ့ သင်ကြားနည်းစနစ်တွေကြောင့် ကျောင်းသားတွေရဲ့ အရည်အသွေးပိုင်း ဆိုင်ရာမှာ လျော့နည်းနေခဲ့ ကြရတာမို့ ခု ရုတ်တရက်ချည်း အသစ် ပြောင်းမယ်ဆိုတဲ့ နိုင်ငံတကာ အဆင့်မီ သင်ရိုးကို ကျောင်းသားတွေ။ ဆရာတွေအနေနဲ့ တကယ် လိုက်နိုင် သင်ယူနိုင်။ သင်ကြားနိုင်ပါ့မလားဆိုတာက အရေးကြီးတဲ့ စိန်ခေါ်ချက်တွေထဲက တခုဖြစ်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ခုချိန် မြန်မာနိုင်ငံမှာက ဆရာတွေကိုယ်တိုင် အဲဒီ နိုင်ငံတကာအဆင့်မီဆိုတဲ့ ပညာရေးမျိုးကို ထိတွေ့ဖူးတာမျိုး ရှိမထားလို့ပဲ ဖြစ်ပါတယ်၊ ဒီနေရာမှာ နောက်ထပ် အရေးပါလာတာက နိုင်ငံတကာ အဆင့်မီအဖြစ် ဘယ်လို ဘာသာရပ်တွေ ထည့်သွင်းလ္ဖဲ ဘယ်လို အကြောင်းအရာတွေ ပြဌာန်းထားလဲဆိုတာက အရေးကြီးလာပါပြီ၊

တကယ်တော့ GEC O Level လို့သာ ပြောနေပေမဲ့ မြန်မာနိုင်ငံက ကျောင်းသားတွေ အနေနဲ့ တကယ်တမ်း လိုအပ်တာက အင်္ဂလိပ်စာကျွမ်းကျင်ဖို့နဲ့ မိခင်ဘာသာစကား တနည်းအားဖြင့် ရုံးသုံးဘာသာစကားဖြစ်တဲ့ မြန်မာစာဘာသာရပ်ကို သေသေချာချာ ကျွမ်းကျင်ပိုင်နိုင်ဖို့ပါ၊ ကျမ ကိုယ်တွေ့အရတော့ များသောအားဖြင့် မြန်မာနိုင်ငံက ကျောင်းသားတွေဟာ သိပ္ပံဘာသာရပ်တွေမှာ နိုင်ငံတကာကျောင်းသားတွေနဲ့ ယှဉ်နိုင်ကြ တာတွေ့ရပါတယ်၊ အထူးသဖြင့် GCE O Level မြန်မာစာမှာဆိုရင် မေးခွန်းတွေက မြန်မာစာ မြန်မာမှု နဲ့ ပတ်သက်ပြီး ဘယ်လောက်ကျွမ်းကျင်ပိုင်နိုင်လဲဆိုတာကို မေးတဲ့ မေးခွန်းမျိုးတွေ မေးတာပါ၊ မြန်မာစာကို သေချာ သိမှ စာဖတ်နာမှ ဖြေနိုင်မှာပါ၊ အထူးသဖြင့် မြန်မာစာကနေ အင်္ဂလိပ်လို အင်္ဂလိပ်ကနေ မြန်မာလို ဘာသာပြန်ရတာတွေ ပါတာမို့ နှစ်ဘာသာစလုံးမှာ တော်တော် ကျွမ်းကျင်ဖို့လိုပါတယ်၊

မြန်မာကျောင်းသားတွေအနေနဲ့ ခုလို နိုင်ငံတကာ ယဉ်ကျေးမှုရေစီးကြောင်းက အလျင်အမြန် ပြောင်းနေတဲ့ အချိန်အခါမျိုး။ ပြီးတော့ မူးယစ်ဆေးဝါးပြဿနာနဲ့ အကျင့်စာရိတ္တတွေ ယိုင်နဲ့လာတဲ့ အနေအထားမျိုးနဲ့ နိုင်ငံမှာ ဘက်စုံယိုယွင်းနေတဲ့ အခြေအနေမျိုးမှာ စိတ်ဓာတ်နဲ့စာရိတ္တကို မြှင့်တင်ပေးနိုင်တဲ့။ နိုင်ငံရေး လိုအပ်ချက်တွေကို အသိပေးနိုင်တဲ့။ ကိုယ့်နိုင်ငံရဲ့ သမိုင်းဝင် ယဉ်ကျေးမှုဆိုင်ရာ ဗဟုသုတတွေကို သိဖို့ လိုအပ် ပါတယ်၊ ဒါကြောင့်ပဲ ပညာရေးဆိုတာဟာ လူသားတွေရဲ့ ကိုယ်ရည်ကိုယ်သွေးကို ပျိုးထောင်ပေးဖို့ တာဝန် ရှိတယ်လို့ ဂရိဒဿနပညာရှင် အရစ္စတိုတယ်က ပြောခဲ့တာ တွေ့ရပါတယ်၊

ကျောင်းသားလူငယ်တွေအတွက် အဲဒီ လိုအပ်ချက်တွေကို မိခင်ဘာသာစကားအဖြစ် မြန်မာစာဘာသာရပ်ကို ပြဌာန်းတဲ့ မြန်မာနိုင်ငံမှာတော့ မြန်မာစာဘာသာရပ်ကနေတဆင့် လူငယ်တွေကို ဖြန့်ဖြူးပေးရမှာ ဖြစ်ပါတယ်၊ တကယ်တော့ နိုင်ငံတကာ စံချိန် စံညွှန်း အရတော့ လူမျိုးစုများများနေတဲ့ နိုင်ငံမှာ လူမျိုးတိုင်းဟာ သူတို့ မိခင်ဘာသာစကားကို သင်ယူခွင့်ရကြပါတယ်၊ အဲလိုဆိုရင်တော့ လူမျိုးစုအလိုက် မိခင်ဘာသာစကားနဲ့အတူ သက်ဆိုင်ရာ စာပေယဉ်ကျေးမှုတွေကတဆင့် လူငယ်တွေရဲ့ ကျင့်ဝတ်နဲ့ စိတ်ဓာတ် လိုအပ်ချက်တွေကို သင်ကြားပေးနိုင်မှာပါ၊ ဒါပေမဲ့ မြန်မာနိုင်ငံရဲဏ္ဍ စစ်အစိုးရကတော့ တခြားလူမျိုးစုတွေရဲ့ မိခင်ဘာသာစကားကို ဖျောက်သလိုပဲ ခုဆို မြန်မာစာထဲက လူငယ်တွေ သိသင့်သိထိုက်တဲ့ သင်ခန်းစာတွေကိုပါ အကြောင်းပြချက် တစုံတရာ မပေးဘဲ ဖြုတ်ပယ်ပစ်နေပြီဖြစ်ပါတယ်၊

စစ်အစိုးရဟာ ၂၀၀၈-၂၀၀၉ ပညာသင်နှစ်ကစပြီး ပြုပြင်ပြောင်းလဲတယ်ဆိုတဲ့ အခြေခံပညာ အထက်တန်း သင်ရိုးတွေထဲမှာ GCE O Level အတွက် အရေးပါတဲ့ မြန်မာစာဘာသာရပ်ကို ဘယ်လို ပြုပြင် ပြောင်းလဲ သလဲဆိုတာကို ဆွေးနွေးပါ့မယ်၊ မြန်မာစာဘာသာရပ်အနေနဲ့ အရင်က ပင်ရင်းစကားပြေ ပြဌာန်းစာအုပ်ထဲမှာ ပါတဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ လူကြီး နဲ့ လူငယ် ဆိုတဲ့ စကားပြေကို ဖြုတ်ပါတယ်၊ ပြီးတော့ စာရေးဆရာကြီး သော်တာဆွေရဲ့ မှန်ကန်ခြင်းနဲ့ ရဲရင့်ခြင်းရယ်။ ဆရာကြီး ရွှေဥဒေါင်းရဲ့ ခွန်အားရှိသောစာ ရယ်ကို အသစ်ထည့်လိုက်တာ တွေ့ရပါတယ်၊

တကယ်တော့ အသစ်ထပ်ပြဌာန်းတဲ့ စကားပြေတွေကလည်း ကျောင်းသားတွေ သိသင့် သိထိုက် ဖတ်သင့် ဖတ်ထိုက်တဲ့ စာတွေပါ၊ ဒါပေမဲ့ သင်ရိုးကို တကယ် ခေတ်မီအောင် အသစ်တွေနဲ့ အစားထိုး ပြောင်းလဲ ပြဌာန်း တာမဟုတ်ဘဲ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ စာကိုသာ ရွေးပြီး ဖြုတ်ပစ်လိုက်တာမျိုးကသာ စဉ်းစား ဝေဖန်စရာဖြစ်နေတာပါ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ လူကြီးလူငယ်စကားပြေဟာ လူကြီးတွေနဲ့ လူငယ်တွေ ကြား ရှိတတ်တဲ့ ကွာဟမှုတွေနဲ့ အတူတကွ လက်တွဲလုပ်ကိုင်နိုင်အောင် သဘောထား နည်းတွေကို ဖော်ပြထားတာမို့လို့ ခုလို လူကြီးတွေနဲ့ လူငယ်တွေ အတူကြိုးစားကြရမယ့် ကာလမျိုးမှာ လက်တွေ့ကျကျ အသုံးဝင်တဲ့ စကားပြေတပုဒ်ဖြစ်ပါတယ်၊ အဲဒီအပြင် ဆရာကြီးသခင်ကိုယ်တော်မှိုင်းဟာ ကိုလိုနီခေတ် ကျောင်းသားတွေရဲ့ လွတ်လပ်ရေး လှုပ်ရှားမှုသမိုင်းမှာ ဦးဆောင်ခဲ့တဲ့ ပုဂိုလ်ကြီးလည်းဖြစ်တာမို့ ဆရာကြီးရဲ့ အတွေ့အကြုံ တွေအပေါ် အခြေခံထားတဲ့ စာပေလက်ရာဟာ မပျောက်ပျက်အောင် လက်ဆင့်ကမ်း ထိန်းသိမ်း သွားရမယ့် ယဉ်ကျေးမှုအမွေအနှစ်လည်း ဖြစ်ပါတယ်၊ ဒါကြောင့် ဒီလို သမိုင်းဝင် စာပေတခုကို ဖျောက်ဖျက်ပစ် တာဟာ ကျောင်းသားတွေ သိသင့်သိထိုက်တဲ့ အသိပညာ တခုကို ပိတ်ပင်လိုက်တာနဲ့ တူတူပဲ ဖြစ်ပါတယ်၊

အဲသလိုပဲ ကဗျာလက်ရွေးစဉ်ပြဌာန်းချက်မှာလည်း လယ်တီဆရာတော်ဘုရားကြီးရဲ့ ခွင့်သာခိုက်မှ မလိုက်ချင် လျှင်... ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ သပြေနုချိန်... ဆရာမောင်စွမ်းရည်ရဲ့ ဘ၀နဲ့အလှ ဆိုတဲ့ ကဗျာတွေကို သင်ရိုးထဲကနေ ဖြုတ်ပစ်လိုက်ပါတယ်၊ ကဗျာလက်ရွေးစဉ်ကိုတော့ အပုဒ်သစ် ထပ်မတိုးခဲ့ပါဘူး၊ ဒီနေရာမှာ လည်း လယ်တီဆရာတော်ဘုရားကြီးရဲ့ ခွင့်သာခိုက်မှ မလိုက်ချင်လျှင် ကဗျာဟာ ဒီကနေ့ မျက်မှောက်ခေတ် အထိ လောကီရေး လောကုတ္တရာရေးတွေထဲက လိုအပ်ချက်တွေကို ထောက်ပြထားတာမို့ စာသင်သား အရွယ်တွေ သိသင့်သိထိုက်တဲ့ ကဗျာတပုဒ်ပဲ ဖြစ်ပါတယ်၊ အထူးသဖြင့် ဒီကနေ့ မြန်မာနိုင်ငံရဲ့ အနေအထားကို မီးမောင်းထိုး ပြနေသလိုပါပဲ၊ ဒါကြောင့်ပဲ ဒီကဗျာကို သင်ရိုးထဲကနေ ဖြုတ်ပယ်ပစ်တာလား ဆိုတာဟာလည်း စဉ်းစားစရာပါ၊ ဆရာမောင်စွမ်းရည်ရဲ့ ဘ၀နဲ့အလှကဗျာကတော့ ဘ၀ထဲက အလှကို ရှာဖွေရှုမြင်တတ်အောင်ပြောပြတဲ့ ကဗျာလေးပါ။ ဒါပေမဲ့ ဆရာမောင်စွမ်းရည်ဟာ ခုချိန်မှာ ပြည်ပကနေ စစ်အစိုးရရဲ့ အားနည်းချက်တွေကို ထောက်ပြဝေဖန်နေတဲ့ ကဗျာဆရာကြီးဖြစ်နေတာမို့ သူ့လက်ရာ ကဗျာကို ဖြုတ်ပယ် ပစ်လိုက်တယ်လို့ ယူဆရပါတယ်၊ ဒါတွေကို နောက်လာမယ့် အပတ်စဉ်တွေမှာ အသေးစိတ် ထပ် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်၊

တကယ်တော့ ကျောင်းသားတွေအတွက် တကယ် သိသင့်တဲ့စာပေတွေ။ စံပြု လေးစားထိုက်တဲ့ စာပေပညာရှင် ကြီးတွေရဲ့ ဘ၀တွေနဲဏ္ဍ စာပေလက်ရာတွေကို သိခွင့် ဆည်းပူးခွင့်ရမှပဲ နိုင်ငံချစ်စိတ် စာပေချစ်စိတ် ကနေတဆင့် နိုင်ငံသားကောင်းတွေ ဖြစ်လာမှာပါ၊ ဒါကြောင့် စာကောင်းပေမွန်တွေကို ကျောင်းသားလူငယ်တွေ သိခွင့် မရှိအောင် တားမြစ်ပိတ်ပင်တာဟာ ကျောင်းသားတွေရဲ့ နိုင်ငံသားကောင်းတွေအဖြစ် ကြီးပြင်းရမယ့် အနာဂတ်ကို ပိတ်ပင်တားမြစ်တာနဲ့ အတူတူပဲ ဖြစ်ပါတယ်။

၁၄။၀၇။၂၀၀၈၊

No comments:

Building Knowledge Economies စာတမ်း(၅)

ကမ္ဘာ့ဘဏ် ဖွံ့ဖြိုးတိုးတက်မှု လေ့လာရေးအဖွဲ့ရဲ့ ၂၀၀၇ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ စာတမ်းပါ Building Knowledge Economies ပညာရေးဆိုင်ရာ အကြံပြုချက် မ...