Tuesday, March 10, 2009

နာဂစ်အလွန် ပညာရေးပြဿနာ(၄)

မြန်မာစစ်အစိုးရဟာ ၂၀၀၇-၂၀၀၈ ဘဏ္ဍာနှစ်အတွင်း သဘာဝဓါတ်ငွေ့ကနေ နိုင်ငံခြားဝင်ငွေ အမေရိကန် ဒေါ်လာ ၂ ဒဿမ ၅၉၄ ဘီလီယံ ရခဲ့တယ်လို့ သိရပါတယ်။ အဲဒီအပြင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျောက်မျက် တူးဖော်ရေးနဲ့ သစ်တောထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း ရောင်းချရာကနေလည်း ဒီ ၂၀၀၇-၂၀၀၈ မှာ ၀င်ငွေ အများဆုံး ရခဲ့ပါတယ်။ ဒါဟာ တိုင်းပြည်ရဲ့ ၀င်ငွေ ဖြစ်တာမို့ ပြည်သူလူထုရဲ့ ၀င်ငွေပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ တကယ့်လက်တွေ့မှာကတော့ မြန်မာပြည်သူလူထု အများစုကြီးဟာ အခြေအနေတိုင်းမှာ ဆင်းရဲချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး နယ်ပယ်တွေမှာ အဘက်ဘက်က ယိုယွင်း ကျဆင်းနေရတာရဲ့ အဓိက အကြောင်းအရင်းက နိုင်ငံ သံယံဇာတ ဆင်းရဲမှုကြောင့် မဟုတ်ဘဲ အာဏာပိုင်တွေရဲ့ လျစ်လျူရှုမှုကြောင့်သာဖြစ်တယ်ဆိုတဲ့အချက်ကို ထင်ရှားစေတဲ့ သက်သေတခု ပါပဲ။ Justify Full
အထူးသဖြင့်တော့ စစ်အစိုးရက ပြည်သူလူထုကို လျစ်လျူရှုထားတာနဲ့ ပတ်သက်ပြီး ပြောရရင် နာဂစ်မုန်တိုင်းရဲ့ နောက်ဆက်တွဲဘေးဒုက္ခတွေကို ခုထိတိုင် အလူးအလဲခံနေရတဲ့ ပြည်သူလူထုကြီးဟာလည်း ထင်ရှားတဲ့ သက်သေပဲ ဖြစ်ပါတယ်၊ ပိုဆိုးတာကတော့ အဲဒီဒေသကြီးမှာ နေထိုင်တဲ့ လယ်လုပ်ငန်းကျွမ်းကျင်သူတွေ။ ရေလုပ်ငန်း ကျွမ်းကျင်သူတွေ ဆုံးပါးသွားကြရတဲ့အပြင် အင်မတန်အရေးကြီးတဲ့ လုပ်ငန်းပြန်လည် ထူထောင်ရေးကို တာဝန်ရှိတဲ့ အာဏာပိုင်တွေက တာဝန်မယူတဲ့အတွက် အဲဒီလုပ်ငန်းတွေကို ပြန်မလုပ် နိုင်သေးတာပဲ ဖြစ်ပါတယ်၊ အဲဒါရဲ့ နောက်ဆက်တွဲ ဆိုးကျိုးကတော့ အဲဒီဒေသမှာ အသက်ရှင် ကျန်ရစ်သူတွေဟာ အလုပ်မလုပ်နိုင်တဲ့အတွက် ၀င်ငွေမရှိတာကြောင့် စိတ်ဓါတ် ပြန်လည်ထူထောင်ရေးတွေ။ မိသားစုဘ၀ပြန်လည်ထူထောင်ရေးတွေကို မလုပ်နိုင်ကြတော့တာပါပဲ၊ အဲဒီဆိုးကျိုးတွေဟာ ကလေးငယ်တွေ အပေါ် တိုက်ရိုက်သက်ရောက်ပါတယ်၊

နာဂစ် မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ ကလေးတွေခမျာ ကလေးသဘာဝအရ ပျော်ပျော်ရွှင်ရွှင် ကုန်လွန်ရမယ့် အချိန်မှာ သဘာဝဘေးဆိုးကြီးကို ကြုံတွေ့ခဲ့ရတဲ့အပြင် ကြောက်လန့် စရာ အဖြစ်ဆိုး နဲ့အတူ အငတ်ဘေးကိုပါ ရင်ဆိုင်နေ ကြ ရတာဟာ သိပ်စိုးရိမ်စရာကောင်းတဲ့ အခြေအနေပဲ ဖြစ်ပါတယ်၊ အဲဒီလို အထူးဂရုစိုက်ရမယ့် အခြေအနေမျိုးမှာမှ သူတို့ကို ပြုစုစောင့်ရှောက်မယ့် မိဘဆွေမျိုးတွေကပါ အတိဒုက္ခရောက်နေရတဲ့အခါ ကလေးတွေဟာ အားကိုးရာမဲ့တဲ့ ခံစားချက်ကိုပါ ထပ်ဆင့် ခံစားကြရပါတယ်၊ စိတ်ပညာရှင်အများစုရဲ့ လေ့လာ တွေ့ရှိချက်တွေအရပြောရင် သဘာဝဘေးဒဏ်ကို ပြင်းပြင်းထန်ထန်ခံစားခဲ့ရတဲ့ အပြင် မိစံဖစုံလည်း မရှိတော့တဲ့ ကလေးတွေကို နားလည်တတ်ကျွမ်းတဲ့ စိတ်ပညာရှင် တွေနဲ့ အထူးဂရုတစိုက် ကြပ်မတ် စောင့်ရှောက်ပေးဖို့ လိုပါတယ်၊

ကလေးတွေဟာ မိစုံ ဘစုံနဲ့ ကြီးပြင်းရပြီး အစာရေစာ ၀လင်အောင် စားသောက်ရတဲ့အပြင် ပျော်ပျော်ရွှင်ရွှင် လုံလုံခြုံခြုံနဲ့ နေထိုင်ရဖို့ လိုပါတယ်၊ ဒါမှပဲ စိတ်ကျန်းမာပြီး ခွန်အားပြည့်ဝတဲ့ လူတယောက်အဖြစ် ကြီးပြင်း အရွယ်ရောက်နိုင်မှာပါ၊ ကလေးတွေဟာ နိုင်ငံ တနိုင်ငံရဲ့ အနာဂတ်မျှော်လင့်ချက်တွေပဲ ဖြစ်ပါတယ်၊ ကလေးတွေ ငယ်ဘ၀မှာ အောင်မြင် တဲ့ ဘ၀မျိုးကို ဖြတ်သန်းရခဲ့မှပဲ အောင်မြင်တဲ့အနာဂတ်ရဖို့ဆိုတာကို စိတ်ချရမှာ ဖြစ်ပါတယ်၊ ခု မုန်တိုင်းပြီး နောက်ပိုင်းကာလတွေမှာတော့ ကလေးတသန်းကျော်ရဲ့ ကျောင်းတွေ ဆုံးရှုံး သွားခဲ့ရပါတယ်၊ မိဘမဲ့ကလေး။ မိစုံဘစုံမရှိတော့တဲ့ကလေး သိန်းဂဏန်း သောင်းဂဏန်း ရှိသွားပါတယ်၊ အဲဒီပြဿနာဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် သိပ်စိုးရိမ်စရာကောင်းတဲ့ အလားအလာကြီးတခုပါပဲ၊

စိတ်ပညာရှင်အများစုရဲ့ လေ့လာသုံးသပ်ချက်တွေအရတော့ သဘာဝဘေးဒဏ်ခံခဲ့ရတဲ့ ကလေးတွေဟာ ပုံမှန်ထက်ပိုပြီး စိုးရိမ်စိတ်။ ကြောက်စိတ်။ ၀မ်းနည်းစိတ်။ ရန်လိုစိတ်။ ငတ်မွတ်တောင့်တစိတ်။ အလိုမကျစိတ်။ မိဘဆွေမျိုးဆရာသမားတွေအပေါ် အားကိုး ခင်တွယ်လိုစိတ်တွေ ပြင်းပျတယ်လို့ဆိုပါတယ်၊ အဲဒီအပြင် သူတို့ကြုံတွေ့ခဲ့ရတဲ့ ဘေးဆိုးနဲ့ စပ်လျဉ်းတဲ့ အသံတွေကို နဂိုအခြေနေတုန်းကထက်ပိုပြီး ထိတ်လန့်ကြောက်ရွံ့ နေတတ် ကြပါတယ်၊ မြန်မာနိုင်ငံက မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ကလေးတွေဆိုရင် လေသံ မိုးသံ လှိုင်းသံ ရေသံ ဆူညံသံတွေကို အလွန်အမင်း ကြောက်ရွံ့နေနိုင်ပါတယ်။ တကယ်လည်း အဲလို ကြောက်ရွံ့နေကြတယ်လို့ မျက်မြင်တွေ့ခဲ့ရသူတွေက ပြောပါတယ်၊ အဲဒီလို အချိန်မျိုးမှာ ကလေးတွေအတွက် ပြီးပြည့်စုံလုံခြုံတဲ့ စာသင်ခန်းတွေအပြင် စနစ်တကျလေ့ကျင့်ထားတဲ့ ဆရာဆရာမတွေ... ဗဟုသုတရှိတဲ့ မိဘ။ လူကြီးသူမတွေနဲ့ သဘာဝဘေး ကယ်ဆယ်ကူမရေး ကျွမ်းကျင်သူတွေက ကလေးတွေ အနားမှာ စောင့်ရှောက်ပေးနေဖို့ အထူးလိုအပ်ပါတယ်၊

မြန်မာနိုင်ငံက လေဘေးဒုက္ခသည်ကလေးတွေ ကျောင်းနေနိုင်ရေးအတွက် ကုလသမဂ္ဂ ကလေးများရံပုံငွေအဖွဲ့ UNICEF က စစ်အစိုးရနဲ့ ပူးပေါင်းပြီး ကူညီ ဆောင်ရွက် ပေးနေတယ်လို့ ဆိုပါတယ်၊ ကျောင်းအဆောက်အဦးနဲ့ စာအုပ်စာတမ်းတွေ ပံ့ပိုးပေး နေတယ်လို့ သိရပါတယ်၊ UNICEF ရဲ့ နိုင်ငံတကာပညာရေးဆိုင်ရာ အကြီးအကဲ ဖြစ်တဲ့ မစ္စတာကရင်ရိုက် က ကလေးတွေအနေနဲ့ ပုံမှန်ဘ၀ကို ပြန်လည် ဦးတည်နိုင်ဖို့အတွက် ပညာရေးက သိပ်အရေးကြီးတယ်လို့ ပြောပါတယ်၊ ဒီနေရာမှာ ကလေးတွေအတွက် ထိရောက်ကောင်းမွန်တဲ့ ပညာရေးမျိုးကို အမှန်တကယ် ပေးနိုင်ဖို့ လိုတယ်ဆိုတာကိုလည်း ကူညီပံ့ပိုးနေတဲ့သူတွေက ဂရုစိုက်ဖို့ အရေးကြီးပါတယ်၊ အထူးသဖြင့် နိုင်ငံတကာက ပေးတဲ့အကူအညီတွေကိုရဖို့ ခဏသာ ဗန်းပြကူညီပေးပြီး နောက်ကွယ်မှာ လူထုဆီက မတရားခေါင်းပုံဖြတ်နေတဲ့ စစ်အစိုးရနဲ့ ပူးပေါင်းလုပ်ဆောင်တဲ့ အကူအညီမျိုးက အမှန်တကယ် ထိရောက်မှုရှိရဲ့လားဆိုတာကိုပါ ဆန်းစစ်နေဖို့ လိုပါတယ်၊

ခုဆိုရင် မုန်တိုင်းသင့်ဒေသတွေက ကလေးအများစုဟာ အမိုးအကာမဲ့တဲ့ ကျောင်းတွေမှာ လေဒဏ် မိုးဒဏ် နေပူဒဏ်ကို ခံပြီး ပညာသင်နေကြရပါတယ်၊ အဲဒီအပြင် အစာရေစာ ၀လင်အောင် မစားကြရ။ နွေးထွေးတဲ့ မိသားစုဘ၀ကိုလည်း မခံစားကြရ။ အေးချမ်းလုံခြုံတဲ့ ကလေးဘ၀ကိုလည်း မရကြရဘဲ ရှိနေကြပါတယ်၊ စာသင်ခန်းထဲမှာ သင်ကြားပေး နေတဲ့ ဆရာဆရာမတွေဟာလည်း သူတို့ရဲ့ တပည့်ကလေးတွေနဲ့ ထပ်တူ ပူလောင် သောကတွေ။ ဆင်းရဲဒုက္ခတွေကို ခံစားနေကြရပါတယ်၊ အဲဒီအပြင် ဆရာဆရာမတွေဟာ စိတ်ထိခိုက် ဒဏ်ရာရနေကြတဲ့ ကလေးတွေကို စနစ်တကျ သွန်သင် ထိန်းသိမ်း စောင့်ရှောက်ပေးဖို့။ သင်ခန်းစာတွေကို လိုအပ်သလို ပြုပြင် ပြောင်းလဲပေးဖို့။ ကလေးတွေအတွက် တကယ် လိုအပ်တဲ့ အတန်းတွင်း စုပေါင်း လှုပ်ရှားမှု တွေ စီစစ်ပေးဖို့ဆိုတာတွေမှာ အများကြီး အခက်အခဲ ကြုံကြရပါတယ်၊

အထူးသဖြင့် ပုံမှန်အခြေနေမဟုတ်တဲ့ ကလေးတွေဆီက တုံ့ပြန်မှုတွေ။ မေးလာမယ့် မေးခွန်းတွေကို ရင်ဆိုင်ရာမှာ အခက်အခဲတွေ့နိုင်ပါတယ်၊ ပိုပြီး စိုးရိမ်ပူပန်စရာ ကောင်းတာက ကလေးတွေဆီကို ရောက်လာနိုင်တဲ့ အကြမ်းဖက်မှုတွေ။ လူကုန်ကူး ခံရနိုင်တဲ့ပြဿနာတွေ။ လိင်ပိုင်းဆိုင်ရာ အနှောက်အယှက် ခံရမှုတွေကိုပါ ဆရာဆရာမတွေကသာ တာဝန်ယူကာကွယ်ပေးကြရမှာမို့လို့ ကိုယ်တိုင် သဘာဝဘေးဒဏ် ခံထားရပြီး အစိုးရရဲ့ ကူညီပံ့ပိုးမှုကို လုံးဝမရကြတဲ့ ဆရာဆရာမတွေအဖို့ စိတ်ဖိစီးလေးလံမှုကို ပြင်းပြင်းထန်ထန် ခံစားကြရမှာ ဖြစ်ပါတယ်၊ ဒီတော့ UNICEF အနေနဲ့ ကျောင်းတွေ ပြန်လည် ဖွင့်လှစ်ရေးအတွက် စစ်အစိုးရနဲ့ ပူးပေါင်းပြီး ကူညီပံ့ပိုးနေရာမှာ အဲဒီ တကယ့် လိုအပ်ချက်တွေကိုရော ထည့်သွင်းစဉ်းစားရဲ့လား ထိထိရောက်ရောက် ဆောင်ရွက်ခွင့်ရော ရနေရဲ့လား ဆိုတာတွေဟာ ခုချိန်မှာ အရေးတကြီး မေးရမယ့် မေးခွန်းတွေပဲ ဖြစ်ပါတယ် ။

(၁၆။၆။၂၀၀၈)

No comments: