Sunday, March 8, 2009

နာဂစ်အလွန် ပညာရေးပြဿနာ(၃)

မုန်တိုင်းဘေးဒဏ်ကို ဆိုးဆိုးဝါးဝါး ခံခဲ့ရတဲ့ ဧရာဝတီတိုင်းက ကလေးတွေခမျာ ကျောင်းဖွင့်ချိန်မှာ ကျောင်းမတက် ကြရတဲ့အတွက် စိတ်ထိခိုက် ခံစားနေကြရတယ်လို့ သိရပါတယ်၊ ဒီနေရာမှာ အရေးကြီး တာကတော့ မြန်မာနိုင်ငံမှာက သဘာဝဘေးဒဏ်အပြီးမှာ ကလေးအများစုဟာ သောက်ရေကိုတောင် သန့်သန့်ရှင်းရှင်း ၀၀လင်လင် မသောက်ရတာ။ အာဟာရချို့တဲ့တာ။ ရောဂါအနာတရတွေကို ဆေးဝါးဂရုတစိုက် အကုသ မခံရတာတွေနဲ့ အတူ မိဘမဲ့သွားတာ။ မိစုံဘစုံ မရှိတာတွေကို ရင်ဆိုင်နေကြရတာမို့လို့ အဲဒီ ကလေးတွေရဲ့ စိတ်ခံစားချက်က ပုံမှန်ကလေးတွေနဲ့ မတူနိုင်ဘဲ အားနည်းနေမယ့်အချက်ပဲ ဖြစ်ပါတယ်၊

သဘာဝဘေးဒဏ်အပြီး ကလေးတွေကြုံရတတ်တဲ့ စိတ်ဝေဒနာနဲ့ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စု။ လူဝီစီယားနားပြည်နယ်မှာ ကက်ထရီနာမုန်တိုင်းတိုက်ပြီးနောက်ပိုင်းမှာ နယူးအော်လင်းမှာရှိတဲ့ အိုချက်စနာ ဆေးကုသရေးအဖွဲ့ရဲ့ ကလေးအထူးကုဆရာဝန် ဒေါက်တာမိုက်ကယ်ဝက်ဆာမန် ပြောခဲ့တာကို ပြန်ပြောပြ ချင်ပါတယ်၊ သူက သဘာဝဘေးဒဏ်နဲ့ ရင်ဆိုင်ခဲ့ရတဲ့ ကလေးတွေဆီမှာ စိတ်ပိုင်းဆိုင်ရာ အကျိုး သက်ရောက်မှု က သိပ်ကြီးမားပါတယ်။ ကလေးတွေက သူတို့ ပတ်ဝန်းကျင်ဟာ သိပ်ပြောင်းလဲမှုမရှိဘူးလို့ နားလည်ထားခဲ့ကြ ရာကနေ ရုတ်တရက် အဖြစ်ဆိုးကြီးကို ကြုံလိုက်ရတာမျိုးပါ။ ဒါဟာ သူတို့နားလည်လက်ခံထားတဲ့ ကမ္ဘာကြီး ပျက်သွားတာပါပဲ လို့ ပြောပါတယ်၊

တကယ်တော့ သဘာဝဘေးဒဏ်အပြီးမှာ ကျောင်းနေအရွယ် ကလေးတွေအတွက် အရေးတကြီးလိုအပ်တာက ပုံမှန်ကျောင်းပြန်တက်နိုင်ရေးပါပဲ၊ ထိုင်းနိုင်ငံမှာ ဆူနာမီ ဘေးသင့်ပြီးနောက်မှာ ကလေးတွေ စုစုဝေးဝေး ဆုံနိုင်ဖို့အတွက် တဲကြီးတွေထိုးပြီး ကစားစရာတွေ။ ကာတွန်း ပုံပြင်လို စိတ်ဝင်စားစရာစာအုပ်တွေ ဖြည့်ဆည်း ပေးထားခဲ့ပါတယ်၊ အဲဒါမှပဲ ကလေးတွေဟာ သူတို့ကြုံခဲ့ရတဲ့ ထိတ်လန့် တုန်လှုပ်စရာ အဖြစ်အပျက်တွေကို မေ့မေ့ပျောက်ပျောက် ကျော်လွှားသွားနိုင်မှာ ဖြစ်ပါတယ်၊

အမေရိကန်ပြည်ထောင်စုက သဘာဝဘေးဒဏ်ထိဒေသတွေအတွက် ပြန်လည်ထူထောင်ရေးတွေ လုပ်ပေးနေ တဲ့ Federal Emergency Management Agency (FEMA)က သူတို့ရဲ့ အင်တာနက် စာမျက်နှာမှာ သဘာဝဘေးဒဏ်နဲ့ ရင်ဆိုင်ခဲ့ရတဲ့ ကလေးတွေအတွက် စာသင်ခန်းတွေ ပြန်ထူထောင်တဲ့အခါမှာ လိုအပ်တဲ့ အချက်တွေကို အသေးစိတ်ဖော်ပြထားပါတယ်၊ အဲဒီထဲက လတ်တလော မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ သင့်တော်မယ့် လိုအပ်ချက်တွေကို ပြောပြချင်ပါတယ်၊

မုန်တိုင်းထိခဲ့ဖူးတဲ့ ဒေသတွေမှာ ကြိုတင်ပြင်ဆင်ကာကွယ်တဲ့အနေနဲ့ စာသင်ခန်းတွေကို ပြန်တည်ဆောက်တဲ့ နေရာမှာ သဘာဝအန္တရာယ်အမျိုးအစားကို လိုက်ပြီး အရေးပေါ်ထွက်ပေါက်တွေ ထည့်သွင်းစီစဉ် တည်ဆောက် ရပါမယ်၊ ဒေသအလိုက် ကျရောက်နိုင်တဲ့ သဘာဝဘေးဒဏ်အမျိုးအစားအလိုက် လိုအပ်တဲ့ ကယ်ဆယ်ရေး ပစ္စည်း ကိရိယာတွေ္ဖ ဥပမာပေးရရင် သက်ကယ်ဘောကွင်းလို အောက်ဆီဂျင်ဗူးလို မီးသတ်ဆေးဗူးလို ပစ္စည်းတွေကို ကျောင်းသားဦးရေနဲ့ကိုက်အောင် အသင့် စီစဉ်ထားပေးရပါမယ်၊ အဲဒီအပြင် အန္တရာယ်နဲ့ ရင်ဆိုင်ရချိန်မှာ စိတ်ကို တည်ငြိမ်အောင်ထားပြီး အရေးပေါ်ထွက်ပေါက်တွေကို အသုံးပြုဖို့ အန္တရာယ် ကင်းရာဆီကို ဘယ်လိုပြေးမလဲ ဆိုတာမျိုးတွေကို ကျောင်းတွေက တာဝန်ယူပြီး လက်တွေ့ သင်ကြားလေ့ကျင့် ပေးထားရပါမယ်၊ အဲဒီအပြင် ရေထဲမှာ ပေါလောပေါ်ပြီး အကြာကြီးနေနိုင်အောင် လေ့ကျင့် ပေးတာမျိုးတွေ.. ရေကူးကျွမ်းကျင်အောင် သင်ကြားပေးတာတွေ... ဘေးအန္တရာယ် ကျရောက်ချိန်မှာ အတန်းသားအချင်းချင်း တတ်နိုင်သလောက် ကူညီကယ်ဆယ် တတ်အောင် သင်ကြားလေ့ကျင့်ပေးတာမျိုးတွေကို ကျောင်းသင်ရိုးထဲ ထည့်သွင်းပေးထားရပါမယ်၊

အဲဒီအပြင် ကြုံတွေ့ခဲ့ရတဲ့ ဘေးအန္တရာယ်နဲ့ ပတ်သက်ပြီး ဆရာဆရာမတွေနဲ့ ကျောင်းသားကျောင်းသူတွေ အတူတူ အတွေ့အကြုံတွေ ဖလှယ်တာ။ ဆွေးနွေးဖြေရှင်းတာ တွေ လုပ်ရပါမယ်၊ ဒါနဲ့ပတ်သက်လို့ ကလေးအထူးကုဆရာဝန် ဒေါက်တာ မိုက်ကယ် ၀က်ဆန်မာပြောခဲ့တဲ့ ကလေးတွေမခံစားနိုင်တဲ့ သတင်းမျိုးကို ကလေးတွေနဲ့ မထိတွေ့အောင် ဂရုစိုက်သင့်တယ်။ ၁၂နှစ်အရွယ်ကလေးတယောက် ခံစားနားလည် နိုင်တာကို ၆နှစ်သားကလေးက မခံစားနိုင်ဘူး ဆိုတဲ့အချက်ကိုလည်း ထည့်စဉ်းစားဖို့ လိုပါတယ်၊ အဲဒီအပြင် သဘာဝဘေးဒဏ်ကျရောက်ပြီးကာစအချိန်ဆိုရင်တော့ ကလေးတွေမှာ ကျောင်းကြောင့် စိတ်ဖိစီးမှု မရှိရလေ အောင် ပုံမှန် ပညာရေးဆိုင်ရာ သင်ရိုးတွေထဲက တချို့ကို လျှော့ချပစ်သင့်ပါတယ်၊ သူက ကလေးတွေကို ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေနဲ့ပတ်သက်ပြီး ကလေးတွေ နားလည်နိုင်သလောက် အတိုင်းအတာထိပဲ ပြောဖို့.. စိတ်အားရှိစရာတွေကို ထည့်ပြောဖို့တွေ လိုတယ်လို့လည်း သတိပေးခဲ့ပါတယ်၊

သဘာဝဘေးဒဏ်နဲဏ္ဍ ဆိုးဆိုးဝါးဝါးရင်ဆိုင်ခဲ့ရတဲ့ ကလေးတွေဟာ စိတ်နေသဘာဝတွေ ခံစားချက်တွေ အများကြီး ပြောင်းလဲသွားနိုင်တယ်လို့ FEMA website မှာ ဖော်ပြထားပါတယ်၊ ကလေးတွေဟာ စကားလုံးဝ မပြောတော့ ဘဲ တသီးတခြားကြီး နေနေတာ။ စိတ်တို စိတ်ဆိုးလွယ်တာ။ လိုအပ်တာထက်ပိုပြီး ပတ်ဝန်းကျင်အပေါ် တာဝန် ယူချင်တာ။ လူအများရဲ့ အာရုံစူးစိုက်မှုခံရအောင် လွန်လွန်ကဲကဲ ကြိုးပမ်းတာ။ သနားကြင်နာစိတ်တွေ ကင်းမဲ့သွားတာ။ ကိုယ့် ကိုယ်နှုတ်အမူအယာကို မထိန်းသိမ်းနိုင် လောက်အောင် လှုပ်ရှားတက်ကြွလွန်းတာတွေ ဖြစ်သွားတတ်တယ်လို့ ဆိုပါတယ်၊ အဲဒီလိုကလေးတွေကို စနစ်တကျ ပညာသင်ပေးနိုင်ဖိုဏ္ဍအတွက် ဆရာဆရာမ တွေဟာလည်း သဘာဝဘေးဆိုင်ရာ အသိပညာတွေနဲ့ အဲဒီအချိန်မျိုးမှာ လိုအပ်တဲ့ ကလေးစိတ်ပညာတွေကို သိအောင် လေ့လာထားဖို့ လိုပါတယ်၊ အဲဒီအတွက် FEMA က online education လုပ်ပေးထားပါတယ်၊

ကလေးတွေဟာ စိတ်အလိုမပြည့်မှုကနေ လွတ်မြောက်နေဖို့ (Freedom from wants).. အကြောက်တရားတွေ ကနေ လွတ်မြောက်နေဖို့ (Freedom from fear) တွေလိုပါတယ်၊ အဲလို စိတ်ဖိစီးမှုတွေကနေ လွတ်မြောက် နေမှပဲ ကိုယ်ရည် ကိုယ်သွေးပြည့်ဝတဲ့။ ဥာဏ်အရည်အသွေးပြည့်ဝတဲ့ မျိုးဆက်သစ်တွေ ဖြစ်လာမှာပါ၊ ခုလို သဘာဝဘေးဆိုးနဲ့ ရင်ဆိုင်ထားရတဲ့ကလေးတွေဆိုရင် အဲလိုစိတ်ဖိစီးမှုမျိုးတွေ ရှိနေတာမို့ ဆရာဆရာမတွေ အနေနဲ့ရော မိဘတွေအနေနဲ့ပါ အထူးတလည် ဂရုစိုက်ဖို့ လိုပါတယ်၊ ဆရာဆရာမတွေဟာ ကလေးတွေကို ပုံမှန်နေသားတကျပြန်ဖြစ်လာအောင်။ ဘ၀ကို ရင်ဆိုင်တတ်လာအောင် လေ့ကျင့်ပေးရမှာ ဖြစ်ပါတယ်၊ ဒါကြောင့် သဘာဝဘေးဒဏ် ပြင်းပြင်းထန်ထန် ခံစားထားရတဲ့ ကလေးတွေကို ပြန်လည် ပြုစု ပျိုးထောင်ဖို့ဆိုရင် လူအား ငွေအား စေတနာအားတွေ အများကြီး စိုက်ထုတ် နှစ်မြှုတ်ပြီး အချိန်ပေး ဆောင်ရွက်ဖို့ လိုပါတယ်၊

မြန်မာနိုင်ငံက စေတနာကင်းမဲ့တဲ့ အာဏာပိုင်တွေရဲ့ လက်အောက်က ကလေးတွေအတွက်တော့ လောလောဆယ်မှာ UNICEF နဲ့ Save the children အဖွဲ့ကြီးတွေက ကျောင်းပေါင်းတစ်ထောင်လောက် ပြန်ပြီး တည်ဆောက်ပေးမယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ရေရှည်စီမံကိန်းနဲ့ ပြန်ထူထောင်ရမယ့် ပညာရေး စနစ်ပိုင်းကိုတော့ ဆရာဆရာမတွေနဲ့ မိဘပြည်သူတွေက တာဝန်ယူဆောင်ရွက်မှသာ အောင်မြင်မှာ ဖြစ်တယ် ဆိုတာကို ဆွေးနွေးတင်ပြလိုက်ပါတယ်။

၁၀။၆။၀၈၊


No comments:

Building Knowledge Economies စာတမ်း(၅)

ကမ္ဘာ့ဘဏ် ဖွံ့ဖြိုးတိုးတက်မှု လေ့လာရေးအဖွဲ့ရဲ့ ၂၀၀၇ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ စာတမ်းပါ Building Knowledge Economies ပညာရေးဆိုင်ရာ အကြံပြုချက် မ...