Sunday, March 15, 2009

ပြည်သူ့ညီလာခံ စကားပြေ


စစ်အစိုးရက အခြေခံပညာအထက်တန်းမြန်မာစာသင်ရိုးထဲက "ပြည်သူ့ညီလာခံ"ဆိုတဲ့ စကားပြေကိုလည်း ဖြုတ်ပယ်ပစ်လိုက်ပါတယ်၊ အဲဒီ စကားပြေဟာ ၁၉၄၆ခုနှစ် ဇန်န၀ါရီလမှာ ကျင်းပခဲ့တဲ့ ဖဆပလအဖွဲ့ချုပ်ကြီးရဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံမှာ ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တဲ့ မိန့်ခွန်းထဲက ကောက်နုတ်ထားတာဖြစ်ပါတယ်၊

ဒီစကားပြေကို စာသင်ခန်းမှာ သင်တော့မယ်ဆိုရင် ပထမဦးဆုံးကတော့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို စာသင်သားတွေသိအောင် မိတ်ဆက်ပြောပြရမှာဖြစ်ပါတယ်၊ ဒါကြောင့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်မှာ အဲဒီ ကောက်နုတ်ချက်နဲ့ တွဲပြီး ဗိုလ်ချုပ် အောင်ဆန်း အကြောင်းကို အကျဉ်းချုပ် ဖော်ပြထားပါတယ်၊ အဲဒီမှာ ဗိုလ်ချုပ်အောင်ဆန်း နဲ့ ကျောင်းသားသမဂ္ဂအကြောင်း။ ဖဆပလအဖွဲ့ချုပ်အကြောင်းတွေကို ဆရာတွေက ရှင်းလင်း ပြောပြရမှာ ဖြစ်ပါတယ်၊ အဲဒါမှပဲ လူငယ်တွေဟာ နိုင်ငံလွတ်လပ်ရေးရအောင် ကြိုးပမ်းခဲ့ကြရတဲ့ လှုပ်ရှားမှုအဆင့်ဆင့်ကို သဘောပေါက်မှာ ဖြစ်ပါတယ်၊ ဒီနေရာမှာ ကျောင်းသားဘ၀ကတည်းက နိုင်ငံ လွတ်လပ်ရေးရဖို့နဲ့ ပြည်သူလူထု ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးခွင့် ရှိဖို့ကိုသာ တစိုက်မတ်မတ် စိတ်ထက်သန်ပြီး အမျိုးမျိုး ကြိုးစားခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းကို လူငယ်တွေ အားကျအတုယူလာအောင် ပြောပြနိုင်ပါတယ်၊

ခု အဖြုတ်ပယ်ခံရတဲ့ ပြည်သူ့ညီလာခံလို့ခေါင်းစဉ်တပ်ထားတဲ့ ကောက်နုတ်ချက်ဟာ ပြည်သူအများစု တညီတညွတ်တည်း စုဝေးကြတဲ့ ညီလာခံရဲ့ သဘောသဘာဝကို အဓိက ပြောထားတာပဲ ဖြစ်ပါတယ်၊ ဗိုလ်ချုပ်က
ကမ္ဘာသူကမ္ဘာသားတို့ ရှေးရိုးစဉ်လာ ဥာဏ်မျက်စေ့ကျယ်စွာဖြင့် ပြုလုပ်ဆောင်ရွက်ခဲ့ကြသော နည်းနာနိဿယအတိုင်းဖြစ်ရကား လျော်ကန်သင့်မြတ် ဖြောင့်ဖြူးသော စုဝေးခြင်းပေတည်း။ ရှေးပဝေသဏီက စ၍ ကမ္ဘာသူ ကမ္ဘာသားတို့သည် ပြဿနာတခုကို ကြုံတွေ့ရလျှင် ဤကဲ့သို့ပင် စုဝေးဆွေးနွေး ဖြေရှင်းခဲ့ကြပေသည်၊
လို့ ပြောခဲ့တာ တွေ့ရပါတယ်၊ ဒါကို သင်ကြားတဲ့ဆရာဆရာမတွေက နိုင်ငံ့အရေး ပြဿနာတွေကို တွေ့ဆုံ ဆွေးနွေး အဖြေရှာခြင်းကသာ ငြိမ်းချမ်းတဲ့ အဖြေတခု ပေးနိုင်တယ်ဆိုတဲ့အကြောင်း ကျောင်းသားတွေကို ဆက်စပ်ပြီး ရှင်းပြပေးနိုင်ပါတယ်၊

အဲဒီအပြင် ဗိုလ်ချုပ်အောင်ဆန်းက
ကျွန်ုပ်တို့လူမျိုးအတွက် သတ္တိဗျတ္တိနှင့် အံ့ဖွယ်ဘနန်း သက်စွန့်ကြိုးပမ်း အမှုထမ်းခဲ့ ကြသည့် မရေမတွက်နိုင်သော သွားလေသူ မျိုးချစ်ပုဂ္ဂိုလ်အပေါင်းတို့နှင့်တကွ ထိုပုဂ္ဂိုလ်တို့ ပေးအပ်ခဲ့သည့် အမွေအနှစ်တည်းဟူသော အာဇာနည်စိတ် စသည်တို့ကို ယခုအချိန် အခါ သတိရကြပေလိမ့်မည်၊ သို့ သတိရကြသည့်အားလျော်စွာ ထိုထိုသော အာဇာနည်ပုဂ္ဂိုလ်အပေါင်းတို့အား ကျွန်ုပ်တို့သည် ခဏတာမျှ အရိုအသေပြုပြီးလျှင် ထိုထိုသော အာဇာနည်ပုဂ္ဂိုလ်တို့ အဆင့်အတန်းကို မီအောင် အားထုတ်လုံးပမ်းမည်၊ ထိုထိုသော အာဇာနည်ပုဂ္ဂိုလ်တို့ လုပ်ငန်းကို ဆုံးခန်းတိုင် ဆက်လက်၍ ဆောင်ရွက်မည်ဟု သစ္စာပြုကြပါစို့… ၊
လို့ ပြောခဲ့တာလည်း တွေ့ရပါတယ်၊

အဲဒီနေရာမှာလည်း ဆရာဆရာမတွေဟာ ခေတ်အဆက်ဆက် ကိုယ်ကျိုးစွန့် အနစ်နာခံပြီး နိုင်ငံ့လွတ်လပ်ရေး အတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ အာဇာနည်သူရဲကောင်းတွေ ရှိခဲ့ကြောင်းကို နမူနာသာဓကတွေပြပြီး ရှင်းလင်း ပြောပြနိုင်ပါတယ်၊ အဲဒီအခါ ကျောင်းသားလူငယ်တွေဟာ လေးစားထိုက်သူကို လေးစားရကောင်းမှန်း။ အတုယူ ထိုက်သူကို အတုယူရ ကောင်းမှန်း။ အရိုအသေပေးထိုက်သူကို အရိုသေပေးရ ကောင်းမှန်း။ မြင်လာပြီး စိတ်အား တက်ကြွလာကြမှာဖြစ်ပါတယ်၊ အဲဒီအပြင် မြန်မာ့သမိုင်းတလျှောက်က အာဇာနည်ပုဂ္ဂိုလ်တွေကို အရိုအသေ ပေးရကောင်းမှန်းမသိသူတွေကိုပါ ပြစ်တင်ဝေဖန်တတ်လာမှာ ဖြစ်ပါတယ်၊ ဒါမှပဲ လူငယ်တွေအနေနဲ့ သူတို့ခေတ်မှာလည်း ကောင်းတဲ့သမိုင်းကြောင်းကို ဖန်တီးဖို့လိုတယ်ဆိုတာကိုပါ သတိပြုမိလာမှာ ဖြစ်ပါတယ်၊ ဒါကြောင့် ဒီ ပြည်သူ့ညီလာခံ စကားပြေကနေ ဆရာဆရာမတွေရဲ့ သင်ကြားမှုပေါ် မူတည်ပြီး ကျောင်းသား လူငယ်တွေဆီမှာ ပြည်သူလူထုအတွက် ကြိုးစားပေးလိုတဲ့ တိုင်းပြု ပြည်ပြု စိတ်တွေ ပေါက်ဖွားလာနိုင်ပါတယ်၊

ဗိုလ်ချူပ်အောင်ဆန်းက အဲဒီမိန့်ခွန်းမှာပဲ လွတ်လပ်ရေးရဖို့အတွက်ဆိုရင်မျက်စေ့တမှိတ် လျှပ်တပြက် အတွင်းမှာတော့ မရနိုင်။ အဆင့်ဆင့်အခြေအနေကို ကြည့်ရှုပြီး လုံးပန်းနိုင်မှ တိုးတက်အောင်မြင်မှုရှိနိုင်မယ် လို့လည်း ပြောခဲ့ပါတယ်၊ ဒါဟာ လူတိုင်း အမှန်တကယ် လွတ်လပ်ဖို့ လိုအပ်နေတဲ့ ခုလို အချိန်အခါမျိုးမှာ လူငယ်တွေ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရဖို့အရေးအတွက် စိတ်ရှည်ရှည်နဲ့ ကြိုးပန်းအားထုတ်စေဖို့ တွန်းအားပေးနိုင်တဲ့ အချက်ပဲ ဖြစ်ပါတယ်၊ အဲဒီအပြင် ဗိုလ်ချုပ်ဟာ လူတဦးတယောက်ကို အားကိုးပြီး ပြည်သူလူထုက ကိုယ့်ကိုယ်ကို အားမကိုးတော့ဘဲ နောက်လိုက်လုပ်ဖို့ကိုသာ စဉ်းစားမနေသင့်ဘူးလို့လည်း ပြောသွားပါတယ်၊ လွတ်လပ်ရေးဟာ လူတိုင်းနဲ့ သက်ဆိုင်တာမို့ လူတိုင်းက ဦးဆောင်ပြီး လွတ်လပ်ရေးရအောင် ကြိုးပမ်းဖို့လိုတယ် ဆိုတာကိုလည်း
သတ္တိဗျတ္တိရှိသူများကိုသာ အားမကိုးမူ၍ လူတိုင်းလူတိုင်းပင် မိမိတို့ကိုယ်တိုင် သတ္တိဗျတ္တိရှိသော သူရဲကောင်းများဖြစ်အောင် စွန့်စားရပေလိမ့်မည်။ သို့မှသာလျှင် ကျွန်ုပ်တို့အားလုံး လွတ်လပ်ရေး အစစ်ကို ခံစားခွင့်ရပေလိမ့်မည်…
လို့ ပြောထားပါတယ်၊

ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေးကြိုးပမ်းရာမှာ ခြေလှမ်းညီကြဖို့ အရေးကြီးကြောင်း အမျိုးသားညီညွတ်ရေး က အရေးပါကြောင်းတွေကိုလည်း ပြောခဲ့ပါတယ်၊ အဲဒါကို ကောက်နုတ်ချက်ထဲမှာ
အမျိုးသားညီညွတ်ရေး ဆိုသည်မှာ ခေါင်းဆောင်များသာ ညီညွတ်ခြင်းကို မဆိုလို၊ လူမျိုး ဘာသာ ယောက်ျား မိန်းမ ဂိုဏ်းဂဏ မရွေး။ တနိုင်ငံလုံး ပြည်သူပြည်သား လူထုတခုလုံး အပြောသာ မဟုတ်။ အလုပ်နှင့်တကွ အမျိုးသားတို့ အလို ဆန္ဒများကို ပြည့်ဝနိုင်ရန် အမျိုးသားတို့ လုပ်ငန်းများတွင် သောင်းသောင်းဖျဖျ စိတ်ရောကိုယ်ပါ ညီညွတ် ကြသည်ကို ဆိုလိုသည်…
လို့ တွေ့ရပါတယ်၊ ဒါဟာ လက်ရှိမျက်မှောက်ခေတ်လို လူမျိုးစုအချင်းချင်း နည်းအမျိုးမျိုးနဲ့ သွေးခွဲခံထားရတဲ့ မြန်မာနိုင်ငံက စာသင်သားလူငယ်တွေ သိသင့်သိထိုက်လှတဲ့ အချက်အလက်တွေပဲ ဖြစ်ပါတယ်၊

အချုပ်မှာတော့ ဗိုလ်ချုပ်အောင်ဆန်းက
ရဲဘော်တို့… ခြေလှမ်းမှန်မှန်နှင့် သွားနိုင်ရန် စိတ်ရောကိုယ်ပါ ပူးပေါင်းဆောင်ရွက်ကြလော့။ ကျွန်ုပ်တို့ လွတ်လပ်ရေးကို ကျွန်ုပ်တို့ မကြာမြင့်မီ ရရှိမည်ဟု တထစ်ချ ယုံကြည်ကြလော့၊ အပ္ပမာဒေန သမ္မာဒေထ၊
လို့ ပြောပြီး မိန့်ခွန်းကို နိဂုံးချုပ်ပါတယ်၊ မိန့်ခွန်းရဲ့ အဆုံးသတ်မှာ "အပ္ပမာဒေန သမ္မာဒေထ" လို့ ဆိုထားတာဟာ ဗုဒ္ဓရဲ့ တရားအဆုံးအမတို့ကို လိုက်နာသလို လွတ်လပ်ရေးအတွက် ကြိုးပမ်းမှုကိုလည်း မမေ့မလျော့ခြင်းနဲ့ ကောင်းစွာပြည့်စုံကြစေကုန်လော့လို့ အခိုင်အမာ သတိပေးတိုက်တွန်းလိုက်တာပဲ ဖြစ်ပါတယ်၊ ဒါဟာ ဗိုလ်ချုပ်ရဲ့ ရဲရဲတောက် ခိုင်မာ ပြတ်သားတဲ့ ယုံကြည်ချက်ကို အထင်အရှား မြင်တွေ့ရစေတဲ့ အပြင် ကျောင်းသား လူငယ်တွေရဲ့ စိတ်နှလုံးကိုပါ အားမာန်ပေးနိုင်စွမ်းရှိတဲ့ နိဂုံးစကားပဲ ဖြစ်ပါတယ်၊

ဗိုလ်ချုပ်ရဲ့ ဒီ မိန့်ခွန်း ကောက်နုတ်ချက်ကို သုံးသပ်မယ်ဆိုရင် လွတ်လပ်ရေးဆိုတာဟာ ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးပိုင်ခွင့်သာ ဖြစ်တာမို့ အဲဒီလွတ်လပ်ရေးရဖို့ ညီညီညွတ်ညွတ်နဲ့ အပြင်းအထန် ကြိုးစားကြရမယ်လို့ အားပေးတိုက်တွန်းထားတာကို တွေ့ရမှာဖြစ်ပါတယ်၊ ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးပိုင်ခွင့်ဆိုတာဟာလည်း ဒီမိုကရေစီစနစ်ရဲ့ အခြေခံသဘောသဘာဝ တခုပဲ ဖြစ်ပါတယ်၊ ဒါကြောင့် အခုလို ဒီမိုကရေစီနိုင်ငံ ထူထောင်နေပါတယ်ဆိုတဲ့ မြန်မာနိုင်ငံမှာတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ "ပြည်သူ့ညီလာခံ" မိန့်ခွန်း ကောက်နုတ်ချက်ဟာ ကျောင်းသားလူငယ်တွေအတွက် မဖြစ်မနေ သင်ကြားပေးသင့်တဲ့ သင်ခန်းစာတခုပဲ ဖြစ်ပါတယ်။

၂။၈။၀၈၊

No comments: