Friday, March 20, 2009

ခွင့်သာခိုက်မှ မလိုက်ချင်လျှင်...


လူငယ်တွေကို လိမ်မာယဉ်ကျေးပြီး အမြော်အမြင်ရှိစေတဲ့ ပညာရေးမျိုးကို ရဖို့အတွက် သင့်တော်တဲ့ သင်ခန်းစာ တွေဟာ များသောအားဖြင့် မြန်မာစာဘာသာရပ်သင်ရိုးထဲမှာ ရှိနေတာများပါတယ်၊ မြန်မာစာသင်ရိုးတွေဟာ ပုဂံခေတ်ကစလာတဲ့ စာပေယဉ်ကျေးမှု တွေကို ပြဌာန်းထားတာဖြစ်တဲ့အတွက် ခေတ်အဆက်ဆက် စာဆိုတွေ စာပေပညာရှင်တွေ မှတ်တမ်းတင်ခဲ့လေ့ရှိတဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံတွေ ရိုးရာအနုပညာတွေပါဝင်တဲ့ စာပေတွေ ဖြစ်ပါတယ်၊ အဲလိုစာပေတွေသင်ရခြင်းအားဖြင့် လူငယ်တွေဟာ အမျိုးဂုဏ် ဇာတိဂုဏ် နဲ့ စာပေ ယဉ်ကျေးမှုတွေရဲ့ တန်ဖိုးကို သိပြီး ယဉ်ကျေးလိမ်မာတဲ့ နိုင်ငံသားတွေအဖြစ် ကြီးပြင်းလာနိုင်မှာ ဖြစ်ပါတယ်၊

တကယ်တော့ နိုင်ငံတကာမှာက အစိုးရတိုင်းဟာ တိုင်းပြည်ရဲ့ ခေါင်းဆောင်ကောင်းတွေကို စာသင်ခန်းတွေ ကနေ မွေးထုတ်ပေးနေတယ်ဆိုတာကို သိနားလည်လက်ခံထားတာမို့ ကျောင်းသားလူငယ်တွေ စာသင်ခန်း ကနေ တတ်သိ လိမ်မာမှုတွေ ရသွားအောင် ကျောင်းပညာရေးထဲမှာ သင်ခန်းစာကောင်းတွေ ရှာဖွေ ရွေးချယ် ပြဋ္ဌာန်းနေကြတာ တွေ့ရပါတယ်၊ မြန်မာနိုင်ငံမှာကတော့ စစ်အစိုးရဟာ အခြေခံပညာအထက်တန်း ကျောင်းသားလူငယ်တွေအတွက် တကယ်လိုအပ်တဲ့ သိသင့်သိထိုက်တဲ့ သင်ခန်းစာကောင်းတွေကို အကြောင်းပြချက် တစုံတရာမပေးဘဲ ဖြုတ်ပယ်ပစ်တာတွေကို လုပ်နေတဲ့အကြောင်း ရှေ့အပတ်စဉ်တွေမှာ ပြောခဲ့ပြီးပါပြီ၊ ဒီတပတ်တော့ မြန်မာစာသင်ရိုးထဲက တန်ဖိုးရှိတဲ့ သင်ခန်းစာတချို့ကို ဖြုတ်ပစ်နေတဲ့ အထဲက လယ်တီဆရာတော်ဘုရားကြီးရဲ့ ခွင့်သာခိုက်မှ မလိုက်ချင်လျှင် ကဗျာနဲ့ ပတ်သက်ပြီး ပြောပြချင်ပါတယ်၊

လယ်တီဆရာတော်ဟာ ကုန်းဘောင်ခေတ် နောက်ပိုင်း မြန်မာနှစ်(၁၂၀၈)ခုနှစ်။ ခရစ်နှစ် ၁၈၄၈ခုနှစ်မှာ ဖွားမြင်ခဲ့ပြီး ဒီပဲယင်းမြို့နယ် စိုင်ပြင်ရွာဇာတိ ဖြစ်ပါတယ်၊ မုံရွာမြို့မှာ လယ်တီကျောင်းတိုက်ကြီးကို တည်ထောင် ပြီး စာပေပို့ချ သီတင်းသုံးခဲ့တာကြောင့် လယ်တီဆရာတော်လို့ ကျော်ကြားခဲ့ပါတယ်၊ ဆရာတော်ကြီးဟာ ပါဠိဘာသာ၊ မြန်မာဘာသာတို့နဲ့ ဒီပနီကျမ်းပေါင်းများစွာကို ပြုစုခဲ့ပါတယ်၊ ဆုံးမစာ တေးကဗျာတွေလည်း ရေးဖွဲ့ ခဲ့ပြီး နွားမေတ္တာစာ၊ သေရည်မေတ္တာစာတွေက ထင်ရှားပါတယ်၊ ဆရာတော်ကြီးက ခက်ခဲတဲ့ ပိဋကတ် ကျမ်းစာတွေကိုတောင် သာမန်လူတွေ အလွယ်တကူ နားလည်အောင် ရေးစွမ်းနိုင်တဲ့ ပညာရှင်ကြီးလည်း ဖြစ်ပါတယ်၊

အဲဒီအပြင် အင်္ဂလိပ်အစိုးရလက်ထက်မှာ ပထမဆုံး အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော် နဲ့ ရန်ကုန်တက္ကသိုလ်က ဂုဏ်ထူးဆောင် စာပေပါရဂူ(D.litt)ဘွဲ့တွေကို ဆက်ကပ်ခံရပါတယ်၊ အဲလို ပညာကျော်စာဆိုကြီးရဲ့ ကဗျာကို စစ်အစိုးရက ၂၀၀၈-၂၀၀၉ ပညာသင်နှစ်ကစလို့ အခြေခံပညာအထက်တန်း မြန်မာစာသင်ရိုးထဲကနေ ဖြုတ်ပစ် လိုက်တာ ဖြစ်ပါတယ်၊ ဒီ “ခွင့်သာခိုက်မှ မလိုက်ချင်လျှင်” တေးထပ်နဲ့ ပတ်သက်ပြီး ပြဌာန်းစာအုပ်ထဲမှာ
ဆရာတော်ရဲ့ အရေးအဖွဲ့ ကောင်းမှုကြောင့် ဆရာတော်ကိုယ်တိုင် ဆုံးမနေသကဲ့သို့ အသက်ဝင်လာရသည်၊ လောကုတ္တရာရေးအတွက် ဖွဲ့ဆိုသော်လည်း လောကီအရေး အတွက်လည်း သင်ခန်းစာယူနိုင်သော တေးထပ်ဖြစ်သည်၊

လို့ ဖော်ပြ ညွှန်းဆိုခဲ့တာ တွေ့ရပါတယ်၊ ဒါကြောင့် ဆရာတွေဟာ စာသင်ခန်းမှာ စာဆိုဆရာတော့်ကြီး အကြောင်းပြောရင်း မြန်မာနိုင်ငံသမိုင်းကြောင်းထဲမှာ ရဟန်းတော်များဟာ လောကလူ့ဘောင်အတွက် ကောင်းကျိုးချမ်းသာကို လိုလိုလားလား ထမ်းရွက်ခဲ့ကြသူများ ဖြစ်တယ်ဆိုတာကို ထည့်သွင်းဆက်စပ်ပြီး ပြောပြ နိုင်ပါတယ်၊ ဒါမှပဲ ကျောင်းသားလူငယ်တွေက ရဟန်းတော်များရဲ့ လူထုအပေါ် တာဝန်ကျေမှုတွေကို သတိပြုမိ လာပြီး ဘာသာရေးရဲ့ အထိန်းအကွပ်ကို လက်ခံတတ်လာမှာပဲ ဖြစ်ပါတယ်၊

တကယ်တော့ ဆရာတော်ရဲ့“ခွင့်သာခိုက်မှ မလိုက်ချင်လျှင်” တေးထပ်ဟာ လူတွေ စွဲလန်းတတ်တဲ့ အဆင်း၊ အသံ၊ အနံ့၊ အတွေ့၊ အရသာ ဆိုတဲ့ အာရုံငါးပါးကို အလွန်အမင်း မတပ်မက်ဖို့ မစွဲလန်းဖို့ သတိပေးတဲ့ ကဗျာ ပါပဲ၊ ဗုဒ္ဓဘာသာဝင်တွေရဲ့ ယုံကြည်မှုအရ အာရုံငါးပါးမှာ စွဲလန်းလွန်းရင် ငရဲကျမယ်ဆိုတာကို သတိပေးပြီး အဲဒီ စွဲလန်းမှုကို ရှောင်နိုင်ဖို့အတွက် တရားဘက်ကို လိုက်ရမယ်လို့ လောကုတ္တရာရေးအတွက် သတိပေးထားတာ ပါပဲ၊ အဲလိုသတိပေးရာမှာ
သည်လောဘ စရိုက်အိုကို
မလိုက်လို ရှောင်ပစ်လို့
နောင်အသစ် တကယ်ပြင်လျှင်
ကောင်းဖို့အစဉ်၊
လို့ ဆရာတော်က ရေးဖွဲ့ထားတာမှာ လောဘအခြေခံတဲ့အကျင့်ဟောင်းတွေကို ပြင်ရင်ကောင်းတယ်လို့ လမ်းညွှန်ထားတာမို့ လောကီရေးမှာလည်း အသုံးဝင်တဲ့ ကဗျာဖြစ်နေတာ တွေ့ရပါတယ်၊ ဒါဟာ လူငယ်တွေ ရော လူကြီးတွေပါ သင်ခန်းစာ ယူသင့်တဲ့ အကြောင်းအရာလည်း ဖြစ်ပါတယ်၊

အဲဒီအပြင် ဆရာတော်က လူတိုင်းလူတိုင်း အချိန်ရခိုက် အခွင့်အရေးရခိုက်မှာ အမှားကို သိပြီး အမှန်ပြင်ဖို့ အားထုတ်သင့်ကြောင်း။ အချိန်ရှိခိုက်မှာမှ အမှားပြင်ဖို့ လုံ့လ မစိုက်ခဲ့ဘူးဆိုရင် မိုက်မဲရာကျမှာဖြစ်ပြီး ဘ၀မှာ အရှုံးနှင့်သာ ရင်ဆိုင်ရနိုင်ကြောင်းကိုလည်း
ခွင့်သာခိုက်ကမှ မလိုက်ချင်လျှင်
အမိုက်နင့်ပြင် ရှိသေးလေလိမ့်လား၊
ခွင့်သာဆဲကမှ မခဲချင်လျှင်
အလွဲနင့်ပြင် ရှိသေးလေလိမ့်လား၊
ခွင့်သာတုန်းကမှ မရုန်းချင်လျှင်
အရှုံးနင့်ပြင် ရှိသေးလေလိမ့်လား၊
လို့ ရေးဖွဲ့ပြီး ဆုံးမခဲ့တာ တွေ့ရပါတယ်၊

ဆရာတွေအနေနဲ့ “ခွင့်သာခိုက်မှ မလိုက်ချင်လျှင်” တေးထပ်ကို စာသင်ခန်းမှာ သင်မယ်ဆိုရင် ကျောင်းသား လူငယ်တွေကို ဒီကဗျာ သင်ခန်းစာနဲ့ ပတ်သက်ပြီး ဆက်နွယ် ပြောပြနိုင်တာတွေ အများကြီး ရှိနေတာပါ၊ လောက လူ့ဘောင်က သတ်မှတ်ထားတဲ့ အမှားတွေအကြောင်း ပြောပြပြီးတော့ အမှားကို အချိန်မီ ပြင်ဆင် သင့်ကြောင်း လမ်းညွှန်နိုင်ပါတယ်၊ အဲဒီအပြင် အခွင့်အရေးရတဲ့အခိုက် လောကကောင်းကျိုးကို သယ်ပိုးဖို့။ မကောင်းမှုတွေကို ရှောင်ကျဉ်ဖို့။ အခွင့်သာတုန်းမှာ မကောင်းမှုထဲက ရုန်းထွက်ဖို့ ကြိုးစားနိုင်ကြောင်းတွေကို လူငယ်တွေ ကြုံရလေ့ရှိတဲ့ အဖြစ်အပျက်တွေနဲ့ ဥပမာပေးပြီး ဆက်နွယ် ပြောပြနိုင်ပါတယ်၊

ပညာရေးနဲ့ ပတ်သက်ပြီးတော့ ကျောင်းတွေများများဖွင့်ရင် ထောင်တံခါးတွေ များများ ပိတ်တာနဲ့ အတူတူပဲ လို့ လက်ခံထားကြပါတယ်၊ ဒီနေ့ ကမ္ဘာမှာက ကိုယ့်နိုင်ငံ ကိုယ့်ဝန်းကျင်မှာ လူဆိုးလူမိုက်တွေ လျော့နည်းဖို့။ ပြီးတော့ လူလိမ်မာ နိုင်ငံသားကောင်း တွေ တိုးပွားလာစေဖို့အတွက် အစိုးရတွေက ကျောင်းကောင်းတွေ များများဖွင့်နိုင်ဖို့ကို စီမံကိန်းတွေနဲ့ စနစ်တကျ ကြိုးပမ်း ဆောင်ရွက်နေကြတာပါ၊ မြန်မာ နိုင်ငံမှာသာ အရည်အသွေးပြည့် အဆင့်မီကျောင်းတွေ မဖွင့်နိုင်သေးတဲ့အပြင် ခုချိန်မှာတော့ ကျောင်းသား လူငယ်တွေအတွက် တကယ်လိုအပ်တဲ့ သင်ခန်းစာကောင်းတွေကိုတောင် မသင်ရအောင် ဖျောက်ဖျက်ပစ် နေပါတယ်၊

လယ်တီဆရာတော်ဘုရားကြီးဟာ မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်တို့အတွက် ဂုဏ်ယူစံပြုစရာ သံဃာတော်ကြီး ဖြစ်တဲ့အပြင် ဆရာတော်ကြီးရဲ့ အဆုံးအမ အဆိုအမိန့် တွေဟာလည်း လိုက်နာကျင့်ကြံရမယ့် နည်းနာကောင်း တွေ ဖြစ်တယ်ဆိုတာ ဒီ “ခွင့်သာခိုက်မှ မလိုက်ချင်လျှင်” တေးထပ်တပုဒ်ထဲမှာတောင် အထင်အရှား တွေ့နိုင်ပါတယ်၊ ဒါကြောင့် ဒီလို ဆရာတော်ကြီးရဲ့ စာပေလက်ရာနဲ့ အတ္ထုပတ္တိကို မျိုးဆက်သစ်လူငယ်တွေ သိစေဖို့ဆိုရင် ကျောင်းသင်ခန်းစာတွေထဲ ပြဌာန်းပြီး လေ့လာနာယူစေရမှာပဲ ဖြစ်ပါတယ်၊ အဲဒါကြောင့် ဆရာတွေအပါအ၀င် လူကြီးမိဘတွေအနေနဲ့ မျိုးဆက်သစ်လူငယ် ကျောင်းသားတွေ သိသင့်သိထိုက်တဲ့ ပုဂ္ဂိုလ်ကျော်တွေ။ စာပေယဉ်ကျေးမှုတွေကို လက်ဆင့်ကမ်းပြောပြသွားရမယ့် တာဝန်ရှိနေပြီ ဆိုတာကို ဆွေးနွေး တင်ပြချင်ပါတယ်။


No comments:

Building Knowledge Economies စာတမ်း(၅)

ကမ္ဘာ့ဘဏ် ဖွံ့ဖြိုးတိုးတက်မှု လေ့လာရေးအဖွဲ့ရဲ့ ၂၀၀၇ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ စာတမ်းပါ Building Knowledge Economies ပညာရေးဆိုင်ရာ အကြံပြုချက် မ...