Friday, September 14, 2007

ကျူရှင်ပြဿနာ(၂)

မြန်မာနိုင်ငံရဲ့ ပညာရေးနဲ့ ပတ်သက်ရင် ကျူရှင်ဟာ ထင်ထင်ရှားရှား ကြီးစိုးနေတဲ့ ကျောင်းပြင်ပ ပညာရေး တစ်မျိုးပါပဲ။ သူငယ်တန်းကနေ စပြီး မဟာတန်းတက်တဲ့အထိ ကျောင်းသားတွေရဲ့ ကျောင်းသင်ပညာရေးတွေနဲ့ အတူ ကျူရှင်ကလဲ ထပ်ချပ်မကွာ လိုက်ပါနေ တာပါ။ တကယ်တော့ ကျူရှင်ဟာ ကောင်းကျိုးရော ဆိုးကျိုးပါ ပေး တဲ့ ပညာရေးတစ်မျိုး ပါပဲ။

မြန်မာနိုင်ငံမှာက ငွေကြေးတတ်နိုင်တဲ့ မြို့ပေါ်နေ လူတန်းစားမိဘတွေက သူတို့ရဲ့ ကလေးတွေကို အသက် ၃နှစ် လောက်ကတည်းက မူကြိုပို့တဲ့ အလေ့အထ ရှိပါတယ်။ အများစုကတော့ မိဘနှစ်ပါးစလုံး အလုပ်လုပ် ရတဲ့အတွက် ကလေးတွေကို ကျောင်း စောစော ပို့ကြရတာပါပဲ။ အခုခေတ် မူကြိုတွေက ကျောင်းလခ များများ ယူပြီး စာကိုလည်း အပြိုင်အဆိုင်သင်ကြတာမို့လို့ ကလေးတွေဟာ ကျောင်းကြီးမနေခင်မှာဘဲ စာတတ်နေ ကြ ပါပြီ။ ဒါကြောင့်ပဲ မြို့ပေါ်က သူငယ်တန်းဆရာတွေဟာ စာသိပ်သင်စရာ မလိုတော့ဘဲ ကလေးတွေအနေနဲ့ စာတွေကို ဘယ်လောက် အလွတ်ရသလဲ ဆိုတာကို ကြည့်ပြီး အလွတ်ကျက်စွမ်းရည် တက်လာအောင် လေ့ကျင့် ပေးရတာလောက်ပဲ ရှိတော့တာပါ။

အဲဒီအခါမှာ ကလေးတွေအနေနဲ့ စာကို ၏..သည် မလွဲ ရွတ်နိုင်ပြီး၊ ဆရာ ဆရာမက အကဲဖြတ် အမှတ် ကောင်းကောင်း ပေးလိုက်ရင် အဆင့်ကောင်းကောင်း ရနိုင်တာပါပဲ။ အဲလိုနဲ့ ကလေးတွေဟာ အလွတ် ကျက် နိုင်စွမ်းချင်း တူတဲ့အခါမှာတော့ ဆရာ ဆရာမ လက်ထဲက အကဲဖြတ်အမှတ်ကို ပို ရနိုင်ဖို့အတွက် အတန်းပိုင် ဆရာ ဆရာမရဲ့ ကျူရှင်ဆီ ကို အလုအယက် ပြေးကြရတော့တာပါ။

ဒီလိုနဲ့ပဲ မြန်မာနိုင်ငံက ကလေးတွေဟာ တက္ကသိုလ်ရောက်တော့လည်း ကိုယ်ရွေးချယ်တဲ့ ဘာသာရပ်နဲ့ သက်ဆိုင်တဲ့ ကျူရှင်တွေ ယူကြရပြန်ပါတယ်။ အထူးသဖြင့်တော့ ကျောင်းသားတွေကိုယ်တိုင် အတန်းမှာ မပျော်တာနဲ့ ဆရာ ဆရာမ တချို့ရဲ့ အဂတိ လိုက်စားမှုတွေကြောင့် တက္ကသိုလ်မှာ ကျူရှင်တွေ ကျိတ်ဝိုင်းတွေ ရှိလာတာပါ။ ၂၀၀၀-၂၀၀၁ ပညာသင်နှစ်ကစပြီးတော့ တက္ကသိုလ်မှာ ပြက္ခဒိန်နှစ်တစ်နှစ်ကို စာသင်နှစ် ၂နှစ် လုပ်လိုက်ပါတယ်။ ပြီးတော့ အတန်းတစ်တန်းကို ၆လတက်ပြီး စာသင်နှစ်တစ်နှစ်လို့ သတ်မှတ် လိုက်ပါတယ်။ အဲဒီအပြင် ၀ိဇာသိပ္ပံ တက္ကသိုလ်တွေရဲ့ ပုံမှန် လေးနှစ်သင် ကာလကို ၃နှစ်သင်ကာလအဖြစ် သတ်မှတ်လိုက် ပါတယ်။

အဲဒီအခါမှာ စတုတ္ထနှစ်သင်ရိုး တချို့ကို တတိယနှစ်သင်ရိုးထဲ ထည့်သင်ရပါတယ်။ တတိယနှစ် သင်ရိုးတချို့ကို ဒုတိယနှစ်သင်ရိုးထဲ ပေါင်းထည့်ပြီး သင်ရပါတယ်။ ဒီလိုပဲ ပထမနှစ် သင်ရိုးထဲလည်း ဒုတိယနှစ်သင်ရိုးတချို့ကို ထည့်သင်ရပါတယ်။ ဒါကြောင့် သင်ရိုးကသာ ပိုများလာပြီး သင်ရမယ့်အချိန်က နည်းသွားတာကြောင့်မို့၊ တကယ် သင်ပြီဆို ရင် စာသင်နှစ်နဲ့အညီ စာမပြီးနိုင်ပါဘူး။ ဒါပေမဲ့ သင်ရိုးကုန် အပြီး သင်ရမယ် ဆိုတဲ့ အမိန့်က ရှိနေ တော့၊ ဆရာတွေအနေနဲ့ မရရအောင် အချိန်လုပြီး သင်ကြရတာမို့လို့ စံမီတဲ့ ပညာရေး မဖြစ်နိုင်တော့ပါဘူး။ ဆရာ ဆရာမရော ကျောင်းသား ကျောင်းသူတွေပါ ထိခိုက်နစ်နာတဲ့ စနစ်ပါပဲ။

၂၀၀၃-၂၀၀၄ ပညာသင်နှစ်ရောက်တော့ ပြက္ခဒိန်နှစ် တစ်နှစ်မှာ စာသင်နှစ် ၃နှစ်ကို အပြိုင် ဖွင့်တာမို့ ဆရာ ဆရာမတွေဟာ စာမေးပွဲတွေ စစ်ဆေးပေးရတဲ့အလုပ်တွေနဲ့ သိပ်ပင်ပန်းကြရပါတယ်။ အဲဒီအခါ သင်ကြားရေး ထဲမှာ ပိုပြီး အားလျော့ လာပါတယ်။ ဒီလိုနဲ့ ကျောင်းသားတွေဘက်ကလဲ ဒီပြဿနာကို ကျူရှင်နဲ့ပဲ ဖြေရှင်းရ ပါတော့တယ်။ ဒါကလည်း တက္ကသိုလ်ပညာရေးထဲထိ ကျူရှင်စနစ် ထွန်းကားလာရတဲ့ အကြောင်းရင်း တစ်ခု ဖြစ်ပါတယ်။

၂၀၀၄-၂၀၀၅ပညာသင်နှစ်ရဲ့ တက္ကသိုလ် အတန်းတင် စာမေးပွဲမှာဆိုရင် ကိုယ့်နိုင်ငံရဲ့ ရုံးသုံး ဘာသာစကား ဖြစ်တဲ့အပြင်၊ ကိုယ်နဲ့ နေ့စဉ် ထိတွေ့နေရတဲ့ မြန်မာစာဘာသာ ကိုတောင်မှပဲ တရားဝင်အောင်မှတ် ၅၀ကို အောင်တဲ့ သူ မရှိတဲ့အတွက် ၂၅မှတ်အထိ လျှော့ချ ပေးခဲ့ရပါတယ်။ ဒါတောင်မှပဲ အကျအရှုံး များနေသေး တာမို့ လို့ နောက်ဆက်တွဲ စာမေးပွဲ (Supplementary Exam) စစ်ပေးရပါတယ်။ အဲဒီမှာ ဆပ်ပလီ ဖြေကြရတဲ့ ကျောင်းသား ကျောင်းသူ ၈၀ရာခိုင်နှုန်းထိ ရှိပါတယ်။ ဒါပေမဲ့ အဲဒီ နောက်ဆက်တွဲ စာမေးပွဲကိုပါ အကျများ နေ သေး တာကြောင့် နောက်ဆက်တွဲ စာမေးပွဲတွေကို ဒုတိယ အကြိမ် တတိယအကြိမ်တွေအထိ ၃ခါ စစ်ပေးခဲ့ ရပါ တယ်။

နောက်ဆုံးတော့ အောင်ချက်နှုန်း ကောင်းကောင်း ပြနိုင်ရမှာမို့လို့ ဖြစ်တဲ့နည်းနဲ့ အအောင် ပေးလိုက်ရတာပါပဲ။ ဒါကို ကျောင်းသားတွေဘက်ကလည်း သိနေတာကြောင့် စာမေးပွဲကို အရေး မထားတော့ပါဘူး။ ရေးဖြေစရာ စာရအောင် ကျူရှင်တွေဆီ သွားလိုက်ရင် ပြီးတာပဲလို့ သဘောထား လာကြပါတယ်။ ဒီနေရာမှာ အာဏာပိုင် တွေရဲ့ အအောင်ပေး ရေး မူ ကို အသုံးချပြီး၊ လှေကြုံလိုက်တဲ့ ဆရာ ဆရာမ တချို့ကြောင့်လည်း လာဘ်ယူဖို့ ကိုသာ ဦးတည်ပြီး တကယ်တမ်းမှာ စာတတ်အောင် သင်မပေးတော့တဲ့ ကျူရှင်တွေလည်း ရှိလာပါတယ်။ ဒါကြောင့် အခု ၂၀၀၆ ခုနှစ်မှာတော့ တက္ကသိုလ်တွေမှာ နောက်ဆက်တွဲ စာမေးပွဲကို တစ်ကြိမ်ပဲ ခွင့်ပြုပြီး ကျူရှင် ကိစ္စတွေကိုလည်း သေချာ စိစစ်ပြီး ကိုင်တွယ်ရမယ်လို့ ပညာရေးဝန်ကြီး ဒေါက်တာချမ်းငြိမ်းက ညွှန်ကြား ထား ပါတယ်။

မြန်မာနိုင်ငံရဲ့ တက္ကသိုလ် ပညာရေး သမိုင်းမှာတော့ ၂၀၀၀ ခုနှစ်ကနေ ၂၀၀၅ ခုနှစ် ထိ ဟာ အရည်အသွေး အကျဆင်းဆုံး နှစ်တွေလို့ ပြောရမှာပါ။ လစာနဲ့ စားဝတ်နေရေး မလုံလောက်မှုတွေကြောင့် ဆရာ ဆရာမတွေ ဘက်က သင်ကြားရေးမှာ ပေါ့လျော့လာ သလိုပဲ၊ မိဘတွေရဲ့ ဘက်စုံ အကျပ်အတည်းကြောင့် သားသမီးရဲ့ အခြေ အနေမှန်ကို သေချာ ဂရုမစိုက်နိုင်တော့တာတွေကလည်း လူငယ်တွေရဲ့ ပညာရေးကို ထိခိုက်စေပါ တယ်။ ပြီးတော့ တက္ကသိုလ်တွေရဲ့ ၀န်းကျင်မှာ ပေါ်ပေါ်ထင်ထင် ရှိနေတဲ့ မူးယစ်ဆေးဝါးနဲ့ လောင်းကစား တွေကြောင့်လည်း ကျောင်းသားကျောင်းသူတွေဟာ ကျောင်းပညာရေးမှာ အရည်အသွေး ကျလာပါတယ်။ နောက်ဆုံးတော့ ကျူရှင်ဆိုတာကလည်း ဆရာ ဆရာမ ကို အပိုင်ကိုင်ပြီး စာမေးပွဲအောင်ဖို့ အတွက်သာ ဖြစ်ပြီး တော့ စာတတ်ဖို့ဆိုတဲ့ ရည်ရွယ် ချက် မပါတော့သလောက် ဖြစ်လာပါပြီ။

တကယ်တော့ မြန်မာနိုင်ငံလို ပြည်သူလူထုတွေ ဆင်းရဲတဲ့ နိုင်ငံမှာ ကျူရှင်ယူစရာ မလိုဘဲနဲ့ ပြည့်စုံတဲ့ ကျောင်း ပညာရေးပဲ ဖြစ်သင့်တာပါ။ ဒါပေမဲ့ အခြေအနေ အမျိုးမျိုး ကြောင့် ကျောင်းပညာရေးကို သေသေချာချာ မရနိုင် တဲ့အခါမှာတော့ ကျောင်းသူ ကျောင်းသားတွေ အနေနဲ့ ကျူရှင်ကို ကျောင်းပြင်ပ ပညာရေးတစ်ခု အနေနဲ့ သေသေ ချာချာ ကြိုးစား သင်ယူဖို့ပဲ ရှိပါတော့တယ်။ အဲလိုပဲ ဆရာ ဆရာမတွေ ဘက်ကလည်း အပို ငွေကုန် ခံပြီး ကျူရှင်ယူကြရတဲ့ ကလေးတွေကို အတတ်နိုင်ဆုံး ပညာသင် ပေးသင့် သလို ကျူရှင်မယူနိုင်တဲ့ ကလေး တွေကိုလည်း ကျောင်းစာသင်ခန်းထဲမှာ တကယ် ပညာတတ်အောင် သင်ပေးကြရမှာ ဖြစ်ပါတယ်။

မေငြိမ်း
၂၀၀၆၊သြဂုတ်၂၀။

No comments: