Thursday, September 13, 2007

သင်ကြားနည်းပြဿနာ

ပညာရေးစံနစ်တစ်ခုအတွက် နောက်ထပ် အရေးကြီးဆုံး လိုအပ်ချက်တခုဖြစ်တဲ့ သင်ကြားနည်းနဲ့ ပတ်သက်ပြီး ဆွေးနွေးချင်ပါတယ်။
သင်ကြားနည်းနဲ့ ပတ်သက်ရင် မြန်မာနိုင်ငံမှာ အထင်ကရ အဖြစ်ဆုံး ပညာရေးတက္ကသိုလ်မှာ သင်ကြားနည်း စနစ်တွေ ပို့ချနေတာ ရှိပါတယ်။ ပြီးတော့ ပညာရေးကောလိပ်တွေ၊ ဆရာဖြစ် သင်တန်းကျောင်းတွေ ရှိပါတယ်။ ဒါကြောင့် ဆရာ ဆရာမတွေ အနေနဲ့ စနစ်ကျတဲ့ နည်းပညာတွေကို သိကြရ ပါတယ်။ ဒါပေမဲ့ မြန်မာပြည်မှာက သိတာ တခြား အသုံးချတာ တခြား ဖြစ်နေတာကြောင့်ရော သင်ယူရတဲ့ နည်းပညာတွေက ဟောင်းနွမ်းနေတဲ့ အတွက်ကြောင့်ရော အဲဒီ ပညာရေးတက္ကသိုလ်က ဆင်းတဲ့ ဆရာဆရာမတွေရဲ့ သင်ကြားနည်းတွေဟာ ကျောင်းသား ကျောင်းသူတွေ အတွက် အတော်ကို လွဲချော်နေပါတယ်။ ဒါကြောင့်ပဲ မြန်မာနိုင်ငံမှာ ကလေးတွေ ရဲ့ ပညာရည် အဆင့်ဟာ တစ်နေ့ထက် တစ်နေ့ ထိုးကျလာတာ ဖြစ်ပါတယ်။

တကယ်တမ်းကျတော့ မြန်မာနိုင်ငံ ပညာရေး သုတေသနဌာန က အခြေခံ ပညာရေးအဆင့်နဲ့ ပတ်သက်ပြီး သင်ကြားနည်း စနစ်တွေ ပညာရေးကဏ္ဍ လိုအပ်ချက်တွေကို ကွင်းဆင်း လေ့လာပြီး သုတေသနပြုတာတွေ ရှိပါတယ်။ ဒါပေမဲ့ ဆရာ ဆရာမတွေ အနေနဲ့ ခေတ်အခြေအနေရဲ့ တွန်းပို့မှုနောက်ကို မျောပါနေကြတာမို့လို့ စာတွေ့နဲ့ လက်တွေ့ ကင်းကွာရတဲ့ ပြဿနာရှိတဲ့အတွက် ပညာရေးသုတေသနဌာနရဲ့ လေ့လာတွေ့ရှိချက်တွေ နဲ့ ပညာရေး တက္ကသိုလ်က ပို့ချတဲ့ နည်းနာတွေဟာ တကယ့် သင်ကြားရေး နယ်ပယ်ထဲကို ရောက်မလာပါဘူး။ ဆရာ ဆရာမတွေ လက်သင့်သလို သင်နည်းတွေနဲ့ပဲ ကလေးများက ထိတွေ့ခွင့် ရကြတာပါ။

ဒါကြောင့်ပဲ ပညာရေးတက္ကသိုလ်ကျောင်းက ဆရာဆရာမတွေ လက်တွေ့တန်းပြ ဆင်းရတဲ့ ပညာရေး တက္ကသိုလ် လေ့ကျင့်ရေးကျောင်းမှာတောင်မှပဲ နိုင်ငံတကာ ပညာရေး စံနစ်တွေမှာ အောင်အောင်မြင်မြင် ကျင့်သုံးနေတဲ့ စာသင်သား ဗဟိုပြု သင်ကြားနည်း (Student centered teaching) တနည်းအားဖြင့် ကလေး ဗဟိုပြု သင်ကြားနည်း ကို အခု ၂၀၀၄-၂၀၀၅ ပညာသင်နှစ်ထိတောင် မသုံးကြသေးတာကို တွေ့ရ ပါတယ် ။

စာသင်သား ဗဟိုပြု သင်ကြားနည်းဟာ နိုင်ငံတကာမှာ ၁၉၆၀ နောက်ပိုင်းက စပြီး သေသေချာချာ ဥပဒေပြုပြီး တရားဝင် သုံးလာကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ကတော့ ကမ္ဘာပေါ်မှာ အများကြီး ခေတ်နောက်ကျ ကျန်ခဲ့ပြီ ဖြစ်တဲ့ ဆရာကသာ အစဉ်တစိုက် ညွှန်ကြားတဲ့ ဆရာဗဟိုပြုသင်ကြားနည်း (Teacher centered teaching) တနည်းအားဖြင့် ဆရာကသာ တောက်လျှောက် ဦးဆောင် ပို့ချသွားတဲ့ (Teacher directed instruction) သင်ကြားနည်းကိုသာ ခုချိန်ထိ မူလတန်းကနေ စပြီး ဘွဲ့လွန်တန်း တွေထိအောင် သုံးနေ တုန်းပါ ပဲ။

ဥပမာ ပြောပြရရင် ရန်ကုန် ပညာရေး တက္ကသိုလ် လေ့ကျင့်ရေးကျောင်းက မူလတန်း ကလေးတစ်ယောက်ရဲ့ သင်ခန်းစာထဲမှာ ဈေး၌ တွေ့ရသော ပန်းငါးမျိုး ဆိုတဲ့ ခေါင်းစဉ်အောက်မှာ (၁)နှင်းဆီပန်း (၂) စပယ်ပန်း (၃) ခရေပန်း (၄) ပိန်းပန်း (၅)သစ်ခွပန်း လို့ ဆရာမက သင်ထားတာကို ကလေးက ပန်းတစ်မျိုးမျိုး လွဲပြီး ဂန္ဓမာပန်း တို့ သစ္စာပန်းတို့ ထည့်ဖြေ မိရင် အဲဒီအတွက် အမှတ် လျော့ပါတယ်။ ပိုဆိုးတာ ကတော့ နံပါတ်စဉ် မှားပြီး ဖြေမိ ရင်လဲ အမှတ် လျော့ ပါ တယ်။ အဲလောက်တောင် လွဲချော်တဲ့၊ ကလေးတွေရဲ့ စဉ်းစားသိမှုကို ပျက်စီးစေတဲ့ သင်နည်း နဲ့ အရည်အချင်း စစ်ဆေးနည်းကို ခုချိန်ထိ မြန်မာနိုင်ငံရဲ့ ကျောင်းတွေမှာ သုံးနေတုန်းပါပဲ။

အဲဒီလို ကလေးတွေကို ဆင်ခြင်ဥာဏ် မသုံးတတ်စေတဲ့အပြင် ကိုယ်ရည် ကိုယ်သွေး ကျဆင်းရေးကိုပါ ဦးတည် တဲ့ သင်ကြားနည်းမျိုးကို မြန်မာနိုင်ငံရဲ့ ပညာရေးမှာ စံပြ လို့ဆိုတဲ့ ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်း မှာတောင်မှပဲ အခြေခံပညာ ကနေ အခြေခံပညာ အထက်တန်းဆင့် ထိအောင် သုံးနေတာဟာ ကလေးတွေ အရည်အချင်း မပြည့်မီရခြင်းရဲ့ အကြောင်းရင်း တစ်ခုပါပဲ။ ဒါနဲ့ ပတ်သက်ပြီး ၂၀၀၅ ပညာသင်နှစ်မှာ ပညာရေး တက္ကသိုလ် လေ့ကျင့်ရေးကျောင်းရဲ့ (၈)တန်းအဆင့်မှာ ပညာသင်ခဲ့တဲ့ ကျောင်းသားတစ်ယောက်က ခုလို ပြောထားပါတယ်။
လပတ်စစ် အကဲဖြတ် စာမေးပွဲရဲ့ မြန်မာစာမေးခွန်းမှာ ကဗျာတစ်ပုဒ်ကို စကားပြေပြန်ပါ လို့ မေးထားတာကို ဆရာမပေးတဲ့ မှတ်စုအတိုင်း တသဝေ မတိမ်း မရေးဘဲ ကိုယ် နားလည်သလို ရေးပြီး ဖြေခဲ့ပါတယ်။ ကဗျာမှာပါတဲ့ အချက်အလက်အားလုံးလည်း မလွဲမချော် မှန်ပါတယ်။ ဒါပေမဲ့ သူပေးတဲ့ မှတ်စုအတိုင်းမဟုတ်တဲ့အတွက် ဆရာမက ပေးရင်းမှတ် ၁၀မှတ်ရှိတာမှာ ၃မှတ်ပဲ ပေးပါ တယ်။ ပြီးတော့ ဆရာမ ပေးတဲ့အတိုင်း မဖြေတဲ့အတွက် ကျနော့ကို ဆူပါတယ်။
အဲဒါဟာ ခု မျက်မှောက်ခေတ် ၂၁ရာစု ကမ္ဘာ့ ပညာရေးစနစ်တွေနဲ့ နှိုင်းယှဉ်ကြည့်ရင် သိပ်ကို နောက်ကျ ကျန်နေ ပြီ ဖြစ်တဲ့ သင်ကြားနည်းစနစ်ပဲ ဖြစ်ပါတယ်။ တနည်းအားဖြင့်တော့ အဲဒီ သင်ကြားနည်းဟာ ဘရာဇီး လူမျိုး ပညာရေးပညာရှင် Paulo Frerie ရဲ့ အဆိုအရ ကလေးတွေရဲ့ ဦးနှောက်ထဲကို သင်ခန်းစာတွေ အတင်း သွပ်သွင်းတဲ့ Banking concept of Education လို့ နာမည်ပေးထားတဲ့ ဘဏ်ထဲမှာ စုဆောင်း သလို ထည့်သွင်း တဲ့ သင်ကြားနည်း ဖြစ်ပါတယ်။ အဲဒီ သင်ကြားနည်းရဲ့ ဆိုးကျိုးကိုတော့ Frerie က ကလေး တွေ အနေနဲ့ အသွပ် သွင်း ခံရတဲ့ အချက်အလက် တွေကို ထိန်းသိမ်းထားရတဲ့အတွက် ဝေဖန်ပိုင်းခြားတတ်တဲ့ အသိဥာဏ် (Critical Consciousness) တွေ ဖွံ့ဖြိုးမှု နည်းပါးသွားတယ်လို့ သုံးသပ်ပါတယ်။ တကယ်တော့ အဲဒီ သင်ကြားနည်း က ဗဟိုကနေ ချုပ်ကိုင်တဲ့ စနစ် ဖြစ်ပြီး အမိန့်နာခံတတ်မှုကို ပျိုးထောင် ပေးတဲ့ စနစ်ပဲ ဖြစ်ပါတယ်။


စာသင်သား ဗဟိုပြု ပညာရေး (Student centered Education) ကတော့ ကလေးတွေကို လူ တစ်ယောက် ချင်း စီရဲ့ တန်ဖိုးကို သိအောင် လမ်းညွှန်မှု ပေးနိုင်တဲ့ သင်ကြားနည်းမျိုးပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ ပင်ကို အသိဥာဏ်ကို လမ်းဖွင့်ပေးပြီး လွတ်လွတ် လပ်လပ် ဝေဖန် သုံးသပ် တတ်အောင် လေ့ကျင့်ပေးတဲ့ နည်း ပါပဲ။ ကလေးတွေ ရလာမယ့် အနာဂတ်ထက် လက်ရှိ အခြေအနေကို ဦးစားပေးပြီး ပျိုးထောင်ပါတယ်။ အထူး သဖြင့်တော့ ကလေး တွေ ရဲ့ ပင်ကို ရှိရင်းစွဲ အသိဥာဏ်ကိုပဲ တဆင့်စီ အလိုလို ဖွံ့ဖြိုး တိုးတက်သွားအောင် မွမ်းမံ ပံ့ပိုးပေးတဲ့ သင်ကြားနည်းပဲ ဖြစ်ပါတယ်။

ကလေးပညာရေး နဲ့ ပတ်သက်ရင်တော့ နော်ဝေ၊ ဒိန်းမတ်၊ ဖင်လန် နဲ့ ဆွီဒင်နိုင်ငံ စတဲ့ စကင်ဒီနေဗီးယန်း နိုင်ငံ တွေရဲ့ သင်ကြားနည်းတွေ သင်ရိုးတွေဟာ အင်္ဂလန်နိုင်ငံကတောင် နည်းယူရတယ်လို့ ဆိုပါတယ်။ ကလေးတွေ ကို နေ့တ၀က်သာ စာသင်ပြီး ကျန်တဲ့ နေ့တ၀က် ကိုတော့ ကလေးတွေ ၀ါသနာပါရာ ကိုယ်ခန္ဓာနဲ့ ဥာဏ်စွမ်းကို တိုးတက်စေတဲ့ ကစားနည်းတွေနဲ့ လွတ်လွတ်လပ်လပ် ကြီးပြင်းစေတဲ့ ကျောင်းပညာရေး စနစ်မျိုး ပါ။ ကလေး တွေဟာ ကျောင်းပညာရေးရဲ့ ဖိစီးမှုကိုလဲ မခံကြရဘဲ အတွေးအခေါ်နဲ့ ကိုယ်ရည်ကိုယ်သွေးကို တိုးတက် စေတဲ့ အလေ့အကျင့်တွေနဲ့ ကြီးပြင်းခွင့် ရတဲ့ ပညာရေး စနစ်ပါပဲ။

အတန်းထဲမှာ ဆရာ နဲ့ တပည့်ဟာ ရင်းရင်းနှီးနှီး ရှိပြီး စာသင်သား ဗဟိုပြု သင်ကြားနည်း နဲ့ သင်ခန်းစာတွေကို အပြန်အလှန် မေးကြ ဖြေကြရင်း ကလေးတွေ ကိုယ်တိုင် သူတို့ရဲ့ သင်ခန်းစာတွေနဲ့ တသားတည်း ကျသွားစေ တာပါ။

အဓိက ကတော့ ကလေးတွေအနေနဲ့ ဘာကိုမဆို လွတ်လွတ်လပ်လပ် ဖန်တီးခွင့်ရှိတယ်၊ တီထွင် ကြံဆခွင့် လည်း ရှိတယ်၊ ကလေးတွေအတွက် သင်ထောက်ကူ ပစ္စည်း အမျိုးမျိုး ရှိတယ်။ စာသင်တဲ့အခါ ကလေးတွေကို ခေါင်းစဉ်တခု ချပြလိုက်ပြီး သူတို့အတွေးတွေ အမြင်တွေကို ပြောခိုင်းတယ်၊ ပြီးမှ ဆရာက ရှင်းပြပြီး ဆရာ ရှင်းပြ ထားတာ ဖြစ်နိုင် မဖြစ်နိုင် သူတို့ကို ဝေဖန်ခိုင်းတာပဲ။ အဲဒီနည်းဟာ ကလေးတွေရဲ့ ဆင်ခြင်ဥာဏ် Critical Thinking ကို သိသိသာသာ တိုးတက်စေနိုင်တာကို တွေ့ရပါတယ်။ ဒါကြောင့်ပဲ ဒိန်းမတ်နိုင်ငံကနေဆိုရင် အမျိုးမျိုး သော နိုဘယ်ဆုရှင် ၁၃ယောက်တောင် ပေါ်ထွက်ခဲ့တာလို့ ဆိုနိုင်ပါတယ်။

ကမ္ဘာ့နိုင်ငံ တော်တော်များများမှာတော့ ကလေးတွေရဲ့ ပညာရေးနဲ့ ပတ်သက်ရင် အခြေခံ ပညာကနေ စလို့ သင်ရိုးတွေ သင်ကြားနည်းတွေကို နိုင်ငံတကာ ပညာရှင်တွေရဲ့ လေ့လာ တွေ့ရှိချက်တွေအတိုင်း အမြဲတမ်း တီထွင် ကြံဆ နေကြတာပါ။ ဒီနေ့ ပညာခေတ်ကြီးထဲမှာ ကလေးလူငယ်တွေ စိတ်ရော ကိုယ်ပါ ဖွံ့ဖြိုး တိုးတက် ကြဖို့ စီမံကိန်းတွေနဲ့ စနစ်တကျ အကောင်အထည် ဖော်နေကြတာပါ။ မြန်မာနိုင်ငံမှာလဲ ၂၀၀၀ပြည့်နှစ်က စလို့ အမျိုးသား ပညာရည် မြင့်မားရေး စီမံကိန်း ဆိုပြီး လုပ်နေတာ ရှိပါတယ်။ အဲဒီ စီမံကိန်းရဲ့ အကျိုးအပြစ် တွေကို တော့ နောက်ပိုင်းဆောင်းပါးတွေမှာ ဆွေးနွေးတင်ပြသွားပါ့မယ်။

မေငြိမ်း
(ဇန်န၀ါရီ ၊၂၀၀၆)

No comments: