Thursday, September 13, 2007

စိတ်ခံစားမှုစွမ်းရည်

အနာဂတ်လောက တိုးတက် ဖွံ့ဖြိုးဖို့အတွက်ဆိုရင် ကလေးတွေ အနေနဲ့ လက်တွေ့ ပစ္စုပ္ပန် ဘ၀ထဲမှာ အောင်အောင်မြင်မြင် ရင်ဆိုင် ကျော်ဖြတ်နိုင်ဖို့ လိုပါတယ်။ အဲဒီအတွက် ကလေးတွေမှာ ရုပ်ပိုင်းဖွံ့ဖြိုးရေးနဲ့ အတူ စိတ်ပိုင်းဆိုင်ရာ ခံစားမှုစွမ်းရည် EI (Emotional Intelligence) ဖွံ့ဖြိုးရေးက တန်းတူ အရေးပါ လှတဲ့အကြောင်းကို ပညာရေးဆိုင်ရာ ပညာရှင်တွေက လေ့လာ သုတေသန ပြုခဲ့ကြပါတယ်။ အခု ဆိုရင် အဲဒီ သုတေသနပြု တင်ပြချက်တွေကို ကမ္ဘာ့နိုင်ငံအများစုက လက်ခံလိုက်နာပြီး ပညာရေးစနစ်ထဲမှာ စီစဉ် ထည့်သွင်း လာကြပြီ ဖြစ်ပါတယ်။


မြန်မာနိုင်ငံရဲ့ ကျောင်းပညာရေးတွေမှာ ခုထိ ထည့်ပြောနေဆဲဖြစ်တဲ့ IQ ကိစ္စဟာ ကမ္ဘာပေါ်မှာတော့ ၁၉၂၀ လောက်ကတည်းက ကလေးတွေအတွက် IQ ထက်ပိုပြီး EI ကို ပို လိုအပ်တယ်လို့ တွေ့ရှိခဲ့ကြပြီး ဖြစ်ပါတယ်။ ၁၉၂၀မှာ စိတ်ပညာရှင် Edward L. Thorndike (1879-1949) က ကလေးတွေအတွက် ပညာရေးထဲမှာ လူမှုဆက်ဆံရေး စွမ်းရည် (Social Intelligence) ကိုပါ ထည့်သွင်းသင့်တယ်လို့ သူ့ရဲ့ အယူအဆကို တင်ပြခဲ့ ပါတယ်။

အဲဒီ အယူအဆရဲ့ နောက်မှာမှ ပညာရှင်တွေ ဖြစ်တဲ့ ၁၉၅၄ မှာ Abraham Maslow ၊ ၁၉၆၉မှာ Carl Rogers နဲ့ ၁၉၈၃ မှာ Howard Gardner တို့ကနေပြီးတော့ ကလေးတွေအတွက် လူမှု ဆက်ဆံရေး စွမ်းရည် နဲ့ ခံစား ဆင်ခြင်နိုင်မှု စွမ်းရည် (Inter and Intra Intelligence) က အရေးပါကြောင်းကို သုတေသန လုပ်ပြီး တင်ပြ လာခဲ့ကြ ပါတယ်။ အဲဒီ တွေ့ရှိချက် အယူအဆပေါ်မှာ မူတည်ပြီး ပညာရှင်တွေက အမျိုးမျိုး ဆွေးနွေး အဖြေရှာ ခဲ့ကြပါတယ်။

၁၉၉၀ နောက်ပိုင်းမှာတော့ အဲဒီ အယူအဆတွေအရ EI က IQ ထက်ပိုပြီး ဘ၀ကို အောင်အောင် မြင်မြင် ဖြတ်သန်း နိုင်စွမ်း ရှိတယ်လို့ လက်ခံလာကြပါတယ်။ အဲဒီ နောက်မှာ တော့ EI အရ စိတ်ခံစားချက်က စဉ်းစား တွေးခေါ်ခြင်းကို ပို ထက်မြက်စေပြီး ခံစားချက် တွေကို အသိဥာဏ် နဲ့ ယှဉ်ပြီး ဝေဖန် ပိုင်းခြား စဉ်းစားနိုင်တယ် ဆိုတဲ့ ယူဆချက်ကို ကလေးတွေအတွက် လိုအပ်တဲ့ စွမ်းရည်အဖြစ် ထောက်ပြလာကြပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်မှာ ကျမ တင်ပြခဲ့တဲ့ စကင်ဒီနေးဗီးယန်း နိုင်ငံတွေက စာသင်သားကလေး တွေကို ပြင်ပ လေ့လာ ရေး ခရီးထွက်ဖို့ စီစဉ်ပေးတဲ့ ပံ့ပိုးမှုမျိုးဟာ ကလေးရဲ့ EI ဖွံ့ဖြိုးရေး အစီအစဉ်တွေပဲ ဖြစ်ပါတယ်။ အဲသလို ကျောင်းပိတ်ရက်တွေမှာ ကလေးတွေကို ခရီးတို ထွက်စေပြီး ရလာတဲ့ အတွေ့အကြုံကို စာတမ်း တစ်စောင် လုပ်စေတဲ့ သင်ကြားနည်းစနစ် ကို ကမ္ဘာ့နိုင်ငံ အတော်များများမှာလည်း တွေ့ရပါတယ်။

ဂျပန်နိုင်ငံမှာဆိုရင် ကိုယ်နေထိုင်တဲ့ မြို့ကနေ တခြား မြို့တစ်မြို့မှာ တခြား မိသားစု နဲ့ သွားနေရတဲ့ ပညာပေး အစီအစဉ်မျိုးတောင် ရှိပါတယ်။ ဒါဟာ ကလေးတွေကို လူမှု ဆက်ဆံရေး နယ်ပယ် နဲ့ နေထိုင်တတ်အောင် လေ့ကျင့် သင်ကြားပေးရာ ရောက်တဲ့အပြင် ထူးခြား ဆန်းသစ်တဲ့ အတွေ့အကြုံနဲ့ အသိအမြင် ဗဟုသုတတွေ ရစေနိုင်ပါတယ်။ ပြီးတော့ ကျောင်းအားရက် ကုန်ဆုံးလို့ ကျောင်းပြန်ဖွင့်ချိန်မှာ အဲဒီ အတွေ့အကြုံတွေကို ပြုစု ထားတဲ့ စာတမ်းကို အတန်းထဲမှာ အပြန်အလှန် တင်ပြ ဆွေးနွေးကြရတာမို့ ဗဟုသုတတွေ အများကြီး ဖလှယ် ရရှိနိုင်ပါတယ်။ ဒါဟာ ကလေးတွေကို စိတ်ဝင်စား ပျော်ရွှင်စေတဲ့ ပြီးတော့ သူတို့ ကိုယ်တိုင် ပါဝင်ပြုစုထားတဲ့ သင်ခန်းစာ ဘာသာရပ် တစ်မျိုး ပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာကတော့ အခြေခံပညာအဆင့်ကို မဆိုထားနဲ့ သမိုင်းဘာသာ အထူးပြု နဲ့ ဘွဲ့ရထားတဲ့သူ တောင်မှ ပဲ သမိုင်းသမားတွေအတွက် ရတနာတစ်ပါးဖြစ်တဲ့ ပုဂံမြေကို မရောက်ဖူးကြတာ အများကြီးပါ။ နိုင်ငံရဲ့ အထွေ ထွေ အကျပ်အတည်းကြောင့် ကိုယ့် ဘာသာလဲ မသွားနိုင်ကြဘဲ၊ ကျောင်းကလဲ စီစဉ်ပေးတာမျိုး မရှိတဲ့အတွက် ကိုယ့် ကျောင်း သင်ခန်းစာတွေထဲမှာ သင်ကြားထိတွေ့ရတဲ့ မြန်မာ့သမိုင်းထဲက ပုဂံကို အလွတ်သာ ကျက် ကြရ တော့တာမျိုးမို့လို့ သင်ခန်းစာတွေဟာ မခက်ခဲသင့်ဘဲ ခက်ခဲနေ ကြရပါတယ်။

ဒါပေမဲ့ ၂၀၀၀ခုနှစ် လောက်ကစပြီး မြန်မာနိုင်ငံမှာ အခြေခံပညာ အဆင့်ကို ဘက်စုံထူးချွန်ဆိုပြီး မဆလခေတ် က လူရည်ချွန်လို ရွေးတာမျိုး ရှိလာပါတယ်။ ပြည်နယ် နဲ့ တိုင်း အလိုက် ပညာရေး၊ ကျန်းမာရေး၊ အပြောအဆို ယဉ်ကျေး မူယာတွေမှာ သာတဲ့လူတွေကို စာမေးပွဲစစ်ရွေးပြီး ဂျပန်နိုင်ငံကို လေ့လာရေးခရီးဆိုပြီး လွှတ်တာတွေ ရှိလာပါတယ်။

ဒါကလဲ တနိုင်ငံလုံးမှာမှ ၁၀ယောက် ထက် မပိုပါဘူး။ တကယ်တော့ ဒီလို အစီအစဉ်မျိုးဟာ ပညာရေးကို အထူး ပျိုးထောင်တဲ့ နိုင်ငံတွေမှာတော့ စာသင်သားတိုင်း ရတဲ့ အတွေ့အကြုံပါ။ မြန်မာနိုင်ငံက ကလေးတွေ အဖို့တော့ ဒါက အတွေ့အကြုံ တင် မဟုတ်ဘဲ အခွင့်အရေးလို ဖြစ်နေတာမို့ မြန်မာနိုင်ငံရဲ့ ဘက်စုံပညာရေး ဖွံ့ဖြိုးမှု အစီ အစဉ် ဆိုတာဟာ အဂတိလိုက်စားတဲ့ ပညာရေး အာဏာပိုင်တွေအတွက်တော့ ငွေရှာကွက် တစ်ခုလို ဖြစ်နေ တာပါ။

အဲဒီအပြင် ပုံမှန် သင်ရိုးညွှန်းတန်း နဲ့ သင်ရိုးဝင် ဘာသာရပ်တွေမှာ စိတ်ခံစားချက်များကို သိနားလည်ခြင်း စွမ်းရည်(EI) ကို ထည့်သွင်းဖို့ ဆိုတာမှာလဲ မြန်မာနိုင်ငံက ကလေးတွေ အတွက် သင်ရိုးတွေမှာ ကမ္ဘာ့နိုင်ငံ အများစုမှာ ပြဌာန်းလေ့ရှိတဲ့ ယဉ်ကျေးမှု အနုပညာရပ် တွေ ဂီတတွေ ပန်းချီတွေ ဒဿနိက ဘာသာရပ်တွေ ပြဌာန်းထားတာ လုံးဝမရှိပါဘူး။ ယဉ်ကျေးမှုဆိုတာနဲ့ ပတ်သက်လို့ ပညာရေးပညာရှင် Dr. James Banks က ယဉ်ကျေးမှု ဆိုတာ လူမှု အသိုင်းအ၀ိုင်းအတွင်းမှာရှိတဲ့ အုပ်စုတစ်စုကို ပုံဖော်ထားတဲ့ သဘောထား အမြင်တွေ တန်ဖိုးစံနှုန်းတွေ ဓလေ့ ထုံးတမ်း အစဉ်အလာတွေ နဲ့ အပြုအမူပုံစံတွေ ဖြစ်တယ် လို့ ပြောထားပါတယ်။ ဒါကြောင့် ကလေးတွေအတွက် လူမှုရေး ဘာသာရပ် အဖြစ် သင်ရိုးတွေမှာ ကိုယ်နဲ့ သက်ဆိုင်တဲ့ ယဉ်ကျေးမှု ဆိုင်ရာ အကြောင်းအရာတွေ ပါရ ပါတယ်။ လူမျိုးစု များများရှိတဲ့ နိုင်ငံဆိုရင် အဲဒီ လူမျိုးတွေရဲ့ အကြောင်းကို ကလေးတွေ အနေနဲ့ မိတ်ဆက်လောက်တော့ သိအောင် ပြဋ္ဌာန်းသင့် ပါတယ်။

ဥပမာ သြစတေးလျနိုင်ငံမှာဆိုရင် ကလေးတွေကို ရုပ်မြင်သံကြားအစီအစဉ်မှာကို သူတို့ တိုင်းပြည်မှာ နေကြတဲ့ လူမျိုးစုတွေရဲ့ စရိုက်သဘာဝနဲ့ ယဉ်ကျေးမှုတွေကို အမြဲတမ်း ထည့်ပြ ထားတာမို့ ကလေးတွေဟာ ကိုယ့်နိုင်ငံရဲ့ ယဉ်ကျေးမှု အဆက်အစပ်တွေကို ရင်းနှီး ကျွမ်းဝင် သွားပါတယ်။ အဲဒီအခါ သူတို့ ထိတွေ့ ဆက်ဆံရမယ့် လူမှု ၀န်းကျင် ကို နားလည် ယဉ်ပါးပြီးသား ဖြစ်သွားတာမို့ ကလေးတွေအတွက် အရေးပါလှတဲ့ လူမှု ဆက်ဆံရေး ပညာကို သင်ယူပြီးသားဖြစ်သွားတဲ့ သဘောပါပဲ။

အဲဒီလိုပဲ ပန်းချီ ဂီတ စတဲ့ အနုပညာ သင်ခန်းစာတွေကတော့ ကလေးတွေကို စိတ်နှလုံး နူးညံ့အောင် တီထွင် ဖန်တီးတတ်အောင် လောက သဘာဝကို မြတ်နိုးတတ်အောင် အာရုံ စူးစိုက်နိုင်စွမ်းရည် မြင့်မားအောင် လေ့ကျင့် ပေးရာ ရောက်ပါတယ်။ ဒဿနိက ဘာသာရပ် ကတော့ ကလေးတွေရဲ့ ဖြန့်ကျက် ဆင်ခြင် တွေးတော နိုင်စွမ်းကို အားပေးရာ ရောက်တဲ့ သင်ခန်းစာတွေ ဖြစ်ပါတယ်။ ဥပမာ ပြောပြရရင် မြန်မာနိုင်ငံ နဲ့ နီးနီးလေးမှာ ရှိနေတဲ့ စင်္ကာပူနိုင်ငံမှာ ပြဋ္ဌာန်းထားတဲ့ Ethics and Moral ဘာသာရပ်မျိုးပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းကတော့ ပညာတတ်သူ သည် လောကရှိ အရာရာ ကို အခွင့်အလမ်းအလိုက် ဆင်ခြင် သုံးသပ်နိုင်စွမ်းသော ဥာဏ်အားကိုလည်းကောင်း မိမိ ဥာဏ်အမြင် အရ စိတ်နေ စိတ်ထား စိတ်ဓါတ် (Emotion of the Education) တို့ကိုလည်းကောင်း ပြုပြင် ပြုစု စီမံထားခဲ့သူ သာလျှင် ဖြစ်သည် လို့ ပြောခဲ့ပါတယ်။ ဒါဟာ ပညာရေးစနစ်ထဲမှာ EI (Emotional Intelligence) က အရေးပါ လှတာကို ထောက်ပြခဲ့တာပဲ ဖြစ်ပါတယ်။

မေငြိမ်း(ဧပြီ)၀၆။

No comments: