Friday, September 14, 2007

ပညာရေး ထိန်းချုပ်ခံရမှု

ရှစ်လေးလုံး အရေးတော်ပုံကြီးကြောင့် ကျောင်းနှစ်ရှည်ပိတ်ပြီး ပြန်ဖွင့်တဲ့ ၁၉၉၁ ခုနှစ် က စပြီး မြန်မာနိုင်ငံ ပညာရေးဟာ စနစ်တကျနဲ့ကို အဖျက်ဆီး ခံခဲ့ရတယ်လို့ ပြောရမှာပါ။ စစ်အစိုးရ လက်ထက်မှာ သင်ရိုးညွှန်းတန်း တွေနဲ့ သင်ကြားရေး ပိုင်းတွေ အုပ်ချုပ်ရေးပိုင်းတွေအထိ ဗဟိုက ၀င်ပြီး အာဏာသုံးချုပ်ကိုင် လာခဲ့ပါတယ်။ အထူးသဖြင့် မြန်မာစာလို သမိုင်း လို နိုင်ငံနဲ့ အမျိုးသားရေးအတွက် အရေးပါတဲ့ ဘာသာရပ်တွေမှာ အများကြီး ၀င်ရောက် စွက်ဖက် ကန့်သတ်လာခဲ့ပါတယ်။

ဥပမာအဖြစ်ပြောပြရရင် ၁၉၉၁-၉၂ ပညာသင်နှစ်မှာ ပထမနှစ် အထူးပြုဘာသာရပ်တွေ အားလုံးမှာ မသင် မနေရ (compulsory) ဖြစ်တဲ့ မြန်မာစာဘာသာရပ်ရဲ့ ဗဟုသုတ ဖတ်စာအဖြစ် ပြဌာန်းထားတဲ့ ၀ိဓူရ ဇာတ်တော် ကြီးကို သင်တဲ့ အခါမှာ မင်းကျင့်တရား ဆယ်ပါး ကို အကျယ်မသင်ရဘူး လို့ စာထွက်ပါတယ်။ သင်ရိုးထဲမှာ မဖြုတ်ပေမဲ့ ဆရာကြီး မင်းသုဝဏ်တို့ ဆရာတင်မိုးတို့လို သူတို့ကို သစ္စာမခံတဲ့ ကဗျာဆရာကြီး တွေရဲ့ ကဗျာတွေကို မသင်ရဘူးလို့ တားပါတယ်။ အံ့သြစရာကောင်းတာက အသက်ထင်ရှား မရှိတော့တဲ့ မြန်မာစာပေနဲ့ အမျိုးသားရေး ငြိမ်းချမ်းရေးတွေရဲ့ ဂုဏ်ဆောင် ဆရာကြီး သခင်ကိုယ်တော်မှိုင်းစာကို မသင်ရ ဘူးလို့ တားတာပါပဲ။ မဟာဝိဇ္ဇာတန်းတွေမှာ ကျမ်းပြု ခွင့်လည်း မပေးတော့ ပါဘူး။ ဒါဟာ ကျောင်းသားအရွယ် လူငယ်တွေ သိသင့် သိအပ်တဲ့ လွတ်လပ်ရေး အမြင်တွေ ငြိမ်းချမ်းရေး အမြင် တွေ နိုင်ငံချစ်စိတ်တွေ နဲ့ သမိုင်း တန်ဖိုးကြီးတဲ့ စာပေတွေကို သင်ယူခွင့် ဆုံးရှုံးမှုပဲ ဖြစ်ပါတယ်။ ဒါဟာ မြန်မာစာ ဘာသာရပ်တခုတည်းက ဥပမာ ပဲ ရှိပါသေးတယ်။

အဲသလို ၁၉၉၁-၉၂ ပညာသင်နှစ်ကနေ ၁၉၉၅-၉၆ ပညာသင်နှစ်အတွင်းမှာ လက်ရှိ အစိုးရဟာ ပညာရေးထဲ ကို တဖြည်းဖြည်း ၀င်စွက်လာတာ တော်တော် ထဲထဲဝင်ဝင် ရှိလာ ပါတယ်။ အထူးသဖြင့် အာဏာပိုင်တွေနဲ့ ပတ်သက် ဆက်နွယ် နေတဲ့ ကျောင်းသားတွေကို စာမေးပွဲ တောင် ၀င်ဖြေစရာမလိုဘဲ အအောင်ပေးခိုင်း တာမျိုး ကို ပါမောက္ခတချို့နဲ့ ပေါင်းပြီး အများကြီး လုပ်လာကြပါတယ်။ အဲဒီအခါမှာ ပညာရေးလောကထဲမှာ အဂတိ လိုက်စားကျင့် ရောက်လာပါတယ်။ အဲလိုနဲ့ လူမျိုး ဘာသာ မရွေး၊ ဆင်းရဲချမ်းသာ မရွေး၊ အသားအရောင် မရွေး၊ အယုတ် အလတ် အမြတ် မရွေး တန်းတူ ပညာရေး ရှိရမယ်ဆိုတဲ့ ပညာရေးလောက ထဲမှာ ခွဲခြားဆက်ဆံမှု (discrimination)တွေ ရှိလာပါတယ်။

အကျိုးဆက်ကတော့ ဆရာနဲ့ တပည့်ကြား.. ကျောင်းသားတွေအချင်းချင်း ကြားထဲမှာ စိတ်ဝမ်းကွဲမှုတွေ ဖြစ်လာ တာ ပါပဲ။ ဒါဟာ အဖျက်ဆီးခံရမှုပါပဲ။ ဒါကြောင့် ပညာရေးစနစ် အဖျက်ဆီးခံလာရတဲ့ ပြဿနာမှာ စစ်အစိုးရနဲ့ ထပ်တူ တာဝန်ရှိ တဲ့ အထဲမှာ ပါမောက္ခတွေ အပါအ၀င် ပညာရေးအာဏာပိုင်တွေလည်း ပါတယ်လို့ ပြောရမှာ ပါ။ တကယ်တော့ ပညာရှင်တွေ ဖြစ်ပါလျှက်နဲ့ အခွင့်အရေး၊ အာဏာနဲ့ ငွေကြေးကို မလွန်ဆန်နိုင်ကြတာက အခြေခံအကြောင်းတွေပါပဲ။

အဲဒီအပြင် ၁၉၉၂ခုနှစ်ကစပြီး တက္ကသိုလ်က ဆရာဆရာမတွေကစပြီး ဖေါင်ကြီးမှာ သဘောတရားရေး တစ်လ မွမ်းမံ သင်တန်းတွေ မတက်မနေရဆိုပြီး အမိန့်ထုတ်ပါတယ်။ အသုတ်လိုက်ခွဲပြီးတော့ ဌာနဆိုင်ရာ ၀န်ထမ်း အားလုံး တက်ကြရတာ အခုထိပါပဲ။ အဲဒီ သင်တန်းဟာလည်း အမိန့်နာခံတတ်အောင် ပုံသွင်းပြီး သူတို့ လုပ်တိုင်း ဖြစ်တယ် ဆိုတာကို ပြတဲ့ လုပ်ငန်း စဉ် တစ်ခုပါပဲ။ ပညာရှင်ဆရာ ဆရာမတွေဟာ အဲဒီတုန်းက တာဝန်ရှိ စစ် အစိုးရ ထဲက အကြီးအကဲတချို့ရဲ့ ၀ါဒဖြန့် သင်ခန်းစာတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုတင် မကဘဲ လွတ်လပ် ရေး ဗိသုကာ၊ တပ်မတော်ရဲ့ ဖခင်ဖြစ်တဲ့ ဗိုလ်ချုပ် အောင်ဆန်း နဲ့ ပြည်သူလူထုအားလုံးကို ရိုင်းပျစော်ကားတဲ့ စကားတွေနဲ့ သင်တန်းအမျိုးမျိုးပေးတာကို ခံခဲ့ကြရပါတယ်။

အဲဒီ သင်တန်းတွေဟာ စစ်အစိုးရအတွက် ဆိုးကျိုးရော ကောင်းကျိုးရော ရစေတယ်လို့ ဆိုနိုင်ပါတယ်။ ကောင်းကျိုး ကတော့ သူတို့ ဖြစ်စေချင်တဲ့အတိုင်းပဲ ပညာရှင်တွေရဲ့ အာဏာပိုင်အပေါ် အကြောက်တရားက ပိုကြီးသွားပါတယ်။ ဆိုးကျိုးကတော့ လူထုနဲ့ တသားတည်းရှိပြီး အမှန်တရားကို မြတ်နိုးတဲ့ ပညာရှင်တွေကတော့ သူတို့ကို ပိုပြီး မုန်းတီး စက်ဆုတ်သွားကြ တာပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ၁၉၉၂နောက်ပိုင်း ပြည်ပကို ပညာရှင် အမြောက်အများ ထွက်သွားကြပါတယ်။ ဒါဟာ တိုင်းပြည်အတွက် အများကြီး ဆုံးရှုံးနစ်နာသလို ပညာရှင် တွေ အနေနဲ့ကလည်း ပြည်တွင်းမှာ ဆက်နေလို့ ဘာတစ်ခုမှ လုပ်ခွင့်မရှိတဲ့အပြင် အန္တရာယ်လည်း ကြီးတဲ့အတွက် ဆုံးရှုံးနစ်နာရတာပါပဲ။

ဒီနေရာမှာ ၁၉၈၉ဒီဇင်ဘာမှာမှ ဒီမိုကရေစီရခဲ့တဲ့ ချက်ကိုစလိုဗက်နိုင်ငံ ပြဿနာနဲ့ ယှဉ်ပြီးပြောပြချင်ပါတယ်။ ချက်ကိုစလိုဗက်နိုင်ငံတုန်းကဆိုရင်လဲ ကွန်မြူနစ် အာဏာရှင် တွေက ဆရာတွေရဲ့ သင်ကြားရေးတွေကိုပါ ၀င်စွက်ဖက် လာတဲ့အတွက် ဆရာတွေ အလုပ်ထွက်ပစ်ကြပါတယ်၊ အဲဒီတုန်းက ချက်ကိုစလိုဗက်ကီးယား (Czechoslovakia) ရဲ့ အခြေနေက ဗမာပြည်လောကတောင် မဆိုးပါဘူးလို့ ဆိုနိုင်ပါတယ်။။ ဒါတောင် အာဏာရှင် တွေရဲ့ မတရားတဲ့ မလျော်ကန် တဲ့ အမိန့်အာဏာတွေကို မလိုက်နာနိုင်တဲ့ အတွက် တက္ကသိုလ်က ဆရာတွေဟာ အလုပ်ထွက်ပြီး တံမျက်စည်းလှည်းတာ တို့ ပန်းရံတို့ လုပ်ကြပါတယ်၊ ပြီးတော့ အဲဒီ ဆရာတွေက ပြောပါတယ်၊ မမှန်ကန်တဲ့ အတွေးအခေါ်တွေ ကို လူငယ် တွေ ခေါင်းထဲ ထည့်ပေးရတဲ့အလုပ်လို ယုတ်ညံ့တဲ့ အလုပ်တွေကို လုပ်တာ ထက်တော့ ဒီလို အခြေခံအလုပ်မျိုးတွေ လုပ်ရ တာ က သာသေးတယ်လို့ ပြောပါတယ် တဲ့။ အဲဒီတုန်းက စာရေးဆရာ တော်လှန်ရေးသမား ဖြစ်ပြီး ချက် နဲ့ စလိုဗက်ကီးယား ကွဲပြီး နောက်ပိုင်းမှာ ချက် ရီပတ်ဗလစ်နိုင်ငံ (Czech Republic) ရဲ့ သမ္မတဖြစ်လာတဲ့ Vaclav Havel ရေးခဲ့တဲ့ The Power of the powerless စာအုပ်ထဲမှာ ရေးထားတာပါ။

မြန်မာနိုင်ငံမှာကတော့ အာဏာပိုင်တွေရဲ့ မတရားအမိန့်တွေကို မနာခံနိုင်သူတွေက ပြည်ပထွက်၊ ဒါမှမဟုတ် အလုပ် ထွက်ကုန်ကြပြီး မလွန်ဆန်ရဲကြတဲ့ နာခံနိုင်သူတွေ ကျတော့လည်း မျက်စေ့စုံမှိတ် နာခံကြတာမို့လို့ နိုင်ငံတနိုင်ငံ အတွက် အဓိကအကျဆုံး ထောက်တိုင်တစ်တိုင်ဖြစ်တဲ့ ပညာရေးစနစ်ကြီး တစ်ခုလုံး ထိခိုက် ပျက်စီး သွားရတာပါ။ စစ်အစိုးရ သက်တမ်း တစ်လျှောက်က မျိုးဆက်တွေနဲ့ ပတ်သက်ရင် နိုင်ငံအနေနဲ့ ပညာရေးပိုင်းမှာ အများကြီး ဆုံးရှုံးခဲ့ပါပြီ။ ဒါကို ဘယ်သူမှ ငြင်းလို့မရနိုင်ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီလိုစနစ်အတွင်းမှာ ကျမတို့ ဂုဏ်သိက္ခာရှိရှိနဲ့ နေနိုင်သလား ။ ဒီစနစ်က ပြည်သူ လူထုကို အကျိုးပြုနိုင်သလား။ ပြည်သူလူထုကို အသုံးချနေသလား။ ဒါပဲ စဉ်းစားရမှာပဲ .. လို့ Vaclav Havel ရဲ့ စကားကို ကိုးကား ပြီးတော့ ပြောခဲ့ဖူးပါတယ်။ ဒါဟာ ပညာရှင်တွေအနေနဲ့ တကယ်စဉ်းစားသင့်တဲ့ မေးခွန်းများပဲ ဖြစ်ပါတယ်။

မေငြိမ်း-၂၈၊သြဂုတ်၊၂၀၀၆။

No comments: