Thursday, September 13, 2007

မူလတန်းပညာ နှင့် ကလေးအခွင့်အရေး

မူလတန်းပညာရေးဟာ လူတစ်ယောက်ရဲ့ ဘ၀ခရီးအတွက် အင်မတန် အရေးပါ တဲ့ ပထမဆုံးလှေကားထစ် ဖြစ်ပါတယ်။ ကလေးတစ်ယောက်အတွက် အသက်၈နှစ်မပြည့်မီ အထူးသဖြင့် အသက်သုံးနှစ် မပြည့်မီမှာ ရရှိခံစားရတဲ့ ဂရုစိုက်မှုနဲ့ အလေးပေး အရေးထား ခံထားရမှုများဟာ အလွန့်အလွန် အရေးကြီးပြီး၊ အဲဒီ ကလေးငယ် ရဲ့ ဘ၀တလျှောက်လုံးကို လွှမ်းမိုး စေ့ဆော်နိုင်ပါတယ် လို့ ဒေါက်တာ စင်သီယာမောင် ပါဝင်ပြုစုပြီး ယူနီဆက်က ထုတ်ဝေတဲ့ Facts for Life ဆိုတဲ့ သုတေသန စာအုပ်ထဲမှာ ဖေါ်ပြထားပါတယ်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း (Universal Declaration of Human Rights) ထဲမှာလည်း လူတိုင်း ပညာသင်ကြားပိုင်ခွင့်ရှိသည်။ အနည်းဆုံး မူလတန်းပညာ နှင့် အခြေခံအဆင့်ပညာရေး သည် အခမဲ့ ဖြစ်စေရမည်။ မူလတန်းပညာကို မသင်မနေရ ဖြစ်ရမည် … လို့ ဖေါ်ပြ ပါရှိပါတယ်။

နိုင်ငံတကာ ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် ( Convention on the Rights of the Child- CRC ) ရဲ့ အပိုဒ်၂၈မှာလည်း ကလေးတိုင်း အခြေခံပညာ အခမဲ့ သင်ကြားခွင့်ရှိရေး ဆိုတာ ပါပါတယ်။ မြန်မာနိုင်ငံက ၁၉၉၁ခုနှစ်၊ ဇူလိုင်လ (၁၅)ရက်နေ့ မှာ အဲဒီ စာချုပ်ကို သဘောတူ လက်မှတ် ရေးထိုးခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ အနီးဆုံး အိမ်နီးချင်း ထိုင်းနိုင်ငံမှာ အစိုးရကျောင်းတွေဟာ ကလေးတိုင်းအတွက် အခမဲ့ ပညာ သင်စနစ် ဖြစ်ပါတယ်။ အဲဒီ စနစ်ထဲမှာ နိုင်ငံခြားသားကိုတောင်မှ တန်းတူ အခွင့်အရေး ပေးထားပါတယ်။ ကျောင်းတိုင်းမှာ စာရေးကိရိယာ အစုံအလင် အခမဲ့ ရပါတယ်။ ကျောင်း နေ့လယ်စာ စားစရိတ်အတွက် ကျောင်းသားတစ်ယောက်စာ တစ်လကို ဘတ်၁၂၀ပဲ ပေးရပါတယ်။ နေ့လယ်စာ ကျွေးပြီး ရင် School Milk လို့ တံဆိပ်တပ်ထားတဲ့ နို့တစ်ခွက်လဲ နေ့တိုင်း သောက်ကြရပါတယ်။ ထိုင်းနိုင်ငံမှာက အခြေခံ အလုပ်သမား တစ်ယောက်ရဲ့ တစ်လ ၀င်ငွေဟာ အနည်းဆုံး ဘတ် ၄၀၀၀ ဖြစ်ပါတယ်။ ဒါကြောင့် သားသမီးတွေရဲ့ ကျောင်းစရိတ်အတွက် မခက်ခဲပါဘူး။ ထိုင်းနိုင်ငံမှာ တွေ့ရတဲ့ နောက်ထပ် ထူးခြားချက်ကတော့ ဆရာ ဆရာမတွေရဲ့ မေတ္တာနဲ့ ဆက်ဆံမှုပါ။ လူမျိုး ဘာသာ ဆင်းရဲ ချမ်းသာ ခွဲခြားခြင်းမျိုး မရှိပါဘူး။ ဒါကြောင့် ကလေး တွေဟာ ကျောင်းနေပျော်ပြီး စာတော်ကြပါတယ်။ သေချာတာကတော့ မြန်မာနိုင်ငံမှာ အဲဒီလို တပြေးညီ အခွင့်အရေး နဲ့ ဆရာဆရာမတွေရဲ့ မေတ္တာကို ရဖို့ဆိုတာ တော်တော် မလွယ်တဲ့ ကိစ္စပါပဲ။

မြန်မာနိုင်ငံမှာကတော့ နာမည်ကျော် လူကြိုက်များတဲ့ တီတီစီလို.. ဒဂုံ(၁)လို... ကျောင်းမျိုးတွေ ၀င်ခွင့် ရဖို့ အတွက် ဆိုရင် အလှူငွေ ဆိုပြီး ၃သိန်း ကနေ ၇သိန်း အထိ ပေးကြရပါ တယ်။ ကျောင်းရဲ့ နာမည်ကို လိုက်ပြီး အလှူငွေ အနည်းအများသာ ကွာသွားပါတယ်။ ပေးတော့ ပေးကြရတာချည်းပါပဲ။ ဆင်ခြေဖုံးရပ်ကွက်က သာမန် ကျောင်းမျိုးတောင်မှပဲ ကလေး တစ်ယာက် ကျောင်းဝင်ခွင့်ရဖို့ အနည်းဆုံး အလှုငွေ ၃၀၀၀ လောက်တော့ ထည့်ကြရပါတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေခံဝန်ထမ်း လစာက ၃၅၀၀၀ ကျပ်ပါ။ အဲဒီအပြင် စာရေး ကိရိယာက အစ ဖတ်စာအုပ် အဆုံး ၀ယ်ယူကြရတဲ့ အထွေထွေ စရိတ်စက ကလည်း ကြီးမြင့်တာမို့ ကလေးတွေတော်ရုံနဲ့ ကျောင်းမနေနိုင်ကြပါဘူး။ ဒါဟာ ကလေးအခွင့်ရေး စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့ စာချုပ်ကို ချိုးဖောက်တာလဲ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာတော့ ပညာရေးဟာ ကလေးအခွင့်အရေးနဲ့ ကိုက်ညီတယ်လို့ ဆိုရပါမယ်။ ကျောင်းဝင်းတိုင်းဟာ အင်မတန် ကျယ်ဝန်းပြီး အားကစားကွင်းပြင်တွေ၊ ကစားဖို့ လွှဲဒါန်းတွေ၊ ဆီးဆောတွေ၊ ရထားတွဲတွေလည်း ရှိပါတယ်။ ကလေးတွေဟာ ကျောင်းမှာ သိပ်ပျော်ကြပါတယ်။ ကလေးတွေရဲ့ စာသင်ချိန်တွေထဲမှာ ပန်းချီဆွဲချိန်၊ ကဗျာရွတ်ချိန်၊ ဂီတအချိန်၊ ပုံပြောချိန်၊ ကာတွန်းရုပ်ရှင်ကြည့်ချိန်၊ အင်္ဂလိပ်စာအချိန်၊ မိခင်ဘာသာစကားအချိန်၊ အိပ်ချိန်၊ ကစားချိန်၊ စာရေးချိန်၊ စာဖတ်ချိန်တွေ ပါပါတယ်။ ဒါဟာ ကလေးအခွင့်အရေးတွေ အပြည့်အ၀ ခံစားခွင့်ရတာပဲ ဖြစ်ပါတယ်။

မူကြိုပညာရေးမှာတော့ အရှေ့တောင်အာရှ နိုင်ငံတွေဟာ စနစ်ချင်း သိပ်မကွာလှပါဘူး။ စကာင်္ပူနိုင်ငံမှာဆိုရင် မူကြိုကလေးတွေကို ထိန်းကျောင်းသွန်သင်တဲ့ ရည်ရွယ်ချက်တွေဟာ သိပ်ကောင်းပါတယ်။ စင်္ကာပူနိုင်ငံက ကျောင်းသင်ရိုးတွေရဲ့ အဓိက ရည်ရွယ်ချက်တွေကို သူတို့ ပညာရေးဌာနရဲ့ Website မှာ တွေ့နိုင်ပါတယ်။ အဲဒီမှာ ရည်ရွယ်ချက်တွေအဖြစ်... ကလေးတွေအနေနဲ့ အမှား နဲ့ အမှန် ကို သေချာ ခွဲခြားသိဖို့၊ တခြားသူတွေနဲ့ အတူ မျှဝေ ခံစားတတ်ဖို့၊ ပေါင်းသင်း ဆက်ဆံတတ်ဖို့၊ စူးစမ်း သိမြင်တတ်ဖို့၊ အပြောအဆို အကြားအမြင် ဖွံ့ဖြိုးဖို့၊ ပျော်ပျော်ရွှင်ရွှင် နေတတ်ဖို့၊ ကိုယ်ကာယ ကျန်းမာဖို့၊ မိသားစု သူငယ်ချင်းတွေနဲ့ ဆရာ ဆရာမတွေကို ချစ်ခင်တတ်ဖို့ ...ဆိုတဲ့ ရည်ရွယ်ချက်တွေကို တွေ့ရပါတယ်။ ကလေးအခွင့်အရေး အပြည့်အ၀ရှိတဲ့ အပြင်၊ တကယ် အရည်အသွေးရှိတဲ့ မျိုးဆက်သစ်တွေ ရနိုင်ချေများတဲ့ ပညာရေးစနစ်ပါပဲ။ ကျမ အားအကျဆုံးကတော့ ကိုယ်ကျင့်တရားနဲ့ မေတ္တာတရားကို သိအောင် သင်ခန်းစာတွေထဲ ထည့်သင်ထားပေးတာကိုပါပဲ။

နိုင်ငံတကာမှာလည်း အခြေခံပညာရေးအားလုံးဟာ အခမဲ့ပညာရေးစနစ်ဖြစ်ပြီး ကလေးအခွင့်အရေး အပြည့်ရှိတဲ့ ပညာရေးစနစ်တွေပါပဲ။ အထူးသဖြင့် မူလတန်းသင်ရိုး တွေကို မူကြိုကတည်းကစပြီး ဂရုတစိုက် ရေးဆွဲထားတာဟာ အတုယူစရာ ကောင်းလှပါတယ်။ ကလေးသူငယ်ဆိုတာ လွပ်လပ်ရမယ်၊ ပျော်ရွှင်ရမယ်၊ ပေါ့ပါးရမယ်၊ စားချိန်၊ အိပ်ချိန်၊ ကစားချိန်မှန်ရမယ်၊ နိုင်ငံတကာဗဟုသုတ ရှိရမယ်၊ ကျန်းမာရမယ်၊ ကိုယ့်အား ကိုယ်ကိုး တတ်ရမယ်၊ မေတ္တာနဲ့ ဆက်ဆံတာကို ခံစားစေရမယ် ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ပြည့်မီတာကို တွေ့ရပါတယ်။

အဲဒီအခါ ကျမတို့နိုင်ငံက ကျောင်းအပ်ဖို့အရေး အလှူငွေကောက်တာ မထည့်နိုင်လို့ ကျောင်းမနေကြရရှာတဲ့ ကလေးတွေ၊ ကျောင်းစရိတ် ကြီးလာလို့ ကျောင်းထွက်လိုက်ရတဲ့ ကလေးတွေ၊ ဆင်းရဲ ချမ်းသာ ကွာဟမှု အကြားမှာ စိတ်အားငယ်နေကြရတဲ့ သနားစရာ ကလေးတွေကို ကျမ သတိရမိပါတယ်။ မြို့တော်ဆိုတဲ့ ရန်ကုန် မှာတောင် ကလေးတိုင်း ကျောင်းမနေနိုင်တဲ့ ပြဿနာ ရှိနေတယ်ဆိုရင် ဖွံ့ဖြိုးအားနည်းလှတဲ့ နယ်မြို့တွေ မှာ တော့ အခြေအနေ သိပ်ဆိုးနေပြီဆိုတာ အသေအချာ ပါပဲ။

လက်ရှိအစိုးရက ၂၀၀၅-ခုနှစ်ရဲ့ ကလေးတွေ ကျောင်းဝင်တဲ့ နှုန်းကို ၉၇.၅၈% လို့ ကြေငြာချိန်မှာ UNESCO ရဲ့ ၂၀၀၄ခုနှစ်အတွက် မြန်မာနိုင်ငံပညာရေး အစီရင်ခံစာမှာတော့ ကလေးတွေရဲ့ ၄၅% ဟာ မူလတန်းပညာကို ပြီးဆုံးအောင် သင်ကြားနိုင်ခြင်းမရှိဘူးလို့ ဖေါ်ပြထားပါတယ်။

တကယ်တော့ မြန်မာနိုင်ငံရဲ့ မူလတန်းပညာရေးနဲ့ ပတ်သက်ပြီး မှတ်တမ်းတင် ရမယ်ဆိုရင် ကျောင်းဝင်နှုန်း၊ ကျောင်းထွက်နှုန်းတွေကိုသာမကဘဲ ကျောင်းတက်တဲ့ ကလေးတွေမှာလည်း ကလေးအခွင့်အရေးနဲ့ ကိုက်ညီတဲ့ ပညာသင်ကြားခွင့်မျိုးမရကြတဲ့ အခြေအနေတွေကိုပါ မှတ်တမ်းတင်ရမှာ ဖြစ်ပါတယ်။

မေငြိမ်း(၂၇၊၁၂၊၀၅)

No comments:

Building Knowledge Economies စာတမ်း(၅)

ကမ္ဘာ့ဘဏ် ဖွံ့ဖြိုးတိုးတက်မှု လေ့လာရေးအဖွဲ့ရဲ့ ၂၀၀၇ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ စာတမ်းပါ Building Knowledge Economies ပညာရေးဆိုင်ရာ အကြံပြုချက် မ...