Thursday, September 13, 2007

သခင်ပညာရေးစနစ်

ဗမာဟာ ကမ္ဘာမှာ ဘယ်တုန်းကမှ မညံ့ခဲ့ပါဘူး။ အထူးသဖြင့် ပညာဥာဏ် ရည်ဘက်မှာဆို ခေတ်အဆက်ဆက် ထူးချွန်တဲ့ ပညာရှင်တွေ အများကြီး အထင်အရှား ရှိခဲ့တာပါ။ အဲသလိုပဲ ပညာရေးဆိုင်ရာ အမြင်တွေမှာဆိုလဲ ကမ္ဘာနဲ့အမီ ရင်ဘောင် တန်း ပြီး တိုးတက်တဲ့ အသိအမြင်တွေ ရှိခဲ့ကြပါတယ်။ တကယ်တော့ ကလေးတွေရဲ့ အသိအမြင် ဖွံ့ဖြိုးမှုကို အားပေးတဲ့ ပညာရေးစနစ် မျိုး ကို မြန်မာနိုင်ငံမှာ နိုင်ငံတကာနဲ့ တန်းတူပဲ၁၉၂၀ ကတည်း က သိနေပြီ ဖြစ်တာကို တွေ့ရပါ တယ်။

၁၉၂၀မှာ ရန်ကုန်တက္ကသိုလ် အက်ဥပဒေထဲက ကျွန်ပညာရေးစနစ်ကို မကျေနပ်တဲ့အတွက် ကျောင်းသားကြီး တွေက ဦးဆောင်ပြီး သပိတ်မှောက် ခဲ့ကြပါတယ်။ အဲဒီ သပိတ် ဟာ မြန်မာ့သမိုင်းမှာ အရေးပါခဲ့တဲ့ ပထမ ကျောင်းသား သပိတ်ပါပဲ။ အဲဒီ နောက်ပိုင်းမှာပဲ မြန်မာတစ်ပြည်လုံးမှာ အမျိုးသား ကျောင်းတွေ ဖွင့်ဖို့ ရန်ကုန်မှာ အမျိုးသား ကောလိပ် ဖွင့်ဖို့တွေကို စပြီး လှုပ်ရှားခဲ့ကြပါတယ်။ အဲဒီအတွက် ၁၉၂၀၊ ဒီဇင်ဘာလ ၁၉ရက်နေ့ ညနေ လေးနာရီမှာ အမျိုးသား ပညာရေးကိစ္စအတွက် မြန်မာပြည်လုံးကျွတ် အစည်းအဝေး ကြီး တစ်ခု ရွှေတိဂုံဘုရား ကုန်းတော်ပေါ်မှာ ကျင်းပခဲ့ပါတယ်။

အဲဒီ အစည်းအဝေးကြီးကနေ ယာယီ အမျိုးသားပညာရေး ကော်မီတီ တစ်ခု ဖွဲ့စည်းပြီး ပညာရေးအတွက် ရည်ရွယ်ချက်တွေ ခံယူချက်တွေ ချမှတ် ခဲ့ကြပါတယ်။ အဲဒီ ရည်ရွယ်ချက်တွေကို အဲဒီတုန်းက သပိတ်မှောက် ကျောင်းသား ဖြစ်တဲ့ ဦးဖိုးကျားက မှတ်တမ်း တင်ထားတာမှာ အသေးစိတ် ဖေါ်ပြထားတာ တွေ့ရပါတယ်။

ဆရာဦးဖိုးကျား ပြောထားတာတွေကို အချုပ် ပြောရရင် တော့ အမျိုးသား ပညာရေးရဲ့ ရည်မှန်းချက်တွေက ကျောင်းသား လူငယ်တွေအတွက် လက်ရုံးရည် ပညာရည် နှလုံးရည်တို့ကို အပြည့်အ၀ ပေးစွမ်းနိုင်မယ့် ပညာမျိုး ပေးမယ် ဆိုတဲ့ ရည်ရွယ်ချက်တွေ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်လို့ ဤအရည်သုံးပါးကို ပေးစွမ်းနိုင်သော ပညာမျိုး ကိုမှ ပညာ ဟု ခေါ်ရသည်။ ဤ ပညာမျိုးမှ သာ အမျိုး ဘာသာ သာသနာ ဥစ္စာ ကြီးပွား တိုးတက်ရေးကို ပေးစွမ်း လေသည် လို့ ဖေါ်ပြထားတာ တွေ့ရပါတယ်။

အထူးသဖြင့်တော့ နှလုံးရည် ဆိုတဲ့အပိုင်းမှာ မှန်ရာကို ကြံဝံ့သော သတ္တိရှိခြင်း၊ မှန်ရာ ကောင်းရာကို ပြုလုပ်ရာ၌ ဇွဲရှိခြင်း၊ မတရားမှုတို့ကို ရွံရှာ၍ တိုင်းပြည်နဲ့ လူအများကို ညာမတုတ်လိုသော စိတ်ကောင်းစိတ်မြတ်များရှိခြင်း စသောနှလုံးရည် -- လို့ ဖေါ်ပြထား ပါတယ်။

ဒါဟာ ကျောင်းသူ ကျောင်းသားလူငယ်တွေကို စိတ်ကောင်း နှလုံးကောင်းရှိတဲ့ လူရည်မွန်တွေအဖြစ် ကြီးပြင်း စေချင်တဲ့ ရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်။ ပြီးတော့ အမှန်တရားကို မြတ်နိုးတတ်အောင်၊ မှန်တာကို လုပ်ရဲတဲ့ သတ္တိ ရှိအောင် အားပေးတဲ့ ပညာရေးမျိုးပါပဲ။ အဲဒီလို ပညာရေးမျိုး ရဖို့အတွက် ရည်ရွယ်တဲ့ နေရာမှာ သင်ရိုး တွေနဲ့ တန်းတူ အရေးပါ တာက သင်ကြားနည်းပဲ ဖြစ်ပါတယ်။ ကလေးလူငယ်တွေကို အမှန်တကယ် လူတော်လူ ကောင်း ဖြစ်စေဖို့ဆိုရင် သူတို့ရဲ့ အသိဥာဏ်တွေ လွတ်လွတ်လပ်လပ် ထုတ်ဖော် ကွန့်မြူးခွင်ရတဲ့ ပညာရေး စနစ် မျိုးသာ ဖြစ်ရမယ်လို့ ဆိုထားတာပါ။

အခု မြန်မာနိုင်ငံရဲ့ သင်ကြားနည်းကတော့ ဆရာ ဆရာမက ဖြစ်စေချင်တဲ့အတိုင်း တသဝေမတိမ်း လိုက်နာ အောင် ပုံသွင်းတဲ့ စနစ်သာ ဖြစ်ပါတယ်။ ကလေးတွေရဲ့ ဖြန့်ထွက်ပြီး တွေးမယ့် ဆင်ခြင် ဝေဖန် သုံးသပ်တဲ့ အတွေး စဉ် မျိုး အဖြေမျိုး ကို လက်မခံတဲ့ သင်ကြားနည်းစနစ်ပဲ ဖြစ်ပါတယ်။ တနည်းအားဖြင့်တော့ ဒါဟာ ကလေး တွေကို အမိန့်မှန်သမျှကို နာခံအောင် လေ့ကျင့်ပေးတဲ့ ကျွန်ပညာရေး စနစ်နဲ့ အတူတူပဲ ဖြစ်ပါတယ်။

စာရေးဆရာ ဒေါက်တာတင်မောင်သန်း ကတော့ ဂရိဒဿန ပညာရှင် ပလေတို ရဲ့ ကိုယ့်ရဲ့ ပြုမူ ဆောင်ရွက်မှု မှန်သမျှ တခြားသူ ဖြစ်စေချင်တဲ့အတိုင်း လက်ခံထားတဲ့သူဟာ ကျွန် ဖြစ်တယ်… ဆိုတဲ့ အယူအဆကို ကိုးကားပြီး အဲဒီလို တခြား သူ သင်တဲ့အတိုင်း လက်ခံယူရတဲ့ ပညာရေးဟာ ကျွန်ပညာရေးပဲ ဖြစ်တယ်လို့ သူရဲ့ ကျွန်ပညာရေး နှင့် သခင်ပညာရေး ဆိုတဲ့ ဆောင်းပါးမှာ ပြောထားပါတယ်။ ဒေါက်တာ တင်မောင်သန်းက သခင်ပညာရေး နဲ့ ပတ်သက်ပြီး အမေရိကန် ဒဿနပညာရှင် ဂျွန်ဒီဝီ (John Dewey) ပြောခဲ့တဲ့ ပညာရေးဆိုတာ လူက ဖြစ်လာတဲ့ ဖြစ်စဉ် လို့ ပြောထားတဲ့ စကားကို ညွှန်းခဲ့ပါတယ်။

ပြီးတော့ ဒေါက်တာတင်မောင်သန်းက လူကို အခြားသူတစ်ယောက်၊ ဒါမှမဟုတ် အဖွဲ့အစည်းတစ်ရပ် ရဲ့ အလိုကျ အတိုင်း ကိုယ့် သဘောဆန္ဒ မပါဘဲ လိုက်လျော ဆောင်ရွက်တတ်တဲ့ လူမျိုးဖြစ်အောင် ကြိုးစားတဲ့ ပညာရေးက ကျွန်ပညာရေး ဖြစ်ပြီး၊ လူကို လူဖြစ်အောင် ပြုလုပ်တဲ့ ပညာရေးကတော့ သခင်ပညာရေး ပါ…. လို့ ဆိုပါတယ်။ ဒီကနေ့ ခေတ်သစ်ပညာရေးက လူကို လူဖြစ်အောင် ကြိုးစားတဲ့ ပညာရေး ဖြစ်တယ် လို့လဲ သူက သုံးသပ်ထား ပါတယ်။

မြန်မာနိုင်ငံမှာ ပညာရေး ဆောင်ရွက်ချက်တွေ စီမံကိန်းတွေဟာ စာရွက်ပေါ်မှာတော့ အင်မတန် ကောင်းတဲ့ အစီအစဉ်တွေ ဖြစ်ပြီး လက်တွေ့မှာတော့ ကလေးတွေဟာ မူလတန်း ကနေ စလို့ ကျူရှင် ယူ၊ အလွတ်ကျက် ၏ သည် မလွဲ ဆိုနိုင်၊ ဖြေနိုင်သူတွေက အမှတ် ကောင်းကောင်း ရတဲ့စနစ် ဖြစ်နေဆဲပါ။ ဒါဟာ တသဝေ မတိမ်း လိုက်နာတတ်အောင် ပျိုးထောင်တဲ့ နည်း ပါပဲ။

မြန်မာနိုင်ငံရဲ့ လက်ရှိသင်ကြားနည်းဟာ ပညာရှင် ဆရာ တော်စိန်ခိုရဲ့ မှတ်ချက်တစ်ခုကို ကိုးကား ပြောရရင် တော့ အသိဥာဏ်ပညာ Intelligent ထက် သညာသိ Memory ကို အသားပေးတဲ့ ပညာသင်ကြားနည်းနဲ့ ပညာရေးစနစ်ပဲ ဖြစ်ပါတယ်။ ဆရာ တော်စိန်ခို ကတော့ သူ့ရဲ့ Burma Sketch ဆိုတဲ့ စာအုပ်မှာ--- အဲလို ပညာရေးမျိုးက မွေးဖွားလိုက်တဲ့ လူတွေဟာ အသိဥာဏ်ကြွယ်၊ ဆင်ခြင်တုံတရား ရှိတဲ့ လူတွေ အစား ကြက်တူရွေး လို အော်တိုမက်တစ် လူတွေပဲ မွေးဖွားပေးလိုက်တယ် လို့ ရေးသားခဲ့ ပါတယ်။

အဲဒီလို ပညာရေးစနစ်ဟာ မြန်မာနိုင်ငံမှာ အခုထိ စွဲစွဲမြဲမြဲ ရှိနေသေးတာကတော့ ဒီကနေ့ ပညာခေတ်ကြီးထဲမှာ Electronic Education , Information Technology ဆိုတာတွေ ကြွေးကျော်နေတဲ့ အာဏာပိုင်တွေရဲ့ လက်ထဲမှာတော့ မှတ်တမ်းတင်စရာ ဆိုးရွားတဲ့ စနစ်တစ်ရပ်ပဲ ဖြစ်ပါတယ်။ အဲဒီ ပညာရေးစနစ်ဆိုးကြီးဟာ လက်ရှိ အစိုးရဲ့ လက်ထက်မှာ ပိုပြီး သိသိသာသာ စွဲမြဲ ထင်ရှားလာခဲ့ပါတယ်။

၂၀၀၀ခုနှစ် နောက်ပိုင်းမှာတော့ အခြေခံပညာမှာရော၊ အဆင့်မြင့်ပညာ မှာပါ အမျိုးသား ပညာရည် မြင့်မားရေး စီမံကိန်း ဆိုပြီး ပထမ လေးနှစ် စီမံကိန်း ကို စ ခဲ့ပါတယ်။ အဲဒီမှာ ဘာသာရပ် အချို့ နဲ့ သင်ရိုး မာတိကာ အချို့ အနည်းအကျဉ်း ပြောင်းတာက လွဲလို့ ထူးထူးခြားခြား တိုးတက် ကောင်းမွန်လာတဲ့ ပညာရေး အစီအစဉ်မျိုး မပါ ခဲ့ပါဘူး။ အားလုံးဟာ စာရွက်ပေါ်မှာ ရေးပြလို့ ရရုံသာ ရှိခဲ့ပါတယ်။ လောလောဆယ်မှာ တကယ် လိုအပ်တဲ့ ဟောင်းနွမ်းပြီး အနှစ်သာရ ကင်းမဲ့နေပြီဖြစ်တဲ့ သင်ခန်းစာတွေကို ခေတ်မီ၊ အဆင့်အတန်း မီအောင် ပြောင်းတာ မျိုး မလုပ်တဲ့အပြင် ဆရာ၊ ဆရာမတွေရဲ့ သင်ကြားမှု နည်းစနစ်လည်း မပြောင်းခဲ့ပါဘူး။

အထူးသဖြင့်တော့ မူလတန်းအတွက် အသစ် ပြဋ္ဌာန်းတဲ့ လူမှုရေး၊ စာရိတ္တ နဲ့ လောကနီတိ ဆိုတဲ့ ဘာသာရပ် တွေဟာ စာရိတ္တ မြင့်မားရေးနဲ့ လူမှုဆက်ဆံရေး ကို ဦးမတည်ဘဲ အာဏာပိုင်တွေ ရဲ့ အုပ်ချုပ်မှု အောက်မှာ ကျိုးနွံ နာခံ တဲ့ နိုင်ငံသား ဖြစ်အောင် ရည်ရွယ် တဲ့ သင်ခန်းစာတွေသာ ဖြစ်နေတာကို တွေ့ရပါတယ်။

အဲဒီ ဆိုးရွားလှတဲ့ မူလတန်းပညာရေးနဲ့ ပတ်သက်လို့ ပြည်ပရောက် ပညာရေး ပညာရှင် ဒေါက်တာသိန်းလွင် ကတော့ စစ်အစိုးရသည် ပညာရေးကို လက်နက်သဖွယ် အသုံးပြုပြီး ကလေးများကို ဝေဖန်ပိုင်းခြား စဉ်းစား နိုင်စွမ်း မရှိအောင် ပုံစံသွင်းဟန် ရှိသည်... လို့ သူ့ ရဲ့ ပညာရေး ပါရဂူ ဘွဲ့ယူ စာတမ်း တစ်စောင် မှာ သုံးသပ် ဖော်ပြ ထားပါတယ်။

တကယ်တော့ မြန်မာနိုင်ငံ ပညာရေးထဲမှာ ကလေးတွေ ကျွန် ဖြစ်အောင် ပုံသွင်းခံ နေရတာကို ကယ်တင်ဖို့ ဆရာ ဆရာမတွေကသာ တက်ညီ လက်ညီ ကြိုးစားပြီး ပြုပြင် ပြောင်းလဲ ယူမယ်ဆိုရင် အောင်မြင်နိုင်ပါတယ်။

မေငြိမ်း
ဖေဖော်ဝါရီ ၊၀၆။

No comments:

Building Knowledge Economies စာတမ်း(၅)

ကမ္ဘာ့ဘဏ် ဖွံ့ဖြိုးတိုးတက်မှု လေ့လာရေးအဖွဲ့ရဲ့ ၂၀၀၇ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ စာတမ်းပါ Building Knowledge Economies ပညာရေးဆိုင်ရာ အကြံပြုချက် မ...