Thursday, September 13, 2007

မြန်မာနိုင်ငံရဲ့ ပညာရေးအကျပ်အတည်းများ

ပညာရေးနဲ့ ပတ်သက်ပြီး Radio Free Asia မှာ ကျမ အပတ်စဉ် ကြာသပတေး ညတိုင်း အသံလွှင့်ခဲ့တဲ့ ပညာရေးကဏ္ဍ လေးကို ပြန် မျှဝေ ချင်ပါတယ်။ ဒါကြောင့် ဆောင်းပါး အနေနဲ့ ဖတ်လို့ ပိုအဆင်ပြေအောင် နည်းနည်းလေး ပြုပြင်ပြီး တင်ပေးလိုက်ပါတယ်။ ဒီနေရာမှာ တခုတော့ ရှိပါတယ်.. ရေဒီယို အစီအစဉ်မို့ ၅မိနစ် စာလောက်နဲ့ အချိန်ကိုက် ၀င်အောင် ရေးရတာကြောင့် တပုဒ်ထဲမှာ အချက်အလက်တွေ အကုန် ပါအောင် မရေးနိုင်ပါဘူး။ ဒါကြောင့် Theme တခုစီနဲ့ အခန်းဆက်လိုတော့ ဖြစ်နေပါလိမ့်မယ်။ ဝေဖန် အကြံ ပေးကြ စေချင်ပါတယ်…။ ဒါမှပဲ တကယ်တမ်း မြန်မာပြည်ရဲ့ ပညာရေးအတွက် လုပ်နိုင်ခြေ ရှိ တာလေး တွေကို တွေ့နိုင် သိနိုင်ကြမှာပါ။


ပညာရေးကဏ္ဍ နဲ့ ပတ်သက်ပြီး ကမ္ဘာ့ ကုလသမဂ္ဂ က ထုတ်ပြန်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာ စာတမ်း (Universal Declaration of Human Rights) မှာ ပညာရေးသည် တနိုင်ငံ နှင့် တနိုင်ငံ၊ လူမျိုး တမျိုး နှင့် တမျိုး၊ ဘာသာရေး အသင်းအဖွဲ့ တဖွဲ့ နှင့် တဖွဲ့ အကြား၊ နားလည်မှု၊ သဘောထား ကြီးမှု၊ ချစ်ကြည်ရင်းနှီးမှုတို့ တိုးတက် ဖြစ်ပေါ်လာစေရန် နှင့် ကမ္ဘာ့ငြိမ်းချမ်း ရေး တည်တံ့စေရန် ကုလသမဂ္ဂမှ တာဝန်ယူ ဆောင်ရွက်နေသော လုပ်ငန်းများ အဓွန့်ရှည်စေရန် ဆောင်ကျဉ်း နိုင်ရမည်….လို့ ထည့်သွင်း ဖေါ်ပြ ထားပါတယ်။ ဒါဟာ နိုင်ငံတနိုင်ငံအတွက် ပညာရေးကဏ္ဍ ရဲ့ အရေးပါမှု အရေးကြီး မှု ကို ဖေါ်ပြနေတာပါပဲ။

ဘယ်နိုင်ငံမှာမဆို အဘက်ဘက်က တိုးတက်ထွန်းကားဖို့ဆိုရင် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ စာရိတ္တတွေ ယဉ်ကျေးမှုတွေ ကောင်းမွန် ဖွံ့ဖြိုးဖို့ဟာ အခြေခံ မဏ္ဍိုင်တွေလို အရေးကြီးပါတယ်။ အဲသည် မဏ္ဍိုင် တွေအပေါ် အားပြုပြီးတော့ပဲ နိုင်ငံ တနိုင်ငံကို တိုးတက်အောင် တည်ဆောက်ကြရပါတယ်။ အဲဒီ မဏ္ဍိုင်တွေ တစ်ခု မဟုတ် တစ်ခု ချို့တဲ့ရင် ချို့တဲ့သလို လျော့ပါးရင် လျော့ပါးသလို နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုး တိုးတက်မှု မှာလည်း အနည်းနဲ့ အများဆိုသလို နှောင့်နှေး ကြန့်ကြာ ကြရပါတယ်။

နိုင်ငံတကာမှာက သူတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်အောင် ပြုစုပျိုးထောင်ရာမှာ၊ ကလေးတွေ လူငယ်တွေရဲ့ ကိုယ် စိတ် နှစ်ပါး ကျန်းမာ သန်စွမ်း ဖွံ့ဖြိုးရေးတွေကို အဓိက ရည်ရွယ်ချက်အဖြစ် ထားပြီး အရေးတကြီး ဂရုတစိုက် ဆောင်ရွက်နေကြတာ တွေ့ရပါ တယ်။ နိုင်ငံအများစုမှာ မျက်မှောက်အချိန်အတွက် အဘက်ဘက်က ဖွံ့ဖြိုးအောင် အပြိုင် အဆိုင် လုပ်နေရင်းနဲ့ အနာဂတ်အတွက် အရေးပါလှတဲ့ ကလေးတွေကို တိုးတက်သထက် တိုးတက်အောင် မွေးမြူနေကြပါတယ်။ ဒါဟာ အနာဂတ်အပေါ် ထားတဲ့ စေတနာပဲလို့ ကျမ မြင်ပါတယ်။ နိုင်ငံ့ ခေါင်းဆောင်ကောင်း လူကြီးသူမကောင်းတို့ရဲ့ တာဝန်ကြီး တစ်ရပ် လည်း ဖြစ်ပါတယ်။

ကျမတို့နိုင်ငံမှာ မူလတန်းကြိုကနေ စလို့၊ ဘွဲ့ရတဲ့အထိ၊ ပညာရေးအဆင့် သတ်မှတ်ပုံ သတ်မှတ်နည်းကစပြီး၊ သင်ရိုးအဆင့်အတန်း၊ သင်ကြားနည်းစနစ်တွေ၊ စာမေးပွဲစနစ်တွေ၊ သင်ထောက်ကူပစ္စည်းတွေ၊ ဆရာ ဆရာမ တွေရဲ့ အရည်အသွေး အဆင့်အတန်းတွေမှာ နိုင်ငံတကာနဲ့ ယှဉ်ကြည့်ရင်၊ ဘယ်လောက် ခေတ် နောက်ကျ နေသလဲ၊ စံမမီဖြစ်နေသလဲ ဆိုတာတွေကို နိုင်ငံတကာ ပညာရေး အချို့ နဲ့ ပညာရှင်များရဲ့ အမြင် တွေကို ကိုးကားပြီး ကျမရဲ့ အတွေ့အကြုံ တွေ အရ လိုအပ်သလို နှိုင်းယှဉ် ပြောပြသွားချင်ပါတယ်။

ဒီနေရာမှာ ဆရာ ဆရာမ တွေရဲ့ သင်ကြားနည်းစနစ်ကို သေသေချာချာ မကိုင်တွယ်၊ မညွှန်ကြားတဲ့အတွက် ဆရာ၊ ဆရာမတွေရဲ့ အရည်အသွေးတွေပါ ကျဆင်း လာရတာ၊ ဆရာ မလုံလောက်မှုကြောင့် အခြေခံပညာ တောင် မပြီးဆုံးသေးတဲ့သူတွေကို ဆရာအဖြစ် ဆွဲခန့်လိုက်ရတာတွေကြောင့်လဲ ကလေးတွေရဲ့ အရည်အသွေး ကိုပါ ထိခိုက်လာတာ ဖြစ်ပါတယ်။ အဲဒီအတွက် မြန်မာပြည်မှာ ဆရာအတတ်သင် ကျောင်းကောင်းတွေ ရှိဖို့ လိုအပ်ပါတယ်။

ဒါ့ကြောင့် မြန်မာနိုင်ငံရဲ့ လက်ရှိပညာရေး အခြေအနေထဲမှာ ပညာရေးအဆင့် သတ်မှတ်ပုံက စပြီး၊ သင်ရိုး ညွှန်းတမ်းတွေ၊ သင်ကြားနည်းစနစ်တွေ၊ စာမေးပွဲစနစ်တွေ၊ ဆရာဆရာမ၊ ကျောင်းသားမိဘ ဆက်ဆံရေးပုံစံ တွေဟာ အဓိကထားပြီး ပြုပြင်ယူကြရ မယ့် ပြဿနာတွေထဲမှာ ပါပါတယ်။ ၁၉၆၂နောက်ပိုင်းကနေ ခုချိန်အထိ တဖြည်းဖြည်း ယိုယွင်း ယုတ်လျော့လာတဲ့ မြန်မာနိုင်ငံ ပညာရေးဟာ၊ (UNESCO) ရဲ့ စစ်တမ်းတွေအရ ၂၀၀၀ပြည့်နှစ် နောက်ပိုင်းမှာ ဆုတ်ယုတ်မှု ပိုမြန်လာပါတယ်။ ဒါကို ကျမတို့ ပြည်သူတွေနဲ့ ကျောင်းသူ ကျောင်းသား လူငယ်ထုကြီးက တနိုင်တပိုင် တာဝန်ယူပြီး ပြုပြင်သွားကြရမှာ ဖြစ်ပါတယ်။

မေငြိမ်း(၂၀၀၅၊ဒီဇင်ဘာ)

No comments: