
၂၀၀၇။
၂၀၀၇။
တော်လှန်ရေးကောင်စီသည် အသက်မွေးဝမ်းကြောင်းမှုနှင့် မကိုက်ညီသော လက်ရှိ ပညာရေး စနစ်ကို ပြုပြင်ပြောင်းလဲရမည်ဟု ယုံကြည်သည်။ တော်လှန်ရေးကောင်စီသည် ဆိုရှယ်လစ် စိတ်ဓါတ်ကို အခြေခံသည့် အသက်မွေးဝမ်းကြောင်းမှုနှင့် ကိုက်ညီသော ပညာရေးစနစ်တစ်ရပ်ကို ဖေါ်ဆောင်၍ သိပ္ပံပညာကို ဦးစားပေးမည်။
ပြီးခဲ့တဲ့ တပတ်မှာ ကျောင်းသားအခွင့်အရေး ဆုံးရှုံးမှုတွေကို တောင်းဆိုတာ ကြောင့် အာဏာပိုင်နဲ့ ကျောင်းသားတွေကြား ပဋိပက္ခဖြစ်ရတာတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ပညာရေးလောကမှာ အထင်အရှား ဖြစ်ပျက်ခဲ့တဲ့ ၇ဇူလိုင် အရေးအခင်းနဲ့ ကိုးရီးယားနိုင်ငံ မှာ ၁၉၈၀ တုန်းက ဖြစ်ပျက်ခဲ့တဲ့ အဓိကရုဏ်း ပြဿနာ တွေကို တင်ပြခဲ့ပါတယ်။ မြန်မာနိုင်ငံကတော့ အဲသည် ၁၉၆၂ ဇူလိုင်၇ရက်နေ့ကစပြီး ဒီနေ့ထက်ထိအောင် ကျောင်းသားဆိုင်ရာ အခွင့်အရေးတွေ မရသေးတဲ့အပြင် ပညာရှင်တွေအတွက်လည်း လွတ်လပ်ခွင့်တွေ ထိုက်တန်တဲ့ နေရာဌာနတွေ လုပ်ပိုင်ခွင့် တွေ မရသေးပါဘူး။
မြန်မာနိုင်ငံမှာကတော့ ရာထူးအနေအထား မြင့်တယ်လို့ ဆိုနိုင်တဲ့ ပါမောက္ခတွေတောင် အတော်များများက နိုင်ငံတကာ ပညာရပ်ဆိုင်ရာ ပညာတော်သင် အစီအစဉ် တွေ၊ နိုင်ငံတကာ အဆင့်မီ ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲတွေ မတက်ဖူးကြပါဘူး။ ပညာရေးဝန်ထမ်းတွေဟာ ကျောင်းတွေမှာ သင်ကြားရေးတွေ စာမေးပွဲလုပ်ငန်းစဉ်တွေနဲ့သာ အချိန်ကုန်ပင်ပမ်းနေကြရတာမို့ ကျောင်းအလိုက် ဌာနဆိုင်ရာအလိုက် စာတမ်းဖတ်ပွဲတွေတောင် ပုံမှန်မလုပ်နိုင်ကြပါဘူး။ အဲဒီအခါ နိုင်ငံတကာ အဆင့်ထိအောင် အမြင်ကျယ်ပြောတဲ့ အတွေ့အကြုံ ဗဟုသုတကိုလည်း စိတ်မ၀င်စားကြတော့ပါဘူး။ အဲဒီအခါ မြန်မာနိုင်ငံက ပညာရှင်တွေဟာ ကမ္ဘာ့အဆင့်မီ ပညာရှင်တွေရဲ့ တန်ဖိုးနဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကိုတောင် မတောင်းဆိုကြ တော့ပါဘူး။ အဲဒီအပြင် ကိုယ်ရသင့်တဲ့ အခွင့်အရေးကို တောင်းဆိုကြတဲ့ ကျောင်းသားတွေကိုတောင် အုပ်ချုပ်သူ အာဏာပိုင်တွေအလိုကျ ဟန့်တားတာတွေ၊ တင်းတင်းမာမာ ချုပ်ကိုင်တာတွေ အမျိုးမျိုး လုပ်လာပါတယ်။
မေငြိမ်း(၂၀၀၇)
ပြီးခဲ့တဲ့ တပတ်မှာ နှိုင်းယှဉ် တင်ပြသွားခဲ့သလိုပဲ မြန်မာနိုင်ငံစစ်အစိုးရရဲ့ ပညာရေးအပေါ် ၀င်ပြီး စွက်ဖက် ချုပ်ကိုင်နေပုံက ကွန်မြူနစ်ခေတ် တရုတ်နိုင်ငံရဲ့ ပုံစံအတိုင်းပါပဲ။ လက်ရှိမှာလည်း တရုတ်အစိုးရဟာ ပညာရေးကဏ္ဍကို ခေတ်မီတိုးတက်အောင် အဘက်ဘက်က ပံ့ပိုးပေးနေပေမဲ့ တဘက်ကလည်း ပညာရေး စနစ်ထဲမှာ သင်ကြားမှု သင်ယူမှု နယ်ပယ်ထဲမှာ လွတ်လပ်မှုမရှိဘဲ တင်းတင်းကျပ်ကျပ် ကိုင်တွယ်ထားတာ၊ လာဘ်ပေးလာဘ်ယူ ရှိတာ၊ အစိုးရနဲ့ အဆင်ပြေရင် ပြေသလို အခွင့်အရေး ရတာ၊ အနောက်နိုင်ငံက ပညာရှင် တွေရဲ့ လာရောက်ပို့ချမှုတွေကိုတောင် ၀င်ရောက် စွက်ဖက် တားမြစ် ကန့်သတ်တာတွေ၊ ပြည်ပ ပညာတော်သင်တွေကို အမြောက်အများ ခွင့်ပြုထားပေမဲ့ သူတို့ နိုင်ငံရေးအာဏာနဲ့ ပတ်သက်ပြီး ဝေဖန် သုံးသပ်ထိပါး ရေးသားတာမျိုးကိုတော့ ချုပ်ချယ်ကန့်သတ်တာမျိုးတွေ ရှိနေတုန်းပါပဲ။
ရုရှနိုင်ငံဟာလည်း ကွန်မြူနစ်ဝါဒ လွှမ်းမိုးပြီး နိုင်ငံရေးကို ချုပ်ကိုင်တဲ့ နိုင်ငံဖြစ်ပေမဲ့ ပညာရေးကဏ္ဍကို သေသေချာချာ ပံ့ပိုးပေးပြီး သင်ကြားမှု သင်ယူမှုတွေမှာ လွတ်လပ်မှုရှိတာ တွေ့ရပါတယ်။ ဆရာ တပည့် အပြန်အလှန် ငြင်းခုန် ဆွေးနွေးခွင့် ရှိပါတယ်။ ပြီးတော့ ကျောင်းဝင်းတွေထဲမှာ လွတ်လွတ်လပ်လပ် နေထိုင် သွားလာခွင့်၊ ဆည်းပူးလေ့လာခွင့် တွေရှိပါတယ်။ စာကြည့်တိုက် ကောင်းကောင်းတွေ အများကြီး ရှိပါတယ်။ ကျောင်းသားတွေရဲ့ နေထိုင်ရေးကအစ အဆင့်အတန်းမြင့်မြင့် ဖန်တီးပေးထားပါတယ်။ ကျောင်းစရိတ် ကလည်း မများပါဘူး။
မြန်မာနိုင်ငံမှာက လက်ရှိအခြေနေထိ အဘက်ဘက်က လွတ်လပ်ခွင့်တွေ အများကြီး ဆုံးရှုံးနေကြရပါတယ်။ အထူးသဖြင့်တော့ ပညာရှေ့သွားစနစ်လွှမ်းမိုးနေတဲ့ မျက်မှောက် ခေတ်မှာ နိုင်ငံတနိုင်ငံဟာ ပညာရေးမှာ စဉ်းစားတွေးခေါ်မှု၊ လေ့လာသင်ကြားမှုတွေ လွတ်လပ်မှပဲ ဆင်ခြင်တုံတရားနဲ့ ဥာဏ်ပညာက ဦးဆောင်တဲ့ နိုင်ငံသားတွေကိုသုံးပြီး တကယ်တမ်း ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။
“ကျနော်က အထွေထွေမြန်မာစာကို သင်ရင်းနဲ့ ဗဟုသုတအနေနဲ့ အဲဒီနှစ်မှာ ထောင်စုနှစ်အတွင်း အတော်ဆုံး လူရွေးတယ်ဆိုတဲ့ တိုင်းမဂ္ဂဇင်းက သတင်းလေးကို ပြောပြရင်း မြန်မာပြည်မှာ အတော်ဆုံးပုဂ္ဂိုလ်ရွေးရင် ဆရာကတော့ ဦးဥတ္တမကိုရွေးမယ်၊ ဗိုလ်ချုပ်အောင်ဆန်းကို ရွေးမယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးမယ်လို့ ကျောင်းသားတွေကို ပြောပါတယ်၊ တကယ်လို့ အဆိုးဆုံးကို ရွေးမယ် ဆိုရင်တော့ မြန်မာနိုင်ငံကို အဆင်းရဲဆုံးနိုင်ငံဖြစ်အောင်လုပ်ခဲ့တဲ့ ဦးနေ၀င်း ပေါ့ကွာ..လို့ ပြောလိုက်တယ်။ ဘာလို့ ဒီလိုပြောရလဲဆိုတော့ အဲဒီတုန်းက ကျောင်းတွေမှာက လွတ်လပ်စွာတွေးတောခွင့်၊ လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာ ရေးသားခွင့်တွေမရှိတော့ ကလေးတွေက ဘာမှမသိ နားမလည်ဖြစ်နေတာ။ ဒါကြောင့် ကျနော်တို့ ဆရာဆရာမတွေမှာ သမိုင်းအမှန်တွေကို သိအောင်ပြောပြဖို့ တာဝန်ရှိတယ်လို့ ကျနော်ယုံကြည် လို့ ပြောရတာပဲ”..လို့ ပြောပြပါတယ်။
မေငြိမ်း(၂၀၀၇)
ပညာရေးအဆင့်အတန်း အမှန်တကယ် မြင့်မားဖို့ဆိုရင် ဘယ်နိုင်ငံမှာမဆို ပညာရေးစနစ်ဟာ အဖွဲ့အစည်းတွေ အယူဝါဒတွေရဲ့အောက်မှာမရှိရဘဲ လွတ်လပ်စွာ ဖြစ်တည် နေရမယ်လို့ နိုင်ငံတကာပညာရေးပညာရှင်တွေက သဘောတူ ဆုံးဖြတ်ထားပါတယ်။ လွတ်လပ်တဲ့ ပညာရေး ဆိုတာမှာလည်း ကျောင်းပညာရေးဟာ ကျောင်းသားမိဘတွေနဲ့ ကျောင်းသူကျောင်းသားတွေ စိတ်ကြိုက်ရွေးချယ်သင်ကြားခွင့် ရှိရပါတယ်။ အဲဒီအပြင် လိုအပ်တဲ့ သတ်မှတ်ထားတဲ့ အချက်အလက်နဲ့ပြည့်စုံရင် ဘယ်သူမဆို ကျောင်း တည်ထောင်ခွင့်လည်း ရှိပါတယ်။ ဒါကြောင့် ပညာရေးလွတ်လပ်ခွင့်ရှိတဲ့ နိုင်ငံတွေမှာ ကျောင်းတွေ အပြိုင်အဆိုင် တည်ထောင်ရာ ကနေ ပညာရေးအဆင့်အတန်းတွေ စနစ်တွေကိုလည်း ကောင်းသထက်ကောင်းအောင် အပြိုင်အဆိုင် အားထုတ်လာကြတာ ဖြစ်ပါ တယ်။
အဲဒီလိုပဲ သမိုင်းဆိုင်ရာသင်ရိုးတွေမှာလည်း လက်တွေ့လောကမှာ အသုံးချမရတဲ့ သမိုင်းကြောင်းတချို့နဲ့ မြန်မာဘုရင်အဆက်ဆက် နယ်ပယ်ချဲ့ထွင်ရင်း ဖြစ်ကြတဲ့ စစ်ပွဲတွေကိုသာ အသားပေး ပြဌာန်းတာ တွေ့ရ ပါတယ်။ လူမျိုးရေး ဘာသာရေး အာဃာတ လွှမ်းမိုးပြီး နိုင်ငံရေးအရ သူတို့လိုအပ်သလို ၀ါဒဖြန့်တဲ့ ရှုထောင့်တွေဘက်က နေ လိုရာဆွဲရေးသားတဲ့ သင်ခန်းစာမျိုးတွေ ဖြစ်ပါတယ်။ ဥပမာပြောရရင် ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံရဲ့ ပြဿနာကို သီးခြားပြဌာန်းစာအုပ်အဖြစ် သတ်မှတ်ထားတာမျိုးပါ၊ ဒါဟာ စာသင်သားတွေကို နိုင်ငံရေးမှိုင်းတိုက်တာပဲ ဖြစ်ပါတယ်။ သမိုင်းကြောင်းထဲက သင်ခန်းစာ ယူစရာ အမှားတွေကို ဝေဖန်ပိုင်းခြား တတ်အောင်၊ ဆင်ခြင်သုံးသပ်တတ်အောင် သင်ကြားပေးတာမျိုး လုံးဝမရှိပါဘူး။
မေငြိမ်း (၂၀၀၇)
ကမ္ဘာပေါ်မှာ ခေတ်မီတဲ့ နိုင်ငံအများစုက ခုချိန်မှာ၊ ကိုယ့်နိုင်ငံကို တကယ် အောင်မြင်တဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်အောင် ကြိုးစားတည်ဆောက်နေကြပါတယ်။ အထူးသဖြင့် ပညာရေးစနစ်ကို ဒီမိုကရေစီနည်းကျတဲ့ ပညာရေးဖြစ်အောင် သင်ကြားနည်းစနစ်ကအစ သင်ရိုး ညွှန်းတန်းအထိကို ဒီမိုကရေစီစနစ်နဲ့ လျော်ညီအောင် တည်ဆောက် မွမ်းမံနေကြပါတယ်။
မေငြိမ်း(၂၀၀၇)
အဲဒီအခါ စာသင်သားတွေအတွက် ပညာရေးကိုဖန်တီးရာမှာ အရောင် အသွေးစုံ ယဉ်ကျေးမှုပညာရေးပုံစံ 'Multicultural Education' ကို စဉ်းစားလာကြတာ ဖြစ်ပါတယ်။ ပညာရေးထဲမှာ လူမျိုးစုံ ပါဝင် ပူးပေါင်း နိုင်ရေးနဲ့ အနည်းဆုံး ကိုယ့်နိုင်ငံအတွင်းက လူမျိုးပေါင်းစုံတို့နဲ့ ပေါင်းသင်းဆက်ဆံရေး လွယ်ကူပြေပြစ်စေဖို့ကို ဦးတည်တဲ့ ပညာရေးမျိုးကို ဖန်တီးတာဟာလည်း ဒေသတွင်း အမျိုးသားပညာရေးကို တည်ဆောက်တာပဲ ဖြစ်ပါတယ်။
ကိုယ့်ဒေသတွင်းက လူမျိုးစုံတို့ရဲ့ ဘာသာစကားတွေကို အနည်းဆုံးတမျိုးလောက် ပိုတတ်ထားတဲ့အတွက် ဆက်သွယ်ဆက်ဆံရေးမှာ အဆင်ပြေစေတဲ့အပြင် အဲဒီလူမျိုး တမျိုးနဲ့တမျိုး ဓလေ့ထုံးစံနဲ့ စိတ်နေသဘောထား တွေကို အချင်းချင်းသိသွားတဲ့အတွက် ချစ်ခင်ရင်းနှီးမှုပိုရနိုင်တာမို့လို့ ငြိမ်းချမ်းတဲ့ပညာရေးဆီကို ဦးတည် ပါတယ်။
ဒါကြောင့်ပဲ ပညာရေးကို အထူးကြိုးစား တည်ဆောက်နေတဲ့ ကမ္ဘာ့နိုင်ငံအများစုက ကျောင်းပညာရေးထဲမှာ မိမိတို့နိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေဆီက ဘာသာစကားတွေကို ထည့်သွင်း သင်ကြားပေးကြတာ တွေ့ရပါတယ်။ ဥပမာ- အမေရိကန်နိုင်ငံမှာ စပိန်ဘာသာရပ် သင်ရသလိုမျိုး၊ ဥရောပနိုင်ငံတွေမှာ အင်္ဂလိပ်ဘာသာ၊ ပြင်သစ်ဘာသာ၊ ဒတ်ခ်ျဘာသာ၊ ဂျာမန်ဘာသာတွေ သင်ယူရသလိုမျိုး ဖြစ်ပါတယ်။
နောက်ထပ် ထင်ရှားတဲ့ ဥပမာကတော့ စင်္ကာပူနိုင်ငံဟာ လူမျိုးပေါင်းစုံ နေထိုင် အလုပ်လုပ်ရာ နိုင်ငံဖြစ်တဲ့ အတွက် စင်္ကာပူနိုင်ငံမှာ အခြေခံပညာရေးမှာ ဘာသာစကား ၃မျိုးကို မသင်မနေရ ဘာသာရပ်တွေအဖြစ် သင်ယူကြရပါတယ်။ အဓိကဘာသာစကားက အင်္ဂလိပ်ဘာသာစကားဖြစ်ပြီး မလေး၊ ဟင်ဒီ၊ အင်ဒိုနီိးရှား၊ မင်ဒရင်း နဲ့ ဖိလစ်ပိုင်ဘာသာ စကားတွေထဲက ရွေးချယ် သင်ယူရပါတယ်။ ဒါကြောင့် ကလေးတွေဟာ အနည်းဆုံး ဘာသာစကား၃မျိုးလောက် တတ်ပြီး အရွယ်ရောက်တဲ့အခါ အလုပ်လုပ်ရာမှာ ဘာသာစကား ကြောင့် အခက်အခဲကြုံရတာမျိုး နည်းပါးသွားပါမယ်။ ပြီးတော့ ဘာသာစကား ကျွမ်းဝင်မှုကြောင့် အချင်းချင်းပို ရင်းနှီးချစ်ခင်လာနိုင်ပြီး အလုပ်လုပ်ရမှာလည်း အောင်မြင်အောင် ပူးပေါင်းဆောင်၇ွက်တာမျိုး တွေလည်း ပိုပြီးလုပ်လာနိုင်မှာ ဖြစ်ပါတယ်။
အဲသလိုပဲ နိုင်ငံတွင်းမှာကို ဘာသာစကား၃၀၀ကျော်ပြောနေတဲ့ အိန္ဒိယနိုင်ငံမှာဆိုလည်း ကျောင်းပညာရေးထဲ မှာ ဒေသအလိုက် ပြည်နယ်အလိုက်၊ မိခင်ဘာသာစကား တမျိုးနဲ့အတူ နီးစပ်ရာဘာသာစကား အနည်းဆုံး ၂မျိုးကို သင်ယူကြရပါတယ်။ ပြီးတော့ ဒုတိယဘာသာစကားအဖြစ် အင်္ဂလိပ်စာကို နိုင်ငံတကာအဆင့်မီ သင်ယူကြရပါတယ်။ ဒါကြောင့် အချင်းချင်း ဆက်သွယ်ရေးလွယ်ကူမှုကြောင့် ကိုယ့်နိုင်ငံသားတွေအတွက် တန်းတူပညာရေးအဆင့်အတန်းကို အလွယ်တကူ တည်ဆောက် ပေးနိုင်တာ တွေ့ရပါတယ်။ ဒါဟာလည်း အမျိုးသားပညာရေးကို ဆောင်ရွက်နိုင်မှုပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာကတော့ တိုင်းရင်းသားလူမျိုး ၁၃၀ကျော် မှီတင်းနေထိုင်နေတယ်လို့ လက်ရှိအာဏာပိုင်တွေက ကြေငြာထားပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားတွေဟာ ခေတ်အဆက်ဆက် နိုင်ငံရဲ့ လမ်းပမ်း ဆက်သွယ်ရေး ခက်ခဲမှုကြောင့်ရော၊ တိုင်းရင်းသားတွေအပေါ် သူတို့မိခင်ဘာသာစကား သင်ကြားမှုကို ပိတ်ပင် ဟန့်တား ထားတဲ့အတွက်ရော၊ လူမျိုးတမျိုးနဲ့တမျိုး ဘာသာစကားဆက်စပ်မှု ဆက်သွယ်မှုတွေ မရှိကြတဲ့အတွက်ရော၊ ဓလေ့ထုံးစံတွေ ယဉ်ကျေးမှုတွေဟာ မှေးမှိန်လာရတဲ့အပြင် တိုင်းရင်းသား အချင်းချင်း ချစ်ကြည် ညီညွတ် ရေးကိုပါ ထိခိုက်စေလာတာကို တွေ့ရပါတယ်။ ဒါဟာ အမျိုးသားပညာရေး တည်ဆောက်တဲ့နေရာမှာ အဟန့်အတားပဲ ဖြစ်ပါတယ်။
တကယ်တော့ နိုင်ငံတနိုင်ငံမှာ အမျိုးသားပညာရေးကို တည်ဆောက်မယ်ဆိုရင် နိုင်ငံအုပ်ချုပ်သူ အစိုးရတွေနဲ့ အတူ အစိုးရမဟုတ်တဲ့ (NGO)ပညာရေးကူညီမှုအဖွဲ့တွေက ၀ိုင်းဝန်း ပံ့ပိုး ဆေင်၇ွက်ပေးကြရမှာ ဖြစ်တဲ့အပြင် နိုင်ငံတွင်းက လူမျိုးစုတွေရဲ့ ချစ်ခင်ရင်းနှီးစွာအတူတကွ ပူးပေါင်းနေထိုင်နိုင်ရေးအတွက် ကိုယ့် မိခင်ဘာသာ စကားနဲ့ နီးစပ်ရာတိုင်းရင်းသားတွေရဲ့ ဘာသာစကားတွေ ယဉ်ကျေးမှုတွေကို ပညာရေးထဲမှာ ထည့်သွင်း သင်ကြားပေးဖို့ လိုအပ်ပါတယ်။
မေငြိမ်း(၂၀၀၇)တကယ်တော့ ကလေးတွေဆိုတာက ကျောင်းတက်တဲ့အရွယ်မှာ သူတို့ဝန်းကျင်က မြင်မြင်သမျှကို လေ့လာ မှတ်ယူပါတယ်၊ အတုယူပြီး လိုက်လုပ်ကြပါတယ်။ ဒါကြောင့် ပညာသင်ယူတဲ့အရွယ်မှာ ကလေးတွေရဲ့ ပညာရေးထဲမှာ ကိုယ်ကျင့်တရားကောင်းအောင်၊ စိတ်နေသဘောထား ကောင်းမွန်အောင် လမ်းညွှန်နိုင်တဲ့ သင်ခန်းစာတွေ ထည့်သင်ပေးကြရတာ ဖြစ်ပါတယ်။ ဘီစီ-၃၈၄မှာပေါ်ထွက်ခဲ့တဲ့ ဂရိအတွေးအခေါ်ပညာရှင် ကြီး Aristotle ကလည်း “ပညာရေးဆိုတာက လူသားတွေရဲ့ ကိုယ်ရည်ကိုယ်သွေးကို ပျိုးထောင်ပေးဖို့ တာဝန်ရှိတယ်” လို့ ပြောခဲ့ဖူးပါတယ်။ အဲသလိုပဲ နိုဗယ်ဆုရှင် ဗြိတိသျှ အတွေးအေခ်ါပညာရှင် Bertrand Russell ကလည်း “ပညာရေးဟာ ကမ္ဘာကို ဖွင့်လှစ်မယ့် သော့တချောင်း ဖြစ်တယ်”လို့ ပြောခဲ့ပါတယ်။
အိန္ဒိယက ပညာရေးပညာရှင် Muttart ကတော့ ငြိမ်းချမ်းရေးအတွက် ပညာရေးပုံစံကို တည်ဆောက်မယ် ဆိုရင် စိတ်နှလုံးထဲမှာရှိနေတဲ့ ငြိမ်းချမ်းရေးကို အနှောက်အယှက်ဖြစ်စေနိုင်တဲ့ အတားအဆီးမှန်သမျှကို စွန့်လွှတ်ရမယ်၊ လူမျိုးရေး၊ ဘာသာရေးနဲ့ လိင်အဆင့်အတန်းခွဲတဲ့ သဘောထားတွေကိုလည်း စွန့်လွှတ်ရ မယ်လို့ ၁၉၈၇ခုနှစ်ကတည်းက အကြံပေးခဲ့ပါတယ်။ ဒါဟာ ငြိမ်းချမ်းရေးနဲ့ တရားမျှတရေးဆီ ဦးတည်တဲ့ ရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်။
သေသေချာချာ ပြင်ဆင် ပြုစု တည်ဆောက်ထားတဲ့ Peace Education ဟာ ကလေးတွေကို အုပ်စုအဖွဲ့နဲ့ အလုပ်လုပ်ကိုင်တတ်စေပါတယ်။ ရန်လိုစိတ်၊ ဒေါသစိတ်တွေ နည်းပါးစေပါတယ်။ ဒီမိုကရေစီနည်းကျကျ နေထိုင်တတ်စေပါတယ်။ အဲဒီအပြင် ဖက်ဒရယ်နည်းကျကျ၊ လူမျိုးစုံ အတူယှဉ်တွဲနေထိုင်နည်းကိုပါ သိနားလည်လာနိုင်ပါတယ်။ အသွေးအရောင်အမျိုးမျိုး၊ ကွဲပြားတဲ့ လူတွေကို အဖွဲ့အစည်းတခုထဲမှာ မိသားစု ပုံစံနဲ့ အတူတူ နေထိုင်နည်းကိုလည်း တတ်မြောက်သွားစေပါတယ်။ ဒါဟာ အနာဂတ်ကမ္ဘာရဲ့ ငြိမ်းချမ်းရေးကို အများကြီး အထောက်အကူပြုနိုင်တဲ့ ပညာရေးပဲ ဖြစ်ပါတယ်။
၂၀၀၇။
အဲလိုနဲ့ နောက်ထပ် နှစ်ပေါင်း၆၄နှစ်အကြာ တတိယနပိုလီယံလက်ထက်မှာ ပြင်သစ်နဲ့ ပရပ်ရှားတို့ စစ်ပွဲ ထပ်ဖြစ်တဲ့အခါမှာတော့ ဆီဒန်းမြို့တိုက်ပွဲမှာ ပရပ်ရှားက အနိုင်ရသွားပါတော့တယ်။ ပြင်သစ်ရဲ့ တတိယမြောက် နပိုလီယံဘုရင်က လက်နက်ချလိုက်ရပါတယ်။ အဲဒီ အောင်ပွဲကို Victory of Prussians school masters လို့ခေါ်တာပါ။ နောက်ပိုင်းမှာတော့ ပရပ်ရှားတွေက သူတို့ စစ်နိုင်ရတာ ပညာဥာဏ် ကြောင့်ပဲလို့ ပိုလက်ခံသွားပြီး ပညာရေးပြုပြင်တည်ဆောက်မှုတွေကို စဉ်ဆက်မပြတ် လုပ်တော့တာပါပဲ။ ပညာရေးရဲ့ အရေးပါမှုကို ဂျာမန်လူမျိုးတွေက အဲဒီ ၁၉ရာစု အစောပိုင်းကာလကတည်းက သိခဲ့ပြီလို့ ဆိုရမှာပါ။ ဒါ့ကြောင့်ပဲ အမျိုးသားပညာရေးစနစ်ကို စခဲ့တာ ဂျာမနီနိုင်ငံလို့တောင် ဆိုနိုင်ပါတယ်။ ခုဆိုရင်တော့ ဂျာမနီနိုင်ငံဟာ ဥရောပမှာ ထိပ်တန်းရောက်တဲ့ နိုင်ငံအဖြစ် နေရာယူလာနိုင်တာ တွေ့နေရပြီ ဖြစ်ပါ တယ်။
ဒီကနေ့ အောင်မြင်မှုအရာမှာ ထိပ်ပိုင်းကပဲ ရှိနေတဲ့ ဂျပန်နိုင်ငံဟာလည်း အမျိုးသားပညာရေးကို တည်ဆောက်ထားတဲ့ နိုင်ငံပဲ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ အမျိုးသားပညာရေးတည်ဆောက်ပုံကတော့ အစိုးရက ပညာရေးကို ဦးဆောင်တယ် ဆိုပေမဲ့ အစိုးရက ပညာရေးအတွက် အခြေခံမူဝါဒနဲ့ သင်ရိုးအညွှန်းဘောင် တွေလောက်ကိုပဲ သတ်မှတ်ပေးပါတယ်။ သင်ရိုးအသေးစိတ်နဲ့ သင်ကြားနည်း စနစ်ပိုင်းဆိုင်ရာတွေကိုတော့ သက်ဆိုင်ရာဒေသအလိုက် မြို့အလိုက် ကျောင်းအလိုက် ပညာရေးပညာရှင်တွေက သင့်တော်သလို ရေးဆွဲ ရပါတယ်။ အစိုးရက ပညာရေးစနစ်ကို ကူညီပံ့ပိုး ထိန်းသိမ်းပေးတဲ့ အနေအထားမှာပဲ နေပြီးတော့ ပညာရှင်တွေကိုသာ ဦးဆောင်လုပ်ပိုင်ခွင့်အပြည့် ပေးထားတဲ့ သဘောပါပဲ။
မေငြိမ်း(၂၀၀၇)
၁၉၈၀ခုနှစ်တုန်းက ထုတ်ဝေခဲ့တဲ့ The Third Wave ဆိုတဲ့ စာအုပ်ထဲမှာ ကမ္ဘာ့တိုးတက်မှုဖြစ်စဉ်တွေကို လှိုင်းလုံးတွေနဲ့ ထင်ဟပ်ဖေါ်ပြခဲ့ ပါတယ်။ Toffler က ကမ္ဘာ့ဖြစ်စဉ်တွေမှာ စိုက်ပျိုးရေးခေတ်၊ စက်မှု တော်လှန်ရေးခေတ်၊ နည်းပညာခေတ် ဆိုပြီး လှိုင်းလုံးကြီး သုံးလုံးရှိတယ်လို့ ဆိုပါတယ်။ အဲဒီ ဖြစ်စဉ်တွေက လှိုင်းလုံးတွေလို ဆင့်ကဲဆင့်ကဲ စဉ်ဆက်မပြတ် ဖြစ်သွားတာလို့ ဆိုပါတယ်။ အခု မျက်မှောက်ခေတ်ဟာ တတိယလှိုင်းဖြစ်တဲ့ နည်းပညာခေတ် ပါ။ သူ့ အဆိုအရတော့ လှိုင်းလုံးတလုံးနဲ့တလုံးရဲ့ အပြောင်းအလဲတွေဟာ ပညာပေါ်မှာသာ အခြေခံပြီးတော့ပဲ ပြောင်းလဲသွားတာ ဖြစ်ပါတယ်။ ပညာရပ်တွေ ပိုအားကောင်းလာ ပိုဆန်းသစ်လာရာက နေ ကမ္ဘာဟာ ပို ပိုပြီး တိုးတက်လာရတာပါ။ ဒါကြောင့် ဒီလှိုင်းလုံးတွေကို အမီ လိုက်နိုင် မှသာ ခေတ်ကို၊ ကမ္ဘာကြီး ကို အမီလိုက်နိုင်မှာ ဖြစ်ပါတယ်။
စကာင်္ပူနိုင်ငံကတော့ လွန်ခဲ့တဲ့ နှစ်၂၀-၀န်းကျင်လောက်ကမှ စက်မှုထွန်းကားဖို့ကို ဦးတည်ရာကနေ သတင်း အချက်အလက် နည်းပညာဘက်ကို ရုတ်တရက် ခုန်ကူးပစ်လိုက်တာ ဖြစ်ပါတယ်။ စင်္ကာပူအစိုးရက ရုံးဌာနတွေ အပါအ၀င် လူထုအသုံးပြုတဲ့ နေရာအတော်များများမှာပါ ခေတ်မီ အီလက်ထရောနစ် စက်ပစ္စည်းတွေကို မဖြစ်မနေ သုံးရအောင် လုပ်ပစ်လိုက်ပြီး ခေတ်ပြောင်း တော်လှန်ရေးဆန်ဆန် ကူးပြောင်းခဲ့တာပါ။ ဒါကြောင့်ပဲ ပြည်သူလူထုအနေနဲ့ သိပ္ပံနဲ့နည်းပညာဆိုင်ရာတွေကို မဖြစ်မနေ ရင်ဆိုင် သင်ယူရတော့တာမို့ ဒီနေ့ အိုင်တီနည်းပညာခေတ်ကို အမီလိုက်ပြီးသား ဖြစ်သွားရ တော့တာပါပဲ။ ပညာရှေ့သွားစနစ်လို့ ဆိုနိုင်ပါတယ်။ အဲလိုဖြစ်ဖို့အတွက် စင်္ကာပူနိုင်ငံဟာ အခက်အခဲတွေ အများကြီးကြားကနေ အဆင့်မြင့်ပညာရေးနဲ့ စက်မှု ပညာရပ် တွေ သင်ကြားရေးကို အရှိန်အဟုန်ပြင်းပြင်းနဲ့ ဆောင်ရွက်ခဲ့ရတာပါ။ အဲဒါဟာ စင်္ကာပူနိုင်ငံကို ရှေ့တန်းနိုင်ငံအဖြစ် အမြန်ဆုံးရောက်စေတဲ့ သော့ချက်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ခုတော့ စင်္ကာပူကျွန်းနိုင်ငံ လေးက အရှေ့တောင်အာရှမှာ အဖွံ့ဖြိုး အတိုးတက်ဆုံး စာရင်းဝင် နိုင်ငံတနိုင်ငံ ဖြစ်နေပါပြီ။
တကယ်တမ်း မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာနဲ့အမီ ရင်ပေါင်တန်းနိုင်ဖို့ တတိယလှိုင်းကို အမီလိုက်နိုင်ဖို့ဆိုရင်တော့ သိပ္ပံနဲ့နည်းပညာဘက်ကို စင်္ကာပူနိုင်ငံလို အလျင်အမြန် ခုန်ကူးလိုက်နိုင်မှပဲ ဖြစ်မှာပါ။ အဲဒီအတွက် အဓိက လိုအပ်ချက်ကတော့ အာဏာပိုင်တွေအနေနဲ့ အိုင်တီ နည်းပညာကို ပြည်သူတရပ်လုံး အသုံးချနိုင်အောင် လက်တွေ့ကျကျ အားပေး ပံ့ပိုး ပေးဖို့ပါပဲ။ ဒါဟာ နိုင်ငံတိုးတက်ရေးအတွက် တကယ် လိုအပ်တဲ့ အမျိုးသား ပညာရေးကို ထူထောင်ပေးတာနဲ့လည်း အတူတူပဲဖြစ်ပါတယ်။
မေငြိမ်း(ဧပြီ၊၂၀၀၇)
ကမ္ဘာ့ဘဏ် ဖွံ့ဖြိုးတိုးတက်မှု လေ့လာရေးအဖွဲ့ရဲ့ ၂၀၀၇ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ စာတမ်းပါ Building Knowledge Economies ပညာရေးဆိုင်ရာ အကြံပြုချက် မ...