Monday, December 10, 2007

ကျောင်းသားအခွင့်အရေးကိစ္စ

မြန်မာနိုင်ငံရဲ ပညာရေးကဏ္ဍအပါအ၀င် နေရာအတော်များများ ယိုယွင်းပျက်စီး လာနေရတဲ့ အကြောင်းရင်း တွေထဲမှာ အာဏာပိုင်တွေက အကျိုးအကြောင်း ခိုင်ခိုင်လုံလုံနဲ့ တောင်းဆိုတဲ့ လိုအပ်ချက်တွေကို လိုက်လျော မပေးဘဲ အင်အား သုံးဖြေရှင်းလိုက်တာတွေကလည်း ပြဿနာတစ်ခုပဲ ဖြစ်ပါတယ်။ တရုတ်ပြည်နဲ့ ရုရှနိုင်ငံ ကတော့ အာဏာရှင် နိုင်ငံဖြစ်ပေမဲ့ သူ့နိုင်ငံရဲ ပညာရေးကိုတော့ ခေတ်မီအောင် အစွမ်းကုန် လိုက်လျော ဖြည့်ဆီးတဲ့ နိုင်ငံတွေဖြစ်တယ်ဆိုတာကို ပြီးခဲ့တဲ့ အပတ်တွေက ပြောပြခဲ့ ပြီးဖြစ်ပါတယ်။

တကယ်တော့ မြန်မာနိုင်ငံမှာ အာဏာရှင်ဆန်ဆန် အုပ်ချုပ်ပြီး ပညာရှင်တွေကို နေရာ မပေးဘဲ ပညာရေးကို ဖိနှိပ်ထားတာဟာ ၁၉၆၂ ကတည်းကပါပဲ။ ၁၉၆၂ မတ်လ ၂ရက် နေ့မှာ ၀န်ကြီးချုပ် ဦးနုလက်ထဲက နိုင်ငံအာဏာကို ဗိုလ်ချုပ်နေ၀င်းက သိမ်းယူလိုက်ပြီး တဲ့နောက် ၁၉၆၂ ဇူလိုင်၎ရက်နေ့မှာ တက္ကသိုလ်အတွက် တင်းကျပ်တဲ့ ဥပဒေသစ်တွေ ထုတ်ပြန်ပါတယ်။ ကျောင်းအုပ်ချုပ်ရေးပိုင်းကို အစိုးရအနေနဲ့ ၀င်ရောက် စွက်ဖက်ပြီး ကျောင်းသားအခွင့်အရေးတွေကို ကန့်သတ် တားမြစ်တာတွေ လုပ်လာပါတယ်။ အဲဒီကမှတဆင့် ကျောင်းသားသမဂ္ဂကို ဖျက်သိမ်းဖို့ အမိန့်ထုတ်ရာကစပြီး ကျောင်းသားတွေက ကျောင်းသား အခွင့်အရေး တောင်းဆိုလာကြရတော့တာပါ၊ အဲသည်တုန်းက ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေဟာ လွတ်လပ်တဲ့ အမျိုးသားပညာရေးကို တောင်းဆို ခဲ့တာ ဖြစ်ပါ တယ်။

အဲဒီတောင်းဆိုမှုကို အဆင့်ဆင့် တားမြစ်ရာကနေ ၁၉၆၂ခုနှစ် ဇူလိုင်လ ၇ရက် နေ့မှာတော့ သမိုင်းဝင် သမဂ္ဂ အဆောက်အဦးကြီးကို အာဏာပိုင်တွေက ဖောက်ခွဲ ဖြိုချ လိုက်ပြီး ရသင့်ရထိုက်တဲ့ ပညာရေးဆိုင်ရာ အခွင့်အရေးတွေကို အေးချမ်းစွာ တောင်းဆိုကြတဲ့ ကျောင်းသားတွေကို သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ် ခဲ့ပါတယ်။ အဲဒီမှာ ကျောင်းသား၁၅ဦး သေဆုံးပြီး ၂၇ယောက်ဒဏ်ရာရတယ်လို့ အစိုးရ သတင်းစာက ဖော်ပြပေမဲ့ တကယ်တမ်းမှာ ကျောင်းသား ၂၀၀ကျော် သေဆုံးခဲ့ရပြီး ဒဏ်ရာရသူတွေ အယောက် ၄၀၀ကျော် ရှိပါတယ်။ ပျောက်နေတာက အယောက် ၄၀ကျော်ရှိပါတယ်။ အဖမ်းခံခဲ့ရတာက ၂၁ယောက် ရှိပါတယ်။ အဲဒီ နောက်ပိုင်းမှာတော့ ဗိုလ်ချုပ်နေ၀င်း အစိုးရဟာ ပညာရေးလောကကို တောက်လျှောက် ချုပ်ကိုင်လာတာ ၁၉၈၈ ထိပါပဲ။ ၁၉၈၈ မှာ ကျောင်းသား ပြဿနာကနေ စတင်ခဲ့တဲ့ တနိုင်ငံလုံး အုံကြွမှုဖြစ်တော့လည်း ထောင်ချီ သောင်းချီတဲ့ လူထုကြီးကို ပစ်ခတ် သတ်ဖြတ် ခဲ့တာပါပဲ။ အဲဒီ ၈၈ရဲနောက်ပိုင်း ကာလ တွေမှာတော့ နိုင်ငံအနေနဲ့ အဘက်ဘက်က ပိုပြီးတော့ ယိမ်းယိုင်လာခဲ့တာမှာ ပညာရေးကဏ္ဍရဲ့ ပျက်စီး ဆုတ်ယုတ်မှုကလည်း အထင်အရှားပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ တောင်ကိုရီးယားနိုင်ငံအကြောင်းကို ပြောပြချင်ပါတယ်။ တောင်ကိုရီးယား နိုင်ငံဟာလည်း ၁၉၄၅ မှာ ရင်ဆိုင်ခဲ့ရတဲ့ အမေရိကန်နိုင်ငံရဲ့သိမ်းပိုက်မှုကို ခံရတဲ့ နောက်ပိုင်းကစပြီး၊ ၁၉၅၀ကနေ ၁၉၅၃ထိ ဖြစ်ပွားခဲ့တဲ့ တောင်ပိုင်း မြောက်ပိုင်း ပြည်တွင်းစစ်ဒဏ်ကြောင့်ရော၊ အာဏာရှင်ပုံစံ အုပ်ချုပ်ရေးကြောင့်ရော ၁၉၈၀ခုနှစ် တွေအထိ ပညာရေးမှာ တည်ငြိမ်မှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ လွတ်လပ်မှု နဲ့ တန်းတူညီမျမှုတွေ မရှိခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။ ပညာရေးစရိတ် ကြီးမြင့်တာကြောင့် သာမန်လူတန်းစားတွေ ပညာမသင်နိုင်ပါဘူး။ ဒါကြောင့် သာမန်လူတန်းစားတွေဟာ အောက်ခြေဘ၀ကနေ မတက်နိုင်ကြဘဲ အထက်တန်းလွှာ လူတန်းစားကသာ ဓနရော ပညာကိုပါရတာမို့ အုပ်ချုပ်ရေးပိုင်းကိုလည်း အဲဒီ လူတန်းစားတွေကသာ အမြဲ ကြီးစိုးထားပါတယ်။

၁၉၈၀ခုနှစ် သမ္မတချန်ဒူးဝှမ် တက်လာပြီးနောက် မေလ ၁၇ရက်မှာတော့ ကုန်ဈေးနှုန်း ကြီးမြင့်မှု၊ လူတန်းစားကွာဟမှုနဲ့ ပညာရေးဆိုင်ရာ အကျပ်အတည်းတွေကြောင့် တောင်ကိုရီးယားနိုင်ငံ ဂွမ်ဂျူးမြို့မှာရှိတဲ့ ချိုနမ် အမျိုးသားတက္ကသိုလ်က ကျောင်းသား တွေက စပြီး အမျိုးသားပညာရေး ဒီမိုကရေစီပညာရေးကို တောင်းဆို ဆန္ဒပြခဲ့ကြ ပါတယ်။ အဲဒီ ဆန္ဒပြမှုကို တောင်ကိုရီးယား သမ္မတ ချန်ဒူးဝှမ်က စစ်တပ်ကို သုံးပြီး အကြမ်းဖက် နှိမ်နင်းတာကြောင့် ကျောင်းသားအများအပြား သေဆုံးဒဏ်ရာ ရခဲ့ပါတယ်။ အဲဒီအခါ ကျောင်းသားတွေဘက်ကို လူထု ၃ထောင်ကျော်ပါဝင် ပူးပေါင်းလာပြီး စစ်တပ်ကို ရရာ လက်နက်နဲ့ ပြန်ပြီးခုခံတဲ့အတွက် လူ နှစ်ရာကျော် သေဆုံးခဲ့ပါတယ်။ အဲဒီ နောက်ပိုင်း လူကိုးရာကျော်ကို ဖမ်းဆီင်္း ထောင်ချခဲ့ပါတယ်။

၁၉၈၈ နိုဝင်ဘာမှာတော့ အဲဒီ အပြစ်မဲ့သူတွေကို ဖမ်းဆီးသတ်ဖြတ်မှုတွေ နဲ့ တိုင်းပြည် ဘဏ္ဍာ အလွဲသုံးစားမှု တွေကြောင့် သမ္မတချန်ဒူးဝှမ်ကို ဖမ်းဆီးအရေးယူပြီး သေဒဏ် စီရင်ချက်ချ ခံခဲ့ရပါတယ်။ အဲဒီနောက်မှာ သမ္မတ ရိုတေ၀ူး အာဏာရပြီး စံမီ အမျိုးသား ပညာရေးကို စတင် ပြုပြင် တည်ဆောက် ခဲ့ပါတယ်။ အဲဒီနောက် ကင်မ်ရောင်ဆန်၊ ကင်ဒေးဂျုံကနေ အခု သမ္မတ ရိုမွန်ဟူး လက်ထက်ထိ ပညာရေးကို အားပေး တည်ဆောက် နေတာမို့ ခုချိန်မှာတော့ တောင်ကိုရီးယားဟာ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံကြီး တနိုင်ငံ ဖြစ်နေတာကို တွေ့နေရပြီ ဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံရဲ အဖြစ်အပျက်ဟာ မြန်မာနိုင်ငံအနေနဲ့ ဆင်ခြင်သုံးသပ်စရာပဲ ဖြစ်ပါတယ်။ နိုင်ငံ တနိုင်ငံရဲ အဆင့်အတန်းမြင့်မားဖို့အရေးဟာ အဲဒီနိုင်ငံရဲ ပညာရေး အဆင့်မြင့်မှုအပေါ် မူတည်တဲ့အပြင် အာဏာပိုင်အစိုးရရဲ အမြော်အမြင်ရှိမှုတွေ စေတနာထားမှုတွေပေါ်မှာ အများကြီး မူတည်တာပါ။ ၁၉၆၂ခုနှစ် ဇူလိုင်လ ၇ရက်နေ့ ကတည်းက ကျောင်းသားတွေရဲ သွေးမြေကျခံပြီး တောင်းဆိုခဲ့ရတဲ့ စံမီ အမျိုးသား ပညာရေးကို မရသေးတာဟာ ခုဆိုရင် ၄၅နှစ် တိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့် ဒါကို သတိတရနဲ့ ဦးဆောင်ပြုပြင်ပေးဖို့ဟာ နိုင်ငံအာဏာပိုင်တွေနဲ့ ပညာရေး အာဏာပိုင်တွေရဲအဓိက တာဝန်သာဖြစ်ပါတယ်။

မေငြိမ်း(၂၀၀၇။ဇူလိုင်)

No comments: