Wednesday, December 5, 2007

စစ်အစိုးရရဲ့ ပညာရှင်နှိပ်ကွပ်မှု

မြန်မာနိုင်ငံမှာက လက်ရှိအခြေနေထိ အဘက်ဘက်က လွတ်လပ်ခွင့်တွေ အများကြီး ဆုံးရှုံးနေကြရပါတယ်။ အထူးသဖြင့်တော့ ပညာရှေသွားစနစ်လွှမ်းမိုးနေတဲ့ မျက်မှောက် ခေတ်မှာ နိုင်ငံတနိုင်ငံဟာ ပညာရေးမှာ စဉ်းစားတွေးခေါ်မှု၊ လေ့လာသင်ကြားမှုတွေ လွတ်လပ်မှပဲ ဆင်ခြင်တုံတရားနဲ့ ဥာဏ်ပညာက ဦးဆောင်တဲ့ နိုင်ငံသားတွေကိုသုံးပြီး တကယ်တမ်း ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံပညာရေးစနစ်ထဲမှာ ပညာရေးလွတ်လပ်ခွင့်ကို နိုင်ငံအာဏာပိုင်တွေက ထိန်းချုပ်ထားတာမျိုး ကတော့ ၁၉၄၉ကနေ ၁၉၇၆ထိ တရုတ်နိုင်ငံမှာ သြဇာကြီးမားခဲ့တဲ့ ကွန်မြူနစ်ပါတီဥက္ကဌ မော်စီတုန်း လက်ထက်တုန်းက အုပ်ချုပ်ပုံနဲ့ တူနေတာ တွေ့ရပါတယ်။ တရုတ်နိုင်ငံမှာက ၁၉၄၉နောက်ပိုင်းကာလမှာ ပညာရေးစနစ်နဲ့ ပညာရှင်တွေကို အလွန်အမင်း ချုပ်ကိုင်ခဲ့ပါတယ်။ ကျောင်းပညာရေးထဲမှာ ကွန်မြူနစ်စနစ် ကို သင်ကြား ပို့ချစေပြီးတော့ ပညာရှင်တွေဟာလည်း အစိုးရကို ဝေဖန်ခွင့် လုံးဝ မရှိပါဘူး။ အဲဒီအပြင် ပညာရေးမှာ အနောက်တိုင်းက စီးဆင်းလာတဲ့ အတွေးအခေါ်တွေ ပညာရပ်တွေကို လုံးဝမသင်ရလို့ တားမြစ်ပါတယ်။ အစိုးရက ထုတ်ပြန်ထားတဲ့ အမိန့်ကို ချိုးဖောက်ခဲ့ရင် အနည်းဆုံး ရဲဘက်စခန်းတွေ ပို့ပစ်ရာကနေ၊ အများဆုံး သေဒဏ်ပေးတဲ့အထိ စီရင် ပစ်တာပါ။

၁၉၆၀နောက်ပိုင်းနှစ်တွေမှာတော့ တိုးတက်တဲ့အမြင်ရှိတဲ့ ပညာရှင်တွေနဲ့ ကျောင်းသား တွေ ပူးပေါင်းမိပြီး ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးနဲ့ ပညာရေး လွတ်လပ်ခွင့်အတွက် တော်လှန်ရေးဆန်ဆန် လုပ်လာကြ ပါတယ်။ ဒါကြောင့် ၁၉၆၀ကနေ ၁၉၇၀နောက်ပိုင်း ကာလတွေဟာ တရုတ်နိုင်ငံရဲ 'ယဉ်ကျေးမှု တော်လှန်ရေး' ကာလပဲ ဖြစ်ပါ တယ်။

တရုတ်နိုင်ငံဟာ ၁၉၈၀နောက်ပိုင်းမှာတော့ တိန်ရှောင်ဖိန်ဦးဆောင်တဲ့ အစိုးရက အုပ်ချုပ်ရေးပိုင်းကို အာဏာရှင်ဆန်ဆန် ချုပ်ကိုင်ထားပေမဲ့ ပညာရေးဆိုင်ရာမှာတော့ တဖြည်းဖြည်းနဲ့ ပြုပြင်ပြောင်းလဲမှုတွေ မသိမသာ လုပ်လာပါတယ်။ ဒါပေမဲ့ ၁၉၈၉ တီအန်မင်ရင်ပြင်မှာ ကျောင်းသားတွေက ဒီမိုကရေစီ တောင်းတဲ့အခါကျတော့ ပစ်ခတ် နှိမ်နင်းပါသေးတယ်။ အဲလို အာဏာကို ချုပ်ကိုင်ထားပေမဲ့ တရုတ်အစိုးရဟာ သူ့နိုင်ငံ အမြန်ဆုံး တိုးတက်ဖို့အတွက် ပညာရေးကသာ ဦးဆောင်ရမယ်လို့တော့ သိတဲ့အတွက် ပညာရေးစနစ် ကို အထိုက်အလျောက် လွတ်လပ်ခွင့်ပေးလာတာ တွေ့ရပါတယ်။ အရင်က ပိတ်ပင်ထားခဲ့တဲ့ အနောက်တိုင်းက နည်းပညာတွေနဲ့ အတွေးအခေါ်တချိုကို လက်ခံလာသလို အနောက်တိုင်းက ပညာရှင်တွေကို ခေါ်ယူပြီး ပညာရေးထဲမှာ ခန့်ထား အသုံးချတာမျိုးတွေနဲ့ ပညာတော်တဲ့ ကျောင်းသားတွေကို နိုင်ငံခြားပညာတော်သင် စေလွှတ်တာတွေ လုပ်လာပါတယ်။

ဒါကြောင့် လက်ရှိ မျက်မှောက်ကာလမှာတော့ တရုတ်ပြည်က ကျောင်းသားတွေဟာ နိုင်ငံတကာကို လက်လှမ်း မီနိုင်တဲ့ စံမီပညာရေးနဲ့ အလှမ်းမဝေးဘူးလို့ ဆိုနိုင်ပါတယ်။ နိုင်ငံရေးအနေနဲ့ အစိုးရရဲ အုပ်ချုပ်ရေးကို ပွင့်ပွင့်လင်းလင်း ဝေဖန်ခွင့်မျိုး မရှိသေးပေမဲ့၊ ပညာရေးထဲမှာတော့ လွတ်လပ်မှု အတော်ရှိလာပြီလို့ ဆိုနိုင် ပါတယ်။ ခုဆိုရင် လက်ရှိ အမေရိကန်နိုင်ငံရောက် ပညာတော်သင် နိုင်ငံခြားသား ကျောင်းသားတွေထဲမှာ တရုတ်နိုင်ငံက လာတက်တဲ့ ကျောင်းသားက အများဆုံးလို့ ဆိုပါတယ်။ အဲဒီအပြင် စာသင်ခန်းမှာလည်း ခေတ်မီသင်ကြားနည်းစနစ်တွေသုံးဖို့ ဆရာဆရာမတွေကို သေချာ လေ့ကျင့်ပေးပါတယ်။ ဒါကြောင့် နှစ်၂၀ အတွင်းမှာပဲ တရုတ်နိုင်ငံဟာ ပညာရေးတိုးတက်တာကြောင့် ဘက်ပေါင်းစုံမှာပါ လိုက်ပြီး တိုးတက်လာတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာကတော့ ပညာရေးသင်ရိုးတွေကို ချုပ်ကိုင်ရုံသာမက ပညာရှင် ဆရာဆရာမတွေရဲ သင်ကြား ရေးကိုပါ အာဏာနဲ့ တင်းတင်းကျပ်ကျပ် ချုပ်ချယ်ကန့်သတ် ထားတာပါ။ သင်ခန်းစာနဲ့ဆက်နွယ်ပြီး သိသင့် သိထိုက်တာတွေကိုတောင် မပြောရဘူးလို့ တရားဝင် တားမြစ်တာပါ။ ဒါကြောင့်ပဲ တွံတေးမြို့က ကျူရှင်ဆရာ ဦးအောင်ဖေဟာ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ဟောပြောမှုနဲ့ ဖမ်းပြီး ထောင်ချခံထားရတာ ဒီနေ့ထက်ထိ ပါပဲ။ အဲဒီလိုပဲ ၂၀၀၀ခုနှစ်တုန်းကလည်း ရန်ကုန်ကွန်ပျူတာတက္ကသိုလ် မြန်မာစာဌာနက ဆရာဦးဌေးဝင်းဟာ စာသင်ခန်းမှာ သင်ခန်းစာနဲ့ ဆက်နွယ်ပြီး သင်ရာမှာ အစိုးရကို ထိပါးပုတ်ခတ်တယ်ဆိုပြီးတော့ အဖမ်းဆီးခံရပြီး ထောင် ၇နှစ် ကျခဲ့ရပါတယ်။

အဲဒါနဲ့ ပတ်သက်လို့ ဆရာဦးဌေးဝင်းက

ကျနော်က အထွေထွေမြန်မာစာကို သင်ရင်းနဲ့ ဗဟုသုတအနေနဲ့ အဲဒီနှစ်မှာ ထောင်စုနှစ်အတွင်း အတော်ဆုံး လူရွေးတယ်ဆိုတဲ့ တိုင်းမဂ္ဂဇင်းက သတင်းလေးကို ပြောပြရင်း မြန်မာပြည်မှာ အတော်ဆုံးပုဂ္ဂိုလ်ရွေးရင် ဆရာကတော့ ဦးဥတ္တမကိုရွေးမယ်၊ ဗိုလ်ချုပ်အောင်ဆန်းကို ရွေးမယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးမယ်လို့ ကျောင်းသားတွေကို ပြောပါတယ်၊ တကယ်လို့ အဆိုးဆုံးကို ရွေးမယ် ဆိုရင်တော့ မြန်မာနိုင်ငံကို အဆင်းရဲဆုံးနိုင်ငံဖြစ်အောင်လုပ်ခဲ့တဲ့ ဦးနေ၀င်း ပေါ့ကွာ..လို့ ပြောလိုက်တယ်။ ဘာလို့ ဒီလိုပြောရလဲဆိုတော့ အဲဒီတုန်းက ကျောင်းတွေမှာက လွတ်လပ်စွာတွေးတောခွင့်၊ လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာ ရေးသားခွင့်တွေမရှိတော့ ကလေးတွေက ဘာမှမသိ နားမလည်ဖြစ်နေတာ။ ဒါကြောင့် ကျနော်တို့ ဆရာဆရာမတွေမှာ သမိုင်းအမှန်တွေကို သိအောင်ပြောပြဖို့ တာဝန်ရှိတယ်လို့ ကျနော်ယုံကြည် လို့ ပြောရတာပဲ”..
လို့ ပြောပြပါတယ်။

မြန်မာနိုင်ငံမှာ ခုလို ပညာသင်ကြားရေးဆိုင်ရာ လွတ်လပ်ခွင့်တွေ ဆုံးရှုံးနေသရွေ့တော့ ကျောင်းသားတွေရဲ့ အသိပညာတွေ အပိတ်အဆို့ခံနေရဦးမှာပဲ ဖြစ်ပါတယ်။ အဲဒီလို အသိပညာတွေ ဆုံးရှုံးနေတဲ့ နိုင်ငံဟာ ဘယ်လိုနည်းနဲ့မှ ဒီမိုကရေစီနိုင်ငံအဖြစ် ပုံပေါ်လာနိုင်ဦးမှာ မဟုတ်ပါဘူး။

မေငြိမ်း(၂၀၀၇)

No comments:

Building Knowledge Economies စာတမ်း(၅)

ကမ္ဘာ့ဘဏ် ဖွံ့ဖြိုးတိုးတက်မှု လေ့လာရေးအဖွဲ့ရဲ့ ၂၀၀၇ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ စာတမ်းပါ Building Knowledge Economies ပညာရေးဆိုင်ရာ အကြံပြုချက် မ...