Tuesday, December 18, 2007

တောင်းယူရမယ့် အခွင့်အရေး

ပြီးခဲ့တဲ့ တပတ်မှာ ကျောင်းသားအခွင့်အရေး ဆုံးရှုံးမှုတွေကို တောင်းဆိုတာ ကြောင့် အာဏာပိုင်နဲ့ ကျောင်းသားတွေကြား ပဋိပက္ခဖြစ်ရတာတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ပညာရေးလောကမှာ အထင်အရှား ဖြစ်ပျက်ခဲ့တဲ့ ၇ဇူလိုင် အရေးအခင်းနဲ့ ကိုးရီးယားနိုင်ငံ မှာ ၁၉၈၀ တုန်းက ဖြစ်ပျက်ခဲ့တဲ့ အဓိကရုဏ်း ပြဿနာ တွေကို တင်ပြခဲ့ပါတယ်။ မြန်မာနိုင်ငံကတော့ အဲသည် ၁၉၆၂ ဇူလိုင်၇ရက်နေ့ကစပြီး ဒီနေ့ထက်ထိအောင် ကျောင်းသားဆိုင်ရာ အခွင့်အရေးတွေ မရသေးတဲ့အပြင် ပညာရှင်တွေအတွက်လည်း လွတ်လပ်ခွင့်တွေ ထိုက်တန်တဲ့ နေရာဌာနတွေ လုပ်ပိုင်ခွင့် တွေ မရသေးပါဘူး။

မြန်မာနိုင်ငံမှာ ထူးချွန်ထက်မြက်တဲ့သူတွေ ပညာတော်သင်ဆု ခံစားရတာမျိုးတွေ ရှိခဲ့ပေမဲ့ ပညာသင်ပြီးလို့ မြန်မာနိုင်ငံက မိခင်ဌာနကို ပြန်လာတဲ့အခါမှာတော့ အဲဒီပညာရှင်တွေဟာ သူတို့တတ်ကျွမ်းလာတဲ့ပညာကို သေသေချာချာ အသုံးချခွင့် ဖြန့်ဝေခွင့်မရတာတွေကို ကြုံကြရပါတယ်။ ပညာရှင်တွေ သင်ယူလေ့လာခဲ့တဲ့ ပညာတွေဟာ မြန်မာနိုင်ငံမှာ အသုံးချစရာနေရာမရှိဖြစ်နေသလို အဲဒီပညာတွေကို ဖြန့်ဝေဖို့အတွက် လိုအပ်သမျှတွေကိုလည်း အာဏာပိုင်တွေဘက်က ဖြည့်ဆီးပေးတာမျိုး မရှိပါဘူး။ ပညာရှင်တွေဟာ ချောင်ထိုးခံရသလို ဖြစ်နေရပါတယ်။ ဒါဟာ ပညာရှင် အများစုကြီး ပြည်ပနိုင်ငံတွေဆီ ထွက်လာကြခြင်းရဲ့ အကြောင်းတချက်ပဲ ဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံကတော့ ပညာရေးကို အသေအချာ ထူထောင်နေတာမို့ ၁၉၇၀ခုနှစ်တွေကတည်းက အမေရိကန်နိုင်ငံတ၀ှမ်းက ဟားဗတ်တက္ကသိုလ်၊ ကောနဲလ် တက္ကသိုလ်၊ ဘာကလေ တက္ကသိုလ်၊ ကိုလံဘီယာ တက္ကသိုလ်၊ အီလီနွိုက်တက္ကသိုလ်လို အောင်မြင်ကျော်ကြားတဲ့ တက္ကသိုလ်ကြီးတွေမှာ ပညာသင်ဖို့ ပညာတော်သင်တွေ ရာနဲ့ချီပြီး စေလွှတ်သင်ကြားစေခဲ့တာပါ။ ပညာတော်သင် အစီအစဉ် တသုတ် တသုတ်ကို လူ၃၀၀ကျော်အထိ စေလွှတ်တာပါ။ အဲလိုပဲ ကနေဒါနိုင်ငံ တရုတ်နိုင်ငံ နဲ့ ဂျပန်နိုင်ငံတွေကိုလည်း ပညာတော်သင်တွေ အမြောက်အများ စေလွှတ်ပါတယ်။ ပြီးတော့ နိုင်ငံတကာ ပညာရှင်တွေရဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာကြတဲ့ ဆွေးနွေးပွဲတွေ ဖိုရမ်တွေကိုလည်း တောင်ကိုရီးယားက ပညာရှင်တွေ ပါဝင်တက်ရောက် ဆွေးနွေးခွင့် ရကြပါတယ်။

အဲလို နိုင်ငံတကာနဲ့ ရင်ပေါင်တန်းဆွေးနွေးခွင့်တွေ ရတဲ့အတွက် နောက်ဆက်တွဲ အကျိုးကျေးဇူးကတော့ အဲဒီပညာရှင်တွေဟာ သူတို့ရလာတဲ့ အသိပညာ ဗဟုသုတတွေကို ကိုယ့်နိုင်ငံပညာရေးအတွက် ပြန်ပြီး ဖြန့်ဝေ အသုံးချနိုင်တာမို့ တောင်ကိုရီးယားနိုင်ငံဟာ အနှစ်နှစ်ဆယ်ကျော်အတွင်းမှာ စံမီသိပ္ပံနဲ့ နည်းပညာ ဆိုင်ရာ တီထွင်ထုတ်လုပ်မှုတွေနဲ့အတူ အဘက်ဘက်ကတိုးတက်နေတဲ့ စံမီနိုင်ငံအဖြစ်ကို ရောက်ရှိလာတာပဲ ဖြစ်ပါတယ်။ ကမ္ဘာ့ပညာခေတ်၊ နည်းပညာခေတ်မှာ တောင်ကိုရီးယားနိုင်ငံဟာ ပညာရေးနဲ့ သိပ္ပံနည်းပညာကို အားပြုပြီးတော့ ပညာရှင်တွေရဲ့ အကြံဥာဏ်တွေကိုအသုံးချပြီး နိုင်ငံကို ကြိုးပမ်းတည်ဆောက်နေတာမို့လို့ လည်း ပညာကို အခြေခံပြီး ဆင့်ပွားသွားတဲ့ စီးပွားရေး အဆင့်အတန်း လူမှုရေး အဆင့်အတန်းတွေမှာပါ တိုးတက်ဖွံ့ဖြိုးလာတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာကတော့ ရာထူးအနေအထား မြင့်တယ်လို့ ဆိုနိုင်တဲ့ ပါမောက္ခတွေတောင် အတော်များများက နိုင်ငံတကာ ပညာရပ်ဆိုင်ရာ ပညာတော်သင် အစီအစဉ် တွေ၊ နိုင်ငံတကာ အဆင့်မီ ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲတွေ မတက်ဖူးကြပါဘူး။ ပညာရေးဝန်ထမ်းတွေဟာ ကျောင်းတွေမှာ သင်ကြားရေးတွေ စာမေးပွဲလုပ်ငန်းစဉ်တွေနဲ့သာ အချိန်ကုန်ပင်ပမ်းနေကြရတာမို့ ကျောင်းအလိုက် ဌာနဆိုင်ရာအလိုက် စာတမ်းဖတ်ပွဲတွေတောင် ပုံမှန်မလုပ်နိုင်ကြပါဘူး။ အဲဒီအခါ နိုင်ငံတကာ အဆင့်ထိအောင် အမြင်ကျယ်ပြောတဲ့ အတွေ့အကြုံ ဗဟုသုတကိုလည်း စိတ်မ၀င်စားကြတော့ပါဘူး။ အဲဒီအခါ မြန်မာနိုင်ငံက ပညာရှင်တွေဟာ ကမ္ဘာ့အဆင့်မီ ပညာရှင်တွေရဲ့ တန်ဖိုးနဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကိုတောင် မတောင်းဆိုကြ တော့ပါဘူး။ အဲဒီအပြင် ကိုယ်ရသင့်တဲ့ အခွင့်အရေးကို တောင်းဆိုကြတဲ့ ကျောင်းသားတွေကိုတောင် အုပ်ချုပ်သူ အာဏာပိုင်တွေအလိုကျ ဟန့်တားတာတွေ၊ တင်းတင်းမာမာ ချုပ်ကိုင်တာတွေ အမျိုးမျိုး လုပ်လာပါတယ်။

ဒါပေမဲ့ ကျောင်းသားတွေ ရသင့်တဲ့ အခွင့်အရေးကျတော့ သာမန် အခွင့်အရေးလေးတွေလောက်ကိုတောင် ပညာရေးအာဏာပိုင်တွေဘက်က ဖြည့်ဆည်းပေးတာ၊ လိုက်လျောတာမျိုး မရှိပါဘူး။ ပိုဆိုးတာက ဆရာဆရာမကြီးတွေက နိုင်ငံအာဏာပိုင် မတရားအစိုးရအလိုကျ တသွေမတိမ်း လုပ်ပေးနေတဲ့ ပြဿနာပါပဲ။ ကိုယ့်ကျောင်းသား တွေအတွက် ကမ္ဘာ့အဆင့်မီ ပညာရေးကို ရအောင် ဆရာဆရာမတွေကတောင် ဦးဆောင် တောင်းယူ ဖန်တီးပေးသင့်တာပါ။ ခုကတော့ အခြေခံပညာရေးကနေစလို့ ပါရဂူတန်းတွေအထိ အရည်အချင်း မပြည့်မီဘဲ အတန်းတင်တာမျိုး ဘွဲ့ပေးတာမျိုးတွေ လုပ်ပေးနေတာဟာ သမိုင်းပါရဂူ ဆရာကြီး ဒေါက်တာသန်းထွန်းစကားနဲ့ပြောရရင် အဆိပ်ပင် ရေလောင်း နေတဲ့ ကိစ္စတွေပါပဲ။

နိုင်ငံတကာမှာကတော့ ပညာရေးပညာရှင်ဆိုတာဟာ ခေတ်မီနေတဲ့ ကမ္ဘာနဲ့ အညီ ရင်ပေါင်တန်းလိုက်နိုင်တဲ့၊ နိုင်ငံတကာအတွေ့အကြုံနဲ့ မစိမ်းတဲ့သူတွေပါ။ ပညာရှင်တွေဟာ ကိုယ့်နယ်ပယ် ကိုယ့်ပညာရပ်တွေမှာ လုပ်ပိုင်ခွင့် အပြည့်ရရသလို ကိုယ့်ကျောင်းသားရဲ့ ကံကြမ္မာကိုလည်း အပြည့်အ၀ ဖန်တီးပေးနိုင်ကြပါတယ်။ ပညာရှင် တွေအနေနဲ့ စာသင်ကြားရေးနဲ့ ပညာရပ်ဆိုင်ရာ သုတေသန လုပ်ငန်းတွေကို အခြေအနေ အချိန်ခါအရရော ငွေကြေးအရပါ တွဲဖက် လုပ်သွားနိုင်ပါတယ်။ ဒါကြောင့် ပညာရှင်တွေရဲ့ ပညာရပ်ပိုင်း ဆိုင်ရာကိုပါ အစဉ်အမြဲ တိုးတက်နေစေနိုင်ပါတယ်။ ဒါဟာ ပညာရှင်တွေ ရရမယ့် ပုံမှန် အခွင့်အရေးဖြစ်သလို ပညာရပ်တွေနဲ့ ပတ်သက်ဆက်နွယ် နေတဲ့ သူတိုင်း ရနိုင်တဲ့ ရရမယ့် အခွင့်အရေးလည်း ဖြစ်ပါတယ်။

နိုင်ငံတနိုင်ငံဟာ ပညာရှင်တွေ ကျောင်းသားတွေနဲ့ ဖွဲ့စည်းထားတဲ့ ပညာရေး စနစ်ကြီးထဲမှာမှ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေတယ်ဆိုရင်၊ အရည်အသွေးတွေကို အဖျက်ဆီးခံနေရတယ်ဆိုရင် အဲဒီနိုင်ငံရဲ့ အနာဂတ်ဟာ ဘယ်လိုမှ တိုးတက်ဖွံ့ဖြိုး မလာနိုင်တော့ပါဘူး။ ဒါကြောင့်ပဲ ခေတ်တခေတ်ကို ကောင်းအောင် ပြုပြင်ရမယ့်တာဝန်ရှိတဲ့ ပညာရှင်တွေ ကျောင်းသားတွေကသာ ခေတ်ရဲ့ အပြောင်းအလဲကို ဦးဆောင်ကြ ရတယ်ဆိုတာ တရုတ်နိုင်ငံ ကိုရီးယားနိုင်ငံတွေက အနီးဆုံး သက်သေတွေပါပဲ။ မြန်မာနိုင်ငံမှာလည်း ၇ဇူလိုင်က သက်သေပါပဲ။ ၈လေးလုံး အရေး တော်ပုံကြီးက သက်သေပါပဲ။ အနည်းဆုံးတော့ ပညာရှင်ဆရာ ဆရာမကြီးတွေ ကျောင်းသားကျောင်းသူတွေဟာ ကိုယ့်နိုင်ငံအနာဂတ်အတွက်လို့ မျှော်ရည်ပြီး မိမိတို့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို တောင်းဆို အရယူသင့်ပြီဖြစ်ပါတယ်။

မေငြိမ်း(၂၀၀၇)

No comments:

Building Knowledge Economies စာတမ်း(၅)

ကမ္ဘာ့ဘဏ် ဖွံ့ဖြိုးတိုးတက်မှု လေ့လာရေးအဖွဲ့ရဲ့ ၂၀၀၇ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ စာတမ်းပါ Building Knowledge Economies ပညာရေးဆိုင်ရာ အကြံပြုချက် မ...