Sunday, October 28, 2007

မြန်မာ့ပညာရေးနဲ့ တတိယလှိုင်း

မြန်မာနိုင်ငံရဲ့ ပညာရေးထဲမှာ စက်မှုပညာသင်ကြားနိုင်မှု မရှိသေးရုံသာမကဘဲ အိမ်တွင်းလက်မှုပညာ အဆင့် လောက်ကိုတောင် သေသေချာချာ သင်ကြားပေးတာမျိုး မရှိသေးပါဘူး၊။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိ အာဏာပိုင်တွေကတော့ စက်မှုစွမ်းအား ခေတ်ကျော်လွှား” “ထုတ်ကုန်နှစ်ဆ တိုးမြှင့်ကြဆိုတဲ့ ဆောင်ပုဒ် တွေကို ကျယ်ကျယ် လောင်လောင် ကြွေးကျော်နေကြပါတယ်။

တကယ်တော့ အဲဒီ ဆောင်ပုဒ်မှာပါတဲ့ ရည်ရွယ်ချက်မျိုးကို အနောက်ဥရောပနိုင်ငံတွေနဲ့ အမေရိကန်နိုင်ငံ တွေမှာ ၁၈၈၀မတိုင်မီ ကာလတွေလောက်ကတည်းက တောက်လျှောက် စနစ်တကျ အကောင်အထည် ဖေါ်ခဲ့တာပါ။ တိုးတက်မှုအရာမှာ အနောက်နိုင်ငံတွေထက် နောက်ကျပါတယ်ဆိုတဲ့ ဂျပန်နိုင်ငံကတောင် ၁၈ရ၀လောက်မှာစပြီး စက်မှုပညာဘက်ကို အားပေးတည်ဆောက်ခဲ့တာ တွေ့ရပါတယ်။ ဒါကြောင့်မို့ နှစ်ပေါင်း တရာလောက် နောက်ကျနေပြီဖြစ်တဲ့ မြန်မာနိုင်ငံကတော့ အခု ကြွေးကျော်နေတဲ့ ဆောင်ပုဒ်တွေအတိုင်း အကောင်အထည်ဖော်နိုင်ရင်တောင်မှပဲ မျက်မှောက် အိုင်တီနည်းပညာခေတ်နဲ့တော့ တော်တော့ကို အလှမ်း ဝေးနေသေးတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

အနာဂတ်ဝါဒီပညာရှင် စာရေးဆရာ Alvin Toffler က ၁၉၈၀ခုနှစ်တုန်းက ထုတ်ဝေခဲ့တဲ့ The Third Wave ဆိုတဲ့ စာအုပ်ထဲမှာ ကမ္ဘာ့တိုးတက်မှုဖြစ်စဉ်တွေကို လှိုင်းလုံးတွေနဲ့ ထင်ဟပ်ဖေါ်ပြခဲ့ ပါတယ်။ Toffler က ကမ္ဘာ့ဖြစ်စဉ်တွေမှာ စိုက်ပျိုးရေးခေတ်၊ စက်မှု တော်လှန်ရေးခေတ်၊ နည်းပညာခေတ် ဆိုပြီး လှိုင်းလုံးကြီး သုံးလုံးရှိတယ်လို့ ဆိုပါတယ်။ အဲဒီ ဖြစ်စဉ်တွေက လှိုင်းလုံးတွေလို ဆင့်ကဲဆင့်ကဲ စဉ်ဆက်မပြတ် ဖြစ်သွားတာလို့ ဆိုပါတယ်။ အခု မျက်မှောက်ခေတ်ဟာ တတိယလှိုင်းဖြစ်တဲ့ နည်းပညာခေတ် ပါ။ သူ့ အဆိုအရတော့ လှိုင်းလုံးတလုံးနဲ့တလုံးရဲ့ အပြောင်းအလဲတွေဟာ ပညာပေါ်မှာသာ အခြေခံပြီးတော့ပဲ ပြောင်းလဲသွားတာ ဖြစ်ပါတယ်။ ပညာရပ်တွေ ပိုအားကောင်းလာ ပိုဆန်းသစ်လာရာက နေ ကမ္ဘာဟာ ပို ပိုပြီး တိုးတက်လာရတာပါ။ ဒါကြောင့် ဒီလှိုင်းလုံးတွေကို အမီ လိုက်နိုင် မှသာ ခေတ်ကို၊ ကမ္ဘာကြီး ကို အမီလိုက်နိုင်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကတော့ စိုက်ပျိုးရေးခေတ်ကိုတောင်မှပဲ စက်မှုလယ်ယာအဖြစ် အောင်အောင် မြင်မြင် မပြောင်းလဲ နိုင်သေးတာ တွေ့ရပါတယ်။ အဲဒီအပြင် စက်မှုကဏ္ဍကိုလည်း နိုင်နိုင်နင်းနင်း မဖေါ်ဆောင်နိုင်သေးပါဘူး။ အဲဒီအပြင် ကုန်ချောပစ္စည်း ထုတ်လုပ်ရေးတွေအတွက် တိုးတက်ကောင်းမွန်တဲ့ စက်ပစ္စည်းတွေ ခုထိ မသုံးနိုင်သေးပါဘူး။ Information Technology ကို ထိထိမိမိ သုံးနိုင်စွမ်းလည်း မရှိသေးပါဘူး။ ဒါကြောင့် မြန်မာနိုင်ငံဟာ ပထမလှိုင်းထဲကနေတောင် မကျော်လွှားနိုင်သေးဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရရဲ့ တရားဝင်စစ်တမ်းအရ ၁၉၈၈မတိုင်ခင်အထိကို စက်မှု နည်းပညာသင် ကျောင်းသား အရေအတွက်ဟာ အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ ယှဉ်ရင်တောင်မှ ၁၆ဆ နည်းနေခဲ့သေးတာပါ။ ဒါပေမဲ့ အခု ၂၀၀၀ ခုနှစ် နောက်ပိုင်းမှာတော့ တနှစ်ကို စက်မှု ပညာရှင် အင်ဂျင်နီယာ၅၀၀၀ကျော် မွေးထုတ်ပေးနေတယ်လို့ သိပ္ပံနဲ့နည်းပညာဝန်ကြီး ဦးသောင်းက ပြောပါတယ်။ ဒီနေရာမှာ ထည့်ပြောရမယ့် အချက်ကတော့ အဲဒီ အင်ဂျင်နီယာ ဘွဲ့ရတွေဟာ တကယ်တတ်တဲ့ ပညာရှင်တွေ ဖြစ်မလာဘူး ဆိုတာပါပဲ။

ကျောင်းသားတွေဟာ သင်ထောက်ကူ ပစ္စည်းချိုတဲ့မှုတွေနဲ့ နည်းပညာချိုတဲ့မှုတွေကြောင့် အရည်အချင်း မပြည့်မီဘဲ ဖြစ်နေရတာပါ။ ဒါကြောင့် အင်ဂျင်နီယာအနေနဲ့ ပြည်ပမှာ အလုပ် ထွက်လုပ်တဲ့အခါမှာ အတတ်ပညာပိုင်းအရ အခက်အခဲတွေ အများကြီး ရင်ဆိုင်ကြရပါတယ်။ အဲဒီ အကျိုးဆက်ကတော့ မြန်မာ ပညာတတ်တွေကို ပြည်ပက အထင်သေးသွားတာပါပဲ။ အဲဒီအခါ နေရာကောင်း အလုပ်ကောင်းရဖို့ အခွင့်အရေးတွေကိုလည်း လက်လွတ် ဆုံးရှုံး သွားကြရပါတယ်။ ဒါဟာ အမျိုးသားရေးထိအောင် ရောက်သွားတဲ့ သိပ်ကြီးမားတဲ့ ဆုံးရှုံးမှုကြီးပါပဲ။

စကာင်္ပူနိုင်ငံကတော့ လွန်ခဲ့တဲ့ နှစ်၂၀-၀န်းကျင်လောက်ကမှ စက်မှုထွန်းကားဖို့ကို ဦးတည်ရာကနေ သတင်း အချက်အလက် နည်းပညာဘက်ကို ရုတ်တရက် ခုန်ကူးပစ်လိုက်တာ ဖြစ်ပါတယ်။ စင်္ကာပူအစိုးရက ရုံးဌာနတွေ အပါအ၀င် လူထုအသုံးပြုတဲ့ နေရာအတော်များများမှာပါ ခေတ်မီ အီလက်ထရောနစ် စက်ပစ္စည်းတွေကို မဖြစ်မနေ သုံးရအောင် လုပ်ပစ်လိုက်ပြီး ခေတ်ပြောင်း တော်လှန်ရေးဆန်ဆန် ကူးပြောင်းခဲ့တာပါ။ ဒါကြောင့်ပဲ ပြည်သူလူထုအနေနဲ့ သိပ္ပံနဲ့နည်းပညာဆိုင်ရာတွေကို မဖြစ်မနေ ရင်ဆိုင် သင်ယူရတော့တာမို့ ဒီနေ့ အိုင်တီနည်းပညာခေတ်ကို အမီလိုက်ပြီးသား ဖြစ်သွားရ တော့တာပါပဲ။ ပညာရှေ့သွားစနစ်လို့ ဆိုနိုင်ပါတယ်။ အဲလိုဖြစ်ဖို့အတွက် စင်္ကာပူနိုင်ငံဟာ အခက်အခဲတွေ အများကြီးကြားကနေ အဆင့်မြင့်ပညာရေးနဲ့ စက်မှု ပညာရပ် တွေ သင်ကြားရေးကို အရှိန်အဟုန်ပြင်းပြင်းနဲ့ ဆောင်ရွက်ခဲ့ရတာပါ။ အဲဒါဟာ စင်္ကာပူနိုင်ငံကို ရှေ့တန်းနိုင်ငံအဖြစ် အမြန်ဆုံးရောက်စေတဲ့ သော့ချက်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ခုတော့ စင်္ကာပူကျွန်းနိုင်ငံ လေးက အရှေ့တောင်အာရှမှာ အဖွံ့ဖြိုး အတိုးတက်ဆုံး စာရင်းဝင် နိုင်ငံတနိုင်ငံ ဖြစ်နေပါပြီ။

ခုဆိုရင် အိမ်နီးချင်းနိုင်ငံတွေက ပညာရှင်အမြောက်အများဟာ စင်္ကာပူနိုင်ငံကို အားကိုးပြီး အလုပ်လုပ် နေကြရ ပါတယ်။ အထူးသဖြင့် ပညာရှင်တွေအတွက် သင့်တော်တဲ့ အလုပ်တွေ၊ ဆက်ပြီး ဆည်းပူးစရာ ပညာရပ်တွေရှိနေတာမို့လို့ စင်္ကာပူနိုင်ငံဟာ မြန်မာနိုင်ငံအပါအ၀င် အိမ်နီးချင်းနိုင်ငံ အတော်များများက ပညာရှင်တွေကို လက်ဝယ်ရထားတာ ဖြစ်ပါတယ်။ ဒါဟာ စင်္ကာပူနိုင်ငံအနေနဲ့ ဆက်လက် တိုးတက် ထွန်းကားဦးမယ့် အခွင့် အလမ်း တွေပါပဲ။

မြန်မာနိုင်ငံရဲပညာရေးကတော့ လက်တွေ့ကျတဲ့ အတတ်ပညာမျိုးကို မပေးနိုင်တဲ့အပြင် ကောင်းမွန်တဲ့ သက်မွေးဝမ်းကျောင်း အလုပ်မျိုးကိုလည်း မပေးနိုင်ပါဘူး။ သင်ယူ တတ်မြောက်လာခဲ့တဲ့ ပညာရေးက လက်တွေ့ အသုံးမချနိုင်တဲ့အပြင် ဆက်လက် ဆည်းပူးစရာလမ်းလည်း မရှိတော့တာကြောင့် ပညာကို လိုလား ပြီး နိုင်ငံအတွက် အကောင်းဆုံး အလုပ်အကျွေးပြုချင်သူတွေဟာ မြန်မာနိုင်ငံထဲမှာ လမ်းစ ပျောက်နေကြရ ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ စည်းရိုးကို ကျော်ထွက်လိုက်ရင်တော့ ပညာရှင်ဖြစ်ဖို့ ကြိုးစားနေသူတွေ အတွက်ရော၊ အလုပ်ကောင်းကောင်းရဖို့အတွက်ရော အခွင့်အလမ်းတွေဟာ အိမ်နီးချင်းနိုင်ငံတွေမှာ ရနိုင် နေကြပါတယ်။ ဒါနဲ့ပဲ စင်္ကာပူနိုင်ငံလို မလေးရှားနိုင်ငံလို ပညာရှင်တွေကို မွေးယူစုဆောင်းပြီး နိုင်ငံ တိုးတက်ရေးအတွက် အားတက်သရော လုပ်နေကြတဲ့ အိမ်နီးချင်းနိုင်ငံတွေဆီကို မြန်မာနိုင်ငံထဲက တကယ့် ပညာရှင်တွေ ပညာသင်တွေ ရောက်သွားကြရတာပဲ ဖြစ်ပါတယ်။ ဒါကို ဦးနှောက်ယိုစီးမှု Brain drain လို့ ပြောကြပါတယ်။ ဒါဟာ မြန်မာနိုင်ငံအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုကြီး ယိုပေါက်ကြီးပါပဲ။ ဒါပေမဲ့ ပညာရှင်တွေ ဖြစ်လာပြီးမှ ကိုယ့်နိုင်ငံထဲမှာကလည်း ထိထိရောက်ရောက် လုပ်စရာ နေရာမရှိတဲ့အခါ ကိုယ်သင်ယူထားရတဲ့ ပညာနဲ့ ထိုက်တန်တဲ့ အလုပ်တနေရာ အတွက် ပြည်ပကိုပဲ အားကိုးကြရတော့တာပါ။

တကယ်တမ်း မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာနဲ့အမီ ရင်ပေါင်တန်းနိုင်ဖို့ တတိယလှိုင်းကို အမီလိုက်နိုင်ဖို့ဆိုရင်တော့ သိပ္ပံနဲ့နည်းပညာဘက်ကို စင်္ကာပူနိုင်ငံလို အလျင်အမြန် ခုန်ကူးလိုက်နိုင်မှပဲ ဖြစ်မှာပါ။ အဲဒီအတွက် အဓိက လိုအပ်ချက်ကတော့ အာဏာပိုင်တွေအနေနဲ့ အိုင်တီ နည်းပညာကို ပြည်သူတရပ်လုံး အသုံးချနိုင်အောင် လက်တွေ့ကျကျ အားပေး ပံ့ပိုး ပေးဖို့ပါပဲ။ ဒါဟာ နိုင်ငံတိုးတက်ရေးအတွက် တကယ် လိုအပ်တဲ့ အမျိုးသား ပညာရေးကို ထူထောင်ပေးတာနဲ့လည်း အတူတူပဲဖြစ်ပါတယ်

မေငြိမ်း(ဧပြီ၊၂၀၀၇)

No comments:

Building Knowledge Economies စာတမ်း(၅)

ကမ္ဘာ့ဘဏ် ဖွံ့ဖြိုးတိုးတက်မှု လေ့လာရေးအဖွဲ့ရဲ့ ၂၀၀၇ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ စာတမ်းပါ Building Knowledge Economies ပညာရေးဆိုင်ရာ အကြံပြုချက် မ...