Thursday, October 18, 2007

ကလေးတွေအတွက် နွေရာသီ

ခု လက်ရှိ အနေအထားမှာတော့ မြန်မာနိုင်ငံမှာလည်း နွေရာသီအားလပ်ရက်မှာ အင်္ဂလိပ်စာကို ဦးစားပေးတဲ့ ကိုယ်ပိုင်သင်တန်းတွေ တော်တော်များများ ဖွင့်လာတာ တွေ့ရပါတယ်။ ငွေကြေး အတန်အသင့် ပေးရတယ် ဆိုပေမဲ့ ၂၀၀၀ပြည့်နှစ်မတိုင်ခင်က မြန်မာနိုင်ငံရဲအနေအထားလို တက်စရာ သင်တန်းတောင်မှ မရှိတဲ့ အခြေနေမျိုး မဟုတ်တော့တာကတော့ တိုးတက်လာတဲ့ လက္ခဏာလို့ ဆိုရမှာပါ။ အရင်ကတော့ အပိတ်အဆို့ အမျိုးမျိုး အတားအဆီးအမျိုးမျိုးတွေကြားမှာ ပြည်သူအများစုဟာ မျက်စေ့ ပိတ် နားပိတ် ရှိနေခဲ့ကြ တာပါ။ အခု ၂၀၀၀ နောက်ပိုင်းမှာတော့ ကမ္ဘာနဲ့ ချီပြီး ဖြစ်ပေါ်တိုးတက်နေတဲ့ ပညာရေး အရှိန်ကြောင့် မြန်မာနိုင်ငံမှာလည်း အလိုက်သင့်တော့ လိုက်ပါပြောင်းလဲလာရပါတယ်။ ဒါကြောင့်ပဲ အာဏာပိုင် တွေကိုယ်တိုင်က ပညာခေတ်ဆိုတာကို ပြောလာရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြဿနာက မြန်မာနိုင်ငံရဲ အာဏာပိုင်တွေဟာ ပညာရေး စီမံကိန်း တွေကို အပြောအဆင့်ကနေ လက်တွေ့အဆင့်ကို ရောက်လာအောင် မလုပ်သေး တာပါပဲ ။

ခုချိန်မှာ ကမ္ဘာ့နိုင်ငံအများစုက ပညာရေးကို အားသွန်ခွန်စိုက် ထူထောင်နေချိန်မှာ မြန်မာနိုင်ငံမှာတော့ ပညာရေးဆိုင်ရာအသုံးစရိတ်ကို ဂျီဒီပီရဲ ၁ရာခိုင်နှုန်းသာ သုံးတယ်လို့ (၁၉၉၆-၉၇) ဘဏ္ဍာရေး၊ စီးပွါးရေးနှင့် လူမှုရေးအခြေအနေများဆိုင်ရာအစီရင်ခံစာမှာ ဖေါ်ပြထားတာကို တွေ့ရပါတယ်။ ဒါကြောင့်ပဲ မြန်မာနိုင်ငံရဲ ကျောင်းပညာရေးဟာ နည်းပညာကအစ သင်ထောက်ကူပစ္စည်းတွေအဆုံး လိုအပ်ချက်ပေါင်းများစွာနဲ့ ချိုတဲ့ ယိုင်နဲ့နေရတာ ဖြစ်ပါတယ်။ တကယ်တော့ အိမ်နီးချင်းဖြစ်တဲ့ ထိုင်းနိုင်ငံဟာလည်း ပညာရေးအတွက်ကို ဂျီဒီပီရဲ ၄ရာခိုင်နှုန်းပဲ သုံးတာပါ။ ဒါပေမ့ ပညာရေးမှာ နိုင်ငံတကာကို ရင်ပေါင်တန်း လိုက်နိုင်အောင် အားထုတ်နေတာမျိုးကိုတော့ အထင်အရှားတွေ့ရပါတယ်။ ဒါတောင်မှပဲ၊ ထိုင်းအစိုးရဟာ သတင်းထောက် တွေရဲ ဝေဖန်မှုကို ခံနေရပါသေးတယ်။ ထိုင်းနိုင်ငံအနေနဲ့ ပညာရေး ဆိုင်ရာ အသုံးစရိတ်ကို ဒ့ါထက်မက ပိုသုံးနိုင်တယ်၊ ပိုသုံးသင့်တယ်လို့ ဝေဖန် ထောက်ပြနေကြပါတယ်။

ဥပမာ ထိုင်းနိုင်ငံရဲ့ ထင်ရှားတဲ့ မြို့ကြီးတချို့ရဲ့ ကျောင်းတချိုမှာ အင်္ဂလိပ်စာကို မူလတန်းအဆင့်ကတည်းက Native speakers တွေက လာသင်ပေးတဲ့ အစီအစဉ်မျိုးတွေ ရှိပါတယ်။ အဲလို အစီအစဉ်မျိုးဟာ နိုင်ငံ တ၀ှမ်းလုံး လုပ်နိုင်ရင် သိပ်ကောင်းမယ့် အစီအစဉ်မျိုးပါ။ ဒါပေမဲ့ ထိုင်းအစိုးရက တနိုင်ငံလုံး အတိုင်းအတာ အနေနဲ့ လုပ်ပေးတာမျိုး မရှိသေးပါဘူး။

ဒါပေမဲ့လို့ ထိုင်းနိုင်ငံမှာ အစိုးရကျောင်းတွေမှာတောင်မှပဲ နွေရာသီမှာ ကျောင်းတက်ချင်သူတွေအတွက် Summer school အနေနဲ့တော့ ဖွင့်ထားပေးပါတယ်။ အစိုးရကျောင်းမို့ ခိုကပ်တာမျိုးလည်း မရှိပါဘူး။ အဲဒီ အစိုးရနွေရာသီကျောင်းတွေမှာလည်း ကိုယ်ပိုင် နွေရာသီကျောင်းတွေမှာလို ပဲ ကျောင်းစာသင်ဖို့ အဓိက ထားတာမျိုးမဟုတ်ဘဲ ကလေးတွေအနေနဲ့ ကစားရင်းကနေ ပညာတခုခု သင်ယူသွားနိုင်ဖို့နဲ့ ဘာသာစကား အသုံး အနှုန်းမှာ ကျွမ်းကျင်အောင် လေ့ကျင့်ပေးတာ၊ လက်မှုအနုပညာလေးတွေ သင်ပေးတာ၊ ကိုယ်လက် လှုပ်ရှား ကစားဖို့တွေကို အဓိကထားတာပါ။ ကလေးတွေရဲ သင်ယူနေမှုကို အဆက်ပြတ်မသွားအောင် လေ့ကျင့်ပေးရာ ရောက်တဲ့ အစီအစဉ်လို့လည်း ပြောနိုင်ပါတယ်။ ဒီ နွေရာသီကျောင်း အစီအစဉ်ဟာ အပေါင်းအသင်းနဲ့အတူ ကစားချင်တဲ့ ကလေးတွေအတွက်ရော၊ အလုပ်ခွင်တဘက်၊ ကလေးတွေတဘက် နဲ့ အခက်အခဲဖြစ်နေတဲ့ မိဘတွေအတွက်ရော အင်မတန်အဆင်ပြေစေတဲ့ ပညာရေးအစီအစဉ်ပါပဲ။

တကယ်တော့ ထိုင်းနိုင်ငံရဲပညာရေးမှာလည်း အားသာချက်တွေရှိသလို လိုအပ်ချက်တွေလည်း အနည်းနဲ့ အများ ရှိသေးတယ်ဆိုပေမဲ့လို့ ထိုင်းအစိုးရဟာ ပညာရေးကဏ္ဍမှာ မြန်မာအစိုးရထက်တော့ အများကြီး ပိုပြီး ပံ့ပိုးပေးနေတာ အမှန်ပါပဲ။ အနည်းဆုံးတော့ ထိုင်းလူငယ်ပညာတတ်တွေဟာ သူတို့သင်ရတဲ့ပညာရေးနဲ့ သူတို့တိုင်းပြည်မှာ သင့်လျော်တဲ့ အလုပ်တွေကို ၀င်လုပ်ပေးနိုင်တာပါပဲ။ ဒါကြောင့်ပဲ စေတနာစိုက်ထုတ်ပြီး ကြိုးစားပေးရုံနဲ့ ပညာရေးအခြေနေ သိသိသာသာ တိုးတက်လာနိုင်တာကိုမြင်တဲ့ ထိုင်းနိုင်ငံရောက် မြန်မာစေတနာရှင်တွေဟာ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းကလေးတွေအတွက် ကျောင်းတွေ ဖွင့်ပေး နေတာမှာ ခုလို နွေရာသီမှာတောင် အနားမနေဘဲ နွေရာသီ သင်တန်းတွေ ဖွင့်ပေးတာ တွေ့ရပါတယ်။

ခုဆိုရင် ၂၀၀၆ခုနှစ်နွေရာသီကစပြီး၊ မြန်မာရွှေ့ပြောင်းအလုပ်သမား အများစုရှိရာ မြို့တွေအနက်က ထိုင်းနိုင်ငံ တောင်ပိုင်း ဖူးကက်ဒေသနားက ဖန်ငခရိုင် မှာဆိုရင် Grassroot Human Rights and Education Development အဖွဲ့ကြီးက ဖွင့်ထားတဲ့ ကျောင်းတွေမှာ စုစုပေါင်း ကျောင်းသားအရေအတွက် ၅၀၀နီးပါးရှိတဲ့ အထဲကနေ ကလေးအယောက် ၂၀ လောက်ကို အလှည့်ကျ ရွေးချယ်၊ စခန်း သွင်းပြီးတော့ အင်္ဂလိပ်ဘာသာ၊ ကွန်ပျူတာ ပညာတွေကို Native speakers ဆရာတွေ နဲ့ ဦးစားပေး လေ့ကျင့်ပေးနေပါတယ်။

အဲသလိုပဲ၊ နယ်စပ်မြို့တမြို့ဖြစ်တဲ့ မဲဆောက်မြို့မှာလည်း မြန်မာကလေးငယ်တွေရဲပညာရေးကို အကူအညီ ပေးနေတဲ့ SAW ကျောင်းကလည်း နွေရာသီမှာ ကလေးတွေအတွက် Native speakers ဆရာတွေရဲအကူအညီနဲ့ ကျောင်းဖွင့်ပေးထားပါတယ်။ အဓိကကတော့ အင်္ဂလိပ်စာ၊ မြန်မာစာနဲ့ ကွန်ပျူတာပညာ၊ ပန်းချီ ပညာတွေကို ကလေးတွေစိတ်ကြိုက် ရွေးချယ် သင်ယူစေတာပါပဲ။ မဲဆောက်မြို့မှာပဲ တချို့ မြန်မာ ရွှေ့ပြောင်းကျောင်းတွေကတော့ နွေရာသီမှာ ပန်းချီသီးသန့်သင်တန်းတွေ လုပ်ပေးတာ တွေ့ရပါတယ်။ အဲဒီကျောင်းတွေ မှာ ဘယ်သူမဆို တက်ရောက် သင်ယူနိုင်ပြီးတော့ ခုချိန်မှာ ကလေး အယောက် ၈၀ကျော် တက်ရောက် သင်ယူနေပါတယ်။ အဲဒီ သင်တန်းမှာ ဆိုရင် ထိုင်းလူမျိုးကလေးတချို့တောင် မြန်မာစာ မြန်မာစကား တတ်ချင်လို့ လာသင်နေကြတာ ရှိပါတယ်။ ဒါဟာ လူမျိုးကွဲ ကလေးတွေကို အချင်းချင်း ချစ်ခင် ရင်းနှီးစေတဲ့အပြင် အသွေးအရောင်စုံ ယဉ်ကျေးမှု ပညာရေး သဘောတောင် ဆောင်နေပါတယ်။

အဲဒီအခါ ကလေးတွေရဲ့ ကိုယ်ရည်ကိုယ်သွေး၊ ဥာဏ်ရည်ဥာဏ်သွေးတွေ သိသိသာသာ တိုးတက်ဖွံ့ဖြိုးလာတာ တွေ့ရပါတယ်။ ပြီးတော့ ဒါဟာ မတည်ငြိမ်တဲ့ ရွှေ့ပြောင်းဘ၀ထဲက မြန်မာကလေးတွေအတွက်တော့ သိပ် တန်ဖိုးရှိတဲ့ အချိန်တွေပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ ပညာရေးမှာ အစိုးရဘက်က ကူညီပံ့ပိုးမှုမရလှတဲ့ မြန်မာနိုင်ငံအတွင်းမှာကတော့ ကလေးတွေရဲနွေရာသီပညာရေးအတွက် ငွေကြေး အကုန်အကျမခံနိုင်တဲ့ မိဘများရဲကလေးတွေခမျာ နွေရာသီ ဆိုတာ ဟာ နေပူပူထဲ ပျင်းပျင်းရိရိနဲ့၊ ဒါမှမဟုတ် ပူပူလောင်လောင် ဆော့ကစားရင်းနဲ့ နောက် စာသင်နှစ်အတွက် ကျောင်းဖွင့်ချိန်ကို အလဟဿ စောင့်နေကြရတာပါ၊ ဒါပေမဲ့ ဒီနေရာမှာ မိဘတွေဘက်က တကူးတက အချိန် ပေးပြီး ကလေးတွေကို အင်္ဂလိပ်စကားပြောလေးတွေ အရုပ်ဆွဲတာလေးတွေ လေ့ကျင့်ပေးတာမျိုး၊ ကာတွန်းစာအုပ် ပုံပြင်စာအုပ်လေးတွေ ပြီးအောင် ဖတ်စေတာမျိုးတွေ လုပ်ပေးသင့်ပါတယ်၊ ဒါဟာ ကိုယ့် သားသမီးကို ပျိုးထောင်နေတာမျိုးလောက်တင်မကဘဲ ကိုယ့်နိုင်ငံအတွက် တိုးတက်ကောင်းမွန်တဲ့ အနာဂတ် ကို ကိုယ်ထူကိုယ်ထအနေနဲ့ ကူညီထူထောင်ပေးရာလည်း ရောက်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

မေငြိမ်း
မတ်လ၊၂၀၀၇။

No comments:

Building Knowledge Economies စာတမ်း(၅)

ကမ္ဘာ့ဘဏ် ဖွံ့ဖြိုးတိုးတက်မှု လေ့လာရေးအဖွဲ့ရဲ့ ၂၀၀၇ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ စာတမ်းပါ Building Knowledge Economies ပညာရေးဆိုင်ရာ အကြံပြုချက် မ...