Saturday, October 6, 2007

ICT နဲ့ ကျောင်းပညာရေး

မြန်မာနိုင်ငံပညာရေးနဲ့ပတ်သက်ရင် ပြသနာတွေက ထူးခြား ရှုပ်ထွေး တယ် လို့ ပြောရမှာပါ။ ကျောင်းတွေမှာ ကွန်ပျူတာတွေရှိလျက်နဲ့ ကျောင်းသားတွေကို ပေးမသုံးဘဲ သော့ခတ် ထားတာမျိုးတွေ၊ မီးမလာလို့ မသုံးကြရဘူးဆိုတဲ့ ကိစ္စမျိုးတွေဟာ ဘယ်နိုင်ငံမှာမှ မတွေ့နိုင် တဲ့ ပြဿနာမျိုးတွေပါပဲ။ တကယ်တမ်းကျတော့ မြန်မာနိုင်ငံရဲအထက်တန်းပညာရေး (Higher Education) နဲ့ပတ်သက်ပြီး Ministry of Education ရဲ့ Website မှာတော့ Electronic Education and Education Development Plan လို့ ခေါင်းစဉ်တပ်ပြီး စီမံကိန်းတွေ ရေးဆွဲထား တာကို တင်ထားတာ တွေ့ရပါတယ်။ အဲဒီမှာ ရည်မှန်းချက်ကတော့ နိုင်ငံတကာအဆင့်မီရေး ပါပဲ။ အဓိကက တော့ ICT အခြေခံတဲ့ သင်ကြားရေးမျိုးကို ဘွဲ့ကြိုတန်းတွေမှာကတည်းက သုံးဖို့နဲ့ တက္ကသိုလ်ပညာရေးမှာ အင်တာနက်ကို တွင်တွင် ကျယ်ကျယ် သုံးနိုင်အောင် အားပေးရမယ်လို့ ဖေါ်ပြထားတာ တွေ့ရပါတယ်။

အဲဒီအပြင် မြန်မာနိုင်ငံရဲ့ တက္ကသိုလ်ပညာရေးဌာန ၆၄ခု မှာ e-Learning Centre-50, e-Resource Centre-49, Computer Training Centre-143, Multimedia Lecture Room-60, Conference Room-50, Language Lab-93 ရှိတယ်လို့ စာရင်းချုပ် ပြထားပေမဲ့၊ တကယ်တမ်းတော့ ဆရာဆရာမတွေနဲ့ ကျောင်းသူ ကျောင်းသားတွေ ကြားမှာ ၂၀၀၅-၂၀၀၆ ပညာသင်နှစ်ထိ တကယ်တမ်း မတွေ့မကြုံရတဲ့ အနေအထားသာ ဖြစ်နေပါတယ်။ ကျောင်းပညာရေးထဲမှာ ကွန်ပျူတာ သေသေချာချာ မသုံးကြရလို့ဘဲ မြန်မာနိုင်ငံက လူငယ် တွေဟာ ပြင်ပ ကွန်ပျူတာသင်တန်းတွေကို အားကိုးနေကြရတာ ဖြစ်ပါတယ်။ ကွန်ပျူတာ သုံးတတ်ဖို့အတွက် အခြေခံသင်ရိုးကို အနည်းဆုံးကျပ် နှစ်သောင်းခွဲ သုံးသောင်းလောက်ပေးပြီး သင်ကြရပါတယ်။ ဒါပေမဲ့ အိမ်မှာ ဆက်ပြီး လေ့ကျင့်နိုင်ဖို့အတွက် ကွန်ပျူတာမ၀ယ်နိုင်ကြတာကြောင့် သင်ပြီးပေမဲ့လည်း မကျွမ်းကျင်ကြပါဘူး။

တကယ်တော့ နိုင်ငံတကာမှာက ကွန်ပျူတာဆိုတာ ကလေးတွေ လူငယ်တွေအဖို့ အိမ်မှာ မိဘက ၀ယ်ထား ပေးနိုင်တဲ့အတွက် အချိန်ရတိုင်း လေ့ကျင့်ရင်း သင်ယူနိုင်တာပါ။ ဒီလိုနဲ့ ကွန်ပျူတာနဲ့ ရင်းနှီးသွားပြီး တဆက် တည်း အင်တာနက်ကိုပါ ရင်းနှီးကျွမ်းဝင် သွားတာပါပဲ။ ဒါကြောင့် နိုင်ငံတကာမှာတော့ ကွန်ပျူတာ အသုံးချ ရေးဟာ ထည့်ပြောရတဲ့ ပြဿနာတစ်ခု မဟုတ်ပါဘူး။

ထိုင်းနိုင်ငံမှာတော့ သာမန်ဝန်ထမ်းတစ်ယောက်ရဲ လစာက အနည်းဆုံး ဘတ်၁၀၀၀၀ အထက် ရတဲ့အချိန်မှာ ကွန်ပျူတာ အသစ်တစ်လုံးက အများဆုံးမှ ၁သောင်းခွဲ ၂သောင်းပဲ ရှိပါတယ်။ အဲဒီအပြင် နိုင်ငံသားဆိုရင်၊ အထူးသဖြင့် ၀န်ထမ်းလည်း ဖြစ်တယ်ဆိုရင် အကြွေးစနစ်၊ လပေးစနစ်နဲ့ အလွယ်တကူ ၀ယ်နိုင်ပါတယ်။ ဒါကြောင့် မိသားစုတိုင်းလိုလို ကွန်ပျူတာသုံးမယ်ဆိုရင် အခက်အခဲမရှိ သုံးနိုင်ပါတယ်။ မြန်မာနိုင်ငံမှာကတော့ သာမန် ၀န်ထမ်းလစာ အနည်းဆုံး ၃သောင်းခွဲရတဲ့ အခုအချိန်မှာတောင် ကွန်ပျူတာ အသစ် တစ်လုံးက အနည်းဆုံး ၅သိန်းလောက် ပေးနေရတာမို့ ပြည်သူလူထုအနေနဲ့ဆိုရင် သိပ်ကို အလှမ်းကွာနေပါတယ်။ ဒါဟာ ပညာရေးအတွက်တင်မကဘဲ တနိုင်ငံလုံး အမြင်ကျယ် တိုးတက်ရေး အတွက်ကိုပါ အဟန့်အတား ဖြစ်နေစေ တယ်လို့ ဆိုရမှာပါ။

တကယ်တော့ မြန်မာနိုင်ငံ အဆင့်မြင့်ပညာရေးဝန်ကြီးဌာနက အဆင့်မြင့်ပညာရေးကို နိုင်ငံတကာအဆင့်မီ တသက်တာပညာရေး Lifelong learning ဖြစ်လာရမယ်လို့ အတိအလင်း ကြေငြာထားတာပါ။ နိုင်ငံတကာ အနေအထားအတိုင်း ဆိုရင်တော့ တသက်တာပညာရေးကို တကယ်ပေးနိုင်ဖို့ဆိုရင် ကွန်ပျူတာ အင်တာနက် များများ သုံးနိုင်ဖို့က အရေးပါဆုံး လိုအပ်ချက် တစ်ချက်ပါပဲ။ အခုချိန်ထိကတော့ ရန်ကုန် တက္ကသိုလ် မှာတောင်မှပဲ Computer-lab ၆ခန်းပဲ ရှိတာပါ။ အဲဒီထဲမှာ အလုံး၆၀က အင်တာနက်နဲ့ ဆက်သွယ်ထားပြီး ကျောင်းသားကျောင်းသူတွေ အလှည့်ကျ သုံးကြရပါတယ်။ ဒါပေမဲ့ အင်တာနက်တွေက အလွန်နှေးပြီး ဟိုပိတ် ဒီဆို့တွေ လုပ်ထားတာကြောင့်လည်း အလုပ်မဖြစ်ပါဘူး၊ မန္တလေးတက္ကသိုလ်မှာတော့ Computer-lab ၄ခန်းရှိုပြီး ကွန်ပျူတာအလုံးရေ ၂၀၀ကျော် ရှိပါတယ်၊ ဒီထဲမှာ ၁၀လုံးကိုတော့ အင်တာနက် ချိတ်ဆက် ပေးထားပါတယ်။ အဲဒီမှာလည်း အင်တာနက်သုံးတဲ့ စနစ်က တယ်လီဖုန်းနဲ့ ချိတ်ပြီး သုံးရတဲ့ စနစ် ဖြစ်တာမို့လို့ အလုပ်လုပ်တာ သိပ်နှေးတဲ့အတွက် အသုံးမတွင်ပါဘူး။ ပြီးတော့ မီးမလာတဲ့ ပြဿနာနဲ့ ကျောင်းသားတွေ ကျောင်းမလာတဲ့ ပြဿနာတွေကြောင့်လည်း IT ပညာရေးက အကောင်အထည် မပေါ်နိုင် ခဲ့ပါဘူး။ ဒါတောင် လက်ရှိ အနေအထားအရ မန္တလေးတက္ကသိုလ်ဟာ မြန်မာနိုင်ငံရဲ ဒုတိယအကြီးဆုံး တက္ကသိုလ်ကြီး ဖြစ်ပါတယ်။

တကယ်တော့ မြန်မာနိုင်ငံရဲ ပညာရေးတိုးတက်မှုဆိုတာဟာ ပညာရေးအာဏာပိုင်တွေရဲ့ လှည့်ကွက် သက်သက် သာ ဖြစ်နေတဲ့အတွက် ကျောင်းသူကျောင်းသားတွေမှာ အများကြီး နစ်နာနေကြရတာပါ။ ဒါကြောင့် ပညာရေးကို တိုးတက်အောင် ဆောင်ရွက်နေပါတယ်လို့ ကမ္ဘာကို ကြေငြာထားတဲ့ အာဏာပိုင်တွေ အနေနဲ့ ကျောင်းသူကျောင်းသားတွေရော ဆရာဆရာမတွေပါ တကယ့် ကမ္ဘာ့အဆင့်မီ ပညာရေးမျိုးရဖို့အတွက် စေတနာအမှန်နဲ့ အမှန်တကယ် တာဝန်ယူသင့်ပြီဖြစ်ပါတယ်။

မေငြိမ်း

ဒီဇင်ဘာ၊၂၀၀၆။

No comments:

Building Knowledge Economies စာတမ်း(၅)

ကမ္ဘာ့ဘဏ် ဖွံ့ဖြိုးတိုးတက်မှု လေ့လာရေးအဖွဲ့ရဲ့ ၂၀၀၇ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ စာတမ်းပါ Building Knowledge Economies ပညာရေးဆိုင်ရာ အကြံပြုချက် မ...