Friday, April 3, 2009

Building Knowledge Economies စာတမ်း(၄)


မြန်မာနိုင်ငံရဲ့ လက်ရှိအနေအထား လိုအပ်ချက်တွေနဲ့ ကိုက်ညီပြီး နည်းယူ ဆောင်ရွက်သင့်တဲ့ ပညာရေးဆိုင်ရာ အကြံပြုချက်တွေအနေနဲ့ ကမ္ဘာ့ဘဏ် ဖွံ့ဖြိုး တိုးတက်မှု လေ့လာရေးအဖွဲ့ရဲ့ ၂ဝဝ၇ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ Building Knowledge Economies စာတမ်းပါ ပညာရေးဆိုင်ရာ အကြံပြုချက် မူဝါဒတွေကို အသေးစိတ် ဆွေးနွေးတင်ပြနေတာ ဖြစ်ပါတယ်။ ခု ဒီတပတ်မှာတော့ တက္ကသိုလ်ကောလိပ်အဆင့်မှာ ချမှတ်သင့်တဲ့ မူဝါဒတွေကို ပြောပြသွားမှာပါ။

တက္ကသိုလ်ကောလိပ်အဆင့်နဲ့ ပတ်သက်တဲ့ မူဝါဒတွေထဲမှာ
- ပညာရေးအဆင့်အတန်း မြင့်မားလာစေဖို့ ဆောင်ရွက်ရမယ်
- Economy နဲ့ ပတ်သက်ပြီး အသုံးဝင်နိုင်မယ့် အရည်အချင်းတွေ ရှိလာစေဖို့ ဦးတည်ရ မယ်
-ကျောင်းသားတွေရဲ့ လက်တွေ့ကျကျ စီစဉ်လုပ်ဆောင်တတ်တဲ့ အရည်အချင်းတွေကို ဖော်ထုတ်ပေးနိုင်ဖို့ အတွက် လုပ်ငန်းရှင်တွေဆီက အကြံဥာဏ်တွေ ရယူရမယ်
- အချိန်ကာလတိုတိုအတွင်းမှာ တတ်မြောက်နိုင်မယ့် ပိုလီတက်ကနစ်လို နည်းပညာပိုင်း ဆိုင်ရာ သင်တန်းတွေ ဖွင့်ရမယ်
ဆိုတဲ့အချက်တွေကို ဖော်ပြထားတာ တွေ့ရပါတယ်။

အဲဒီအချက်တွေကို လက်ရှိမြန်မာနိုင်ငံရဲ့ တက္ကသိုလ်ပညာရေးအခြေအနေနဲ့ တချက်ချင်း နှိုင်းယှဉ် ချိန်ထိုး ကြည့်မယ်ဆိုရင် ပညာရေးအဆင့်အတန်းမြင့်မားလာစေဖို့ ဆောင်ရွက်ရမယ် ဆိုတဲ့နေရာမှာ နိုင်ငံတကာစံချိန်မီ အဆင့်မြင့်တက္ကသိုလ်ပညာရေးဖြစ်ဖို့အတွက် ကျောင်းသားလူငယ်တွေဟာ အခြေခံ ကျောင်းသားအခွင့်အရေးတွေဖြစ်တဲ့ လွတ်လပ်စွာ ပညာသင်ကြားခွင့်၊ လွတ်လပ်စွာ ဆည်းပူးလေ့လာခွင့်၊ လွတ်လပ်စွာ စုဝေးတိုင်ပင်ခွင့်၊ လွတ်လပ်စွာ ဝေဖန်ပြောဆိုခွင့်၊ လွတ်လပ်စွာ ကြံစည်အားထုတ်ခွင့်၊ လွတ်လပ်စွာ သုတေသနပြုခွင့်နဲ့ လွတ်လပ်စွာ ရေးသားဖန်တီးခွင့်တွေ ရှိရပါမယ်။ ဒါမှပဲ ကျောင်းသား လူငယ်တွေဟာ ခေတ်မီတိုးတက်တဲ့ ပညာရေးမျိုးကို ရနိုင်မှာဖြစ်ပါတယ်။

အဲဒီအပြင် တက္ကသိုလ်ပညာရေး အဆင့်အတန်းမြင့်မားလာစေဖို့အတွက် အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ နိုင်ငံတကာအဆင့်မီ သိပ္ပံနဲ့နည်းပညာတွေ၊ စာအုပ်စာတမ်းနဲ့ သင်ကြားရေး အထောက်အကူပြု ပစ္စည်း ကိရိယာတွေ၊ အရည်အသွေး ပြည့်မီတဲ့ ဆရာဆရာမတွေ၊ အရည်အသွေးမီ ကျောင်းဆောင် စာသင်ခန်းတွေ ကိုလည်း မြန်မာနိုင်ငံပညာရေးထဲမှာ ခုချိန်ထိ လိုအပ်နေသေးတာ တွေ့နေရပါတယ်။ ဒါကြောင့်ပဲ Building Knowledge Economies စာတမ်းပါ အကြုံပြုချက်ထဲက ပညာရေးအဆင့်အတန်း မြင့်မားလာစေဖို့ ဆောင်ရွက် ရမယ်ဆိုတဲ့အချက်ဟာ မြန်မာနိုင်ငံအနေနဲ့ အထူး ထည့်သွင်းဆောင်ရွက်ရမယ့် အချက်ပဲ ဖြစ်ပါ တယ်။

Building Knowledge Economies စာတမ်းအရ တက္ကသိုလ်ကောလိပ်အဆင့်အတွက် နောက်ထပ် ချမှတ်သင့် တဲ့ မူဝါဒကတော့ Economy နဲ့ ပတ်သက်ပြီး အသုံးဝင်နိုင်မယ့် အရည်အချင်းတွေ ရှိလာစေဖို့ ဦးတည်ရမယ်… ဆိုတာဖြစ်ပါတယ်။ ဒီနေရာမှာ Economy ဆိုတာက လူ့အဖွဲ့အစည်းတခုရဲ့ ငွေကြေးဆိုင်ရာ အုပ်ချုပ်ရေး စနစ်ပါ၊ နိုင်ငံတနိုင်ငံမှာ ငွေကြေးဆိုင်ရာ မူလရင်းမြစ်တွေကို ဘယ်လို ခိုင်မာအောင် လုပ်မလဲ။ ဘယ်လို ခြိုးခြံချွေတာ သုံးစွဲမလဲဆိုတာတွေကို ချဉ်းကပ် လေ့လာရမှာပါ၊ ဒါမှပဲ တချိန်မှာ ဦးဆောင်သူတွေ ဖြစ်လာမယ့် ကျောင်းသား လူငယ်တွေဟာ နိုင်ငံတနိုင်ငံ၊ အဖွဲ့အစည်းတခု အတွက် လိုအပ်တဲ့ ငွေကြေးဆိုင်ရာ စီမံကွပ်ကဲမှုကို ထိထိ ရောက်ရောက် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်၊ အထူးသဖြင့် မြန်မာနိုင်ငံလို အဘက်ဘက်က ဆုတ်ယုတ် ကျဆင်းနေတဲ့ နိုင်ငံမျိုးမှာတော့ ပြန်လည်ထူထောင်နိုင်ရေးမှာ Economy နဲ့ ပတ်သက်ပြီး အသုံးဝင်နိုင်မယ့် အရည်အချင်းတွေ ရှိလာစေဖို့ ဦးတည်ရမယ် … ဆိုတဲ့ မူဝါဒဟာ မြန်မာနိုင်ငံ တက္ကသိုလ်ပညာရေးအတွက် အထူးလိုအပ်ချက်ပဲ ဖြစ်ပါတယ်။

နောက်ထပ် မူဝါဒတချက်ကတော့ ကျောင်းသားတွေရဲ့ လက်တွေ့ကျကျ စီစဉ်လုပ်ဆောင် တတ်တဲ့ အရည်အချင်းတွေကို ဖော်ထုတ်ပေးနိုင်ဖို့အတွက် လုပ်ငန်းရှင်တွေဆီက အကြံဥာဏ်တွေ ရယူရမယ်… ဆိုတာ ဖြစ်ပါတယ်။ ဒါကလည်း Economy နဲ့ ဆက်စပ်နေတာပါပဲ။ တက္ကသိုလ်ကျောင်းသားတွေအဖို့ ကျောင်းပညာရေးပြီးဆုံးလို့ လုပ်ငန်းခွင်ထဲ ဝင်ရောက်ရာမှာ အဆင်ပြေအောင် ကျောင်းပညာရေးကာလမှာ ကတည်းက လုပ်ငန်းသဘောတွေနဲ့ ထိတွေ့လေ့ကျင့်ပေးဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ တက္ကသိုလ် ပညာရေးထဲမှာ ဘာသာရပ်အလိုက် လက်တွေ့ လေ့ကျင့်နိုင်ဖို့အတွက် ဘယ်လို စီစဉ်ဆောင်ရွက်ပေးသင့်တယ် ဆိုတာကို လုပ်ငန်းရှင်တွေ နဲ့ ပညာရေးအာဏာပိုင်တွေ တွေ့ဆုံတိုင်ပင်တာမျိုး အကြံဥာဏ်ရယူတာမျိုးပါ။ ဒါဟာလည်း စီးပွားရေးပိုင်းမှာ ပြန်လည်ထူထောင်ရေးလုပ်ဖို့ လိုအပ်နေတဲ့ မြန်မာနိုင်ငံမှာတော့ မျိုးဆက်သစ်တွေအတွက် ဆောင်ရွက်ပေးသင့်တဲ့ ချမှတ်သင့်တဲ့ ပညာရေးမူဝါဒပဲ ဖြစ်ပါတယ်။

တက္ကသိုလ်ကောလိပ်အဆင့်အတွက် နောက်ဆုံး အကြံပြုထားတဲ့ မူဝါဒကတော့ အချိန်ကာလတိုတိုအတွင်းမှာ တတ်မြောက်နိုင်မယ့် ပိုလီတက်ကနစ်လို နည်းပညာပိုင်းဆိုင်ရာ သင်တန်းတွေ ဖွင့်ရမယ် ဆိုတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာက နည်းပညာ တက္ကသိုလ်တွေမှာတောင် သင်ထောက်ကူပစ္စည်းဆိုင်ရာ အားနည်းချက်တွေနဲ့ သင်ကြားရေးဆိုင်ရာ အားနည်းချက်တွေကြောင့် လုပ်ငန်းခွင်ထဲမှာ လက်တွေ့ ကျွမ်းကျွမ်းကျင်ကျင် လုပ်ကိုင်နိုင် တဲ့ ပညာရေးမျိုးကို မရနိုင်သေးပါဘူး။ ဒါကြောင့် ကုန်ထုတ်လုပ်မှုအပိုင်းမှာ ဖွံ့ဖြိုးတိုးတက်ဖို့ အရေးတကြီး လိုအပ်နေတဲ့ မြန်မာနိုင်ငံအနေနဲ့ ကျွမ်းကျင်တဲ့ နည်းပညာ အတတ် ပညာရှင်တွေကို အချိန်မီ မွေးထုတ်နိုင်ဖို့ ဆိုတာလည်း အထူးလိုအပ်ချက်ဖြစ်ပါတယ်။ ဒါကြောင့် အချိန်ကာလ တိုတိုအတွင်းမှာ တတ်မြောက်နိုင်မယ့် ပိုလီတက်ကနစ်လို နည်းပညာပိုင်းဆိုင်ရာ သင်တန်းတွေ ဖွင့်ရမယ် ဆိုတဲ့ မူဝါဒကလည်း မြန်မာနိုင်ငံရဲ့ တက္ကသိုလ် ကောလိပ်အဆင့် ပညာရေးထဲမှာ ထည့်သွင်း ချမှတ် သင့်တဲ့ မူဝါဒပဲ ဖြစ်ပါတယ်။

ကမ္ဘာ့ဘဏ် ဖွံ့ဖြိုးတိုးတက်မှု လေ့လာရေးအဖွဲ့ရဲ့ မူဝါဒတွေဟာ မြန်မာနိုင်ငံရဲ့ လက်ရှိ အနေအထား၊ လိုအပ်ချက် တွေနဲ့ ကိုက်ညီပြီး နည်းယူ ဆောင်ရွက်သင့်တဲ့ ပညာရေးဆိုင်ရာ အကြံပြုချက်တွေလည်း ဖြစ်တာမို့လို့ ဆွေးနွေး တင်ပြလိုက်ရပါတယ်။


6 comments:

Maribel Artaste said...

tharswe.blogspot.com/2012/03/blog-post.html

Maribel Artaste said...

Hi!Great and interesting blog you have:) Come and visit my site too. http://motors.com.mm/?utm_campaign=mot_mm_lb_blog_martaste&utm_source=mot_lb_blog&utm_medium=lb_blog

ariful islam said...

hello i can not read your post

classifieds

laila mim said...

great helpful and informative post about Burma education. thanks for your nice sharing.Accounting Jobs

Jack N Rose said...

Your content is shows potential, m gona add this to my bookmarks.
ppi claims

Mickey James said...

It feels great to feature much revealing and unequalled articles on your websites.
ppi claims credit cards