Wednesday, March 5, 2008

မြန်မာ့ပညာရေးနဲ့ Hidden Curriculum

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့ ပညာရေးဆိုင်ရာ ဆွေးနွေးချက်တွေကို သုံးပတ်ဆက်တိုက် ဆွေးနွေးတင်ပြခဲ့တာမှာ ပြီးခဲ့တဲ့ တပတ်ကတော့ မူလတန်းအဆင့် ပညာရေးထဲမှာ ပြဌာန်းသင့်တဲ့ သင်ရိုးတွေ သင်ခန်းစာတွေအကြောင်း ပြောခဲ့ပါတယ်။ ဒီတပတ်တော့ အလယ်တန်းအဆင့်မှာ ပြဌာန်းသင့်တဲ့ သင်ရိုးတွေအကြောင်းကို ဆက်ပြီး ဆွေးနွေးတင်ပြသွားပါ့မယ်။

မြန်မာနိုင်ငံရဲ့ ကျောင်းတွေမှာ ကျောင်းသားအများစုဟာ ကျောင်းချိန်အပြီးမှာ ကျူရှင် တက်ရတာ၊ အချိန်ပို တက်ရတာတွေနဲ့ စာကုန်းကျက်ရတာနဲ့ တနေ့တာကို ကုန်ဆုံးနေကြရပါတယ်။ တခါတလေ စနေတနင်္ဂနွေ မှာတောင် မနားကြရဘဲ ကျူရှင်တက် နေကြရတာမျိုးတွေတောင် ရှိပါတယ်။ အဲသလောက် အချိန်တွေ အများကြီးပေးပြီး သင်နေရပေမဲ့ ကလေးတွေအတွက် စိတ်ဝင်စားစရာကောင်းတဲ့ သင်ကြားနည်းမျိုး မဟုတ်တာမို့ အကျိုးမရှိလှပါဘူး။ ဒီနေရာမှာ ပြဿနာက လက်တွေ့ဘ၀ထဲမှာ အသုံးဝင်တဲ့ လိုအပ်တဲ့ သင်ခန်းစာတွေ ပါဝင်မှု နည်းတာပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံ အခြေခံပညာရေးမှာ အလယ်တန်းဆိုတာက ၅တန်းကနေ စပါတယ်။ အလယ်တန်း တက်တဲ့ ကျေင်းသားဟာ သတ်မှတ်ချက်အရဆိုရင် အနည်းဆုံး အသက် ၁၀နှစ် ကျော်ပြီးသား ဖြစ်ရပါမယ်။ ဒါကြောင့် မူလတန်းမှာကတည်းက အခြေတည် ခဲ့ပြီးသားဖြစ်တဲ့ တကိုယ်ရည်သန့်ရှင်းရေးတို့ ယဉ်ကျေးလိမ္မာဖို့ဆိုတာတွေ ကို ပိုပြီး အခြေခိုင်အောင် ထိန်းသိမ်းပေးဖို့ပဲ လိုပါတော့တယ်။ ဒါပေမဲ့ အသက်အရွယ်အရ လူမှုရေးဆိုင်ရာ ဗဟုသုတတွေကိုတော့ ပိုသိဖို့ လိုအပ်လာတာမို့ လူမှုဝန်းကျင်နဲ့ ဆက်ဆံရေးပုံစံတွေ၊ ကိုယ်နဲ့ နီးစပ်ရာ လူမျိုးစုတွေအကြောင်းနဲ့အတူ ပတ်ဝန်းကျင် ရေမြေသဘာဝ ရာသီဥတုနဲ့ သက်ဆိုင် ဆက်စပ်နေတဲ့ အကြောင်းအရာတွေကို ထည့်သွင်း သင်ကြားပေးရမှာဖြစ်ပါတယ်။

ဦးသန့်ရဲ့ အဆိုအရတော့ အလယ်တန်းအဆင့်မှာ ကျောင်းသားတွေဟာ ပြည်သူ လူထုအနေနဲ့ ကျေပြွန်ဖို့ လိုအပ်တဲ့ တာဝန်ဝတ္တရားတွေကို သိဖို့လိုနေပြီလို့ ဆိုပါတယ်။ ကိုယ့်နိုင်ငံကို ချစ်ခင်စုံမက်ဖို့၊ ပြည်တွင်း ပြည်ပ ရန်တွေကို ခုခံကာကွယ်ဖို့၊ တရား ဥပဒေတွေကို စောင့်သိရိုသေဖို့၊ နိုင်ငံ့အရေးအရာကိစ္စတွေမှာ ပူးပေါင်းပါဝင် ဆောင်ရွက် တတ်ဖို့၊ စာပေအတတ်ပညာ တတ်မြောက်ဖို့ ဆိုတာတွေဟာ စာသင်သားတွေ မဖြစ်မနေ သိရမယ့် အကြောင်းအရာတွေပဲဖြစ်တယ်လို့ ဦးသန့်က တင်ပြထားပါတယ်။ အဲဒီ သင်ခန်းစာတွေကို အသေးစိတ် တင်ပြချင်ပါတယ်။

ပြည်သူလူထုတွေအနေနဲ့ ပြည်သူ့တာဝန်ဆိုတာ ရှိသလိုပဲ ရသင့်တဲ့အခွင့်အရေးတွေ ရှိတယ်ဆိုတာကိုလည်း ကျောင်းသားဘ၀မှာကတည်းက သိထားဖို့ လိုပါတယ်။ အဲဒီအခွင့်အရေးတွေကတော့ လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ မိမိရဲ့ အသက်အန္တရာယ်နဲ့ စည်းစိမ်ဥစ္စာတွေကို ကာကွယ်စောင့်ရှောက်ပိုင်ခွင့်၊ တရားဥပဒေနဲ့ မငြိစွန်းပါက လွတ်လပ်စွာ သွားလာ ပြောဆို နေထိုင် ပေါင်းသင်း ဆက်ဆံခွင့်၊ လွတ်လပ်စွာ အလုပ်လုပ်ကိုင်ခွင့်၊ ဘာသာရေး လူမှုရေး ပညာရေးဆိုင်ရာ အဖွဲ့များ လွတ်လပ်စွာ ဖွဲ့စည်းခွင့်၊ အစိုးရဆေးရုံများ၌အခမဲ့ ဆေးကုသခွင့်၊ အစိုးရတရပ်အတွက် မဲဆန္ဒပေးပိုင်ခွင့် စတဲ့ ပြည်သူပြည်သားအားလုံး တန်းတူရရမှာဖြစ်တဲ့ အခြေခံအခွင့်အရေးတွေကို ကျောင်းသားအရွယ်ကတည်းက သိနေအောင် သင်ကြား ပေးရမှာ ဖြစ်ပါတယ်။ ဒါမှပဲ ကျောင်းသား ဘ၀မှာကတည်းက တရားမျှတမှုဆိုတာကို သိပြီးတော့ သူတို့ ကိုယ်တိုင် တရားမျှတမှု ရှိအောင်၊ နေထိုင်တတ်သွားမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ပညာရေးထဲမှာကတော့ အဲဒီ ပြည်သူလူထုတွေရဲ့ တာဝန်ဝတ္တရားနဲ့ အခွင့်အရေးဆိုတာတွေကို သင်ခန်းစာထဲထည့်မသင်ရုံမက ဗဟုသုတဖတ်စာအနေနဲ့လည်း ဖတ်ခွင့်မရှိပါဘူး။ အဲဒီအပြင် ဆရာဆရာမတွေ ကိုယ်တိုင်ကလည်း သိခွင့် မရခဲ့တာကြောင့်မို့ ကျောင်းသားတွေကို နောက်ကွယ်ကသင်ရိုး Hidden Curriculum အနေနဲ့ သင်ပေးတာမျိုးလည်း မရှိတာ တွေ့ရပါတယ်။ တကယ်တော့ Hidden Curriculum ဆိုတာက ထွေထွေထူးထူး မဟုတ်ပါဘူး။ တရားဝင် သင်ခွင့်မရတဲ့၊ ဒါမှမဟုတ် ဆက်စပ်နှီးနွယ်ပြီး သင်ပေးဖို့ လိုအပ်တဲ့ သင်ခန်းစာတွေပါပဲ။

ဥပမာပြောပြရရင် သမိုင်းဘာသာရပ်ထဲက ပုဂံခေတ်အကြောင်းသင်တဲ့အခါ ကျန်စစ်သားမင်းရဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ရှေးရှုဆောင်ရွက်ခဲ့တဲ့ လုပ်ရပ်ကို ပြောပြရင်း၊ အုပ်ချုပ်သူတွေအနေနဲ့ လူမျိုးစုချင်း ချစ်ကြည်ရေးကို အလေးထားရမယ်၊ တိုင်းရင်းသားအချင်းချင်းကို သွေးကွဲအောင် အုပ်ချုပ်ရင် မင်းကောင်း အစိုးရကောင်း မဟုတ်ဘူးဆိုတာကို ပြောပြလို့ ရပါတယ်။ အဲဒီကနေ တဆက်တည်းပဲ ပြည်သူလူထု အနေနဲ့ အဲလို မင်းဆိုးမျိုးကို ဖြုတ်ချခွင့်ရှိတယ်ဆိုတာမျိုးကိုလည်း ပြောပြနိုင်ပါတယ်။ ဒီနေရာမှာ ပြည်သူအလိုမတူရင် ကောင်းတာ လုပ်တာဆိုပေမဲ့လို့လည်း တိုင်းပြည်ပိုင် ရတနာဖြစ်တဲ့ ဆင်ဖြူတော်ကို လှူမိလို့ ပြည်သူအလိုကျ နယ်နှင်ဒဏ်ခံရတဲ့ ဝေဿန္တရာမင်းအကြောင်းကိုပါ ဥပမာအဖြစ် ထည့်ပြောပြနိုင်ပါသေးတယ်။ ပြီးတော့ အဲဒါကပဲ ဒီမိုကရေစီစနစ်ရဲ့ သဘောသဘာဝဖြစ်တယ်ဆိုတာကို နှီးနွယ် ပြောပြ သွားနိုင်ပါတယ်။ ဒါဟာ နောက်ကွယ်က သင်ရိုးကို သင်ကြားသွားတာ ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်လိုပဲ မသင်ရဘူးလို့ သတ်မှတ်ထားပေမဲ့လည်း ကျောင်းသားတွေ သိသင့်သိထိုက်တဲ့ အကြောင်းအရာတွေကို Hidden Curriculum အနေနဲ့ အများကြီး ထည့်ပြီး သင်ပေးသွား နိုင်မှာဖြစ်ပါတယ်။

အဲသလိုပဲ ပထ၀ီဝင်ထဲက သစ်တောအမျိုးအစားတွေ၊ တည်နေရာတွေကို သင်ရင်း သစ်တောရဲ့ တန်ဖိုးကြီးမားပုံနဲ့ သစ်တောကို စည်းကမ်းမဲ့ ခုတ်ခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေနဲ့အတူ လက်ရှိ အခြေအနေမှာ သစ်တောတွေပြုန်းလောက်အောင် စည်းမဲ့ကမ်းမဲ့ သစ်ခုတ်နေကြတာကို ပြောပြရပါမယ်။ ဒါဟာ နိုင်ငံပိုင်ပစ္စည်းကို မတရား ခိုးယူဖျက်ဆီးနေတာနဲ့ အတူတူပဲဖြစ်တယ်ဆိုတာကို ပြောပြနိုင်ပါတယ်။ သစ်ပင် သစ်တော ထိန်းသိမ်းဖို့ အားပေးတိုက်တွန်းရင်းနဲ့ နိုင်ငံပိုင်ပစ္စည်းကို ခုခံ ကာကွယ် ထိန်းသိမ်းကြရမယ် ဆိုတာ တွေကို နောက်ကွယ်သင်ရိုးအဖြစ်သင်ပေးနိုင်ပါတယ်။

ကမ္ဘာ့သမိုင်းလို ဘာသာရပ်ကို သင်တဲ့အခါမှာလည်း ဂျာမနီနိုင်ငံ ဂျပန်နိုင်ငံတို့ရဲ့ သမိုင်းတွေကို သင်ရင်းကနေ အမျိုးသားရေးဝါဒ (Nationalism) နဲ့ ကမ္ဘာအရေးဝါဒ (Internationalism) ရဲ့ အကျိုးအပြစ်တွေအထိ ရောက်အောင် ပြောပြရပါမယ်။ ခုခေတ်မှာဆိုရင်တော့ ဒီမိုကရေစီစနစ်နဲ့ Globalization အထိကို နားလည်အောင် သိအောင် ပြောပြရမှာဖြစ်ပါတယ်။ အဲသလိုနဲ့ပဲ ကမ္ဘာ့သမိုင်းသင်ခန်းစာတွေထဲကနေ လည်း နိုင်ငံတွေရဲ့ အကောင်းအဆိုး အကျိုးအပြစ်တွေကို သင်ခန်းစာယူစရာ၊ အတုယူစရာတွေအဖြစ် အများကြီး ပြောပြသွားနိုင်ပါတယ်။

ခုချိန်မှာ မြန်မာနိုင်ငံဟာ အာဏာရှင်နိုင်ငံဖြစ်တာမို့ ပညာရေး လွတ်လပ်ခွင့် နဲ့အတူ နှီးနွယ်ဆက်စပ်နေတဲ့ သတင်းလွတ်လပ်ခွင့်တွေ လွတ်လပ်စွာ ထုတ်ဖော် ရေးသား ပြောဆိုခွင့်တွေကို ဆုံးရှုံးနေကြရပါတယ်။ ဒါပေမဲ့ အနာဂတ်ရဲ့ ခေါင်းဆောင် လောင်းတွေကို မွေးထုတ်ရမယ့် ဆရာဆရာမတွေကတော့ အစိုးရက ပိတ်ဆို့ထားပေမဲ့ လည်း ကျောင်းသားတွေကို အသိအမြင်အလင်းပွင့်အောင် သင်ပေးကြရဖို့အတွက် တာဝန်ရှိပါတယ်။ အဲဒီအတွက် ဦးသန့်ရဲ့ သင်ရိုးတွေကို နောက်ကွယ် သင်ရိုးအဖြစ် သင်ပေးနိုင်ကြောင်း ဆွေးနွေးတင်ပြလိုက်ပါတယ်။

(၂၉၊၁၀၊၀၇။)

No comments:

Building Knowledge Economies စာတမ်း(၅)

ကမ္ဘာ့ဘဏ် ဖွံ့ဖြိုးတိုးတက်မှု လေ့လာရေးအဖွဲ့ရဲ့ ၂၀၀၇ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ စာတမ်းပါ Building Knowledge Economies ပညာရေးဆိုင်ရာ အကြံပြုချက် မ...