Tuesday, March 25, 2008

သင်ရိုးညွှန်းတန်း

ပြီးခဲ့တဲ့ အပတ်တွေမှာတုန်းက စာသင်ခန်းထဲကနေ စည်းကမ်းရှိတဲ့ နိုင်ငံသားတွေ ပျိုးထောင်ယူလို့ ရနိုင်တဲ့ အကြောင်းကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့ ပညာရေးစာတမ်းကနေတဆင့် အများကြီး ဆွေးနွေးခဲ့ပါတယ်။ အထူးသဖြင့်တော့ စာသင်သားတွေအတွက် ဗဟုသုတများစွာတိုးပွားဖြစ်ထွန်းစေတဲ့ သင်ခန်းစာတွေထဲမှာ နိုင်ငံ့အရေးအရာတွေ၊ အုပ်ချုပ်ရေးဆိုင်ရာတွေကိုပါ ထည့်သွင်းသင့်တယ်ဆိုတဲ့ အချက်ကို ဦးတည်ဆွေးနွေးခဲ့တာပဲ ဖြစ်ပါတယ်။

ဦးသန့်ရဲ့ စာတမ်းမှာ ပြဋ္ဌာန်းသင့်တဲ့ သင်ရိုးတွေကို အဓိကထားပြီး အကြံပြု တင်ပြသွားတာ တွေ့ရပါတယ်။ တကယ်တော့ အဲဒီသင်ရိုးတွေထဲမှာပါတဲ့ သင်ခန်းစာတွေကို အကြောင်းအကျိုးရှင်းလင်းအောင် ပြောပြသင်ပြဖို့ ကတော့ ဆရာတွေရဲ့တာဝန်သာ ဖြစ်ပါတယ်။ ဒီနေရာမှာ ဥပမာအဖြစ် ဦးသန့်တင်ပြခဲ့တဲ့ ဒီမိုကရေစီစနစ် အကြောင်း သင်ကြားပြောပြရာမှာ အားနည်းချက်တွေကိုပါ ထည့်သွင်း ပြောပြသင့် တယ် ဆိုတဲ့အချက်အရ ဘယ်လိုသင်ကြားပြောပြနိုင်သလဲဆိုတာကို ဆွေးနွေးတင်ပြချင်ပါတယ်။

ဒီမိုကရေစီစနစ်ရဲ့ ဆိုးပြစ်တွေဖြစ်တဲ့ အုပ်ချုပ်သူအစိုးရကို ပြည်သူလူထုက ရွေးချယ်တင်မြှောက် ရတာဖြစ်တဲ့အတွက် ပြည်သူအားလုံးတန်းတူ နိုင်ငံရေးအသိဉာဏ် ရှိဖို့ဆိုတာ ခဲယဉ်းပါတယ်။ ဒါကြောင့် ရွေးချယ်တင်မြှောက်မှုဟာ အပြစ် အနာအဆာ ရှိနိုင်ပါတယ်။ ဆိုတဲ့အချက်ကို ပြောပြရာမှာ ဆရာအနေနဲ့ ဒီနေရာမှာ ဒီမိုကရေစီအစိုးရကို သေသေချာချာ ရွေးချယ်တင်မြှောက်နိုင်တဲ့ ပြည်သူလူထုဖြစ်အောင် ပြည်သူလူထုကို နိုင်ငံရေး အသိဉာဏ်ရှိအောင် ဖန်တီးပေးထားဖို့လိုတယ် ဆိုတာ ပြောပြဖို့ လိုပါတယ်။ အဲဒီလို အသိဉာဏ်ရှိဖို့အတွက် စာသင်သားအရွယ် ငယ်စဉ်ကတည်းက ကျောင်းမှာ နိုင်ငံရေးကိစ္စကို ထည့်သွင်း သင်ကြားသင့်တယ် ဆိုတာကိုလည်း ဆရာက သေချာ ပြောပြရမှာဖြစ်ပါတယ်။ ဒါမှပဲ အရွယ်ရောက်ချိန်မှာ လိုအပ်တဲ့ နိုင်ငံရေးဆိုင်ရာ ဗဟုသုတတွေနဲ့ ပြည့်စုံနေမှာ ဖြစ်ပြီးတော့ ကိုယ့်ရဲ့ အုပ်ချုပ်သူအစိုးရကို သေချာ ရွေးချယ်တင်မြှောက်နိုင်မှာပဲ ဖြစ်ပါတယ် ။

ဒါကြောင့် နိုင်ငံတနိုင်ငံမှာ နိုင်ငံသားကောင်းတွေ ပေါ်ထွန်းဖို့အတွက် ကျောင်းပညာရေးထဲက သင်ရိုးညွှန်းတန်း က အရေးပါတယ်ဆိုတာကို တွေ့ရမှာ ဖြစ်ပါတယ်။ သင်ရိုးညွှန်းတန်းရဲ့အရေးပါမှုနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံအခြေစိုက် ပညာရေးပညာရှင်ဒေါက်တာသိန်းလွင်က သူ့ရဲ့ ဒီမိုကရေစီပညာရေးဆိုင်ရာ စာတမ်း တစ်စောင်မှာ ထည့်သွင်း အကြံပြုထားပါတယ်။ ဒေါက်တာသိန်းလွင်က သင်ရိုးညွှန်းတမ်းကိစ္စဟာ နိုင်ငံရေးသမားတွေနဲ့ ပညာရှင်တွေ မကြာခဏ အငြင်းအခုံဖြစ်ရတဲ့ ကိစ္စဖြစ်တယ်လို့ ပြောပါတယ်။ ဒေါက်တာသိန်းလွင်က “နိုင်ငံရေးသမားတွေက သူတို့ရဲ့ နိုင်ငံရေးအမြင်နှင့် လုပ်ဆောင်ချက်တွေကို ကျောင်းသင်ခန်းစာတွေထဲမှာ ထည့်သင်စေချင်ပြီး၊ ပညာရှင်တွေကတော့ ဘက်တစ်ဖက်တည်းကနေ ရပ်တည်တဲ့ အမြင်တခုကို ကျောင်းသင်ခန်းစာ အနေနဲ့ သွပ်သွင်းပို့ချတာကို သဘောမတူကြဘူး” လို့ ပြောပါတယ်။ အဲဒီအပြင် ပညာရေးကို အသုံးချပြီးတော့ တစ်ဖက်သတ် နိုင်ငံရေးအမြင်၊ စီးပွားရေးဝါဒနဲ့ လူမျိုးရေးမုန်းတီးမှုများကို မသင်ကြားသင့်ပါဘူး၊ သင်ရိုးညွှန်းတမ်း ကိုလည်း တစ်ဦးတစ်ယောက်တည်း၊ တစ်ဖွဲ့တစ်စည်းတည်းက ရေးဆွဲပြဋ္ဌာန်းတာမျိုး မလုပ်သင့်ဘူးလို့ ဆိုပါတယ်။ သင်ရိုးညွှန်းတန်းရေးဆွဲဖို့အတွက် ပညာရေးနဲ့ သက်ဆိုင်သူအားလုံး ပါဝင်ရပါမယ်။ သင်ရိုးညွှန်းတမ်းရေးဆွဲရေးဟာ ကျောင်းသား၊ ဆရာ၊ မိဘ၊ ရွေးချယ်ခံပုဂ္ဂိုလ် ပညာရှင်တွေ၊ သမဂ္ဂတွေ၊ လူမျိုးစုအဖွဲ့တွေ၊ ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်တွေစတဲ့ နိုင်ငံသားတွေ ကျယ်ကျယ် ပြန့်ပြန့် ပါဝင် ညှိနှိုင်းဆောင်ရွက်ရတဲ့ နေရာ ဖြစ်ရမယ်လို့ ဒေါက်တာသိန်းလွင်က အကြံပြုထားပါတယ်။

ဒေါက်တာသိန်းလွင်ရဲ့ စာတန်းပါ အကြံပြုချက်တွေအရတော့ ဒီမိုကရေစီပညာရေးရဲ့ သင်ရိုးညွှန်းတန်းနဲ့ ပတ်သက်ရင် စံ သတ်မှတ်တာကလည်း အရေးကြီးတယ်ဆိုတာကို တွေ့ရပါတယ်။ သင်ရိုးညွှန်းတန်းစံကို သတ်မှတ်တဲ့နေရာမှာ ပြည်ထောင်စုအစိုးရ (သို့မဟုတ်) နိုင်ငံအစိုးရရဲ့ ပညာရေးတာဝန်ရှိသူတွေကနေ ပြီးတော့မှ တစ်နိုင်ငံလုံး လိုက်နာသင့်တဲ့ အနိမ့်ဆုံးစံ သတ်မှတ်ထားနိုင်တယ်လို့ ဆိုပါတယ်။ အနိမ့်ဆုံးစံ ဆိုတာက ပြည်နယ်အားလုံးနဲ့ ကိုက်ညီနိုင်မယ့်၊ လိုက်လျောညီထွေရှိနိုင်မယ့်၊ နိုင်ငံတကာစံနှုန်းတွေနဲ့ လူသားဆိုင်ရာ တန်ဖိုးသတ်မှတ်ချက်တွေပဲ ဖြစ်ပါတယ်။ ပြည်နယ်ပညာရေး တာဝန်ရှိသူတွေက အဲဒီအနိမ့်ဆုံးစံတွေကို အခြေခံပြီး အဲဒီပြည်နယ်ရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ သဘာ၀၀န်းကျင်တွေ၊ လိုအပ်ချက်တွေနဲ့ ကိုက်ညီမယ့် သင်ရိုးညွှန်းတန်း လမ်းညွှန်ချက်ဘောင်ကို ဖြည့်စွက် ချမှတ်နိုင်ပါတယ်။ အဲဒီ သင်ရိုးညွှန်းတမ်း လမ်းညွှန်ချက်ကို အခြေခံပြီးတော့မှ ဒေသဆိုင်ရာ ပညာရေးတာဝန်ရှိသူတွေနဲ့ ကျောင်းဆရာတွေက သင်ရိုးညွှန်းတမ်းအသေးစိပ်ကို လွတ်လွတ်လပ်လပ် ရေးဆွဲရပါမယ်။ အဲဒီလို ရေးဆွဲထားတဲ့ သင်ရိုးညွှန်းတမ်းကို ပြည်နယ်ပညာရေးဘုတ်အဖွဲ့မှ အတည်ðပပေး သင့်ပါတယ်။ ပြီးတော့ ကျောင်းဆရာ တွေကိုယ်တိုင် သင်ရိုးညွှန်းတမ်းနဲ့ ကိုက်ညီမယ့် ဖတ်စာအုပ်တွေကို ရွေးချယ်နိုင်ပါတယ်။ ကျောင်းက တာဝန်ရှိသူတွေနဲ့ ဆရာတွေက အသေးစိတ် သင်ကြားမယ့် အကြောင်းအရာတွေ၊ သင်ကြားနည်းစနစ်တွေကို ရွေးချယ်နိုင်တယ်လို့ ဒေါက်တာသိန်းလွင်ရဲ့ စာတန်းမှာ တွေ့ရပါတယ်။

ဆိုလိုတာကတော့ မြန်မာနိုင်ငံအနေနဲ့ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံအဖြစ် ရည်မှန်းထားတာဖြစ်တဲ့အတွက် တောင်ပေါ်မြေပြန့်မရွေး တန်းတူ ပညာရေးအဆင့်အတန်းကို ရနိုင်အောင်၊ သင်ရိုးတွေကို နားလည် လွယ်နိုင်၊သင်ယူလေ့လာလွယ်နိုင်လောက်တဲ့ အနိမ့်ဆုံးစံအထိ လျော့ချထားဖို့ဖြစ်ပါတယ်။ ဒီနေရာမှာ နိုင်ငံတကာ ပညာရေးစနစ်ကို နည်းမှီရင်တောင်မှပဲ ကိုယ့်နိုင်ငံသားတွေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ လွယ်ကူ ချောမွေ့စေတဲ့ သင်ရိုးတွေဖြစ်တဲ့အထိ အနိမ့်ဆုံးစံအနေနဲ့ သတ်မှတ်သင့်တယ် လို့ ဆိုတာပါ။

ဒါမှပဲ ပြည်နယ်တစ်ခုက ကျောင်းသားတစ်ယောက်က တခြားပြည်နယ်တစ်ခုကို ပြောင်းရွှေ့ရတဲ့အခါမှာ တခြားကျောင်းတစ်ခုမှာ လွယ်လင့်တကူ ၀င်ရောက် သင်ကြားနိုင်မှာ ဖြစ်ပါတယ်။ အဲဒီအတွက် ပြည်နယ် အသီးသီး ကျောင်းအသီးသီးက ဆရာတွေအချင်းချင်း အချိတ်အဆက် ရှိထားဖို့လိုပါတယ်။ ပြီးတော့ နိုင်ငံလုံး ဆိုင်ရာ ပညာရေးတွေ့ဆုံဆွေးနွေးပွဲတွေ၊ ညီလာခံတွေ ပြုလုပ်ပြီး၊ တွေ့ဆုံ ညှိနှိုင်း ဆွေးနွေးနေကြရမှာ ဖြစ်တယ် လို့ ဒေါက်တာသိန်းလွင်က ကျောင်းပညာရေးထဲမှာ အရေးပါလှတဲ့ သင်ရိုးညွှန်းတန်းကိစ္စကို အကြံပြု ထားတာ ဖြစ်ပါတယ်။

နိုင်ငံတနိုင်ငံရဲ့ တိုးတက်ဖွံ့ဖြိုးရေးအတွက် အခြေခံအုတ်မြစ်တခုဖြစ်တဲ့ ပညာရေးကဏ္ဍ အဆင့်မီရေးအတွက် သင်ရိုးညွှန်းတန်းရေးဆွဲပြုစုရေးက အရေးပါတယ်ဆိုတာကို ထိုင်းနိုင်ငံအခြေစိုက် ဆရာအတတ်သင် ပညာရေး ပညာရှင် ဒေါက်တာသိန်းလွင်ရဲ့ ဒီမိုကရေစီပညာရေးစာတမ်းကနေတဆင့် ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ အနာဂတ်ရဲ့ ခေါင်းဆောင်လောင်းတွေဖြစ်တဲ့ မျိုးဆက်သစ်စာသင်သားတွေကို နိုင်ငံသားကောင်းဖြစ်စေဖို့ ကိုယ့်ဒေသ၀န်းကျင် ယဉ်ကျေးမှုဓလေ့ထုံးစံတွေနဲ့ ကိုက်ညီတဲ့၊ သင့်တင့်မျှတတဲ့ သင်ရိုးညွှန်းတန်းကောင်းတွေ ရှိဖို့ လိုတယ်ဆိုတာကို ဆွေးနွေး တင်ပြလိုက်ရပါတယ်။

မေငြိမ်း
၂၆၊၁၁၊၂၀၀၇။

No comments:

Building Knowledge Economies စာတမ်း(၅)

ကမ္ဘာ့ဘဏ် ဖွံ့ဖြိုးတိုးတက်မှု လေ့လာရေးအဖွဲ့ရဲ့ ၂၀၀၇ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ စာတမ်းပါ Building Knowledge Economies ပညာရေးဆိုင်ရာ အကြံပြုချက် မ...