Sunday, April 27, 2008

အပြောနဲ့အလုပ်ညီဖို့လိုတဲ့ နအဖရဲ့Constituion

မြန်မာနိုင်ငံကို တရားမ၀င် အုပ်ချုပ်နေတဲ့ အာဏာသိမ်းစစ်အစိုးရရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မူကြမ်း-၂၀၀၈ ထဲက ပညာရေးကဏ္ဍနဲ့ ပတ်သက်တဲ့ မူကြမ်းလေးချက်ကို ပြီးခဲ့တဲ့ အပတ်တွေမှာ ပြောပြခဲ့ပြီးပါပြီ။ အဲဒီအချက်လေးချက်ထဲက အချက်သုံးချက်နဲ့ ပတ်သက် လို့လည်း ဆွေးနွေးတင်ပြခဲ့ပြီးပါပြီ။ ဒီတပတ်မှာတော့ အချက်လေးချက်ထဲက နောက်ဆုံးတချက်ဖြစ်တဲ့ "ဘက်စုံအတွေးအခေါ်အယူအဆမှန်ကန်၍ အကျင့်စာရိတ္တ ကောင်းမွန်ပြီး နိုင်ငံတော်တည်ဆောက်ရေးအတွက် အကျိုးပြုမည့် ခေတ်မီပညာရေးစနစ် ဖော်ဆောင် ရမည်"... ဆိုတဲ့ အချက်ကို ဆွေးနွေးချင်ပါတယ်။

တကယ်တော့ အဲဒီနေရာမှာ အရေးတကြီး ပါဝင်သင့်တာက ရှေ့ပိုင်းအပတ်စဉ်တွေမှာ ပြောခဲ့သလိုပဲ ပညာရေး လွတ်လပ်ခွင့်သာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လက်ငင်း ရင်ဆိုင်နေရတဲ့ ပြဿနာကတော့ လက်ရှိ အုပ်ချုပ် နေတဲ့ စစ်အစိုးရက သူတို့ရေးဆွဲ ချမှတ်ထားတဲ့ မူကို သူတို့ကိုယ်တိုင်ကတောင် လိုက်နာကျင့်ကြံမှုမရှိတဲ့ ပြဿနာပါ။ အဲဒီအပြင် အာဏာပိုင်တွေကိုယ်တိုင်က ဥပဒေပြင်ပရောက်နေပြီး လိမ်လည်မှုတွေနဲ့ အုပ်ချုပ်နေတဲ့အတွက် အာဏာပိုင်တွေနဲ့ ထိစပ်ပတ်သက်နေရတဲ့ ယန္တယားကြီးတခုလုံးကပါ အမှားအယွင်း တွေ... အကျင့်စာရိတ္တ ထိခိုက်တာတွေ... အများကြီးရှိလာတာပါပဲ။

အဲဒီ အကျင့်စာရိတ္တ ယိုယွင်းထိခိုက်လာတယ်ဆိုတာကို ပညာရေးလောကတခုတည်းမှာ ကြည့်ရင်တောင် ရှင်းရှင်းလင်းလင်း မြင်ရပါတယ်။ အာဏာပိုင်တွေရဲ့ စီမံအုပ်ချုပ်ပုံ ညံ့ဖျင်းမှုကြောင့် ဆရာဆရာမတွေ အပါအ၀င် ၀န်ထမ်းတိုင်းလိုလိုဟာ သူတို့ရဲ့ စားဝတ်နေရေး အကျပ်အတည်းကို ဖြေရှင်းဖို့အတွက် အဂတိ လိုက်စားလာရတာ၊ လာဘ်စားလာတာ၊ အနည်းဆုံးတော့ တရားမ၀င် ကျူရှင်ပြရတာတွေဟာ အကျင့်စာရိတ္တ ထိခိုက်လာစေရတဲ့ အကြောင်းတွေပါ။

အဲဒီအပြင် ကျောင်းသားတွေဘက်ကို ကြည့်ရင်လည်း အထူးသဖြင့် တက္ကသိုလ်ပညာရေးထဲမှာက ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းက စပြီး ပညာသင်နှစ်တနှစ်စာကို ခြောက်လပဲ သတ်မှတ်ပြီး သင်ရိုးတွေကိုတော့ လျော့ချမပေးတာမို့ ကျောင်းသားတွေစာမလိုက်နိုင်တဲ့ ပြဿနာ ရှိလာပါတယ်။ အဲဒါကြောင့်ပဲ တက္ကသိုလ်ပညာရေးထဲမှာတောင် ကျူရှင်စနစ်ထွန်းကားလာတာပါ။ အဲဒီကမှတဆင့် စာမေးပွဲမှာ စာခိုးချဖြေတဲ့ ပြဿနာတွေ၊ မေးခွန်းရောင်းတဲ့ ပြဿနာတွေဖြစ်လာရာက ပညာရေးလောကထဲမှာ အကျင့်စာရိတ္တ ထိခိုက်လာတာပါ။ အဲဒီအပြင် စာမေးပွဲကို မရိုးမသားဖြေဆိုတဲ့ ကျောင်းသားတွေကို အရေးမယူရဘူးလို့ ဆရာဆရာမတွေကို တားမြစ်တာမျိုးတွေဟာ အာဏာပိုင်တွေ ကိုယ်တိုင်က အကျင့်စာရိတ္တမကောင်းတဲ့ မျိုးဆက်ကို မွေးထုတ်နေတာနဲ့ အတူတူပဲ ဖြစ်ပါတယ်။ တကယ်တော့ အဲဒီအကျင့်စာရိတ္တပြဿနာ ပြေလည် ပပျောက် သွားဖို့ဆိုတာက နိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအခြေအနေနဲ့ အာဏာပိုင်အစိုးရရဲ့ အရည်အသွေးနဲ့ စေတနာရှိမှုအပေါ်မှာသာ လုံးလုံးမူတည်နေတာပါ။

ဒါကြောင့် "ဘက်စုံအတွေးအခေါ်အယူအဆမှန်ကန်၍ အကျင့်စာရိတ္တကောင်းမွန်ပြီး နိုင်ငံတော် တည်ဆောက် ရေးအတွက် အကျိုးပြုမည့် ခေတ်မီပညာရေးစနစ် ဖော်ဆောင် ရမည်".. ဆိုတဲ့ လက်ရှိ တရားမ၀င် အုပ်ချုပ် နေတဲ့အပြင် သူတို့လက်ထက်မှာ နိုင်ငံကို အဘက်ဘက်က ယိုယွင်းကျဆင်းသွားအောင် လုပ်နေတဲ့ အာဏာပိုင်တွေရဲ့ အာမခံမှုက အပြောနဲ့အလုပ်မညီတဲ့ စာရွက်ပေါ်က အာမခံမှုသက်သက်သာ ဖြစ်နေပါတယ်။ နိုင်ငံတော် တည်ဆောက်ရေးအတွက် အကျိုးပြုမည့် ခေတ်မီပညာရေးစနစ် ဆိုတာမှာလည်း ကျောင်းသားတွေ ခေတ်မီပညာရေးကို တကယ်ရဖို့အတွက် လွတ်လပ်ပွင့်လင်းတဲ့ လေ့လာမှု၊ တီထွင်ဖန်တီးမှု၊ တွေးခေါ် မြော်မြင်မှု၊ ဝေဖန်သုံးသပ်နိုင်မှုတွေ လိုပါတယ်။ ဒါမှပဲ တကယ့် မျက်မှောက်ခေတ်ကမ္ဘာနဲ့အညီ လိုက်မီ ရင်ပေါင်တန်းနိုင်တဲ့ အတတ်ပညာမျိုးကို ရနိုင်မှာ ဖြစ်ပါတယ်။

ကျောင်းသားတွေအနေနဲ့ ဘက်စုံအတွေးအခေါ်မှန်ကန်ဖို့ဆိုတာဟာ ပညာရေးစနစ်တရပ်ရဲ့ သင်ရိုးညွှန်းတန်း ခေတ်မီလွတ်လပ်ဖို့၊ သင်ကြားရေးစနစ် ခေတ်မီလွတ်လပ်ဖို့၊ ကမ္ဘာ့အဆင့်မီ စာအုပ်စာတန်းတွေ ဖတ်ရှုနိုင်ခွင့်ရဖို့ဆိုတာတွေက အခြေခံ လိုအပ်ချက်တွေပဲ ဖြစ်ပါတယ်။ တကယ်တော့ ဒီစစ်အစိုးရရဲ့ လက်ထက်ဖြစ်တဲ့ ၁၉၉၉-၂၀၀၀ ပညာသင်နှစ်ကနေစပြီး အကောင်အထည်ဖော်ဖို့ ရေးဆွဲခဲ့တဲ့ 'အမျိုးသားပညာရည်မြင့်မားမှု အထူးလေးနှစ်စီမံကိန်း' မှာဆိုရင် ပညာရေးအတွက် တိုးမြှင့်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်(၂၁)ခုဆိုပြီး သေသေချာချာ ရေးဆွဲထားခဲ့ပြီး တရားဝင်ကြေငြာထားခဲ့တာပါ။

အဲဒီအချက်တွေထဲမှာဆိုရင်

၁။ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များ၏ သင်ရိုးညွှန်းတန်းများကို ပြန်လည်သုံးသပ်ပြီး အရှေ့တောင် အာရှရှိ ဖွံ့ဖြိုးပြီးနိုင်ငံများ၏ ပညာရည်အဆင့်ထက် မနိမ့်ကျစေရန်ကမ္ဘာ့အဆင့်မီ ဖြစ်ရေးအတွက် ဖြည့်စွက် ရေးသားခြင်း၊ ဘာသာရပ် ဖွဲ့စည်းပုံ ပြင်ဆင်ခြင်း၊ ပေါင်းစပ်ဘာသာရပ်(Multidisciplinary Program) များ သင်ကြားရေး အစီအစဉ် တိုးချဲ့ဆောင်ရွက်ခြင်း၊

၂။ သင်ရိုးညွှန်းတန်းနှင့်အညီ ပြန်လည်ဆန်းသစ်သည့်စနစ်(Assessment System)ကို နိုင်ငံတကာနည်း စနစ်အတိုင်း ဆောင်ရွက်ခြင်း၊

၃။ သင်ရိုးညွှန်းတန်း၊ သင်နည်းပြနှင့် ပြန်လည်ဆန်းစစ်ခြင်း ကဏ္ဍအသီးသီးသည် လေ့လာသင်ယူသူ၏ ပင်ကိုယ်အရည်အသွေးနှင့် တီထွင်ကြံဆမှု၊ ခွဲခြမ်းစိတ်ဖြာသုံးသပ် တတ်မှု နှင့် ခေတ်မီနည်းပညာများကို ခြုံငုံအသုံးပြုတတ်မှု စသည်တို့ကို အလေးပေးနိုင်ရန် နည်းလမ်းရှာဖွေဆောင်ရွက်ခြင်း၊ ရင့်ကျက်မှု (Maturity)ကို တည်ဆောက်ပေးမည့်စနစ် ဖြစ်လာစေရန် ဆောင်ရွက်ခြင်း၊ .... ဆိုတဲ့ အချက်မျိုးတွေ အာမခံမှု မျိုး တွေနဲ့ ကမ္ဘာသိ ကြေငြာခဲ့တာပါပဲ။

ဒါပေမဲ့ တကယ့် လက်တွေ့မှာတော့ ကျောင်းသားတွေဟာ သင်ထောက်ကူပစ္စည်း မစုံမလင်နဲ့၊ လက်တွေ့ အသုံးဝင်မှုမရှိတဲ့ ဘာသာရပ်တွေကို ငွေကုန်ကြေးကျ အများကြီးခံ သင်ကြားနေကြရပြီး တကယ်တမ်း တတ်မြောက်မှုလည်း မရှိကြတာကြောင့် လက်တွေ့ အလုပ်ခွင်တွေမှာ အဆင်မပြေဖြစ်နေကြရတဲ့ ဆိုးကျိုးကို ခံစားနေကြရတာဟာ ခုချိန်အထိပါပဲ။ ပညာရေး အခြေနေဟာ နိုင်ငံရဲ့စီးပွားရေးအခြေအနေတွေနဲ့ တပါတည်း ပိုပြီးတော့တောင် ယိုယွင်း ကျဆင်းလာတယ် လို့ ဆိုရမှာဖြစ်ပါတယ်။

ကိုယ့်နိုင်ငံကို ရေရှည်အုပ်ချုပ်မယ့် အစိုးရကို ပြည်သူလူထုကသာ ရွေးချယ် တင်မြှောက်ခွင့် ရရမှာ ဖြစ်ပါတယ်။ ဒါမှပဲ ဒီမိုကရေစီနိုင်ငံပီသမှာပါ။ ဒါမှပဲ နိုင်ငံရဲ့ အခြေခံအုတ်မြစ် လိုအပ်ချက်ဖြစ်တဲ့ ဒီမိုကရေစီပညာရေး စနစ်ကို အကောင်အထည် ဖော်နိုင်မှာပါ။ တကယ်တော့ နိုင်ငံတနိုင်ငံအနေနဲ့ အစိုးရကောင်းတရပ်ကို ရဖို့ဆိုတာဟာ လူထုသဘောကျ ရေးဆွဲပြဌာန်းတဲ့ အခြေခံဥပဒေကို လေးစားလိုက်နာတဲ့ အစိုးရဖြစ်ဖို့ လိုပါတယ်။ ဒါကြောင့် ပြည်သူ့ဆန္ဒကို အလေးမထားဘဲ အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကန့်ကွက်မှသာ ပြည်သူလူထုအနေနဲ့ အာဏာရှင်စနစ်ကို ဖျက်သိမ်းရာ ရောက်မှာ ဖြစ်ပါတယ်။ ဒါမှပဲ နောင်လာနောင်သား မျိုးဆက်သစ်တွေဟာလည်း ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်တဲ့ ဒီမိုကရေစီပညာရေးကို ထိတွေ့သင်ယူခွင့်ရမှာ ဖြစ်ပါတယ်။

၇၊၄၊၂၀၀၈။

No comments: